ဘင်္ဂါလီ (၅) သိန်းခန့် ခိုးဝင်ပြီး အခြေချနေထိုင်သွားခြင်း စွပ်စွဲချက်ကို စိစစ်ခြင်း
" Bangladesh and Burma. He admitted that there were upward of - million bangalee trespassers in Arakan whom the Burmese had some right to eject. He had implored the Burmese authorities not to press this issue during Bangladesh's present troubles and had been pleased that the burmese had not taken advantage of his country's misfortunes in this respect. He denied that there had been any fresh exodus into burma of refugees from Bangladesh. The recent troubles and scarcely affected the ordinary bangalee who was now happily anticipating a bumper rice crop. Mr. Kaiser's consul in Akyab had, in fact, spent an unusually queit late summer and autumn. "
"ဘင်္ဂလားဒေ့ရ်ှနှင့် ဗမာ ဆက်ဆံရေး။ ရခိုင်ဒေသမှာ ဘင်္ဂလားဒေ့ခ်ျ နိုင်ငံသားကျူးကျော် ခိုလှုံလာသူ သန်းတစ်ဝက်လောက် ရှိတယ်လို့ သူက ဝန်ခံခဲ့တယ်။ သူတို့ကို မြန်မာအစိုးရက နှင်ထုတ်ခွင့်ရှိတယ်။ သို့သော် ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ဒုက္ခရောက်နေသည့်ယခုအချိန်တွင် ဤကိစ္စနှင်ပတ်သတ်၍ ဖိအားမပေးသင့်ကြောင်းနှင့် မိမိတို့နိုင်ငံ ကံဆိုးမိုးမှောင်ကျနေစဉ် ဤကိစ္စအပေါ် မြန်မာဘက်က အခွင့်ကောင်းယူ အမြတ်မထုတ်သည့်အတွက် ၀မ်းသာမိကြောင်း ၎င်းက မြန်မာအာဏာပိုင်တွေကို ပြောဆိုခဲ့တယ်။ ဘင်္ဂလားဒေ့ရ်ှမှ ဒုက္ခသည်အသစ် ဝင်ရောက်ခြင်းမရှိခဲ့ကြောင်း ၎င်းက ငြင်းဆိုခဲ့တယ်။ ……………။ "
အထက်ပါ စာပိုဒ်ပါ ကော်ပီစာမျက်နှာတစ်ခုက အွန်းလိုင်းပေါ် တော်တော်ပျံ့နေတာကို တွေ့ရတယ်။ ဘင်္ဂလီတွေ မြန်မာပြည်ကို ခိုးဝင်လာတဲ့ အထောက်အထားဆိုပြီးတော့ ပို့စ်တင်တော့ မြန်မာပြည်သူတွေအကြား အတော်ပဲ မျက်နှာသာရခဲ့တယ်။ အာရကန်ဒေသက ရိုဟင်ဂျာတွေကို မောင်းထုတ်ဖို့ အခွင့်ကောင်းတစ်လက် ရသွားပြီပေါ့။ ဦးကိုကိုလှိုင် ဆိုတဲ့သူရဲ့ ဘလော့က တဆင့် စတင်ပျံ့နှံ့တယ်လို့ ထင်ရပါတယ်။
ကဲ... ဒီစာသားက ရန်ကုန်ရှိ ဗြိတိန်သံအမတ်ကြီး T.J O'Brein နဲ့ ဘင်္ဂလားဒေ့ခ်ျသံအမတ်ကြီး Mr. KM Kaiser တို့ ၁၉၇၅ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးပြောဆိုတဲ့ မှတ်တမ်းမှ ကောက်နုတ်ထားတဲ့ အချက်နံပါတ် (၅) ဖြစ်ပါတယ်။ ဒီမှတ်တမ်းဟာ တဆင့်ခံ ရေးထားတဲ့ မှတ်တမ်းဖြစ်တယ်။ ဘင်္ဂလာဒေ့ခ်ျသံအမတ်ကြီးက ပြောတယ်လို့ ဗြိတိန်သံအမတ်က ရေးမှတ်ထားတာလောက်ပဲ။ ဗြိတိန် စာကြည့်တိုက်တစ်ခုမှာ သိမ်းထားတဲ့စာလို့ ဒေါက်တာအေးချမ်းရဲ့ အဆိုအရ သိရတယ်။ ဘယ်အတိုင်းအတာအထိ ခိုင်လုံသလဲ၊ ယုံရမလဲတော့ မပြောတတ်ဘူး။ ထားပါတော့…။
၁၉၇၅ ခုနှစ်က မှတ်တမ်းဆိုတော့ အာဏာရှင်ဗိုလ်နေဝင်း ချုပ်ကိုင်ထားတဲ့ မဆလခေတ်ပေါ့။ ၁၉၆၅ ခုလောက်မှာ ဗိုလ်နေဝင်းက ရိုဟင်ဂျာတွေကို တိုင်းရင်းသားအဖြစ်မှ ရုပ်သိမ်းခဲ့ပြီး အပြတ်ရှင်းဖို့ အစီအစဉ်ရေးဆွဲပြီးတဲ့ ကာလလည်း ဖြစ်တယ်။ ရိုဟင်ဂျာတွေကို မျက်ခြေမပြတ် ချုပ်ချယ်ဖိနှိပ်နေတဲ့ အချိန်ဆိုရင်လည်း မမှားပါဘူး။
- အထက်စာပိုဒ်မှာ လူ (၅) သိန်း ကိစ္စကို သုံးသပ်ကြည့်ရအောင်။ ဘင်္ဂါလီ သန်းတစ်ဝက် ဝင်ရောက်လာတာ ရှိတယ်လို့ ပါတယ်။ ဒါပေမဲ့ အိစ္စလာမ်ဘာသာဝင် ဘင်္ဂါလီ ဒါမှမဟုတ် မူဆလင်လို့တော့ ဘယ်နေရာမှာမှ သဲသဲကွဲကွဲဖော်ပြထားတာ မရှိဘူး။ ဘင်္ဂါလီလို့ ကြားတိုင်း မုတ်ဆိတ်နဲ့ ကုလားတွေကို ပြေးမမြင်ကြနဲ့ဟ။ ဘင်္ဂါလီ က ဘင်္ဂါလားဒေ့ခ်ျ နိုင်ငံသားကို ဆိုလိုတာပါ။ သူများယောင်တိုင်း လိုက်ကပြရင်ဘယ်ရမလဲ။ မိမိတို့ရဲ့ ဉာဏ်အားတွေလည်း အသုံးချကြည့်သင့်တယ်။ အဲ့ဒီ ဝင်ရောက်လာတဲ့ ဘင်္ဂါလားဒေ့ခ်ျ နိုင်ငံသားဆိုတဲ့သူတွေဟာ အိစ္စလာမ်ဘာသာဝင်တွေလည်း ဖြစ်နိုင်သလို ဗုဒ္ဓဘာသာဝင်တွေလည်း ဖြစ်နိုင်တယ်။ ဟိန္ဒူဘာသာဝင်၊ ခရစ်ယာန်ဘာသာဝင်တွေလည်း ဖြစ်နိုင်တယ်။
- ဒီအဖြစ်အပျက်က ၁၉၇၁ ခုနှစ်မှာ ဘင်္ဂါလားဒေ့ခ်ျ-ပါကစ္စတန် စစ်ပွဲကြီးဖြစ်တော့ ပြည်သူတွေက အသက်ကယ်ရာ စစ်ဘေးရှောင်ပြေးထွက်ကြတဲ့ခါ ဖြစ်ပေါ်လာတာဖြစ်တယ်။ ဘယ်နေရာမဆို စစ်ပွဲဖြစ်လာရင် စစ်ဘေးရှောင်တဲ့ အခြေအနေ ပေါ်လာတတ်တယ်။ ဒါက ဖြစ်ရိုးဖြစ်မြဲ တစ်ခုပါပဲ။ ဘင်္ဂလားဒေ့ခ်ျ စစ်တကောင်းအပိုင် ခရိုင်တွေဟာ အိစ္စလာမ်ဘာသာဝင် ဘင်္ဂါလီတွေ၊ ဗုဒ္ဓဘာသာဝင် ဘင်္ဂါလီတွေ၊ ဟိန္ဒူဘာသာဝင် ဘင်္ဂလီတွေ ရောနှောနေထိုင်တဲ့ ဒေသဖြစ်တယ်။ အဲ့လူတွေက လူများစုပဲ။ တခြား ခရစ်ယာန်စတဲ့ ဘာသာဝင်တွေက လက်ချောင်းချိုး ရေတွက်နိုင်သလောက်သာ ရှိတာကိုး။
ဒီတော့ ဗုဒ္ဓဘာသာဝင် အများစုနေထိုင်တဲ့ မြန်မာနိုင်ငံဘက်ကို စစ်ဘေးရှောင် ခိုလှုံလာမယ့်သူတွေက ဘယ်သူတွေဖြစ်မလဲ။ ဘယ်လူမျိုးက အများဆုံးဖြစ်မလဲ။ ဘက်မလိုက်ဘဲ ကြည်ကြည်ဖြူဖြူနဲ့ ဝန်ခံမယ်ဆိုရင် ဗုဒ္ဓဘာသာဝင် ဘင်္ဂါလီတွေပဲ အများဆုံး ဖြစ်မယ်လေ။ ဒါက ရှင်းရှင်းလေးပဲ။ တခြား အိစ္စလာမ်ဘာသာဝင်၊ ဟိန္ဒူဘာသာဝင်၊ ခရစ်ယာန်ဘာသာဝင်တွေလည်း အနည်းနဲ့အများတော့ ပါနိုင်တယ်။ မပါဘူးလို့ မငြင်းဘူး။ (မယုဒေသမှာ မွတ်စလင်များတယ်ဆိုလို့ အိစ္စလာမ်ဘာသာဝင်တွေကိုပဲ ပြေးမမြင်ကြနဲ့။)
- နောက်တစ်ချက်ကတော့ ခိုလှုံလာခဲ့တဲ့လူတွေကို မဆလအစိုးရက ဒီတိုင်းလွတ်ထားခဲ့တာတော့ မဟုတ်ဘူးဗျာ။ သေသေချာချာ စာရင်းဇယား ပြုစုပြီးတော့ Public Place တွေဖြစ်တဲ့ ကျောင်းဝင်း၊ ဆေးရုံးဝင်း၊ အလွှတ် အစိုးရအဆောက်အအုံ၊ နေရာလပ်တွေမှာ နေရာချပေးထားခဲ့တာပါ။ အိမ်နီးချင်းနိုင်ငံ ဒုက္ခရောက်နေချိန်မှာ ကူညီခဲ့တဲ့ သဘောပဲဗျာ။ ဒီလူတွေက နောက်ပိုင်း ဘင်္ဂလားဒေ့ခ်ျနိုင်ငံ တည်ငြိမ်းအေးချမ်းလာတဲ့ခါ နှစ်နိုင်ငံအစိုးရ အစီအစဉ်ဖြင့် သူ့မြေကို သူတို့ပြန်သွားကြတာပါပဲ။ ဒါကို တချို့မျိုးချစ်တွက မသိကျွန်ပြု ဟန်ဆောင်နေတယ်။ ရိုဟင်ဂျာတွေကို ပစ်မှတ်ထား ချေမှုန်းနေတဲ့ မဆလခေတ်မှာ အိစ္စလာမ်ဘာသာဝင် ဘင်္ဂါလီတွေ ဘယ်ပုန်းဝှက် နေရဲပါ့မလဲ။ အဲဒီချိန်မှာ ဗမာပြည်က အာဏာရှင်လက်အောက်မှာဖြစ်နေတယ်။ သို့သော် ခိုလှုံလာတဲ့ သူတို့ရဲ့မြေက လွတ်လပ်တဲ့နိုင်ငံ ဖြစ်သွားတာကိုး။ ပြီးတော့ သူတို့ရဲ့ အိုးအိမ်၊ လယ်မြေပိုင်ဆိုင်မှု၊ အဆွေအမျိုးတွေ အကုန် ဘင်္ဂလားဒေ့ခ်ျမှာ ရှိနေတယ်လေ။ သူတို့ကို ကြိုးနဲ့တုပ်ပြီးတော့ နေစေခဲ့ရင်လဲ ပြန်ထွက်ပြေးမှာပဲ။
- ဖြစ်နိုင်တာ တစ်ခုတော့ ရှိတယ်။ "ဟုတ်တယ်… မင်းတို့ကို လယ်မြေတွေပေးမယ်၊ အိုးအိမ်တွေဆောက်ပေးမယ်။ အလုပ်အကိုင်တွေရအောင် လုပ်ပေးမယ်"လို့ အစိုးရက ကတိနဲ့ အာမခံပေးမယ်ဆိုရင်တော့ တချို့သူတွေ နေကောင်းနေနိုင်တယ်။ အဲလိုကတိကဝတ်တွေကို အာဏာရှင်အစိုးရက အိစ္စလာမ်ဘာသာဝင် ဘင်္ဂါလီတွေအား ဘယ်တော့မှ ပေးမှာမဟုတ်ဘူးလေ။ ဗုဒ္ဓဘာသာဝင် ဘင်္ဂလီတွေကိုတော့ အစိုးရက ကတိပေးကောင်းပေးနိုင်တယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုမှာလည်း အဲ့လို ကတိကဝတ်တွေပေးပြီးတော့ တဖက်နိုင်ငံက ဘာသာတူတွေ ခေါ်လာတာကို တွေ့ရပါတယ်။
- ဒီစာပိုဒ်ထဲမှ စာတစ်ကြောင်းကို အမှန်တရား မဖော်လိုတဲ့ သူတချို့က ဖုံးကွယ်ထားတယ်။ အဲတာက "နောက်ထပ်အသစ် ဒုက္ခသည်တွေ ရောက်လာခြင်းမရှိဘူး" လို့ သံအမတ်ကြီးက ငြင်းခဲ့တဲ့ စာကြောင်းပေါ့။ ဒီစာကြောင်းက ဘာကို ထောက်ပြနေသလဲဆိုရင် ဘင်္ဂလား-ပါကစ္စတန်စစ်ပွဲ ဖြစ်ခဲ့တဲ့အချိန်က ဝင်ရောက်လာတဲ့ ဒုက္ခသည်တွေမှအပ နောက်ထပ် ဒုက္ခသည်တွေ ရောက်လာတာမရှိဘူး။ စစ်ပွဲတုန်းက ဝင်လာခဲ့တဲ့ ဒုက္ခသည်တွေဟာ နှစ်နိုင်ငံအစီအစဉ်နဲ့ ပြန်လည်ထွက်ခွာသွားတာ၊ ကျန်နေနိုင်တဲ့သူတွေက မူဆလင်တွေမဖြစ်နိုင်တာကို အထက်မှာ တင်ပြပြီးပြီ။
- ဗိုလ်နေဝင်းအစိုးရက ၁၉၇၈ မှာ ကြောက်မက်ဖွယ် နဂါးမင်း စစ်ဆင်ရေးဆိုတာကို ဆင်နွှဲခဲ့တယ်။ အိမ်တိုင်ရာရောက် စစ်ဆေးခဲ့တယ်။ ရိုဟင်ဂျာတွေကို စစ်ဆေးခဲ့တာနော်။ ရခိုင်တွေကို စစ်ဆေးတာ မဟုတ်ပါဘူး။ စစ်တာလည်း ရိုးရိုးသားသား မဟုတ်ဘူး။ ဖိနှိပ်ညှည်းပန်းမှုပေါင်းစုံနဲ့ အသက်အန္တရာယ်ပြု စစ်ဆေးတာပဲ။ ဒါနဲ့ ရိုဟင်ဂျာတွေက မိမိတို့ အိုးအိမ်တွေကို စွန့်ပြီးတော့ အသက်ကယ်ထွက်ပြေးရတယ်။ အဲ့ဒီလူတွေကို ဗမာအစိုးရက တစ်ခါ ပြန်ခေါ်တယ်။ ပြန်ခေါ်တာကလည်း "အနောက်တံခါး ဖွင့်ပေးတယ်။ လာကြ… လာကြ" နဲ့ မဟုတ်ဘူး။ စစ်ဆေးရေးစခန်းတွေဖွင့်ပြီးတော့ သေချာစစ်ဆေးပြီးမှ မှန်ကန်တဲ့ အထောက်အထားတွေကို ပြနိုင်မှသာလျှင် ပြန်လာခွင့်ပေးတာနော်။ လက်ခံစာတွေလည်း တစ်ပါတည်း ပေးခဲ့တယ်။ ဒီမှာ တစ်ချို့ မျိုးချစ်တွေက ပြောကြတာရှိတယ်။ "နိုင်ငံတကာရဲ့ ဖိအားပေးမှုကြောင့် ပြန်ခေါ်ရတာတဲ့။" စဉ်းစားရမှာက ဗမာပြည်ကို မတရားချုပ်ကိုင်ထားတဲ့ အာဏာရှင် ဗိုလ်နေဝင်းအစိုးရက နိုင်ငံတကာရဲ့ မတရားဖိအားတွေကို ကြောက်မလို့လား။ အဲ့လို နိုင်ငံတကားဖိအားကို ကြောက်မယ်ဆိုရင် အာဏာတောင် သိမ်းမှာမဟုတ်ပါဘူး။ တဖက်က အစိုးရမှာ ဘင်္ဂလား သံအမတ်ကြီးက ဝန်ခံထားတဲ့ ဝန်ခံချက်တွေရှိနေတယ်ဆို။ ခေါ်လာစရာ အကြောင်းတောင်မရှိဘူး။ ကလေးဆန်တဲ့ စကားတွေ မပြောကြပါနဲ့ဗျာ ကိုမျိုးချစ်ရာ။ ဇွတ်မငြင်းပါနဲ့။
- ဒါ့အပြင် ရိုးရိုးသားသား ဝန်ခံထားတဲ့ ဗုဒ္ဓဘာသာဝင် ရခိုင် အမျိုးသားတစ်ချို့ရဲ့ တင်ပြချက်ကိုလည်း လေ့လာကြည့်ပါဦး။ ခိုးဝင်လာသူတွေ ဘယ်သူဘယ်ဝါဆိုတာ ပို၍ ထင်ရှားသွားပေလိမ့်မယ်။ ဦးမြစိန်ထွန်းပါ (၅) ဦးက (အသိအမြင်ရှိ နယ်စပ်ဒေသမှ ရခိုင်တိုင်းရင်းသားများ) အမည်ဖြင့် ရန်ကုန်မြို့ ရခိုင်သဟာယအသင်းသို့ တင်ပြခဲ့သည့် (၁၀.၁.၁၉၉၇) ရက်စွဲပါ စာ-၄တွင်-
"လွန်ခဲ့သော နှစ်၂၀/၂၅နှစ်အတွင်းက ဘင်္ဂလီများ ခိုးဝင်လာခြင်း မရှိကြောင်း၊ ခိုးပြေးသူများသာရှိကြောင်း၊ တဖက်ဒေသမှ ရခိုင်လူမျိုး (၅)သိန်းခန့် ဝင်ရောက်လာပြီး ပြည်နယ်အနှံ့ နေထိုင်လျက်ရှိကြောင်း အစိုးရဌာန အဖွဲ့အစည်းများ၌ အမှုထမ်းနေကြကြောင်း" အသေးစိတ် ရေးသားတင်ပြထားတာကို တွေ့ရှိရတယ်။(ပုံကိုရှုပါ)
- ဘင်္ဂလား- ပါကစ္စတန် စစ်ပွဲဖြစ်ပြီးနောက်ပိုင်းတွင် ဗုဒ္ဓဘာသာဝင် ဘင်္ဂါလီရွာ ၁၀၀ ခန့် လုံးလုံး ပျောက်သွားတယ်လို့ ရခိုင်မဂ္ဂဇင်းဆောင်းပါးတစ်ပုဒ်မှာ နာမည်နဲ့ တကွ ဖော်ပြထားတာ ရှိပါတယ်။ အဲဒီလူတွေက ဘယ်ကို ရောက်သွားသလဲ။ ရိုဟင်ဂျာလို Genocide လုပ်ခံလိုက်တာလား။ ဒါမှမဟုတ် တခြားတစ်နေရာရာမှာ ရောက်သွားတာလား။ မစဉ်းစားချင်ဘူးလား။
- ၁၉၇၄ မှ ၁၉၇၈ ခုနှစ်အတွင်းက ဘင်္ဂလားအဝကျွန်းတွင် မွေးဖွားခဲ့သူ ဗိုလ်မှူးကျော်မောင် ရခိုင်ပြည်နယ်ဥက္ကဌအဖြစ်ဆောင်ရွက်ခဲ့တဲ့ကာလလည်းဖြစ်၊ ရိုဟင်ဂျာတွေကို အမြစ်ပြတ်ချေမှုန်းဖို့ ကြိုးပမ်းနေတဲ့ အာဏာရှင်ချုပ်ကိုင်ထားတဲ့ ပြည်သူ့ကောင်စီခေတ်လည်းဖြစ်ရာ ရခိုင်အမျိုးသား ဦးမြစိန်ထွန်းပါ(၅)ဦးရဲ့ တင်ပြချက်အရသော်၎င်း၊ ရခိုင်ပြည်အတွင်း ဝင်ရောက်လာသူ (၅)သိန်းမှာ ဗုဒ္ဓဘာသာဝင်ဘင်္ဂါလီ (အနောက်သားရခိုင်)ဆိုသူတွေသာ ဖြစ်တယ်ဆိုခြင်းမှာ ပို၍ မှန်ကန်ပါမယ်။
- ဒါ့အပြင် စကားထဲက ဇာတိပြဆိုတဲ့ စကားအတိုင်း စစ်တွေမြို့ပေါ်က "ဝါး ၁၀၀ ဓနိ ၁၀၀" ဆိုတဲ့ စကားတစ်ခုကို လေ့လာကြည့်ပါ။ ဒီစကားက စစ်တွေမြို့ပေါ်ကသူတွေ အသိဆုံးဖြစ်တယ်။ စစ်တွေမြို့မှာ အနောက်သားရခိုင်တွေကို ဝါး ၁၀၀ ဓနိ ၁၀၀ အတွက် မျှောလာသူတွေဟု လောင်ပြောင် ခေါ်ဝေါလေ့ရှိတယ်။ ၁၉၇၁ ခုနှစ် ဘင်္ဂလားစစ်ပွဲဖြစ်ပြီးနောက် မြန်မာနိုင်ငံသို့ ခိုလှုံလာတဲ့ ဗုဒ္ဓဘာသာဝင်ဘင်္ဂါလီတွေကို ဝါး ၁၀၀ ဓနိ ၁၀၀ ဆီ၊ ဆန် စတဲ့ဟာတွေကို ထောက်ပံ့လေ့ရှိခဲ့တယ်။ ထိုသို့ ဝင်ရောက်လာတဲ့ ဗုဒ္ဓဘာသာဝင်ဘင်္ဂလီတွေမှာ ယခုအခါ မောင်တော၊ စစ်တွေမြို့(ဘောလုံးကွင်းတဝိုက်)၊ ပေါက် တော၊ မြေပုံ၊ မင်းပြား၊ သံတွဲ နှင့်တခြားမြို့နယ်များတွင် ပျံနှံနေထိုင်လျက်ရှိပါတယ်။ ဒေသခံတွေက သူတို့ကို အနောက်သားရခိုင်များဟု ခေါ်ကြတယ်။ ရခိုင်ပြည်နယ်အပြင် ပြည်မ ရန်ကုန် ရှိ ပုဇွန်တောင်၊ အင်းစိန်၊ သမိုင်း၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ နိုင်ငံအနှံ့ ရောက်ရှိနေပါပြီ။
မြန်မာနိုင်ငံတွင် အထက်တန်းစား ရာထူးတွေ၊ ဒေသခံရခိုင်လူမျိုး မျက်နှာဖုံးလူကြီးတွေ ဖြစ်နေပါပြီ။ ဝန်ကြီး ဇော်အေးမောင် ယောက္ခမ ဦးအနီမောင်၊ ANP ပါတီအတွင်းရေးမှုး ထွန်းအောင်ကျော်ရဲ့မိန်းမ စတဲ့သူတွေလည်း ခိုးဝင်လာတဲ့ ဗုဒ္ဓဘာသာဘင်္ဂလီတွေ ဖြစ်တယ် (ပုဂ္ဂိုလ်ရေးတိုက်တာ မဟုတ်ပါဘူး။ ဥပမာအနေနဲ့ ပြတာပါ)။ ၎င်းတို့ကို ဦးနေ၀င်းအစိုးရလက်ထက်မှာ အရေးယူမှုအချို့လည်း ရှိခဲ့တယ်။ ဒေါက်တာကျော်လှစိန် (ဘောလုံးကွင်း) ကဲ့သို့ ဆရာဝန်ကို အစိုးရရာထူးမှ ဖြုတ်ချခဲ့တယ်။ အလားတူ ရေတွက်လို့မကုန်နိုင်အောင် အများကြီးရှိခဲ့တယ်။ ယနေ့ထိလည်း ခိုးဝင်လာနေတဲ့ သူတွေရှိနေပါတယ်။ မြန်မာနိုင်ငံက အထောက်အထား မပြနိုင်လို့ မှတ်ပုံတင်ကတ် မထုတ်နိုင်သေးတဲ့ ဗုဒ္ဓဘာသာဝင် ဘင်္ဂလီတွေ တစ်ပုံကြီး ရှိနေတယ်။
- ဓနသဟာယ၏ မှတ်တမ်းပါစာတွင် ဘင်္ဂလီ(၅)သိန်းဝင်ရောက်ခဲ့ကြောင်း ဝန်ခံထားသော်လည်း မွတ်ဆလင်များ ဖြစ်ကြတယ်လို့ တစ်လုံးတပါဒမျှ မပါရှိပါဘဲလျက် ဒေါက်တာအေးချမ်းက ထိုသူတွေဟာ မွတ်ဆလင်ဟု ထင်မြင်ချက်ပေးခြင်းက အဘယ်အတိုင်းအတာအထိ ယုတ္တိရှိတာကို စဉ်းစားတတ်တဲ့ပရိသတ်တို့သာ ဆုံးဖြတ်လိုက်ပါတော့။
(လူထုဝဏ္ဏ)
ကိုးကား-
အွန်းလိုင်း စာစုနှင့် မှတ်တမ်းပုံများ
No comments:
Post a Comment