အိန္ဒိယဘုရင်ခံကို သတ်ဖြတ်ပြီး ဗြိတိသျှကို တုန်လှုပ်စေခဲ့သော အာဇာနည် ရှဲရ်အာလီခါန်း
"ထီးဖြူရုံပြာသာဒ်နှင့်
မအပ်သည့်အရာ
လာဒ် ဆိုသည့်မိစ္ဆာမှာ
ပိတ်ရှာပြီဇီဝိ
ဘုန်းမတန့် ဘုန်းတန့်ကြံတယ်
ဆုံးရုပ်နာမ် သွားပေါ့ ဝီစိ။
မင်းတုတု ခွေးသေသေ
သွေးတွေတွေယိုဘိ
လာဒ်ရန်ကို ဆဒ္ဒန်ဖိ
နတ်ဖန်သည့်ဘုန်းတော်
ကျွန်းစင်္ကပူ တစ်လွှားမှာ
ရွှေဓားသွား သတ်ရလိမ့်မနော်
လှေကားဆက် တက်အပေါ်မှာ
ထီးဖြူတော်နှစ်လက်ကြောင့်
ဒင်း အသက်ထွက်လွယ်စေ
ဓားနှစ်လက် မွှေ
လေးလက်ဖြင့် လေးချက်မွှေမယ်
ဘေးသက်သေ လက်ငင်းကွဲ့လေး။"
အချုပ်တန်းဆရာဖေ၏ အထက်ပါတေးထပ်ကို ကဗျာချစ်မြန်မာပြည်သူတိုင်း သတိရလိမ့်မည် ထင်သည်။ ဆရာဖေ၏ နှုတ်က ဘုန်းမတန်ကံမမျှပဲ ထီးဖြူဆောင်းသော အင်္ဂလိပ်ဘုရင်ခံကို စာချိုးပစ်လိုက်ပုံက ရာဇဝင်တွင်ခဲ့သည်။ ဤ တေးထပ်ကြောင့် ဆရာဖေ ဖမ်းဆီးခံခဲ့ရသည်။
ဤတေးထပ်ပါ အဖြစ်အပျက် နောက်ကွယ်မှာ လူငယ်အာဇာနည်သူရဲကောင်း ရှဲရ်အာလီခါန်းဟု ခေါ်သော လူငယ်တော်လှန်ရေးသမားတစ်ဦး ဖြစ်သည်။ အိန္ဒိယတိုက်ငယ်၏ နယ်ချဲ့ဆန့်ကျင်ရေးတွင် ဗြိတိသျှ ရာထူးအကြီးဆုံး အကောင် ဘုရင်ခံတစ်ယောက်ကို သတ်ပစ်ဖြစ်ပြီး ကိုလိုနီအုပ်ချုပ်ရေးကို တုန်လှုပ်စေခဲ့သော လူငယ်ဖြစ်သည်။
Sher Ali Afridi (သို့) Sher Ali Khan ကို ၁၈၄၄ ခုနှစ်တွင် ခိုက်ဘာပါစ် (Khyberpas) ရှိ Jamrud ကျေးရွာ၌ မွေးဖွားခဲ့သည်။ ရှဲရ် အာလီသည် ပါတန်လူမျိုးတစ်ဦးဖြစ်သည်။ သူသည် ဆယီဒ်အဟ်မတ် ရှဟီးဒ် (ရဟ) သခင်၏ တပည့်ဖြစ်သည်။
ရှဲရ်အာလီ သည် ၁၈၆၀ ပြည့်နှစ်များတွင် ဗြိတိသျှအုပ်ချုပ်ရေး ပန်ဂျပ်ရဲတပ်ဖွဲ့၌ အလုပ်လုပ်ခဲ့သည်။ သူသည် ပချာဝါရ်ပြည်နယ် ကော်မရှင်နာထံတွင်လည်းကောင်း၊ အမ်ဘာလာ ဗြိတိသျှ မြင်းစီးသူရဲတပ်ရင်းတွင်လည်းကောင်း အမှုထမ်းခဲ့သည်။ ၁၈၅၇ ခုနှစ် အိန္ဒိယပြည်သူများ ပုန်ကန်ထကြွချိန်တွင် ရိုဟိလကန် နှင့် ဩဓ် ဒေသရှိ အရှေ့အိန္ဒိယကုမ္ပဏီ စစ်တပ်တွင် အမှုထမ်းသည်။ သူသည် ပချာဝါရ်၌ ဗိုလ်မှူး ဟက်ဂျမ်စ် (Hugh James) လက်အောက်တွင် မြင်းစီးသူရဲအဖြစ် ထမ်းဆောင်သည့်အပြင် ရယ်နလ်တေလား (Reynell Taylor) ၏ အစေအခိုင်း ရဲဘော်အဖြစ်လည်း အမှူးထမ်းသည်။ တေလားသည် ရှဲရ်အာလီအား မြင်းတစ်ကောင်၊ ပစ္စတိုတစ်လက်နှင့် အမှူးထမ်းကောင်းလက်မှတ်တို့ကို ချီးမြှင့်ခဲ့သည်။ သူ၏ အမူအကျင့်ကောင်းခြင်းကြောင့် အင်္ဂလိပ်များကြားတွင် လူကြိုက်များခဲ့ပြီး တေလား၏ ကလေးများကိုလည်း ကြည့်ရှုစောင့်ရှောက်ခဲ့ရသည်။
ရှဲရ်အာလီခါန်းသည် ရဲသူလျို့ ဟိုက်ဒါရ်အာလီ အမည်ရှိ လူငယ်တစ်ဦးအား သတ်ဖြတ်မှုဖြင့် အင်္ဂလိပ်ဆန့်ကျင်ရေး ထိပ်တန်းခေါင်းဆောင် မော်လနာ ဇာဖောရ် ဒါနိခ်ျဝါရီ အပါအဝင် အခြားတော်လှန်ရေးသမားအချို့နှင့်အတူ ၁၈၆၇ ခုနှစ်တွင် ပချာဝါရ်၌ အဖမ်းခံခဲ့ရသည်။ သို့သော် ထိုလူသတ်မှုကို သူမကျူးလွန်ခဲ့ကြောင်း၊ အပြစ်ကင်းစင်ကြောင်း အခိုင်အမာ ထွက်ဆိုသည်။ အမှု ရုံးတင်စစ်ဆေးရာမှာ ၁၈၆၇ ခု ဧပြီလ ၂ ရက်တွင် သူ့ကို သေဒဏ်ချမှတ်လိုက်သည်။ အယူခံဝင်ရာမှာလည်း ကာလကတ္တားတရားရုံးချုပ်က သူ့ကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့သည်။
၁၈၆၉ ခုနှစ်တွင် မတရား တစ်သက်တစ်ကျွန်း ထောင်ဒဏ်အပြစ်ပေးခံရသူ ရှဲရ်အာလီအား ထိုခေတ်က နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သော ကာလာပါနီ ခေါ် ကပ္ပလီကျွန်းသို့ ပို့ခဲ့သည်။ သူသည် ထိုအချိန်မှာ အသက် ၂၅ နှစ် အရွယ်ဖြစ်ပြီး အရပ် ၅ ပေ ၁၀ လက်မ ရှိခဲ့သည်။
ထိုအချိန်တွင် ကပ္ပလီကျွန်း၌ အကျဉ်းသားများထားရာ လုံခြုံသော အချုပ်ခန်းအဆောက်အဦကြီးများ မဆောက်ရသေးချေ။ အကျဉ်းသားများကို ကျွန်းစုပေါ်တွင် လုံခြုံရေးတင်းကြပ်စွာနှင့် သိမ်းထိန်းထားသော အဆင့်သာရှိခဲ့သည်။ ရှဲရ်အာလီကို ဘလဲယားဆိပ်ကမ်း၏ Hope Town ဧရိယာရှိ ပါနီဂါဌ် (Pani Ghata) တွင် ချုပ်နှောင်ထားခဲ့သည်။
သူသည် အလွန်ရိုးရှင်းကြင်နာပြီး ဘာသာရေးကိုင်းရှိုင်းသူ ဖြစ်တယ်။ ကပ္ပလီကျွန်းထောင်ထဲမှာ ဆံပင်ညှပ်သမား အဖြစ် လုပ်ဆောင်ခွင့်ရခဲ့သည်။ ရရှိသောလုပ်ခ ငွေအားလုံးကို လက်ထောက်ငယ် အကျဉ်းသားများကို ဖြန့်ဝေပေးလေ့ရှိသည်။ ဤစေတနာက သူ့ကို အကျဉ်းသားများထဲတွင် အလွန် လူကြိုက်များစေခဲ့သည်။ သူရောက်ရှိချိန်မှစပြီး ကောင်းမွန်စွာပြုမူနေထိုင်သည်ဟု အသိအမှတ်ပြုခံခဲ့ရသည်။ အခြားတစ်ဖက်တွင်မူ အန္တရာယ်ပေါသော အထီးကျန်ကျွန်းပေါ်တွင် ညှင်းပန်းမှုအပေါင်းနှင့် မတရားပြည်နှင်ဒဏ်ခံနေခြင်းကို လက်စားချေရန်နှင့် နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုတွင် ပြည်သူများဖက်မှ အားပေးနိုင်ရန် နေ့ရောညပါ စဉ်းစားလျက်ရှိသည်၊။ ၁၈၇၂ ခု ဖေဖော်ဝါရီလ ၈ ရက်တွင် နယ်ချဲ့ဓားပြ အကြီးတန်းစားမိစ္ဆာ အိန္ဒိယ စတုတ္ထမြောက် ဘုရင်ခံ လော့ဒ်မေယို (၁၈၆၉- ၁၈၇၂) သည် ဗမာပြည်ကအပြန် ကပ္ပလီကျွန်းသို့ သွားရောက်လည်ပတ်သည့်အခါ သူစောင့်မျှော်နေသော အဆိုပါ အခွင့်အလမ်းရောက်ရှိလာခဲ့သည်။
ရှဲရ်အာလီခါန်းသည် ဘုရင်ခံ လော့ဒ်မေယို၏ အလည်အပတ်ခရီးစဉ် သတင်းကို ကြားသောအခါ သူလုပ်ဆောင်ရမည့် အကြံအစည်ကို ဆုံးဖြတ်ခဲ့သည်။ မည်သို့ပင်ဖြစ်ပါစေ ဘုရင်ခံလော့ဒ် နှင့် ကပ္ပလီကျွန်း ကြီးကြပ်ရေးမှူး ဝါကာကို သတ်ပစ်မည်ဟု ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ ထိုသို့ကြံစည်မှုကြာင့် သူ ချက်ချင်း ထိန်းသိမ်းခံရမည်ဖြစ်ပြီး သေဆုံးရမည်မှာ သေချာသည်ကိုလည်း ကောင်းစွာ သိရှိသည်။ ဦးစွာ သူသည် သူမှာရှိသောငွေ အနည်းငယ်နှင့် ပေါင်မုန့်ချိုများကို ဟိန္ဒူမူဆလင်အပေါင်းအဖော်များအား ကျွေးလျက် နှုတ်ဆက်ခဲ့သည်။ လုပ်ကြံရန်စီစဉ်ထားသောနေ့တွင် သူသည် နံနက်မိုးလင်းကတည်းက အခွင့်အလမ်းကို စောင့်ဆိုင်းနေသည်။ သို့သော် အခွင့်အရေး မရခဲ့ချေ။
နောက်ဆုံး လော့ဒ်သည် Mount Harriet မှ နေဝင်ချိန်မြင်ကွင်း ဆိပ်ကမ်းနားသို့ ပြန်လာရာ ည ၇ နာရီခန့်ထိုး၍ မိုးချုပ်လာသည်။ သူ့ကို ရှေ့တန်းက မီးထွန်းလင်းပေးလမ်းပြလျက် အထက်တန်း ၀န်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့များက ဝန်းရံထားသည်။ သူ၏ နောက်က ကပ္ပလီကျွန်း၏ ကြီးကြပ်ရေးမှူး Walker ရှိနေသည်။ သူတို့က ဆိပ်ခံတံတားမှ သူ့ကတော် လေဒီမေယိုရှိရာ လှေငယ်ကိုစီး၍ Glasgow သို့ သွားမည့်သင်္ဘောကို ရောက်ရန်ဖြစ်သည်။ ရုတ်တရက် Walker သည် အခြားသူတစ်ယောက်နှင့် စကားပြောရန် နောက်ကျ ကျန်ရစ်ခဲ့သည်။ ထိုအချိန်သည် ရှဲရ်အာလီအတွက် အခွင့်သာနေချိန်ဖြစ်သည်။ ရှဲရ်အာလီသည် ကျားတစ်ကောင်ကဲ့သို့ အမှောင်ထုထဲမှ ခုန်ချကာ လော့ဒ်၏ နောက်ကျောကို ဖောင့်ဖောင့် ဓားဖြင့်ထိုးနှက်လေသည်။ လော့ဒ်သည် အလုအယက်ပြု၍ မထရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ချေ။ ကိစ္စအားလုံးက ပြီးဆုံးသွားပါပြီ။ လော့ဒ်သည် ဓားထိုးဒဏ်ရာကြောင့် သေဆုံးသွားလေသည်။
ရှဲရ်အာလီခါန်းကို လုံခြုံရေး ၁၂ ယောက်က ဝန်းရံ၍ ချက်ချင်း ဖမ်းဆီးလိုက်သည်။ နောက်တစ်နေ့တွင် အမြန်ဆုံး စီရင်ချက် ချခြင်းခံရသည်။ သူ့ကို ရုံးတင်စစ်ဆေးချိန်မှာ သူနဲ့အပေါင်းအဖော် တခြားတစ်ယောက်ယောက်ရှိသလားဟု မေးမြန်းသည်။ ကြံစည်မှုတစ်ခုလုံးကို သူတစ်ယောက်တည်းသာကြံစည်သည်ဟု သူတစ်ပါးအား နစ်နာခြင်းမရှိဘဲ ရဲဝံ့စွာ ဝန်ခံခဲ့သည်။ သူ၏ တစ်ဦးတည်းသော အဖော်က အလ္လာဟ်အရှင်တော်မြတ် ပါ။ ကလကတ္တား တရားသူကြီးချုပ် ဂျွန်နော်မန် ကို အဗ္ဗဒူလ္လာဆိုသူက လုပ်ကြံခဲ့ပုံမှ စိတ်တက်ကြွစေပြီးနောက် ဤလုပ်ကြံမှုကို ကြံစည်ခဲ့သည်ဟု ထွက်ဆိုသည်။ သူသည် အသက်ချမ်းသာ ခွင့်လွှတ်တော်မူရန် တောင်းပန်ခြင်း လုံးဝမရှိချေ။ အလင်္ဂလိပ်တို့၏ တရားစီရင်မှုကိုလည်း ရှုတ်ချသည်။
သူ့ကို ၁၈၇၂ ခု၊ မတ်လ ၁၁ ရက်တွင် Viper ကျွန်း အကျဉ်းထောင်၌ ကြိုးစွပ်သေဒဏ်ပေးခဲ့သည်။ ကြိုးဆွဲချသည့်နေ့တွင် ကြိုးကွင်းကိုနမ်းပြီး ထိုကြိုးကို ကိုယ်တိုင်စွပ်ကာ ကလိမာ "La ilaha illallahu" နှစ်ကြိမ် ရွတ်ဆိုပြီးနောက် လောကကို နှုတ်ဆက်သွားခဲ့သည်။ ဤသို့ ရဲရင့်သော လွတ်လပ်ရေးတိုက်ပွဲဝင် တော်လှန်ရေးသမား၏ ဘဝသည် အသက် ၂၈ နှစ်တွင် ဇာတ်သိမ်းခဲ့လေသည်။
ရှဲရ်အာလီခါန်းသည် တိုင်းပြည်ကို ကျွန်ဘဝမှလွတ်မြောက်ရန် ကြီးမားသောတန်ဖိုးကို ပေးဆပ်ရမည်ဟု သူယုံကြည်သည်။ ပေးဆပ်လည်း ပေးဆပ်ခဲ့သည်။ သို့သော် အာဇာနည် ရှဲရ်အာလီခါန်းသည် အိန္ဒိယလွတ်လပ်ရေး သူရဲကောင်းများထဲတွင် မေ့ပျောက်ခံနေရသော သူရဲကောင်းသဖွယ်ဖြစ်နေပါသတည်း။
(-လူထုဝဏ္ဏ)
မှီငြမ်း : -
1) Narayan Sanyal (2003). Sher-e-Shahid Island. Kolkata: Dev Sahitya Kuti's feet: Li
2) India in the struggle for freedom of A B. Kolkata: West Bengal Bangla Academy. 1996
3) ′′ He is a 'hero', and others?" Anandabazar magazine. Collection date 24 December 2017
4) Gangaw Gaunggin Myanmarsar (ကံ့ကော်ကောင်းကင် မြန်မာစာ) FB Page
5) Wikipedia
No comments:
Post a Comment