Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, September 9, 2022

Dáijjá-fuçí Háddí Roiyé (ကဗျာလေ့လာချက်)


ကဗျာလေ့လာဆန်းစစ်ချက် စာတမ်း


ခေါင်းစဉ် - ဒါ့ဂ်ျဂျာပူရိ ဟာဒ္ဒီး ရိုက်ယေ့

အမျိုးအစား - ဖန်ချာရီ

ကာလ - ဗြိတိချဇာပနာ နောက်ပိုင်း (ကိုလိုနီခေတ်နောက်ပိုင်း)၊ ၂၀ ရာစု

ကဗျာရေးသူ - အမည်မသိစာဆို တစ်ဦး


၁။ မူရင်းကဗျာ


Dáijjá-fuçí Háddí Roiyé


  Bandorjjarlá buo ander dé, undujja dóijje sáti 

  Kuna-beñg e dhúl bajjar dé, tutthui zar boirati.


   O bái ré, Sool soreddé murár bútor, bak sorer ailot 

   Dessuá, Kuilá fiyaiñjja dórer, noboyér gasót.


  Bilai ré mas basádí buo giyé gói farat 

  Madal gasót dóri roiyé aiñthá kelar sóra.


   Moyur naser fak melídí boga giyé saitó 

   Dáijjáfuçí háddi roiyé boga dóri háitó.


  Luti fukór feth honránít goru háiye baçi 

  Doñr doñr háñti morer fiyañrár téñgot fori.


   Masór dhore zailla dáiye noo zal eri 

   Mancór dhore manúic luwar mocóríte góli.


  Osin Cáyer (Fancari)


၂။ ကဗျာအသံထွက်

Dáijjá-fuçí Háddí Roiyé

(ဒါ့ဂ်ျဂျာပူရိ ဟာဒ္ဒီး ရိုက်ယေ့)


Bandorjjarlá buo ander dé, undujja dóijje sáti 

(ဘင်ဒေါရ်ဂျာရ် လား ဘို အာင်နဲရ်ဒေ့၊ အုံဒူရ်ဂျာ ဒိုဂ်ျဂျေ ဆားထီး)

Kuna-beñg e dhúl bajjar dé, tutthui zar boirati.

(ကူနာဘင်ဂေ ဓုလ် ဘိုက်ဂျာရ် ဒေ့၊ တုတ္တွီဇာရ် ဘိုရိုက်တီ)


O bái ré, Sool soreddé murár bútor, bak sorer ailot 

(အို ဘိုက်ရေ၊ ဆော်လ် ဆောရက်ဒေ့ မူရာ့ရ် ဘုတော်ရ်၊ ဘာခ် ဆော်ရေရ် အိုင်လောတ်)

Dessuá, Kuilá fiyaiñjja dhóre, noboyér gasót.

(ဒေစ္ဆွာ ၊ ကူအိလား ဖီညာဂ်ျဂျာ ဓော်ရေ၊ နဘောယဲရ် ဂါစောတ်)


Bilai ré mas basádí buo giyé gói farat 

(ဘီလိုက်ရေ့ မာစ်ဘာဆာ့ဒိ၊ ဘို ဂီယေ့ဂိုဝ် ဖာရာတ်)

Madal gasót dóri roiyé aiñthá kelar sóra.

(မာဒါလ် ဂါစောတ် ဒေါ်ရီရိုအိယေ့၊ အိုင်တ္တာကေလာရ် စော့ရ)


Moyur naser fak melídí boga giyé saitó 

(မယူရ် နာဆေရ် ဖာခ် မေလိဒီး၊ ဘောဂါ ဂီယေ့ ဆိုက်သိုဝ်)

Dáijjáfuçí háddi roiyé boga dóri háitó.

(ဒါ့ဂ်ျဂျာပူရိ ဟာဒ္ဒီ ရိုအိယေ့၊ ဘောဂါ ဒေါ့ရီ ဟိုက်သိုဝ်)


Lutifukór feth honránít goru háiye baçi 

(လူတီဖုခ်အောရ် ဖေတ်ဟောင်ရနိသ် ၊ ဂေါရူ ဟိုက်ယေ ဘာရီ)

Dhoñr dhoñr háñti morer fiyañrár téñgot fori.

(ဓောင်ရ်ဓောင်ရ် ဟင်တီ မောရေရ်၊ ဖီညာရာတ် တဲဉ်အောတ် ဖော်ရီ)


Masór dhore zailla dáiye noo zal eri 

(မာစော့ရ် ဓော်ရေ ဇိုက်လ္လာ ဒိုက်ယေ၊ နော ဇာလ် ဖဲ့လီ)

Mancór dhore manúic luwar mocóríte góli.

(မာန်ချော့ရ် ဓော်ရေ မာနုခ်ျ လုဝါရ်၊ မောချောရီတ် အေ ဂေါ့လိ)


Osin Cáyer (Fancari)

(ဩစီန် ရှားယေရ်၊ ဖန်ချာရီ)


***


၃။ ကဗျာတိုက်ရိုက်ဘာသာပြန်


Dáijjáfuçí Háddí Roiyé

(ငါးဘဲဖြူလေး ချောင်းနေတယ်)


Bandorjjarlá buo ander dé undujja dóijje sáti 

Kuna beng dhúl bajjar dé tuttui zar boirati.

(မျောက်ကလေးရဲ့ မင်္ဂလာဆောင်ပွဲမှာ ကြွက်ကလေးက ထီးဆောင်းပေး

ဖားပြုပ်က ဗုံတီးခတ်လျက် အိမ်မြှောင်က ဘောရာတ်အဖွဲ့နဲ့ လိုက်ခဲ့တယ်။)


O bái ré Sool soreddé murár bútor bak sorer ailot 

Dessuá kuilá fiyaiñjja dórer noboyér gasót.

(အိုအဆွေ…ဆိတ်က တောထဲ ကျက်စားလို့ ကျားက ကန်သင်းရောက်နေ

စာကလေးကို ကြောက်လို့ကွယ်  ဥဩနဲ့ငှက်တော် သစ်ပင်မှာ မနားရဲ )


Bilai ré mas basádí buo giyé gói farat 

Madal gasót dóri roiyé aiñthá kelar sóra.

(ကြောင်ကလေးကို ငါးတုံးတစ်ခိုင်းလို့ အိမ်ရှင်မလည်ပြီ ရွာတစ်ပတ်

ကသစ်ပင်မှာ တွယ်နေတယ် ဆင်ပေါင်ငှက်ပျော့ခိုင်လေး)


Moyur naser fak melídí boga giyé saitó 

Dáijjáfuçí háddi roiyé boga dóri háitó.

(အတောင်ဆန့်ဆန့် ဒေါင်းကပွဲမှာ ဗျိုင်းကလေး ကြည့်ဖို့လာ

ဒါဂ်ျဂျာချောင်းရဲ့ ငါးဘဲဖြူလေး ဗျိုင်းဖမ်းစားဖို့ ချောင်းနေသာ။)


Luti fukór feth honránít goru háiye baçi 

Doñr doñr háñti morer fiyañrár téñgot fori.

(ဖြုတ်က သူ့ဝမ်းကိုက်နာမှာ နွားကြိတ်လို့ဆေးဖျော်ခဲ့

ပုရွက်ဆိတ်ရဲ့ အနင်းခံရလို့ ဆင်ကြီးတွေသေ။)


Masór dhore zailla dáiye noo zal eri 

Mancór dhore manúic luwar mocóríte góli.

(ငါးကို ကြောက်လို့တံငါသည် လှေ၊ကွန် ပစ်လို့ ထွက်ပြေး

လူကို ကြောက်လို့ လူတွေပုန်းရ ခြင်ထောင်အုပ်လို့ကွယ်။)


Osin Cáyer (Fancari)

(အမည်မသိရှေးစာဆို)


၄။ ဝေါဟာရအဖွင့်


Bandorjjarlá = မျောက်အတွက်။

buo = မယား၊ မိန်းမ။

ander dé = ယူဆောင်လာတဲ့အခါ။

Undujja = ကြွက်ထီး။

dóijje sáti = ထီးဆောင်းပေးသည်။

Kuna beng = ဖားပြုပ်။

dhúl = ဗုံ။

bajjar dé = တီးခတ်သည်။

tuttui = အိမ်မြှောင်။

zar = သွားနေသည်။

boirati = သတိုးသမီးပင့်မယ့်အဖွဲ့ဝင်။

O bái ré = အို အဆွေ။

Sool = ဆိတ်။

sorer dé = ကျက်စားသည်။ 

murár bútor = တောထဲမှာ။

bak  = ကျား။

ailot = ကန်သင်းမှာ

Dessuá = ငှက်တော်

kuilá = ဥဩငှက်

fiyaiñjja = စာကလေး

dórer = ဖမ်းနေသည်

noboyér = မနားချေ။ မထိုင်ချေ။

gasót = သစ်ပင်မှာ။ 

Bilai ré = ကြောင်ကို။ 

mas = ငါး။ 

basádí  = တုံးတစ်ခိုင်းသည်

giyé gói = သွားပြီ။

farat = ရွာမှာ။

Madal gasót = ကသစ်ပင်မှာ။

dóri roiyé = သီးနေတယ်။

aiñthá kelar sóra = ဆင်ပေါင်ငှက်ပျော့ခိုင်။

Moyur = ဥဒေါင်း။

naser = ကနေသည်။

fak melídí = အတောင်ဆန့်၍။

Boga = ဗျိုင်း။

saitó = ကြည့်ရှုရန်။

Dáijjáfuçí = ဒါဂ်ျဂျာချောင်း၏ ငါးဘဲဖြူ။ အညာဘက်က ဆင်းသက်လာသည့် ချောင်းကို ဒါဂ်ျဂျာချောင်းဟုလည်း ခေါ်သည်။

háddi roiyé = ချောင်းကြည့်နေသည်။

boga = ဗျိုင်း။ 

dóri háitó = ဖမ်းစားရန်အတွက်။

Lutifuk ór = ဖြုတ် ၏။

feth honránít = ဝမ်းကိုက်ဝေဒနာမှာ။ 

goru = နွား။

háiye = စားခဲ့သည်။

baçi = ကြိတ်ချေသည်။ 

Doñr-doñr = ကြီးမားသော။ ဧရာမ။ 

háñti = ဆင်။

morer = သေနေသည်။

fiyañrár = ပုရွက်ဆိတ်၏။

téñgot fori = ခြေနင်းခံရပြီး။ 

Masór = ငါး၏ ။

dhore = ကြောက်ရွံ့မှုကြောင့်။ 

zailla = တံငါသည်။ 

dáiye = ထွက်ပြေးသည်။

Noo = လှေ။

zal = ငါးဖမ်းပိုက်ကွန်။

eri = ထား၍၊ ပစ်ချ၍။ 

Mancór = လူတို့၏။

manúic = လူ။

luwar = ပုန်းကွယ်သည်။

mocóríte = ခြင်ထောင်ထဲမှာ

góli = ဝင်၍။ 



***

၅။ ကဗျာအရေးအဖွဲ့၊ ကဗျာနောက်ခံ၊ ရှင်းလင်းချက်


 ဒီ ဖာန်ချာရီကဗျာဟာ ခေတ်ရဲ့ ကမောက်ကမဖြစ်ပုံကို ဖော်ကျူးထားတဲ့ ရှေးစာဆိုတစ်ဦးရဲ့ တေးကဗျာတစ်ပုဒ် ဖြစ်ပါတယ်။ တိုးတက်လာတဲ့ကမ္ဘာကြီးမှာ အမုန်းတရားတွေ၊ အမိုက်တရားတွေက တဖြည်းဖြည်း ဖုံးလွမ်းလာလို့ ရှေးခေတ် အစဉ်အလာ ထုံးတမ်းဓလေ့နဲ့ လောကသဘာဝ၊ ယဉ်ကျေးမှုတွေ ပြောင်းလဲကာ ယဉ်ကျေးတဲ့လူဘောင်အဖွဲ့အစည်း ပျက်စီးနေပုံကို ဥပမာအဖွဲ့တွေနဲ့ ရသမြောက်အောင် စပ်ဆိုထားတာဖြစ်တယ်။ ဒီခေတ်ကာလကို သရော်ထားတဲ့ကဗျာနဲ့ လူတွေ အသိအမြင်ရလာအောင် ပျက်စီးယိုယွင်းနေတဲ့လူ့အဖွဲ့အစည်း ယဉ်ကျေးမှုကို အချိန်မီ ဆင်ဆင်ခြင်ခြင် ပြုပြင်နိုင်အောင် ကဗျာဆရာက နိုးဆော်ထားခြင်းဖြစ်ဟန်ရှိပါတယ်။ 


 ဖန်ချာရီကဗျာတွေဟာ ဟာသရသမြောက်အောင် ဖွဲ့ဆိုတဲ့ ကဗျာအမျိုးအစားဖြစ်တယ်။ ဖန်ချာရီကဗျာတွေကို ဘယ်ခေတ် ဘယ်ချိန်က စတင်ဖွဲ့ဆိုလာခဲ့တာကို အတိအကျဖော်ပြရန် ခဲယဉ်းပေမယ့် ခေတ်အဆက်ဆက်မှာတော့ ထိုကဗျာမျိုးကို တွေ့ရှိရပါတယ်။ မောင်ဘွဲ့မယ်ဘွဲ့ကဗျာလို ချစ်ရေးကြိုက်ရေးကို အလေးထားဖွဲ့ဆိုလေ့ရှိတဲ့ ကဗျာတစ်မျိုး ဖြစ်ပါတယ်။ ဒီကဗျာမှာကျတော့ ထူးထူးခြားခြား ခေတ်ကလကို ဖော်ကျူးထားတာ တွေ့ရပါတယ်။ ဗြိတိသျှဇာပနာ (ကိုလိုနီခေတ်) နောက်ပိုင်းလောက်က ကဗျာလို့ ခန့်မှန်းနိုင်တယ်။ ဒေသနောက်ခံကျတော့ တောတောင်အင်းအိုင်တွေနဲ့ သာယာတဲ့ ကျေးလက်ဒေသလို့ ယူဆနိုင်တယ်။ ကဗျာမှာ တောတောင် တိရစ္ဆာန်တွေ၊ ကျေးငှက်တွေ၊ ငါးတွေနဲ့ ဥပမာပေး ဖွဲ့ဆိုထားတာကို လေ့လာခြင်းဖြင့် စာဆိုကလည်း ကျေးလက်ဒေသခံဖြစ်ကြောင်း ပေါ်လွင်နေပါတယ်။ ကဗျာဖွဲ့ပုံကလည်း စိတ်ဝင်စားဖွယ်ကောင်းပါတယ်။ လင်္ကာတစ်ပိုဒ်မှာ စာနှစ်ကြောင်းစီနဲ့ စာတစ်ကြောင်းမှာ ပုဒ်(၆)ပုဒ်စီ သပ်သပ်ရပ်ရပ် ဖွဲ့ဆိုထားတယ်။ အသွားကလည်း ပြေပြစ်ချောမောလှတယ်။ ပါဒတိုင်းမှာ အကျိုးနဲ့အကြောင်းကို မျှအောင် စာဆိုက အားထုတ်ထားတာလဲတွေ့ရပါတယ်။ ကာရန်ရော ပုဒ်အရေအတွက်ရော ချိတ်ညှိထားလို့ ကဗျာဖွဲ့ပုံက စံထားနိုင်တယ်လို့ မှတ်ချက်ပြုနိုင်ပါတယ်။


ဒီ ဒါ့ဂ်ျဂျာပူရိ ဟဒ္ဒီရောယေ့ ကဗျာရဲ့ လေးနက်တဲ့ အနက်ကို ယေဘုယျအားဖြင့် လေ့လာကြည့်သော်-

ကဗျာအစပိုဒ်မှာ

"Bandorjjarlá buo ander dé undujja dóijje sáti Kuna beng dhúl bajjar dé tuttui zar boirati."

မျောက်မင်းရဲ့ မင်္ဂလာဆောင်ပွဲမှာ ကြွက်ကလေးက သတိုးသားအရံအဖြစ် တက်ရောက်ကာ သတို့သားကို ထီးဆောင်းပေးနေတယ်။ မင်္ဂလာပွဲ ပျော်ရေးရွှင်ရေးမှာ ဖားပြုပ်က ဗုံစည်တီးခတ်လျက် ပျော်မြူးကြတယ်။ အိမ်မြှောင်ကတော့ သတို့သမီးပင့်မယ့်အဖွဲ့နဲ့ လိုက်ပါသွားတယ် လို့ ဖွဲ့ဆိုထားတယ်။ ဒီအပိုဒ်က အသား၊ အရောင် မတူကွဲပြားတဲ့ အမျိုးအချင်းချင်း တစ်ချိန်က စည်းလုံးညီညွတ်မှုရှိကြပုံ၊ သဟဇာတ အားကောင်းခဲ့ပုံကို ထင်ရှားစေတယ်။ မျောက်၊ ဖား၊ ကြွက်၊ အိမ်မြှောင် တစ်ကောင်နဲ့တစ်ကောင် မျိုးမတူ၊ နေထိုင်မှုစရိုက်သဘာဝမတူငြားလည်းပဲ ညီကိုမောင်နှမ အချင်းချင်းလို စည်းစည်းလုံးလုံးပျော်ပျော်ရွှင်ရွှင် နေထိုင်ခဲ့တဲ့ ရှေးခေတ်က စာဆိုစိတ်ကူးကို ထုတ်ဖော်ထားတာ ဖြစ်ပါတယ်။ 

ကာလနောက်ကို ဖော်ပြရာမှာလည်း မျောက်တွေ မိတ်လိုက်တဲ့အချိန်၊ ထီးဆောင်းရတဲ့အချိန်၊ ဖားအော်တဲ့အချိန်ကို ကြည့်ခြင်းဖြင့် မိုးဦးရာသီဖြစ်ကြောင်း ထင်ရှားစေပါတယ်။ "zor o dér roit ó der, bandorja ré biyá der" ဆိုတဲ့ ဒီရှေးလင်္ကာက မိုးဦးကာလ နွေတလှည့်၊ မိုးတလှည့် ဖြစ်နေချိန်တွင် မျောက်တို့ မင်္ဂလာဆောင်တယ်လို့ ရှေးလူကြီးတို့ရဲ့ ယူဆချက်တစ်ခုကို ရှိတယ်။ အဲ့ဒါကို စာဆိုက ဒီကဗျာမှာ သရုပ်ဖော်ကာ အချင်းချင်း ညီညွှတ်မှုကို ဖော်ပြထားတာဖြစ်ပါတယ်။


 ပြီးတော့ ကဗျာဆရာက အခုခေတ်ဟာ အထက်က ဖော်ပြခဲ့တဲ့ ရွှေခေတ်နဲ့ မတူတော့တာကို- 

 "O bái ré… Sool soreddé murár bútor bak sorer ailot. Dessuá kuilá fiyaiñjja dórer noboyér gasót." 

အိုအဆွေ… ဆိတ်တွေကို တောင်ပေါ်မှာ ကျောင်းရပြီးတော့ ကျားတွေက လယ်ကွင်းထဲရောက်လာတယ်။ ဥဩငှက်၊ ငှက်တော်တွေကို စာကလေးတွေကခြောက်လို့ သစ်ပင်မှာတောင် မနားရဲတော့ဘူး လို့ ဖွဲ့ဆိုထားတယ်။ အခုခေတ်ဟာ ရှေးခေတ်လို ညီညွှတ်မှုမရှိတော့ဘူး။ စည်းလုံးမှု ပြိုကွဲသွားလို့ အစိတ်စိတ်အမြွှာမြွှာဖြစ်သွားပုံကို သရုပ်ဖော်ထားခြင်း ဖြစ်တယ်။ ဒါ့အပြင် အဘက်ဘက်မှာ အန္တရာယ်နဲ့ ပြည့်စုံတဲ့ ပတ်ဝန်းကျင်ကို ဖော်ပြထားတာဖြစ်တယ်။ လယ်ကွင်း၊ ကန်သင်းတွေမှာ ကျက်စားတဲ့ ဆိတ်တွေဟာ အခု တောင်ပေါ်တက် ကျောင်းနေရပြီ။ ကုန်းပေါ်မှာ သားရဲတိစ္ဆာန်တွေ ထွက်လာပြီးတော့ ရန်ပြုနေတော့ ယခင်ကလို လယ်ကွင်း ကန်သင်းမှာ မနေသာဘူး။ တောတက်ရလေတယ်။ ဆိတ်ခမျာ တောထဲမှာလဲ သားရဲတိရစ္ဆာန်ပေါ့တော့ အန္တရာယ်နဲ့ ရင်ဆိုင်နေရတာပဲ။ ကျားကလည်း ဆိတ်နေရာကို လုယူထားလို့ ချမ်းသာမှာတော့မဟုတ်ဘူး။ သူ့အတွက်လဲ အန္တရာယ်တွေ များလာတာပါပဲ။ နောက်တစ်ဖက်က တစ်နေရာတည်း အတူကျက်စားခဲ့တဲ့ ကျေးငှက်တွေလည်း အခု ညီညွှတ်မှု၊ လုံခြုံမှုမရှိတော့ဘူး။ လူတွေကို အသံနဲ့ သာယာစေတဲ့ ဥဩငှက်တွေ၊ နွားကျောကုန်းပေါ်မှာ နားကာ အဖော်ပေးတဲ့ ကျွဲနွားတွေမှာမှီကပ်တတ်တဲ့ ပိုးမွှားများကို စားသောက်ကာ သူ့အကျိုးပြုတတ်သော ငှက်တော်တွေတောင် စာကလေးလို ငှက်ကလေးကို ကြောက်နေရတော့တယ်။ လောကဟာ သူနေရာနဲ့ သူ မရှိတော့ဘူး။ တစ်ယောက်ကိုတစ်ယောက်၊ တစ်စုကို တတစ်စု အကျိုးစီးပွားပျက်စီးအောင် ရန်ပြုတတ်တဲ့ ခေတ်ရေစီးနဲ့ မျောပါနေကြောင်း စာဆိုရဲ့ ထင်မြင်ချက်ကို စာဖတ်ဖတ်သူအား အို…အဆွေဟု တိုက်ရိုက်ပြောပြဟန်နဲ့ ထုတ်ဖော်ထားတာဖြစ်တယ်။ 


တဖန် စာဆိုက တာဝန်ပေါ့လျော့မှုနဲ့ မျက်ကန်း ယုံကြည်မှု တိုးပွားလာခဲ့ပုံကို- 

 " Bilai ré mas basádí buo giyé gói farat. Madal gasót dóri roiyé aiñthá kelar sóra."

ကြောင်ကို ငါးတွေ တုံးတစ်ခိုင်းလို့ အိမ်ရှင်မက ရွာထဲ ပတ်လည်နေတယ်။ ကသစ်ပင်မှာ ဆင်ပေါင်ငှက်ပျောခိုင် တွယ်နေတယ် လို့ ရေးစပ်ထားတယ်။ ကြောင်ကို ယုံးစားမိပြီးတော့ ငါးတွေကို တုံးတစ်ခိုင်းတာ၊ ငါးစောင့်ခိုင်းတာ ယုံလွယ်မှု၊ ဆင်ခြင်မှုနည်းတာမျိုး၊ လူတွေက ကိုယ့်တာဝန်ကျေပွန်မှု ပေါ့လျော့တာမျိုး ဖြစ်လာတယ်လို့ ဆိုလိုပါတယ်။ ပြီတော့ ဖြစ်ရိုးသဘာဝမရှိတဲ့ဟာလဲ ဖြစ်နေပုံကို ငှက်ပျော့သီးပင်မှာ ငှက်ပျော့သီးမသီးဘဲ ကိုယ်ထည်မှာ ဆူးပြည့်တဲ့ သစ်ပင်တွေမှာ သီးနေဟန်နဲ့ ဥပမာပေးထားတယ်။ သူတော်ကောင်းဟန်ဆောင်သူတွေက ဒုစရိုက်လုပ်ငန်း ဆောင်တာတွေနဲ့၊ ပညာရှင်တွေဆီကနေ ပညာ့ရောင်ခြည်မထွက်ဘဲ လူမိုက်အနံ့တွေ ဖြန့်ထွက်နေတဲ့ သဘောကို စာဆိုက ထုတ်ဖော်ထားတာဖြစ်ပါတယ်။


ပြီးတော့ သူတစ်ပါးကောင်းစားနေခြင်းကို မုဓိတာမပွားဘဲ မနာလိုစိတ်၊ ရာဂစိတ် ဖြစ်တည်လာပုံကို -

"Moyur naser fak melídí boga giyé saitó. Dáijjáfuçí háddi roiyé boga dóri háitó."

အတောင်ဆန့်ဆန့်ကနေတဲ့ ဒေါင်းကပွဲမှာ ဗျိုင်းကလေးက သွားကြည့်တယ်။ အဲ့ဒီဗျိုင်းကို ဒါဂ်ျဂျာချောင်းနေ ငါးဘဲဖြူက ဖမ်းစားဖို့ ချောင်းချိန်နေတယ်" လို့ ဖွဲ့ဆိုထားတယ်။ ဒီအပိုဒ်က သူတစ်ပါးရဲ့ ပျော်ရွှင်မှုကို မနာလို ဝန်တိုပြီးတော့ မိမိကိုယ့်ကို အန္တရာယ်ထဲ တွန်းပို့တတ်တာကို သရုပ်ဖော်ထားတာဖြစ်တယ်။ ဥဒေါင်းနဲ့ ဗျိုင်းတို့ မြူထူးသာယာနေတဲ့ဟာကို ငါးဘဲဖြူက မရှုဆိတ်နိုင်ဘူး။ မနာလိုဖြစ်ပြီးတော့ သူတို့ရဲ့ ပျော်ရွှင်မှုကို အနှောင့်အယှက်ပေးရန် ကြံစည်နေတာဖြစ်တယ်။ ဒီလို ဗျိုင်းကို သတ်စားနိုင်ဖို့ အကြံအစည်က ငါးဘဲဖြူရဲ့ အသက်အန္တရာယ်ဖြစ်လာနိုင်တာကိုတောင် ဝန်မလေးကြဘူးလို့  စာဆိုက အသိအမြင်ပေးထားတာဖြစ်တယ်။ 


အဲဒီနောက် လူတွေမှာ ကြည်ဖြူ ရိုးသားခြင်းထက်  မောက်မာ၊ ပြစားခြင်းကို အသာပေးနေတဲ့ စိတ်ယုတ်ဝင်လာပုံကို-

" Lutifukór feth honránít goru háiye baçi 

Dhoñr-dhoñr háñti morer, fiyañrár téñgot fori."

"ဖြုတ်ရဲ့ ဝမ်းကိုက်နာမှာ နွားအကောင်လိုက်ကြိတ်ချေပြီး ဆေးဖျော်လို့ သောက်သုံးခဲ့တယ်။ ပုရွက်ဆိတ်ရဲ့ အနင်းခံရလို့ ဆင်ကြီးတွေသေရတော့တယ်" လို့ ဖော်ပြထားတယ်။ ဒီအပိုဒ်က အသေးအမွှား ကိစ္စတွေအတွက် အားအင်ငွေကြေး အဆမတန် သုံးစွဲတာ၊ မာန်မာနကြွားဝါးမောက်မာမှုတွကို အလေးထားလုပ်ဆောင်တာကို ထင်ရှားအောင် သရုပ်ဖော်ထားတာဖြစ်တယ်။ ပုရွက်ဆိတ်ရဲ့ အနင်းခံရလို့ ဆင်ကြီးတွေသေနေရတယ်ဆိုတာကလဲပဲ ရာထူးအဆင့်အတန်း၊ ငွေကြေးတွေရဲ့ မာနအရှိန်ကြောင့် သက်ကြီးလူကြီးတွေရဲ့ ပြောဆိုဆုံးမ လမ်းညွှန်တာကို လူငယ်တွေက တန်ဖိုးမထားတော့ဘူး၊ အရိုအသေမပြုကြဘူး။ ရိုသေလေးစားတဲ့ ယဉ်ကျေးမှု ပျောက်ကွယ်သွားနေတယ်။ ဉာဏ်အမြော်အမြင်ကြီးမားတဲ့၊ ဘဝအတွေ့အကြုံများတဲ့ လူကြီးမိဘတွေကို လျစ်လျူရှုခံရပုံကို ဖွင့်ဆိုထားတာဖြစ်တယ်။ 


နောက်ဆုံးတွင် လောဘ၊ မောဟ၊ အမုန်းတရားများ လွမ်းမိုးလာပုံကို- 

" Masór dhore zailla dáiye noo zal eri 

Mancór dhore manúic luwar mocóríte góli."

ငါးတွေကို ကြောက်လို့ တံငါသည်က လှေ၊ ပိုက်ကွန်တွေ ပစ်ချပြီးတော့ ထွက်ပြေးရတယ်။ လူလူချင်းအတူတူဖြစ်ပေမဲ့ သားရဲတိရစ္ဆာန်ကြောက်သလို ကြောက်ပြီးတော့ ခြင်ထောင်အုပ်လို့ ပုန်းကွယ်နေရတော့တယ် လို့ ဖော်ပြထားပါတယ်။ ဆိုလိုတာက ငါးက ငါးဖမ်းသမားတွေကိုမြင်လို့ ကြောက်ပြေးရမယ်အစား ငါးဖမ်းသမားကိုယ်တိုင် ထွက်ပြေးနေရတယ်။ လက်အောက်ငယ်သားတွေကို သူကြီးကိုယ်တိုင် ကြောက်နေရလောက်အောင် သစ္စာတရား ကင်းမဲ့နေတယ်လို့ တင်စား ရေးဖွဲ့ထားဟန်ရတယ်။ လူလူချင်းအတူတူဖြစ်ပေမယ့် လူတွေကို လူတွေက ကြောက်လန့်နေရတဲ့ ခေတ်ရောက်နေပြီ။ မောဟ လောဘ ဖုံးလွမ်းလို့ အမုန်းတရား၊ မနာလိုမှုတွေကြောင့် တစ်ဦးကိုတစ်ဦး နစ်နာဆုံးရှုံးစေတာ၊ အနိုင်ကျင့်ဖိနှိပ်တာ စတဲ့ဟာတွေကြောင့် ယခင်လို ခတ်ချစ်ချစ်ခင်ခင် ပေါင်းသင်းမနေထိုင်နိုင်တော့ဘဲ ရှောင်ရှောင် ဝေးဝေးနေရပုံကို ထင်ရှားပေါ်လွင်နေပါတယ်။

နောက်ဆုံးအနှစ်ချုပ်အနေနဲ့ ခေတ်ကို သရော်ထားတဲ့ ဒီကဗျာမှာ ယိုယွင်းပျက်စီးနေတဲ့ လူ့ယဉ်ကျေးမှုတွေကို သိမြင်ထင်ရှားလာအောင် အဖွဲ့အစပ်စွမ်းရည်နဲ့ မွန်မြတ်တဲ့ အတွေးအခေါ်ဖြင့် စာဆိုက ထိထိမိမိ ဖော်ကျူးထားပုံမှာ စိတ်ဝင်စားဖွယ်ကောင်းကြောင်း သုံးသပ်တင်ပြပါတယ်။ 


- ရိုဟင်းကိန်း

(၁၇-၈-၂၀၂၂)

★★★★★★★★★★





No comments:

Post a Comment