Diindahání
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Wednesday, January 29, 2020
Poetry For Humanity ကဗျာရွတ်ပွဲတွင် ပါဝင်ခဲ့သော ရိုဟင်ဂျာကဗျာဆရာများနှင့် ကဗျာများ
၂၀၂၀ ပြည့်နှစ်၊ ဇန္နဝါရီလ ၂၄ ရက်မှ ၂၆ ရက်အထိ ရန်ကုန်မြို့၊ ဗဟန်း၌ ကျင်းပခဲ့သော လူသားဆန်မှုအတွက် ကဗျာ [Poetry for Humanity] ကဗျာရွတ်ဆိုပွဲတွင် ပထမဆုံးအကြိမ်အဖြစ် အခြားတိုင်းရင်းသား ကဗျာဆရာများနှင့်အတူ ရိုဟင်ဂျာတိုင်းရင်သား ကဗျာဆရာများက ပါဝင်ခဲ့တယ်။ နိုင်ငံတစ်ဝန်းက ကဗျာဆရာ ၄၀ ကျော် ပါဝင်ခဲ့သည့် အခမ်းအနားတစ်ခုလည်းဖြစ်သည်။ ကဗျာအနုပညာသည် အသားအရောင်၊ လူမျိုး၊ အသက်အရွယ် ခွဲခြားမှုကို လုံးဝ လက်မခံကြောင်း ပြသသွားသော သမိုင်းဝင် ခြေလှမ်းတစ်လှမ်း ဖြစ်ပါတယ်။ 
ရိုဟင်ဂျာကဗျာဆရာများသည် မိမိတို့ ဖြတ်သန်းနေရသောဘဝ၊ ခံစားချက်၊ ခံယူချက် တဲ့အကြောင်းအရာအပေါ် ကဗျာများရေးဖွဲ့ကာ အသီးသီး ရွတ်ပြကာ မိမိတို့ ခံစားချက်တွေကို မြန်မာပြည်တို့အား မျှဝေခဲ့သည်။ သူတို့သည် ကဗျာစာပေမှတဆင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်နိုင်မယ်ဟု ယုံကြည်ကြပါတယ်။  ရိုဟင်ဂျာကဗျာဆရာများနှင့် သူတို့၏ ရွေးချယ်ခံကဗျာများကို အောက်တွင်ဖော်ပြခဲ့ပါတယ်။ 
အဆိုပါ ကဗျာရွတ်ပွဲတွင် ပါဝင်ခဲ့သော ရိုဟင်ဂျာကဗျာဆရာများမှာ-
၁။ မေယုအာလီ 
၂။ ယျာတင် (ရိုဟင်းသား) 
၃။ အာဗ္ဗဒူလ်ခါန် 
၎။ အာဇာတ်မိုဟာမွတ် 
၅။ ရှာဟီးဒါ (ခ) ဝင်းဝင်းမော် 
၆။ အေနာမုလ်ဟာဆောင်း 
တို့ဖြစ်ကြတယ်။ 
ရိုဟင်ဂျာကဗျာဆရာများ၏ ကဗျာများမှာ- 
၁။ ကျွန်​​တော်​ပါ... ရိုဟင်ဂျာတစ်ဦး
ကျွန်​​တော်​ မွေးဖွားလာတဲ့အခါ
ကျွန်​​တော်​ဟာ သင့်လို ကလေးတစ်​​ယောက် ​မဖြစ်​​ခဲ့ပါ။
မွေးစာရင်း ပိုင်​ဆိုင်​ခွင့်​ မရရှိဘဲဖြစ်​ခဲ့​တော့
လူသေအလောင်းတစ်​​လောင်းကဲ့သို့ ဖြစ်​​ရသူသာ။
ကျွန်​​တော်​ တစ်​နှစ်​သားအရွယ်​​ရောက်​တဲ့အခါ
ကျွန်​​တော်​ဟာ သင့်လို သူငယ်တစ်​​ယောက်​ မဖြစ်ခဲ့ပါ။
လူမျိုးဝိ​သေသတစ်​ခု ပိုင်​ဆိုင်​ခွင့်​ မရရှိဘဲဖြစ်​ခဲ့​တော့ 
မွေးစားသား တစ်​​ယောက်​ကဲ့သို့ ဖြစ်​ရသူသာ။
ကျွန်​​တော်​ ကျောင်းသွားတက်​တဲ့အခါ
ကျွန်​​တော်​ဟာ သင့်လို ​ကျောင်းသားတစ်​​ယောက် ​မဖြစ်ခဲ့ပါ။
ဗမာလူမျိုး မျက်​နှာသွင်​ပြင်​ မပိုင်​ဆိုင်​ဘဲဖြစ်​ခဲ့​တော့
မျှော်​လင့်​ချက်​​ရောင်​ခြည်​ကင်းတဲ့ 
မနှစ်​မြို့စရာ အနာဂတ်​တစ်​ခုလို ဖြစ်​ရသူသာ။
ကျွန်​​တော် ​အခြား​​​သောကျေးရွာတစ်​ခုကို ​ရောက်သွားခဲ့တဲ့အခါ
ကျွန်​​တော်​ဟာ သင့်လို ဒေသခံတစ်​​ယောက်​ မဖြစ်ခဲ့ပါ။
ညအိပ်​​ခိုလှုံခွင့်ရယူပြီး ​နေခဲ့ရ​တော့
ထိန်းမရချုပ်​မရတဲ့ အချုပ်သားတစ်​​ယောက်​ကဲ့သို့ ဖြစ်​ရသူသာ။
ကျွန်​​တော်​ မြို့နယ်​​ကျော်​ပြီး သွားခဲ့ရတဲ့အခါ
ကျွန်​​တော်​ဟာ သင့်လို နိုင်ငံသားတစ်ဦး မဖြစ်ခဲ့ပါ။
ပုံစံ-၄ ဆိုတဲ့ ခရီးသွားလာခွင့်​စာ​ရွက်​က​လေးကို ကိုင်ဆောင်ခဲ့ရတော့
စားကျက်လှည့်လည်သူတစ်​​ယောက်ကဲ့သို့ ဖြစ်​ရသူသာ။
ကျွန်​​တော်​ တက္ကသိုလ်သွားတက်​တဲ့အခါ
ကျွန်​​တော်​ဟာ သင့်လို ​မောင်​မယ်​သစ်​လွင်​တစ်​​ဦး မဖြစ်​ခဲ့ပါ။
အသက်မွေးဝမ်း​ကျောင်းဝင်​ အထူးပြုဘာသာ သင်ခွင့်မရတော့
တရားမဝင်သူတစ်​​ယောက်​ကဲ့သို့ ဖြစ်​ရသူသာ။
ကျွန်​​တော်​ လူသူများနဲ့ ချဉ်းကပ်တဲ့အခါ
ကျွန်​​တော်​ဟာ သင့်လို သူတစ်​ပါးရဲ့ လက်ခံစရာလူတစ်​ဦး မဖြစ်​ခဲ့ပါ။
လူမှုရေးခွဲခြားမှုနဲ့ လူမျိုးကြီးဝါဒ ခံစားရတော့ရောဂါဖြင့်
ခြေချုပ်ခံရသူ တစ်​​ဦးကဲ့သို့ ဖြစ်​ရသူသာ။
ကျွန်​​တော်​ ထိမ်းမြားချင်​တဲ့အခါ
ကျွန်​​တော်​ဟာ သင့်​လို စေ့စပ်ထားတဲ့သတိုးသား​လောင်းတစ်​ဦး မဖြစ်ခဲ့ပါ။
လက်ထက်ခွင့်ပြုမိန့်​စာ ရယူခဲ့​ရ​တော့
ဂြိုဟ်သားတစ်​ဦးကဲ့သို့ ဖြစ်​ရသူသာ။
ကျွန်​​တော့်​ တဲအိမ်က​လေးကို ပြုပြင်လိုတဲ့အခါ
ကျွန်​​တော့်​ကို သင့်လို ခွင့်​မပြုခဲ့ပါ။
ဘာမဟုတ်​တဲ့ ငြင်းပယ်မှုများနဲ့ ရင်ဆိုင်ခဲ့ရတော့
ကျူးကျော်လာသူတစ်​​ယောက်ကဲ့သို့ ဖြစ်​ရသူသာ။
ကျွန်​​တော်​ လုပ်ငန်းအနည်းငယ်​လုပ်ကိုင်ရန်​ စီစဉ်​တဲ့အခါ
ကျွန်​​တော်​ဟာ သင့်လို လွတ်​လပ်​စွာ ဖောက်ကားနိုင်သူတစ်ဦး မဖြစ်ခဲ့ပါ။
ကန့်သတ်ခံရမှုနဲ့ သိမ်းပိုက်ခံရ​မှုများကြောင့်
လူမွဲတစ်​ဦးကဲ့သို့ ဖြစ်​ရသူသာ။
ကျွန်​​တော်​ အစိုးရဝန်ထမ်း​​ရာထူးအတွက်​ လျှောက်တဲ့အခါ
ကျွန်​​တော်​ဟာ သင့်လို ​​အ​ရွေးခံခွင့်​ရသူတစ်​ဦး မဖြစ်​ခဲ့ပါ။
ပယ်ချမှုအ​ကြောင်း​တွေသာ လက်​ခံခဲ့ရ​တော့
သီးသန့်ခွဲခြားခံထားရသူတစ်​​ယောက်ကဲ့သို့ ဖြစ်​ရသူသာ။
ကျွန်​​တော် အစိုးရ​-ဆေးရုံ​တွေ တက်​ခဲ့ရတဲ့အခါ
ကျွန်​​တော်​ဟာ သင့်လို ဦးစားပေးလူနာ မဖြစ်ခဲ့ပါ။
ဘေးဖယ်ခံရမှုနဲ့ ခွဲခြားခံမှု​တွေကြောင့်
သူစိမ်းတစ်​​ယောက်​ကဲ့သို့ ဖြစ်​ရသူသာ။
ကျွန်​​တော်​ ဘာသာ​ရေးလိုက်​စားတဲ့အခါ
ကျွန်​​တော်​ဟာ သင့်လို ဘာသာ​ရေး ကိုင်းရှိုင်းသူတစ်​ဦး မဖြစ်​ခဲ့ပါ။
ပြိုပျက်ခံ​ဗလီထဲ ဝတ်ပြုခွင့် ကန့်သတ်ခံထားရတော့
လူမဆန်မှု​တွေခံရတဲ့ လူတစ်​​ယောက်​သာ။
တီးကွက်​ညီညီ ဖန်​တီးခဲ့တဲ့ အဓိကရုဏ်းနဲ့ 
ကျွန်​​တော် ရင်​ဆိုင်​​​တွေ့ကြုံတဲ့အခါ
ကျွန်​​တော်​ဟာ သင့်လို ​ဘေးအန္တရယ်​မှ 
ရှင်​သန်​ကျန်​ရစ်​သူ မဖြစ်ခဲ့ပါ။
လုံခြုံမှု အာမခံချက်​မရှိ​တော့
မုဒိမ်းမှုရဲ့သားကောင်ကဲ့သို့ ဖြစ်​ရသူသာ။
နှစ်သစ်ကူး ရောက်တဲ့အခါ
ကျွန်​​တော်​ဟာ သင့်လို အရပ်သားတစ်ဦး မဖြစ်ခဲ့ပါ။
ဆယ်စုနှစ်ပေါင်းကျော်က စစ်ဆေးရေး​တွေကြောင့်
စစ်တမ်း ပစ္စည်းတစ်​ခုကဲ့သို့ ဖြစ်​ရသူသာ။
ဇာတိချက်​​ကြွေမှာ ​နေထိုင်​​နေလည်းပဲ
ကျွန်​​တော်​ဟာ သင့်လို 'မိမိနိုင်ငံ'ဟု ​ခေါ်ခွင့်​မရပါ။
သက်​​သေခံမှတ်​တမ်းတစ်​ခု မရရှိ​တော့
ခိုးဝင်​လာခဲ့သူ တစ်​ဦးကဲ့သို့ ဖြစ်​ရသူသာ။
ကောင်းကင်​ကိုဖြတ်​ပြီးတိုက်​လာတဲ့ ​လေထုကို ရှုရှိုက်​ရလည်း
ကျွန်​​တော်​ဟာ သင့်​လို လူသားတစ်​ဦး မဖြစ်​ခဲ့ပါ။
ယုံကြည်​အားထားရတဲ့ ခို​အောင်းစရာတစ်​ခုမရရှိ​တော့
အထီးကျန်​သူ တစ်​​ယောက်ကဲ့သို့ ဖြစ်​ရသူသာ။
ကျွန်​​တော်​ နေထွက်လာတာကို ကြည့်​ရှု​ပေမယ့်​လည်း
ကျွန်​​တော်​ဟာ သင့်လို သက်ရှိသတ္တဝါတစ်​ဦး မဖြစ်ခဲ့ပါ။
မျှော့်လင့်ချက်​ရဲ့ဖွံ့ဖြိုးမှုကို မရရှိခဲ့​တော့
သဲပုံရဲတိုက်တစ်​ခုကဲ့သို့ ဖြစ်​ရသူသာ။
လူမဆန်မှု​တွေရဲ့အထွပ်​အထိပ်​မှာ ​နေ​နေရလည်း
ဒုစရိုက်​တွေရဲ့ကြောက်မက်ဖွယ်​ရာ​အလယ်​မှာ ဝန်းရံခံရ​ပေမယ်
့​လွတ်လပ်မှုရဲ့ ပြည့်စုံတဲ့အဓိပ္ပာယ်ကို တစ်​ကြိမ်တစ်​ခါ​​လောက်​ မြည်းစမ်းနိုင်​ဖို့
ကျွန်​​တော့်​အ​ရေပြားဟာ ဆတ်​ဆတ်​တုန်​ယင်​​နေတယ်​။
ကိုယ်ပိုင်တဲ့ ကမ္ဘာ​လေးတစ်​ခုမှာ တစ်​ကြိမ်​​တစ်​ခါလောက်​ ​လျှောက်​လည်​ဖို
ကျွန်​​တော့်​ နှလုံးသားက ​မျှော်​လင့်​ပါတယ်​။
ခုခေတ်ကြီးမှာ ...ဘယ်သူမှ ကျွန်​​တော်​လို မဟုတ်​တော့ပါ။
ကျွန်​​တော်​နဲ့ နှိုင်းနိုင်​သူဆိုလို့ ကွ
ခုခေတ်ကြီးမှာ ...ဘယ်သူမှ ကျွန်​​တော်​လို မဟုတ်​တော့ပါ။
ကျွန်​​တော်​နဲ့ နှိုင်းနိုင်​သူဆိုလို့ ကျွန်​​တော်​ပဲ ရှိပြီး
အဲ့ဒီကျွန်​​တော်​ဟာ ... ရိုဟင်ဂျာ တစ်ဦးပါ။
ရေးဖွဲ့သူ- မေယုအာလီ
မြန်မာပြန်ဆို- Yar Tin (Rohingthar) 
_______________________________
၂။ "မှား​နေတာ ငါတို့လား"
ငါတို့က -
"ခိုးဝင်​လာသူ​တွေ မဟုတ်​​ကြောင်း" ဆိုတာကို
အမှန်​အတိုင်း ငြင်း​ဆိုနေတယ်​။
ဒါကို သူတို့က -
"ပြစ်​မှုကျူးလွန်​တဲ့ တရားခံအလား"
နည်းအစုံနဲ့ ဖမ်းဆီညှဉ်းပန်း​နေတယ်​။
ငါတို့က -
"ရခိုင်​ပြည်​ရဲ့ မူလဘူတဖြစ်​​ကြောင်း" ဆိုတာကို
သက်​​သေနဲ့တကွ ချပြ​နေတယ်​။
ဒါကို သူတို့က -
"ရခိုင်​ပြည်​နယ်​ကို သီးခြားလုဖို့​ကြံစည်​နေတယ်​" ဆိုပြီး
ပြည်​သူကို မှိုင်းခါးခါးတိုက်​​နေတယ်​။
ငါတို့က -
"အ​ခြေခံလူ့အခွင့်​အ​ရေး​​တွေ ခံစားပိုင်​ခွင့်​ရှိ​ကြောင်း" ကို
လူသားအ​နေနဲ့ ​တောင်းဆိုကြတယ်​။
ဒါကို သူတို့က -
"မြန်​မာတစ်​နိုင်​ငံလုံးကို ​တောင်း​နေဘိအလား"
ရှေ့​နောက်​မညီမညွှတ်​​အောင်​ ငြင်း​နေကြတယ်​။
ငါတို့က -
"သမိုင်း​ကြောင်းအရ မှန်​မှန်​ကန်​ကန်​ လုပ်​ပါ" ဆိုပြီး
တောင်းဆို​နေကြတယ်​။
ဒါကို သူတို့က -
"မဟုတ်​မတရား တိုင်းရင်းသား​တောင်း​နေတယ်​" ဆိုပြီး
နည်းအစုံနဲ့ ဝါဒဆိုးဖြန့်​​နေကြတယ်​။
ငါတို့က -
"ငြိမ်းငြိမ်းချမ်းချမ်း ​ဖြေရှင်းပါ" ဆိုပြီး
လေး​လေးနက်​နက်​ အကြံပြုတယ်​"။
ဒါကို သူတို့က -
"အကြမ်းဖက်​သမား" ဆိုပြီး
မဟုတ်​မမှန်​ စွပ်​စွဲပြီး သတ်​ဖြတ်​​နေကြတယ်​။
ငါတို့်​က -
"ဒီနိုင်​ငံရဲ့ တရားဝင်​ နိုင်​ငံသားပါ" ဆိုတာကို
သက်​​သေနဲ့တကွ ပြတယ်​။
ဒါကို သူတို့က -
"မ​နေ့တ​နေ့က ခိုးဝင်​လာသူ​တွေ" ဆိုပြီး
အ​ခြအမြစ်မရှိ စွပ်​စွဲပြန်​တယ်​။
ငါတို့က -
"သွားလာခွင့်​၊ ပညာသင်​ယူနိုင်​ခွင့်​၊ ဝတ်​ပြုနိုင်​ခွင့်​" ​တွေကို
ဥပ​ဒေ​ဘောင်​အတွင်းက ​တောင်းကြတယ်​။
ဒါကို သူတို့က -
"နန်း​တော့်​ ပလ္လင်​ ​တောင်း​နေဘိအလား"
ငြင်းမြဲငြင်း​နေကြတယ်​။
အလို !!!
ငါတို့ ဘာများ မှား​နေကြတာလဲ။
မှန်​မှန်​ကန်​ကန်​ ​ထောက်​ပြနိုင်​ရင်
တစ်​ကွက်​​လောက်​ဖြစ်​ဖြစ်​ ​ထောက်​ပြ​ပါလေ။
ရေးဖွဲ့သူ-📝 ယျာတင်​ (ရိုဟင်းသား)
——————————————
၃။ ရိုဟင့်သား ဆန္ဒ
ဘာသာမတူ
 ခွဲပြားလူမျိုး
မတူသွင်လည်း
လူသားတည်းဟု
စိတ်ထဲထားကာ
မြန်သားပါဓာတ်
ကျင့်ကာလက်တွေ့
လက်ချင်းတွဲလျက်
နွေးထွေးချစ်ခင်
အပြုံးဆင်လျက်
နေချင်သည်ကား
ရိုဟင့်သား ဆန္ဒ။
ရေးဖွဲ့သူ- မောင်အဗ္ဗဒူလ်ခါန်
_______________________________
၎။ ရိုဟင်ဂျာတစ်ဦး တိရိစ္ဆာန်ရုံသွားခြင်း
၁။
ကျွန်တော်တခါကတိရိစ္ဆာန်ရုံ သွားဖူးတယ်။
အကောင်တွေ ကျပ်ပိတ်သိပ်ပြီး 
လူတွေတိုးလွန်းလို့
တစ်နေကုန် ကြည့်ခဲ့ရတယ်။
ငယ်ငယ်တုန်းကပေါ့၊
အမြင်သစ်တစ်ခုတော့ ရခဲ့တယ်။
တိရိစ္ဆာန်ရုံမှာ လူတွေက 
သွားလိုက်လာလိုက်၊
တစ်ချို့က မိသားစုတွေနဲ့၊ 
တစ်ချို့က သူငယ်ချင်းတွေနဲ့၊
တစ်ချို့ကလည်း ရည်းစားနဲ့၊ 
တစ်ချို့ကတော့ အမျိုးသားနဲ့၊
တစ်ချို့ကျတော့ ကျွန်တော့်လို တစ်ကောင်ကြွက်။
လှောင်အိမ်ထဲမှာ ကျားတစ်ကောင်
သူ့အစင်းတွေက ဖုန်တလူးလူးနဲ့၊
ခါက်တုန့်ခေါက်ပြန် လျှောက်ရင်း
သူ့လှောင်အိမ်ထဲကနေလောကကြီးရဲ့
အမြင်ကို ပြောင်းလဲပစ်လိုက်တော့မလိုလို။
ကြည့်နေတဲ့ လူအုပ်ရဲ့ မျက်နှာ
တစ်ချို့က ပြောင်စပ်စပ်၊
ကလေးတစ်ချို့က ငိုယိုနေ၊
တစ်ချို့က ဒေါသထွက်၊ 
တစ်ချို့ကလည်း အံ့ဩလို့၊
တစ်ချို့ကတော့ 
“ဒီကောင် လှောင်အိမ်ထဲမှာနေရတာ လွတ်လပ်မှာပါ” လို့မှန်းဆကြ။
အားလုံးအတွက် အပျင်းပြေစရာအဖြစ်
တစ်နေ့တစ်ခါ အရောင်းစားခံနေရတဲ့ကျားရဲ့ဘဝ။
စဉ်းစားကြည့်ကြပါ။ 
ဒီတောရိုင်းတိရိစ္ဆာန်တစ်ကောင်ရဲ့
လွတ်လပ်တဲ့ဘဝကို ဝယ်တဲ့လူတွေကတော့
တစ်နေ့ထက်တစ်နေ့ ပိုချမ်းသာလာတာ။
စဉ်းစားကြည့်ကြပါ။
လှောင်အိမ်ကို ဆွေးမြေ့အောင် 
တမင်ထားထားသူတွေအကြောင်း၊
သူတို့ကတော့ထင်ကြမှာပဲ…
ဒီတိရိစ္ဆာန်တွေ အပြင်လောကကြီးကို
 လှောင်အိမ်ထဲကနေ ကြည့်မနေရရင်လည်း
တစ်ယောက်ယောက်ကတော့ 
သူတို့ကိုကျွေးမွေးစောင့်ရှောက် နေဦးမှာပါပဲလို့။
ကျွန်တော် အားလုံးနဲ့အတူ 
ကျားကိုသွားကြည့်ခဲ့ရတုန်းက
သူ့အတွက် ရင်နာတယ်၊ ဝမ်းနည်းတယ်။
လေးစားစွာ အကြံပေးပါရစေ လောကကြီးရေ။
တိရိစ္ဆာန်အားလုံးကို ဘေးမဲ့လွှတ်လိုက်ကြပါ။
တခါကညလယ်ခေါင် အိပ်မရလို့ နိုးထလာ၊
သံစကာနောက်မှာ လှောင်အိမ်ချခံနေရတဲ့ 
ကိုယ့်လူမျိုးတွေကို သတိရမိ၊
စစ်ဆေးရေးဂိတ်တွေ၊ 
လုံခြုံရေးအရာရှိနဲ့ စစ်သားတွေ၊
 သေနတ်တွေကြားမှာသွားလေရာ 
အရိပ်တကြည့်ကြည့် စောင့်ကြည့်ခံနေရတဲ့
ဖုန်တလူးလူးလုံခြည်နဲ့ အဘိုးအိုတွေ။
အိပ်မက်ထဲမှာ သူတို့က
ဒုက္ခသည်စခန်း (က) ကနေ စခန်း (ခ) ကို
ခေါက်တုန့်ခေါက်ပြန် လျှောက်လို့နေ၊
အပြင်လောကကြီးအကြောင်း စိတ်ကူးယဉ်နေကြ။
သတင်းထောက်တွေက သူတို့ကို နာကျည်းစရာဖြစ်ရပ်တွေဆီ 
တကြော့ပြန်သွားခိုင်း၊
ဒုက္ခသည်တွေကို တီဗွီမှာအသံလွှင့်၊
 ပြီးရင် ဆုတွေယူ၊
ပရဟိတအဖွဲ့တွေက ငိုယိုနေတဲ့ကလေးတွေကို ဓာတ်ပုံရိုက်၊
အလှူခံဖို့ လက်ကမ်းစာစောင်တွေ ထုတ်ဝေ၊
သံတမန်တွေက အတောင့်အတင်းဆုံးတဲတွေထဲအထိလာပြီး အားပေးစကားပြော၊
“ခင်ဗျားတို့ ဘယ်လိုခံစားရသလဲ ဆိုတာ နားလည်တယ်” လို့ထပ်တလဲလဲပြော၊
ပြီးရင် ဘယ်တော့မှ ပြန်ပေါ်မလာ။
လှောင်အိမ်သာ ဆွေးမြေ့ပြိုပျက်သွားခဲ့ရင်
သူတို့က ထင်မှာ ...သြော်၊ ဘာပဲဖြစ်ဖြစ် 
သူတို့ခေါင်းပေါ်မှာ အမိုးအကာကိုယ်စီနဲ့
ထမင်းနပ်မှန်အောင်တော့ စားကြရမှာပါလို့။
ရေးဖွဲ့သူ- Azad Mohammed
မြန်မာမြန်ဆို- Kenneth Wong and Sai Sam
_______________________________
၅။ မေ့ရခက်တဲ့ အတိတ်ဆိုး
သန်းခေါင်ယံချိန် အိပ်မောကျစဉ် 
ညဥ့်နက်ခြောက်ပို အိပ်မက်ဆိုးပမာ
သေနတ်ဖောက်သံ တညံညံဖြင့် 
လန့်နိုးခဲ့ရသည့် ထိုညကို 
ယခု​တော့ တွေး​ကြောက်​မိသည်
မေ့ရလည်း ခက်သည်​။
အရုဏ်တက်ချိန် ထိုနေ့မနက် 
သားသတ်မုဆိုးတို့က သက်ကြီးရွယ်အို 
ကလေးမချန်​ ရိုမျိုးဟုတ်​ရင်
ကျွဲနွားသဖွယ် လည်လှီးသတ်လို့
သွေးအိုင်ထဲမှာ လဲ​နေရှာတဲ့
ထိုအလောင်းများမြင်ယောင်နေဆဲ မေ့မရပါ။
ခြေဦးတည်ရာ သက်လုပြေးချိန်
ယုတ်မာသူ​တွေ သွေးစုပ်ကြမ်းဖက်
ဥစ္စာပစ္စည်း ဖျက်ဆီးလုယက်၊ 
ရပ်ရွာကိုလည်း မီးရှို့ပြာကျ
ရင်​နင့်​ဖွယ်​ရာ မြင်​ကွင်းအ​သေင်္ချ
မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသည့် 
ရင်နာဖွယ်ရာ ငါတို့အတိတ်​ ​မေ့ရခက်​​နေဆဲပါ။
လက်​နက်​အားကိုး အငြိုးကြီးနှင့်
အားကိုးစရာ မဲ့ရှာသူကို
အုပ်စုဖွဲ့လို့ မုဒိန်းကျင့်နေစဉ်
ရိုလုံမငယ်များ၏ တစာစာ
အကူအညီ တောင်းခံသံများ
အာရကန်မြေ၏ ကောင်းကင်တခွင်
ယနေ့ထိပင်​ ပဲ့တင်​ဟပ်​နေသည်ကို
ကြား​ယောင်​မိဆဲပါ။
လုံခြုံရာကို ပြေးရှာ​နေခိုက်
နတ်မြစ်ကြီးကို ကူးဖြတ်​နေချိန် 
ချစ်သူနဲ့ကွဲ မိဘနဲ့ဝေး 
မိသားစုလိုက် လှေမှောက်သေ၍
ထိုထိုဖြစ်​ရပ်​ အတိတ်​​သမိုင်း
ပြန်ခါသတိ ရတိုင်းမှာ
နှလုံး​ကြေကွဲ မျည်ရည်ယိုကျ
ဒါဟာ ငါတို့ရဲ့ မေ့ရခက်တဲ့ အတိတ်ဆိုးပါ။
ရေးဖွဲ့သူ- Shahida @ Win Win Maw
_______________________________
၆။ ရို-ဌာနီသည် ​ဝေးသနှင့်
(၁)
ဟိုး . . .
ဝင်းရွှင်​ပပ မိုးယံ​အောက်​က
နိဗ္ဗာန်​သဖွယ်​ ဘိုးဘွား​ပေး​မွေ
ဇာတိ​မြေကို၊ အလွမ်းပိုလျက်
ခရီးရှည်​လျား ပန်းတိုင်​မှုန်​ဝါး
ဖြတ်​ရခဲခက်​ ​ရှေ့သို့ဆက်​​လေ
သောက​ပေါင်းက တားဆီးကာလည်း
ပြေးသွားချင်​ပြီ ဇာတိ​မြေဆီ
ဌာ​နေ​မြေသည်​ ​ဝေးသနှင့်​။
(၂)
လူ့လောကသား ရို-ဘဝကား
ပင်ပန်းမှုမှာ ရင်​ခွဲလုမျှ
နှောင်​ရစ်​ခံသည့်​ ​ချုံ​မှောင်​ထဲမှ
ထွက်​​ပြေးချင်​စိတ်​ ပြင်းပြ​လာ၍
ဟစ်ကာ​အော်​လည်း အားကုန်​ရုံသာ
ငါ့လိုလူသား ရှင်​သန်ကျိုးမဲ့ 
ဌာ​နေ​မြေသည်​ ​ဝေးသနှင့်​။
(၃)
တိုင်းတစ်​ပါး၌ သူတစ်​ပါးမှီ
သူ​ကျွေးမှစား သူ​ကူမှဝတ်
ဘယ်မှာရိုးရာ ဘယ်မှာစာပေ 
ရိုဟင်​ဂျာမျိုး ​မေ့လုဆဲဆဲ
မျိုးဂုဏ်ဆောင်သည့်​ တို့ဓလေ့မြတ် 
ပုံစံမကျ ရောနှောစီးဆင်း
မွေးရပ်​​မြေဆီ အ​ပြေးသွား၍
ယုတ္တိဆန်​ဆန်​ ပြုချင်​​ငြားလည်း
ဌာ​နေ​မြေသည်​ ​ဝေးသနှင့်​။
(၄)
ဥပါဒ်ပြည့်​နှက်​ ပင်​လယ်​ပြာ၏
ကမ်းတစ်​ဖက်​က တို့ပြည်​ကြီးသို့
မျက်​စိမနိုင် မှုန်​၀ါးဝါးမြင်
မျက်​ရည်​ဝဲ၍ ပါးပြင်​စိုစွတ်
အ​တောင်​ပံမဲ့ ငှက်​​လေးတစ်​​ကောင်
တို့​ပြည်​ကြီးဆီ ပျံသွားချင်​လည်း
ဌာ​နေ​မြေသည်​ ​ဝေးသနှင့်​။
(၅)
ည​နေဆည်းဆာ ​နေဝင်​ချိန်​ခါ 
နယ်​စပ်​နားထိုင်​ ​မှန်း၍ရှုရှိုက်
မေယုတောင်က ရှူမဝသည့်
ရင်​​အေး​စေရာ ​လေြေ​ပ​လေညင်း 
ရေ​မြေခြားမှာ ငါရိုဟင်းသား
အနည်းငယ်​မျှ ထိ​တွေ့မရ
မွေးရပ်​​မြေ၏ ​လေ​ပြေ​အေး​အေး
ပြင်းပြင်းပြပြ ငါတမ်းတ​လည်း 
ဌာ​နေ​မြေသည်​ ​ဝေးသနှင့်​။
(၆)
နေ့ညတူတူ လင်း​ရောင်​ကင်းလျက်
နယ်​ရှစ်​ခွင်မှိုင်း ​မုန်းစက်ဝိုင်းမှ
လျို့ဝှက်​သည်းဖို လွတ်​မြောက်​​ရေးကို
နေ့ညမပြတ်​ ​စောင့်ဆိုင်းလာလည်း 
ဇာတ်​လမ်း​ကတူ မ​ပြောင်းမလဲ 
မွဲကံကြမ္မာ ဒုက္ခသည်​ဘဝ
အောက်စီဂျင်လည်း မဝတဝ 
အသက်​ရှူတိုင်း လွမ်းမ​ပြေသည့်
ဇာတိ​မြေဆီ သွား​နေချင်​လည်း
ရို-ဌာနေသည်​ ​ဝေးသနှင့်​။
ရေးဖွဲ့သူ - Řø Anamul Hasan
_______________________________
No comments:
Post a Comment