Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, December 23, 2019

ကျူးကျော်သိမ်းပိုက်ခံခဲ့ရတဲ့ ရှေးဟောင်း ဗဒေါရ်မောကာမ်ကျောင်းတော်

စစ်တပ်ရဲ့ ကျူးကျော်သိမ်းပိုက်ခံခဲ့ရတဲ့ ရှေးဟောင်း ဗဒေါရ်မောကာမ် ဝတ်ပြုကျောင်းတော်










ဗဒေါရ်မောကာမ်သည် အာရကန်ပြည်၏ ရှေးဟောင်းမွတ်စလင်သမိုင်းအမွေအနှစ်ထဲမှ တစ်ခုဖြစ်သည်။ စစ်တပ်နှင့် မသမာသူအုပ်စုတို့၏ မတရားကျူးကျော် သိမ်းပိုက်ခြင်းကို ခံနေရသော ထင်ထင်ရှားရှား သမိုင်းသက်သေ တစ်ခုလည်းဖြစ်သည်။ ယနေ့ ရခိုင်တို့က နတ်ကွန်း၊ ဗုဒ္ဓမော်ရှင်မနတ် စသည့် ဗုဒ္ဓမြတ်စွာဘုရားနှင့် ဆက်နွယ်သော ပါးစပ်လုပ်ဇာတ်လုပ်ကြံသမိုင်းများ ဖန်တီးကာ သမိုင်းမှန်ကို ဖုံးကွယ်ရန် ကြိုးစားလျက်ရှိသည်။ 

ဗဒေါရ်မောကာမ်သည် သူတော်စင် ဗဒေါရ်သြဠီယာ၏ ဝတ်ပြုရာ ကျောင်းသင်္ခဏ်းဖြစ်သည်။ သူတော်စင် ဗဒေါရ်သြဠီယာ၏အမည်ရင်းမှာ ဗဒေါရုဒ္ဒိန်း ဖြစ်သည်။ အချို့မှတ်တမ်းများတွင် ရှားဗဒေါရ်အုဒ္ဒိန်း ဟုလည်း အဆိုကွဲရှိသည်။ ဗဒေါရ်မောကာမ်အဓိပ္ပာယ်မှာ ဗဒေါရ်၏ တရားထိုင်ရာနေရာဟု အဓိပ္ပယ်ရသည်။ ထိုကျောင်းသင်္ခဏ်းကို ၁၇၂၇ ခုတွင် ကုန်သည်ညီနောင်နှစ်ဦးက ဗလီဝတ်ပြုကျောင်းအဖြစ် မွမ်းမံဆောက်လုပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။  ဗဒေါရုဒ္ဒိန်းသည် အလွန်ထင်ရှားခဲ့သော ပီရ်သူတော်စင်တစ်ပါးဖြစ်ခဲ့သည်။ ပင်လယ်စောင့် ပီရ်တစ်ပါးဟု ယုံကြည်ကြသည်။ ပီရ် ဗဒေါရုဒ္ဒိန်း၏ ကျောင်းသင်္ခဏ်းများသည် အိန္ဒိယ၊ မြန်မာ၊ ထိုင်း စသည့် ပင်လယ်ကမ်းရိုးတန်းတလျှောက်ဒေသများတွင် တွေ့ရှိရသည်။ ပီရ်ဗဒေါရုဒိန်း၏ ဘုန်းတန်ခိုး ကြီးမားသည့် ပုံပြင်များ ယနေ့အထိ လူတို့ကပြောဆိုလေ့ရှိသည်။ ဗဒေါရ်သြဠိယာသည် ရေပေါ််က လမ်းလျှောက်နိုင်သည်... ပင်လယ်သတ္တဝါကြီး ကျောပေါ်စီးလို့ ခရီးသွားလာတတ်သည်... သူလမ်းလျှောက်ရာ ကမ်းခြေတစ်လျှောက် ကျောက်တုံးများ ပေါ်လေ့ရှိခဲ့သည်... စသည့်  သူ၏ဂုဏ်ဘွဲ့များ ပုံပြင်သဖွယ် ယနေ့အထိထင်ရှားသည်။ 

ဗဒေါမောကာမ်ကျောင်းတော်၏ သမိုင်းအကြောင်းကို သမိုင်းသုတေသီပညာရှင်များ၏ မှတ်တမ်းများတွင် အောက်ပါအတိုင်းတွေ့ရသည်။ 

ဗဒေါမိုကာမ်ကို ခရစ်နှစ် ၁၇၅၆ ခုနှစ်တွင် မွတ်စလင်များက သူတို့၏ ထင်ရှားသော သူတော်စင်သခင်ကြီး Badr Auliah အား ဂုဏ်ပြုသောအားဖြင့် တည်ဆောက်ခဲ့သည်ဟု ဆိုသည်။ ၁၈၇၆ ခုနှစ်က အာရကန်တိုင်း ဒုတိယကော်မရှင်နာ ဗိုလ်မှူးကြီး Nelson Davies က ရခိုင်ပြည်နယ်ကော်မရှင်နာအဖွဲ့ရုံးတွင် သိမ်းဆည်းထားသော မှတ်တမ်းတစ်ခုကို Dr. Emil Forchhammer အား ငှားရမ်းပေးခဲ့သည်။ ထိုမှတ်တမ်းတွင် ပါရှိသော ဗဒေါမောကာမ်ကျောင်းတော်အကြောင်းကို ကောက်နုတ်ကာ သူ၏စာအုပ် Reports on the Antiquities of Arakan (1891-2) တွင် အောက်ပါအတိုင်း ဖော်ပြခဲ့သည်။  


"အက္ကိယာပ်ကျွန်း၏ တောင်ဘက်စွန်း၊ ပင်လယ်အော်အရှေ့ဘက်ကမ်းနီးတွင် ကျောက်အုတ်များဖြင့် တည်ဆောက်ထားသော အဆောက်အအုံအစုတစ်ခုရှိသည်။ ယင်းအနက်မှ တစ်ခုမှာ အိန္ဒိယဗလီတစ်ခု၏ ဗိသုကာလက်ရာနှင့် ဆင်တူပြီး၊ အခြားတစ်ခုမှာ ကျောက်ဆောင်ပေါ်တွင် ကျောက်တုံးများဖြင့် တည်ဆောက်ထားသော ဂူတစ်ခုဖြစ်ကာ ယခင်က သူတော်စင်၏ ဝတ်ပြုသီတင်းသုံးရာနေရာဖြစ်သည်။ ဤအဆောက်အအုံများ တည်ရှိရာနေရာကို Budder Mokan ဟုခေါ်ဆိုပြီး 'Budder' ဆိုသည်မှာ အစ္စလာမ်ဘာသာ၏ သူတော်စင်သြဠီယာတစ်ပါး၏ အမည်ဖြစ်ပြီး 'mokan' ဆိုသည်မှာ နေထိုင်ရာနေရာကို ဆိုလိုသည်။ 

လွန်ခဲ့သော နှစ်ပေါင်း ၁၄၀ ခန့်က စစ်တကောင်းမှ ကုန်သည်ညီနောင်နှစ်ဦး ဖြစ်သော မာနိခ် (Manick) နှင့် ချာန် (Chan) တို့သည် Cape Negrais မှ နနွင်းများတင်ဆောင်လာသော သင်္ဘောဖြင့် ပြန်လာစဉ် ရေတင်ယူရန် အက္ကိယာပ်သို့ ဝင်ရောက်ခဲ့ပြီး သူတို့၏သင်္ဘောကို Buddermokan ကျောက်တန်းများအနီးတွင် ဆိုက်ကပ်ခဲ့သည်။ ထို့ကျောက်ဆောင်၏ အနီးမှ ရေတင်ယူပြီးနောက် ညနေပိုင်းတွင် မာနိခ်က အိပ်မက်တစ်ခု မက်ခဲ့သည်။ အိပ်မက်တွင် သူတော်စင် ဗဒေါရ်သြဠီယာက သူတို့ ရေခပ်ယူခဲ့သောနေရာတွင် ကျောင်းသင်္ခဏ်းဂူ တစ်လုံး ဆောက်လုပ်ပေးရန် အလိုရှိကြောင်း မိန့်ကြားခဲ့သည်။ သူ့မှာ အဆိုပါအလိုဆန္ဒဖြည့်ဆည်းပေးရန် ငွေအသပြာမရှိကြောင်း ဖြေကြားခဲ့သည်။  ဗဒေါရ်သြဠီယာက မာနိခ်၏ နနွင်းအားလုံး ရွှေဖြစ်စေဟု ဆုပေးကာ ကျောင်းသင်္ခဏ်းဂူ ဆောက်လုပ်ရန် အားထုတ်သင့်ကြောင့် အိပ်မက်ပေးသည်။ မနက်မိုလင်း၍ မာနိခ်က သူ၏ နနွင်းများကို စစ်ဆေးကြည့်သောအခါ အမှန်တကယ်ပင် နနွင်းများသည် ရွှေအဖြစ်ပြောင်းလဲနေကြောင်း တွေ့ရှိရသည်။ မာနိက်သည် သူ့အစ်ကို ချာန်ကို အိပ်မက်နှင့် ရွှေအကြောင်းပြောပြ တိုင်ပင်ကာ ဂူကျောင်းသင်္ခဏ်းကို ဆောက်လုပ်ခဲ့သည်။ ထိုဂူအနီးတွင် ကန်ကြီးတစ်ကန်ကိုလည်း တူးဖော်ပေးခဲ့သည်။  

အက္ကိယာပ်၏ ဒုတိယကော်မရှင်နာရုံးမှာ ၁၈၃၄ ခုနှစ်တွင် ပါရှားဘာသာဖြင့် ထုတ်ပြန်ခဲ့သည့် အမိန့်စာများအရ၊ စစ်တကောင်းခရိုင် ကော်မရှင်နာ မစ္စတာ ဝီလီယံ ဒမ်ပီယာနှင့် အာရကန်တိုင်း ကော်မရှင်နာ မစ္စတာ တီ၊ ဒစ်ကင်ဆန်တို့က ၁၈၂၅ ခုနှစ်က ဗြိတိသျှအစိုးရ၏ အမှူးထမ်းကောင်းအဖြစ် ဂုဏ်ပြုသောအားဖြင့် ဗဒေါမော်ကာမ်အုပ်စု၏ သူကြီးဖြစ်သူ ဟူစိန်းအာလီကို ဗဒေါမောကာမ်ကျောင်းတော်၏ ဒါယကာအဖြစ် တာဝန်ပေးအပ်ချီးမြှင့်ခဲ့သည်။ ကျောင်းတော်၏ အလှူငွေများကိုလည်း ကောက်ခံ သုံးစွဲခွင့်ပြုခဲ့သည်ဟု ဖော်ပြထားပါသည်။

၁၈၄၉ ခုနှစ်တွင် အက္ကိယာပ်မြို့၏ ခုံရုံးတရားသူကြီး မစ္စတာ အာရ်၊စီ၊ရိတ်က ဟူစိန်းအာလီအား ဗဒေါမောကာမ်ကျောင်းတော်ကို တာဝန်ယူကြီးကြပ်ရန် ညွှန်ကြားခဲ့ပြီး သူတော်စင်ဖကီးရ်အမျိုးသမီးတစ်ဦးဖြစ်သူ မမင်းအုန်းအား အဆောက်အဦတစ်ခု တည်ဆောက်ခွင့်ပြုခဲ့သည်။ ထိုမှတ်တမ်းအရ လက်ရှိ အင်္ဂတေအဆောက်အဦကို သူမက ၁၈၄၉ ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် သူမသည် ရေကန်ကိုလည်း ပြန်လည်တူးဖော်ပေးခဲ့သည်။

"ဆောက်လုပ်ရေးနှင့် ရေကန်ပြန်လည်တူးဖော်ပေးရေးလုပ်ငန်းစဉ်တစ်ခုလုံးအတွက် ရူပီငွေ ၂၀၀၀ ခန့် ကုန်ကျခဲ့သည်။ ဟူစိန်းအာလီ ကွယ်လွန်ပြီးနောက် ၎င်း၏သား အဗ္ဗဒူလာက ဆက်လက်တာဝန်ယူခဲ့သည်။ အဗ္ဗဒူလာ ကွယ်လွန်သောအခါ သူ့ညီမ မမိုရာဇမာလ် (ရှေ့နေအဗ္ဗဒူလ်မာရိန်၏ ဇနီး) က တာဝန်ကို ဆက်ခံခဲ့သည်။ ထို့နောက် ရှေ့နေအဗ္ဗဒူလ်မာရိန်သည် သူ့မိန်းမကိုယ်စား တာဝန်ယူခဲ့သည်။"

"ပုံတွင် အဆောက်အဦများ၏ အပြင်ဘက် ယေဘုယျပုံစံကို တွေ့ရှိရသည်။ အတွင်းပိုင်းမှာ အလွန်ရိုးရှင်းပြီး စတုရန်းပုံ (သို့မဟုတ်) စတုဂံအခန်းတစ်ခုသာရှိသည်။ တကယ်တော့ ဂူနှစ်ခုရှိသည်။ တစ်ခုမှာ ကျောက်ဆောင်ထိပ်ပေါ်တွင် တည်ရှိပြီး (ပုံတွင်ကြည့်ပါ) မြောက်ဘက်နှင့် တောင်ဘက်တွင် ဝင်ပေါက်ရှိသည်။ မုခ်ခုံးသည် ခုံးပြီး အတွင်းခန်းလည်း အလားတူပင်ဖြစ်သည်။ ဂူ၏ အပြင်ဘက် အရွယ်အစားမှာ အကျယ် ၈ ပေ ၃ လက်မ၊ အလျား ၁၁ ပေ ၆ လက်မ၊ အမြင့် ၈ ပေ ၆ လက်မရှိသည်။ အတွင်းခန်းသည် ၇ ပေ x ၅ ပေ ၈ လက်မ၊ အမြင့် ၆ ပေ ၅ လက်မရှိပြီး ကိုယ်ထည်မှာ ကျောက်နှင့်အုတ်များကို အင်္ဂတေသရွတ်သုတ်ထားသည်။ တန်ဆာဆင် အခြယ်အသ လက်ရာများ မရှိချေ။  

ဒုတိယဂူကိုလည်း အလားတူတည်ဆောက်ထားသည်။  ကြမ်းပြင်မှာ ကျောက်သားချောဖြစ်ပြီး တောင်ဘက်ဝင်ပေါက်ဆီသို့ အနည်းငယ်စောင်းနေသည်။ ယခင်ဂူထက်ပင် သိသိသာသာ သေးငယ်သည်။  

ပင်မ ဗလီသည် ကြမ်းမြင့်ပေါ်တွင် တည်ရှိပြီး အုတ်နှင့်ကျောက်များကို လှေကားခံ၍ တက်ရောက်နိုင်သည်။ ဗလီ၏အရှေ့မျက်နှာစာသည် ၂၈ ပေ ၆ လက်မ၊ တောင်ဘက်အလျား ၂၆ ပေ ၆ လက်မရှိပြီး အတွင်းခန်းသည် အလျား ၁၆ ပေ ၉ လက်မ၊ အကျယ် ၁၃ ပေရှိသည်။ မျက်နှာကြက်ပိုင်းသည် ခုံးဝိုင်းပုံသဏ္ဍာန်ဖြစ်ပြီး အနောက်ဘက်တွင် နံရံအတွင်းသို့ ထိုးဝင်နေသော အဖျားချွန်ခုံးပုံ မေဟ်ရဘ်နှင့် ဘေးတစ်ဖက်တစ်ချက်စီတွင် နံရံကပ်တိုင်ငယ် တစ်လုံးရှိသည်။ ယင်းအပေါ်တွင် စာလုံးကြီးကြီးနှင့် ရေးထိုးထားသော ပါရှန်စာကြောင်းရှိသည်။ ပါရှန်စာဖြင့် ဂရံမှတ်တမ်းတစ်ခုလည်း ချိတ်ဆွဲထားသည်။  

ထိုနေရာနှင့်ကပ်လျက်ရှိသော ကျောက်ဆောင်များကြားတွင် အုတ်ခုံးငယ်တစ်ခုဖြင့် စတုဂံပုံစံရှိသည့် ဝတ်ပြုခန်းငယ်တစ်ခုကို ထည့်သွင်းတည်ဆောက်ထားသည်။ အဆောက်အဦအားလုံးသည် အခြေအနေကောင်းမွန်စွာတည်ရှိနေသည်။ ထူးဆန်းသောပုံသဏ္ဍာန်ရှိသည့် ကျောက်ဆောင်များကို ဤအဆောက်အဦများဖြင့် ဖုံးလွှမ်းထားသည်မှာ စိတ်ဝင်စားဖွယ်ရှုခင်းတစ်ခုပင်ဖြစ်သည်။  

ပင်မ ဗလီဝတ်ပြုကျောင်းသည်  အိန္ဒိယဗလီလက်ရာနှင့် အာရကန်လက်ရာကို အကောင်းဆုံးပေါင်းစပ်ထားသည့် စံပြလက်ရာတစ်ခုဖြစ်ပေသည်။




လူထုဝဏ္ဏ

စာညွှန်း- အက္ကိယာပ် = စစ်တွေ​

            - အာရကန် = ရခိုင်ပြည်နယ်

ကိုးကား

- Reports on the Antiquities of Arakan (1891-2)|Dr. Emil Forchhammer 




No comments:

Post a Comment