Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, January 3, 2020

သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်း (၁၉၂၃-၂၀၀၅)



ဒေါက်တာသန်းထွန်း


(B.A.Hons:), MA, Ph.D, D.Lit, (London)|

အငြိမ်းစားပါမောက္ခ၊ သမိုင်းဌာန၊ မန္တလေးတက္ကသိုလ်။အဖွဲ့ ဝင်၊ မြန်မာနိုင်ငံ သမိုင်းကော်မရှင်။ဂုဏ်ထူးဆောင် ပါမောက္ခ၊ မြန်မာနိုင်ငံ ရှေးဟောင်းသုတေသန ပညာဌာန။ဂုဏ်ထူးဆောင် ပါမောက္ခ၊ သမိုင်းဌာန၊ ရန်ကုန်တက္ကသိုလ်။

ဆရာကြီးကို ၁၉၂၃ ခု ဇွန်လ ၄ ရက်နေ့တွင် ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်း မြို့ နယ်၊ ငဝန်မြစ် အနောက်ဖက်ကမ်းက ဒေါင့်ကြီးရွာ၌ မွေးဖွားရာခဲ့သည်။ မိဘနှစ်ပါးမှာ ဦးဘိုးတွေ နှင့် ဒေါ်သင် တို့ဖြစ်ကြသည်။ မွေးချင်း လေးယောက်အနက် ဒုတိယမြောက်သားဖြစ်သည်။ 

၁၉၃၈ ခုတွင် ငါးသိုင်းချောင်း အမျိုးသားကျောင်းမှ  ဆယ်တန်းအောင်မြင်၍ ရန်ကုန် ယူနီဗာစီတီကောလိပ် တွင် ၁၉၃၉ ခုနှစ်မှ စတင် တက်ရောက်၍ ပညာသင်ကြားရာ ၁၉၄၁ ခုတွင် ဥပစာ (ခ) Intermediate of Arts ကိုအောင်မြင်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ဖြစ်၍ ဌာနေပြန်ရာတွင် ဗေဒင်ပညာကို ဆည်းပူးခဲ့သည်။ စစ်ပြီး၍ ၁၉၄၆ ခုတွင် ဝိဇ္ဖာဘွဲ့  (B.A) ရရှိ၍ ၁၉၄၇ ခုတွင် ဝိဇ္ဖာ ဂုဏ်ထူးတန်း အောင်မြင်ခဲ့သည်။ ၁၉၅၀ ခုတွင် သမိုင်း မဟာဝိဇ္ဇာဘွဲ့ ရရှိခဲ့သည်။ ၁၉၅၂ ခုတွင် ဥပဒေ ဝိဇ္ဇာဘွဲ့ ရရှိခဲ့သည်။ ၁၉၅၄- ၅၆ တွင် လန်ဒန် တက္ကသိုလ် အရှေ့တိုင်းနှင့် အာဖရိက ပညာသင်၍ (Ph.D) ဘွဲ့ ရယူခဲ့သည်။ ၁၉၈၈ ခုတွင် အင်င်္ဂလန်နိုင်ငံ၊ လန်ဒန်တက္ကသိုလ်မှ ဘီလစ် (D.Lit.) ဘွဲ့  ရရှိခဲ့သည်။ 

၁၉၄၆ ခုတွင် ရန်ကုန်တက္ကသိုလ် သမိုင်းဌာန၏ အချိန်ပိုင်းနည်းပြ၊ ၁၉၅၂ ခုတွင် သမိုင်း လက်ထောက် ကထိက၊ ၁၉၅၈ ခုတွင် ကထိက ဖြစ်လာခဲ့သည်။  မြန်မာနှင့် အရှေ့တိုင်း သမိုင်းဌာန ကထိက၊ ၁၉၆၀ ခုတွင် တက္ကသိုလ်ကောင်စီ၏ ကထိက၊ ၁၉၆၅ ခုတွင် မန္တလေး ဝိဇ္ဖာ နှင့် သိပ္ပံ တက္ကသိုလ် သမိုင်းဌာန၏ ပါမောက္ခ ဖြစ်လာသည်။ ၁၉၈၂ ခုတွင် ဂျပန်နိုင်ငံ တိုကျိုတက္ကသိုလ် အရှေ့တောင်အာရှ လေ့လာမှုများ ဗဟိုဌာနတွင် အငှား သုတေသနပညာရှင်၊ ၁၉၈၃ ခုတွင် မန္တလေးတက္ကသိုလ် သမိုင်းပါမောက္ခ အဖြစ်နှင့် အသက် (၆၀)
ပြည့်တွင် အနားယူခဲ့သည်။ 

၁၉၈၃ ခုတွင် တိုကျို နိုင်ငံခြားဘာသာသင် တက္ကသိုလ်၊ အာရှ အာဖရိကဘာသာဓလေ့ဌာန၏ ( Research Fellow )? ၁၉၈၄ ခုတွင် တိုကျို နိုင်ငံခြား ဘာသာသင် တက္ကသိုလ်တွင် အင်ဒိုချိုင်းနားဌာန၊ မြန်မာနိုင်ငံဆိုင်ရာ လေ့လာရေး၊ ဌာနခွဲမှူး၊ တိုကျို နိုင်ငံ တာကာ ခရစ်ယာန်တက္ကသိုလ် ဘွဲ့လွန်ကျောင်း၏ ဧည့်ပါမောက္ခ၊ ၁၉၈၇ ခုတွင် အမေရိကန်နိုင်ငံ ဒီကပ်၊ မြောက်အီလီနွိုင်တက္ကသိုလ် သမိုင်းဌာန ၊ ဧည့်ပါမောက္ခ၊ အမေရိကန်၊ အင်အာဗာ၊ မစ်ရှီကန် တက္ကသိုလ်၊ သမိုင်းဌာန ၊ ပါမောက္ခ၊ ၁၉၉၁ ခုတွင် မြန်မာစာ အဖွဲ့  မြန်မာ- အင်္ဂလိပ် အဘိဓန် ပြုစုရေးကော်မတီတွင် အဖွဲ့ဝင်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၉၂ ခုတွင် ရန်ကုန် တက္ကသိုလ် ရှေးဟောင်းသုတေသန ပညာဌာနနှင့် သမိုင်းဌာန၏ အချိန်ပိုင်း ပါမောက္ခ၊ ၁၉၉၃ ခုတွင် ရှေးဟောင်းသုတေသန ပညာဌာန၏ ဂုဏ်ထူးဆောင် ပါမောက္ခ၊ ၁၉၉၆ ခုတွင် သမိုင်းဌာန၏ ဂုဏ်ထူးဆောင်ပါမောက္ခ၊ ၂၀၀၁ ခုတွင် ရန်ကုန် အရှေ့ တိုင်း ပညာဌာန၏ အချိန်ပိုင်း ပါမောက္ခ စသော တာဝန်အသီးသီးကို ထမ်းရွက်ခဲ့သည်။ ရှေးဟောင်း သုတေသန၊ မြန်မာနိုင်ငံ သမိုင်းဆိုင်ရာ စာပေထူးများကိုလည်း ရေးသားခဲ့သည်။

နိုင်ငံရေးတွင် ပါဝင်မှုများ -

ဂျပန်ခေတ်တွင် အရှေ့အာရှလူငယ်များ အသင်း၏ အတွင်းရေးမှူး ဖြစ်ခဲ့သည်။ ၁၉၄၅ ခု ဖက်ဆစ် တိုက်ဖျက်ရေး ပြည်သူ့ လွပ်မြောက်ရေး အဖွဲ့ ချုပ် (ဖတပလ) ၏ ပထမဆုံး ဥက္ကဌ၊ ၁၉၄၇ ခု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသ) ဥက္ကဌအဖြစ် တာဝန်ယူခဲ့သည်။ 

ဆရာကြီးသည် မြန်မာ့နိုင်ငံနှင့် မြန်မာ့သမိုင်းအတွက် အကျိုးရှိ စာအုပ်စာပေ မြောက်များစွာကို ရေးသားခဲ့သည်။ ထိုထဲမှ ထင်ရှားသော စာအုပ်များကိုသာ ဖော်ပြပါမည်။
Royal Order of Burma ( မြန်မာနိုင်ငံ အမိန့် တော်များ အေဒီ ၁၅၉၈-၁၆၄၈ ) ၁၉၈၇ တွင် ရေးသားထုတ်ဝေခဲ့သည်။ ထိုကျမ်းသည် မြန်မာနိုင်ငံ အင်းဝခေတ် မှ သီပေါမင်း ပါတော်မူချိန်အထိ မြန်မာမင်းတို့၏ အမိန့်တော်ပြန်တမ်းများကို စာမျက်နှာပေါင်း  (၇၆၀၀) ကျော် ပြုစုထားသည်။ ကျမ်းတွဲ ဆယ်တွဲ ရှိပြီး သုတေသန စာတမ်းများအနက် အကောင်းဆုံးအဖြစ် ပညာရှင်များ၏ အသိအမှတ်ပြုခြင်း ခံရသည်။ ဒေါက်တာ သန်းထွန်း၏ ( Masterpiece ) လက်ရာမွန်အဖြစ် မှတ်တမ်းတင်ကြသည်။

ဆရာကြီးသည် ပါရမီ ဖြည့်ဖက် ဒေါ်ခင်ရီ နှင့် လက်ထပ်ပြီး ဖေ သန်းထွန်း ၊ မေ သန်းထွန်း ၊ မဉ္ဖူ သန်းထွန်း ၊ နှင်းဆီ သန်းထွန်း ၊ နွယ်နီ သန်းထွန်း  သား/သမီးများ ထွန်းကားခဲ့သည်။

၂၀၀၅ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့၌ တောင်လေးလုံး ဘုန်းကြီးကျောင်းတွင် ကျင်းပ ပြုလုပ်သည့် လူထု ဒေါ်အမာ၏ နှစ်(၉၀)ပြည့် မွေးနေ့  အခမ်းအနားကို တက်ရောက်ရန် မန္တလေးတွင် ရှိနေစဉ်၊ မန္တလေးတက္ကသိုလ် ၊ သမိုင်းဌာနတွင် နံနက် ၂နာရီ၊ မိနစ် ၃၀ တွင် ကွယ်လွန် ခဲ့ သည်။

ကိုယ်ပိုင်ဆောင်ပုဒ် ။
" အမှန်းကောင်း ၊ အလုပ်ကောင်း ၊ အဆုံးကောင်း " 

" ငါရေးတာမှာ ကြွားတာ ၊မှားတာ ၊ မမှန်တာ မပါဘူး "

"သမိုင်းသုတေသနမှာ သက်သက်ညှာညှာ ပြောပါဆိုတဲ့ စည်းကမ်းမရှိဘူး။ ငါက မြန်မာ မဟုတ်လား၊ မြန်မာ အကြောင်း အကောင်းချည်းပဲ ဖော်ထုတ်မယ် ဆိုတာမျိုးလည်းမလုပ်ပါ။ သူက ရန်သူမဟုတ်လား၊ သူ့ကိုတော့ ချိုးချိုးဖဲ့ဖဲ့ ရေးလိုက်မယ်ဆိုတာမျိုး မပါပါ။ "

" သမိုင်းမှတ်တမ်းတင်သူတွေဟာ အဂတိ မလိုက်ရဘူး။ ချစ်လို့မြှောင့်ပင့်ရေးတယ်။ မုန်းလို့ နှိမ့်ချကဲ့ရဲ့တယ်။ ကြောက်လို့ ဖုံးကွယ်ပြောတယ်။ မသိတာကို ဝန်မခံချင်လို့ ဖြစ်ကတတ်ဆန်း ရေးတယ်ဆိုတာမျိုး ဘယ်တော့မှ မလုပ်ရဘူး။ ဂတိမလိုက်ဘဲ ရေးသားတဲ့ သမိုင်းစစ်စစ်ကို ရှာပြီး လေ့လာပါလို့ပြောချင်တာ။*သမိုင်းစစ်စစ်ကို သိရင် အချူပ်ကတော့ မအ* ဘူးပေါ့။” 
(ဒေါက်တာသန်းထွန်း၊ သမိုင်းနှင့် စကားပြောခြင်းမှ) 

Credit. to Original. uploader



No comments:

Post a Comment