Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Saturday, January 17, 2026

မောင်နုရွာ အစုလိုက်သတ်ဖြတ်မှု

 


 မောင်နုရွာ အစုလိုက်သတ်ဖြတ်မှု 

(၂ဝ၁၇ ခုနှစ် ဩဂုတ်လ ၂၇ ရက်)


~~~


ဗမာစစ်တပ်၏ ရေးသားဖော်ပြမကုန်နိုင်သော ရောင်စုံညှဥ်းပမ်းနှိပ်စက်မှုများထဲမှ ၂ဝ၁၇ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်နေ့ တနင်္ဂနွေနေ့တွင် ဘူးသီးတောင်မြို့နယ်၊ မောင်နုရွာ၌ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့် အကြမ်းဖက်မှုအကြောင်းကို အကျဉ်းချုပ်ရေးသား ဖော်ပြလိုက်ပါသည်။

၂ဝ၁၇ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့၌ ဓားတုတ်နှင့် တိုက်ခံရသည့် နေရာများထဲတွင် ဘူးသီးတောင်မြို့နယ်၊ ခြင်းသမားကျေးရွာအုပ်စု၊ ဖောင်တော်ပြင် နခခ စခန်း လည်း ပါဝင်ခဲ့သည်။

စခန်းအတိုက်ခံရပြီးနောက် စခန်းအနီးအနားရှိ ရွာသူရွာသား ကလေး၊ လူကြီး၊ ယောက်ျား၊ မိန်းမ များသည် ကြောက်လန့်၍ နီးစပ်ရာ မောင်နုရွာသို့ သွားရောက်ခိုလှုံခဲ့သည်။ ၎င်းရွာတွင် စစ်တပ်နှင့် ရင်းနှီးသူ ဦး ဇာဟိတ်ဟူဆိန်ကို အားကိုးပြီး ၎င်း၏နေအိမ်နှင့် အနီးအနားအိမ်များသို့ သွားရောက် ခိုလှုံခဲ့‌ခြင်းဖြစ်သည်။  ၂၀၁၇ ခု သြဂုတ်လ ၂၇ ရက်နေ့ ၌ စကခ ၁၅၊ ဒု-တပ်မမှူး ဗိုလ်မှူးကြီး သန်းထိုက်အမိန့်ဖြင့် ခမရ ၅၆၄ ဒုတပ်ရင်းမှူး ဗိုလ်မှူး ရန်နိုင်ဦး ဦးစီးပြီး စစ်တပ်၊ နယ်ခြားစောင့် ရဲ နှင့် ရခိုင် လူမိုက်အရပ်သားအချို့ (တုတ်ဓား ကိုင်လျက်) နံနက် ၁ဝ နာရီခွဲခန့် အချိန်တွင် မောင်နုရွာထဲသို့ ဝင်ရောက်လာပြီး ပထမဦးဆုံး ဇာဟိတ်ဟူဆိန်၏ နေအိမ်ကို ဝန်းရံခဲ့သည်။ ရောက်ရောက်ချင်းအိမ်ထဲသို့ သေနတ်ချိန်းပစ်ခတ်ရာ ၁ဝ နှစ်သားအရွယ် ကလေးတစ်ဦး၏ ဦးခေါင်းမှန်ပြီး ဦးနှောက် ပွင့်ထွက်သွားခဲ့သည်။ အရာရှိငယ် တစ်ဦးက အိမ်ကို ဓာတ်ဆီလောင်း မီးရှို့ဖို့ ကြိုးစားခဲ့ရာ နောက်ဆုံး မီးမရှို့ဘဲ အမျိုးသမီးများကို အနီးရှိ အသတ်ခံရသူ မလဝီ အဒူခါလိပ်၏ နေအိမ်ထဲခေါ်သွင်းပြီး တပ်ဖွဲ့ဝင်များက ခန္ဓာကိုယ်ပေါ်ရှိ အဝတ်အစားထဲသို့ လက်နှိုက်ကာ မဖွယ်မရာ ပြုလုပ်ခြင်း၊ ပစ္စည်းရှာဖွေခြင်း၊ ရွှေငွေ လက်ဝတ်ရတနာများ လုယူခြင်း၊ အဓမ္မပြုကျင့်ခြင်းများ လူမဆန်စွာ ကျူးလွန်ခဲ့သည်။ အမျိုးသားများနှင့်‌ ယောက်ျားကလေးများကို ဦးဇာဟိတ်ဟူဆိန်၏ နေအိမ်ထဲမှ တစ်ယောက်ချင်းစီ ခေါ်ထုတ်ပြီး ကြိုးထုပ်၊ မျက်နှာစည်း၊ မှောက်ခိုင်း၍ အနီးရှိ အဒူဂေါ်ဖောရ်၏ နေအိမ်ခြံထဲတွင် ဒူးထောက်ထိုင်ခိုင်းပြီး အချို့ကို သေနတ်ပစ်ခတ်၊ အချို့ကို လည်လှီးသတ်ဖြတ်ခဲ့သည်။ 

အလောင်းများကို စစ်တပ် ဖော့ကား (Faw)ဖြင့် နေဝင် မိုး ချုပ်ချိန်ထိ သယ်ယူ၍ ခမရ ၅၆၄ ရှေ့ဘက်မျက်နှာချင်းဆိုင် ကျွဲနွားချည်ရာ ကုန်းပေါ်ရှိ မန်ကျည်းပင်အောက်တွင် ကျင်းတူး မြှုပ်နှံဖျောက်ပစ်လိုက်သည်ကို ကုလားပန်းဇင်ချောင်း တစ်ဘက်ကမ်း ဒါးပိုင်ဆရာ၊ မောင်ကြီးတောင်မှ ရွာသားများက ၎င်းနေ့တွင် မျက်မြင် တွေ့ရှိခဲ့ပါသည်။ အချို့အလောင်းများကို အဒူဂေါ်ဖ္ဖေါရ်၏ အိမ်ခြံထဲတွင် တွင်းတူး မြေမြှုပ်ခဲ့ရာ အလောင်းအချို့ ပေါ်လာခဲ့သည်ကို တွေ့မြင်ရခဲ့သည်။ ဤကဲ့သို့ လည်လှီး သေနတ်ပစ်သတ်ဖြတ်ခံရသူများထဲတွင် အဖိုးကြီးများနှင့် အရွယ်မရောက်သေးသော ကလေးလေးများအပါအဝင် အယောက် ၈ဝ ကျော်ခန့် အကြမ်းဖက်စစ်တပ်နှင့် ရခိုင်အစွန်းရောက်သမားတို့၏ သတ်ဖြတ်ခြင်းကို ရက်ရက်စက်စပ်ခံခဲ့ရသည်။ ၂၀၁၇ ခု သြဂုတ်လ၂၈ ရက်နေ့မှစ၍ စစ်တပ်က နေအိမ်များ မီးရှို့ခဲ့သည်။

အဆိုပါစစ်ကြောင်းအဖွဲ့တွင် ခမရ ၅၆၄ မှ ဌာနချုပ် တပ်ခွဲမှူး ဗိုလ်မှူး သန့်ဇင်ဝင်း လည်း ပါဝင်ခဲ့သည်။

အဆိုပါ ဖြစ်စဉ်ဖြစ်ပြီးနောက်  လူသတ်မှုကို ဖုံးကွယ်ရန် တောင်ဘာဇား နခခ မှ ရခိုင်အစွန်းရောက်သမား ရိုဟင်ဂျာကို သေလုမတတ် မုန်းတတ်သူ ရဲအုပ် ဗိုလ်ကြီး ထွန်းနိုင်နှင့် ၎င်း၏ သားတပည့် လက်ရုံး အမာခံ တပ်ဖွဲ့ဝင် မောင်မောင်ဌေး နှင့် ကိုကိုအေး အပါအဝင် အမှုစစ်အဖွဲ့များက တောင်ဘာဇားအပိုင် အုပ်ချုပ်ရေးမှူးများကို ရုံးသို့ ခေါ်ယူပြီး ပဋိပက္ခအတွင်း အသတ်ခံရသူများသည် အာဆာများဖြစ်ကြောင်း ပြောပြပြီး၊ စာရွက်အလွတ် ပေါ်တွင် အတင်းလက်မှတ်ထိုးခိုင်း၍ လက်မှတ်ထိုးဖို့ သဘောမတူလျှင် အာဆာ အားပေးဟု အုပ်ချုပ်ရေးမှူးများကို ခြိမ်းခြောက်ခဲ့သည်။ ၎င်း ဗိုလ်ကြီး ထွန်းနိုင် သည် ၂ဝ၁၇ ခုနှစ် အရေးအခင်းနောက်ပိုင်း ကျန်ရစ်သော ရိုဟင်ဂျာများကို အာဆာ အားပေးဟု ဖမ်းဆီး နှိပ်စက် တံဆိပ်ကပ် ခြိမ်းခြောက်လျက် တစ်ဦးလျှင် ငွေကျပ် သိန်းပေါင်း ရာနှင့်ချီ ညှစ်ခဲ့သည်။ လူသတ်သည့် မောင်နု စစ်ကြောင်းတွင် ၎င်း၏ နခခ တပ်ဖွဲ့ဝင်များပါဝင်သည်။

အဆိုပါ မောင်နုရွာ စစ်ကြောင်းတွင် တပ်မ ၉၉ နှင့် တပ်မ ၃၃ မှ တပ်ဖွဲ့ဝင်များလည်း ပါရှိကြောင်း သတင်းထွက်ခဲ့သည်။

အဆိုပါ မောင်နုရွာ အစုလိုက်သတ်ဖြတ်ပွဲကို ထပ်မံ ဖုံးကွယ်ရန် ဖက်ဆစ် မင်းအောင်လှိုင်အစိုးရက ၂ဝ၁၉ ခုနှစ်တွင် နေပြည်တော်မှ ဗိုလ်ချုပ်မြတ်ကျော် ဦးစီးသော စစ်တပ် စုံခုံအဖွဲ့ကို မောင်နုရွာ သို့ စေလွှတ်ခဲ့သည်။ ထိုအဖွဲ့က နစ်နာသူ မိသားစုဝင်များ၏ ထွက်ဆိုချက်များကို အရေးမစိုက်ဘဲ ထွက်ဆိုသူများအား ငွေကြေး ပေးဆောင်ခြင်း၊ ခြိမ်းခြောက်ခြင်းစသည်ဖြင့် အမျိုးမျိုး ဖျောင်းဖျကာ စစ်တပ် အလိုကျ ရေးသားချက် စာရွက်ပေါ် တွင်သာ လက်မှတ်ထိုးခိုင်းခဲ့သည်။



ပုံ- မောင်နုရွာ အစုလိုက်သတ်ဖြတ်မှုတွင် အသတ်ခံခဲ့ရသူအချို့၏ ပုံ။

Credit FB.


“အောက်သား” ဆိုတာ ဘယ်သူလဲ ?

 


“အောက်သား” ဆိုတာ ဘယ်သူလဲ ?


အောက်သား ဆိုသော အခေါ် အပြော စကားလုံးကို များစွာ ကြားဖူးပါသည်။ ရခိုင်လူမျိုးအများစု သုံးနှုန်းကြသည်။ အချို့က ထို စကားလုံးသည် မြန်မာလူမျိုးကို ရည်ညွှန်းခြင်းဟု ဆိုသည်။ အချို့က ဗမာဟု ဆိုသည်။ မဟုတ်ရေးချ မဟုတ်ပါ။ ထိုစကားလုံးသည် မြန်မာ / ဗမာကို ရည်ညွှန်းခြင်း လုံးဝ မဟုတ်ကြောင်းကို ကျမ်းကိုင်၍ ဆိုဝံ့ပါသည်။ ဘယ်ကျမ်းကို ကိုင်မှာလဲ ဆိုလျှင်တော့ ရခိုင်လူမျိုးများ ပြောသည့် စကား ဖြစ်၍ ရခိုင် ကျမ်းများကိုသာ ကိုင်စွဲရပါမည်။ ဤနေရာတွင် စာနှင့် ပေနှင့် အတိအကျ မှတ်တမ်း တင်ထားသော အချက်များကိုသာ စဉ်းစာမည် ဖြစ်ပြီး ဘာဘာ ပြောရေ၊ အဖိုးသျှင် ပြောရေ၊ အဘောင်သျှင် ပြောရေ ဆိုသည် များကို လုံးဝ ထည့်သွင်း စဉ်းစားမည် မဟုတ်ပါ။ ထိုစကားလုံးကို သေချာစွာ မသိသော လူတို့သည် ရှေးဟောင်း ရခိုင့်စာပီ တို့ကို သေချာစွာ မဖတ်ဖူး ကြသောကြောင့် ဖြစ်ပါသည်။

ရာဇဝင် သမိုင်းအကြောင်း ဖတ်မည်ဆိုလျှင် “သမားဆို အိုမှ” ဟူသော အယူအဆကို နှစ်သက်ပါသည်။ ရာဇဝင်ကျမ်း တခုသည် ရှေးကျလေ၊ ပုံနှိပ်မူ စောလေ ပိုကောင်းလေ ဟု ယူဆပါသည်။ အဘယ်ကြော်င့် ဆိုသော် ယခုခေတ်တွင် သမိုင်း အတုလုပ်လိုသူများ ပေါများလာသောကြောင့် ဖြစ်ပါသည်။ AI ကို ရေးခိုင်းကာ သက္ကရာဇ် အတု၊ ရာဇဝင်အတုများ ဖန်တီးနေသူများကိုလည်း ဝမ်းနည်းဖွယ် တွေ့ရပါသည်။ ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ကိုယ့်အဘိုးအဘွားများ မမွေးဖွားခင် နှစ်ပေါင်းများစွာက ရှိခဲ့သော သမိုင်းကျမ်းများကို စာလုံးပေါင်းများ ပြင်ဆင်ခြင်း၊ စာပိုဒ် အချို့ကို ဖြုတ်ပစ်ခြင်းများကား မလုပ်သင့် မလုပ်ထိုက်သော အပြုအမူ များပါပေ။ မှားလျှင် မှားသော နေရာများကိုသာ အထောက်အထားနှင့် ပြောဆိုသင့်သည်။ သမိုင်း မရှိခြင်းသည် ရှက်စရာ မဟုတ်ပါ၊ အတုများ ဖန်တီးခြင်း သည်သာ ရှက်စရာ ဖြစ်ပါသည်။ ထို့ကြောင့် သက္ကရာဇ် ၂၀၀၀ နောက်ပိုင်းတွင် ရေးသော သမိုင်းစာအုပ်များကို ကိုးကား မပါလျှင် မယုံကြည်ပါ။ ဤကား စကားချပ် ဖြစ်ပါသည်။




ရခိုင် ရာဇဝင် ကျမ်းများကို အားလုံး မဖတ်ဖူးသော်လည်း အတော် အတန်တော့ ဖတ်ရှုဖူးပါသည်။ ကိုယ်ပိုင် အယူအဆ အရမူ မြန်မာ ပြီးလျှင် ရာဇဝင် သမိုင်းကျမ်း အများဆုံး ရေးသားခဲ့သော လူမျိုး ဖြစ်သည်။ အောက်သား ဟူသော အသုံးအနှုန်းကို အခြား ရာဇဝင်ကျမ်း များတွင် မတွေ့ရ၊ အစောဆုံး တွေ့ရသော ရာဇဝင် ကျမ်းမှာ “မဟာ ဝိဟိံက ရခိုင် ရာဇဝင် မော်ကွန်း လင်္ကာ” ဖြစ်သည်။ ၁၇၈၄ ပတ်ဝန်းကျင်တွင် ရေးသားခဲ့သည် ဟု အဆိုရှိသည်။ ရေးသားသူမှာ ဒွါရဝတီ ဆရာကျော်မဲ ဖြစ်သည်။ နာမည်ကျော် ငမည်းရာဇဝင် ဆိုသည်မှာလည်း ထို ပုဂ္ဂိုလ်ကြီး ရေးသား ပြုစုသော ရာဇဝင် ဖြစ်မည်ဟု ယူဆပါသည်။ မဟာဝိဟိံက ရခိုင် ရာဇဝင် လင်္ကာမှာ စုစုပေါင်း ၄၉ ပိုဒ် ရှိပြီး ကာရန်လည်းမိ၊ ရခိုင် အသုံးအနှုန်း များကိုလည်း သုံးစွဲထားသည်။ ရေးသားပုံမှာ အတော် အဆင့်အတန်း မြင့်ပြီး ခုခေတ်လူများ တုပ ရေးသားဖို့ မလွယ်ဟု ယူဆပါသည်။

ထို ရာဇဝင် လင်္ကာ အပိုဒ်ရေ ၄၂ တွင် “မချို့ရန်ပွား၊ တိုင်းကားနိုင်ငံ၊ ပြည်ပုဂ္ဂံက၊ နန်းစံစိုးပေ၊ မြန်မင်းဆွေလျှင်၊ ဗိုလ်ခြေများစွာ၊ ချီ၍လာလျှက်” ဟု ရေးသားထားပါသည်။ ထိုနှစ်ကား မြန်မာဘုရင် မင်းခေါင်က ရခိုင်သို့ ချီတက် တိုက်ခိုက်သောနှစ် ဖြစ်ပါသည်။ မင်းဆွေ ဆိုသည်မှာ ဘုရင်မင်းခေါင်၏ ငယ်နာမည် ဖြစ်ပါသည်။ “မြန်မင်းဆွေ” ဟု ရေးသား ထားသည်ကို သတိပြုပါ။ မြန်မာ မင်းဆွေ ဟု ဆိုလိုဟန် ရှိသည်။ အောက်မင်းဆွေ ဟု လုံးဝ ရေးမသွားသည်ကို သတိပြုရမည်။ ထိုစာပိုဒ်မှာပင် “အယူရိုင်းစိုင်း၊ တလိုင်းမောင်ခွင်၊ တနှစ်ပင်တည်း” ဟု ရေးသား ထားပြန်သည်။ ထိုစာမှာ ဘုရင်မင်းခေါင်၏ တပ်တို့ ပြန်သွားသော် ရာဇာဓိရာဇ်က လာရောက် တိုက်ခိုက်ပြီး မောင်ခွင် ဟူသော တလိုင်းအမတ်ကို မြို့စောင့် ခန့်သည့် အကြောင်း ဖြစ်သည်။ ဤအကြောင်းကို ရခိုင်ရာဇဝင်သစ်ကျမ်း ဒုတိယတွဲ စာမျက်နှာ ၁၀ တွင် ဖတ်ရှုနိုင်ပါသည်။ မူရင်း ရခိုင် ရာဇဝင်မှာပင် တလိုင်းမင်း၊ တလိုင်းအမတ်ဟု ရေးသားထားပါသည်။ အယူရိုင်းစိုင်း၊ တလိုင်းမောင်ခွင် ဆိုသူမှာ ထိုအမတ်ပင်တည်း။ ထိုစာပိုဒ်၏ အောက်ဆုံးတွင် “အောက်သားတလိုင်း၊ အယူရိုင်းရို့၊ ပြိုင်ခိုင်းတိုက်ခါ၊ ဟိသောခါဝယ်၊ ရာဇာစောမွန်၊ ရောက်လာပြန်သော်” ဟူ၍ ရေးသားထားပြန်သည်။ တလိုင်းလူမျိုး ဆိုသည်ကို အောက်သားဟု ရေးသွားသည်။

ဆက်လက်၍ အပိုဒ်ရေ ၄၇ တွင် “ဧကာဧက၊ ထိုကာလဝယ်၊ အင်းဝခေါ်ထ၊ ပြည်ဌာနက၊ ဒေါသရန်ပွား၊ ပျူအောက်သားရို့၊ ခိုက်ပွားရန်ရှာ၊ တိုက်ဖျက်လာ၍” ဟု ရေးသား ထားသည်။ ထို သက္ကရာဇ်မှာ ဘိုးတော်ဘုရား ဗဒုံမင်းက ရခိုင်ကို ချီတက် တိုက်ခိုက်သော နှစ် ဖြစ်ပါသည်။ “ဒေါသရန်ပွား၊ ပျူအောက်သားရို့” ဟု သုံးနှုန်း သွားပါသည်။ ကြည့်ရသည်မှာ ဘိုးတော်ဦးဝိုင်းက ပျူစစ်တပ်များကို သီးသန့် စေလွှတ်လိုက်ဟန် တူသည်။ ကုန်းဘောင်ခေတ် အလယ်လောက်အထိ ပျူများ တပ်မကြီးများ ဖွဲ့စည်းကာ စစ်ဆင်နိုင်သည် အထိ အများအပြား ရှိနေကြောင်း သိရသည်။ ပျူများကို အောက်သား ဟူ၍ သုံးနှုန်းသွားပြန်သည်။

ဆက်လက်ပြီး အပိုဒ်ရေ ၄၈ တွင် “များစွာခွတ်ထစ်၊ သတ်၍ပစ်လျှက်၊ အချစ်ဝါဿနာ၊ မဟိပါငြား၊ ပျူအောက်သားသည်၊ စကားမုသားဝါဒီတည်း” ဟု ရေးသား ထားပြန်သည်။ ဘိုးတော်ဘုရား၏ ပျူ စစ်တပ်တို့သည် ခြေလွန်လက်လွန် လုပ်ခဲ့ကြသည်ဟု ရေးသားထားသည်။ မြန်မာဟု လုံးဝမရေး၊ ဗမာဟုလည်း မရေး ခြေလွန်လက်လွန် ပြုမူသူများမှာ အောက်သား ပျူများ ဖြစ်သည်ဟု ရေးသားသည်။ ပျူများသည် ထို ကိစ္စများကို လုပ်အပြီးတွင် သမိုင်းထဲမှ လုံးဝ ပျောက်သွားခဲ့ကြသည်။ ယနေ့ခေတ်တွင် မျိုးတုံးသွားပြီဟု တိုင်းရင်းသား အားလုံးနီးပါး လက်ခံထား၍ လိုက်ရှာရန်လည်း မဖြစ်နိုင်တော့ပါ။ မြန်မာ/ ဗမာ နှင့် ပျူ လုံးဝ မတူပါ ဆိုသည်ကို တိုင်းရင်းသား အားလုံး ဝိုင်းပြောနေသောကိစ္စဖြစ်၍ အထူး ပြောဖို့ မလိုတော့ဟု ယူဆပါသည်။ တိုင်းရင်းသားတို့ ပြောသည်ကို ထည့်သွင်း စဉ်းစားပေးရပါမည်။ မြောက်ဦး ကိစ္စကို တရားခံ ရှာလိုလျှင် မြန်မာများကို ရှာရန်မဟုတ်၊ ပျောက်ကွယ်သွားပြီ ဆိုသော ပျူလူမျိုးများကိုသာ တွေ့အောင် ရှာရပါတော့မည်။


ဒေးဝန်းကြီး အောင်ကျော်ရွီး ရေးသော ကိုယ်တွေ့ ရခိုင်ပြည်သိမ်း မှတ်တမ်းတွင်မူ အပိုဒ်ရေ ၁၂ တွင် “ယင်းသောခါမြို့ဝန်ကား၊ ရဲစက်ကေသည်၊ ထိုဝယ်သျှမ်းအောက်သားသည်၊ ကြောက်ဝှန်ငြားမကြံသာ၊ ကိုယ့်မယားကို၊ လက်ဖျားဆွဲကိုင်လျှက်” ဟု ရေးသား ထားသည်။ သျှမ်းလူမျိုးကို အောက်သားဟု ရေးသား ထားပြန်သည်။ ဒေးဝန်းကြီး အောင်ကျော်ရွှီး ဆိုသူမှာ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲတွင် အင်္ဂလိပ်ဖက်မှ ပါဝင် တိုက်ခိုက်ခဲ့သူ ဖြစ်သည်။ ပထမစစ်ပွဲတွင် ရှမ်းလူမျိုး အများအပြားက မြန်မာဘုရင်ဖက်မှ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ရခိုင်လူမျိုးများက အင်္ဂလိပ်ဖက်မှ ဝင်ရောက် တိုက်ခိုက်ခဲ့ကြသည်။ ဝက်ထီးကန် တိုက်ပွဲတွင် သျှမ်း အမျိုးသမီး စစ်ဗိုလ် ၃ ဦး ပါဝင်တိုက်ခိုက်ခဲ့သည်မှာ အင်္ဂလိပ် စစ်မှတ်တမ်းများတွင်ပါ ချီးကျူးရပါသည်။ ၂ ဦးမှာ တိုက်ပွဲတွင် ပြောင်မြောက်စွာ ကျဆုံး ရှာသည်။ ထိုကြောင့် ရခိုင်တပ်နှင့် ရှမ်းတပ် အချို့ တိုက်ပွဲတွင် ရင်ဆိုင် မိကြဟန်တူသည်။ ထို့ကြောင့် သျှမ်း လူမျိုးများပါ တောင်ပေါ်တွင် နေသူများ ဖြစ်ပါလျှက် အောက်သားဘွဲ့ ရသွာဟန် တူသည်။ ဒေးဝန်းကြီး အောင်ကျော်ရွှီး၏ မှတ်တမ်းမှာ ဆရာကျော်မဲထက် များစွာ နောက်ကျပြီး အဆင့်လည်း မမြင့်လှပါ။ ထို သျှမ်းလူမျိုး လင်မယား နှစ်ဦးအား သူ သတ်ပစ်လိုက်ကြောင်း ရေးထားသည်မှာ စိတ်မချမ်းမြေ့ဖွယ် ဖြစ်နေပါသည်။
ယခု အထောက်အထားများကို ကြည့်လျှင် အောက်သား ဟူသည်မှာ လူမျိုး တမျိုးတည်းကို ခေါ်သည် မဟုတ်ကြောင်း တွေ့ရပေလိမ့်မည်။ တလိုင်းလည်း အောက်သား၊ သျှမ်းလည်း အောက်သား၊ မြန်မာလည်း အောက်သား၊ ပျူလည်း အောက်သား ဖြစ်နေကြောင်း တွေ့ရသည်။ ထူးခြားသည်မှာ ထိုလူမျိုးများ အားလုံးသည် ရခိုင်ပြည်ကို ဝင်ရောက်တိုက်ခိုက်ချိန်တွင် အောက်သားဘွဲ့ကို ရသွားကြကြောင်း တွေ့ရသည်။ အမေရိကန် လာတိုက်လည်း အောက်သားထရမ့် ဟူသော ဘွဲ့ ရသွားပေလိမ့်မည်။

ထို့ကြောင့် လူမျိုးတမျိုးသည် အောက်သားဘွဲ့ ရလိုပါက ရခိုင် လူမျိုးတို့နှင့် တိုက်ခိုက်ရန် လိုသည်ဟုသာ ယူဆမိပါတော့သည်။ အထောက်အထားများကို သေချာစွာ သိမ်းစေလိုပါသည်။ ယခုခေတ်တွင် တချို့ မရိုးသားသူတို့သည် ရှေးစာပေ အထောက်အထားများကို ဖျက်ဆီးလေ့ ရှိသည်ဟု ကြားရသောကြောင့် ဖြစ်ပါသည်။

— စံလှကြီး

(မင်းသစ် FB ပို့စ်မှ ကူးယူ)



Friday, January 16, 2026

အနောက်တံခါးက ကျူးကျော် ရခိုင်ရွာသစ်များ

 
ဓာတ်ပုံ - ကိုးတန်ကောက်အနီးက ရခိုင်ရွာသစ်။ (၂၀၁၈ ဇန်နဝါရီ ၇)


၂၀၁၈ မှာ မောင်တော ခရီးစဉ်သွားတော့ အင်းဒင်၊ ကြိမ်ချောင်း၊ ကိုးတန်ကောက် စတဲ့ ရွာတွေကို ပြန်ရောက်တယ်။ အဲ့ဒီမှာ ကိုးတန်းကောက်ရွာနားမှာ ရွာသစ်တရွာ တည်နေတာ တွေ့ရတယ်။ ပါလာတဲ့သတင်းထောက်တွေက ကားပေါ်ကဆင်းပြီး စနည်းနာကြတာပေါ့။

သွပ်မိုး ထရံကာ၊ သုံးထပ်သားကာတဲ့ အိမ်ခြေ ၂၀ လောက် အသစ်ဆောက်နေတာ တွေ့တယ်။ ဒီရွာသစ်နဲ့ မနီးမဝေးမှာတော့ မီးရှို့ခံထားရဲ့ မွတ်ဆလင်ရွာတွေ ရှိတယ်။ ဘူဒိုဇာနဲ့ထိုးပြီး ရှင်းလင်းရေးလုပ်နေတာ ရှိတယ်။

ဒီရွာသစ်ထဲ ရောက်လာကြတဲ့လူတွေက ရခိုင်လူမျိုးတွေ၊ ဒါပေမဲ့ မောင်တော စစ်တွေ ရသေ့တောင် ဒေသခံတွေ မဟုတ်ကြဘူး။ ကျနော် ဒါကို သတိထားမိတာက စကားပြောတဲ့ လေသံ။ အဲ့ဒါနဲ့ တွေ့တဲ့လူတွေကို မေးကြည့်တော့ အများစုက သံတွဲ၊ ဆင်ခေါင်းရွာဘက်က လူတွေဖြစ်နေတယ်။ တောင်နဲ့မြောက် အဝေးကြီး။

ဆင်ခေါင်းရွာဆိုတာ ၂၀၂၄ ဇွန်လတုန်းက စစ်တပ်က ဗုံးကြဲလို့ လူ အနည်းဆုံး ၆၀ ကျော် သေဆုံးခဲ့တဲ့ ငါးဖမ်းဇုန်ရှိတဲ့ ရွာကြီး။ တချို့လည်း ဂျိတ္တော၊ လင်းသာဘက်ကလူတွေပါတယ်။ ဂျိတ္တော၊ လင်းသာဆိုတာ သံတွဲ ငပလီနားက ရေလုပ်ငန်းလုပ်ကြတဲ့ ရွာကြီးတွေ။ ရောက်လာတဲ့လူအများစုက ချို့တဲ့ကြတယ်၊ ကလေးတွေကို မေးတော့ အသက် ၇ နှစ် ၈ နှစ်တွေ၊ ကျောင်းမနေဖူးကြဘူး။

ဒီလူတွေ ဘယ်လိုလုပ်ပြီး ဒီနေရာတွေကို ရောက်လာကြတာလဲ။

အစ္စရေး အနောက်ဘက်ကမ်းမှာ ပါလက်စတိုင်းတွေပိုင်တဲ့ မြေနေရာတွေကို ဂျူးတွေက ဝင်စီး၊ မောင်းထုတ်တာကို Fauda ဆိုတဲ့ ဇာတ်ကားထဲ ပထမဆုံး ကြည့်ဖူးတယ်။

ဒီဇာတ်ကားက ၂၀၁၅ တုန်းက စရိုက်ခဲ့တာ။ ဒီဆီးရီးကို အစ္စရေးရဲ့ ဝါဒဖြန့်ချိရေးလို့ ဝေဖန်ကြပါတယ်။ ပြောရရင် ရခိုင်မှာ တကယ့်ပြဿနာတွေ မစသေးတဲ့အချိန်ပေါ့။ အစ္စရေး-ပါလက်စတိုင်းအရေးကလည်း ခုလိုမျိုး ကမ္ဘာ့စာမျက်နှာပေါ် အုံးအုံးကြွက်ကြွက် မဖြစ်သေးဘူး။

ဒီအကြောင်း လိုက်ရှာဖတ်တော့ အဲ့ဒီလူတွေနဲ့ပတ်သက်တဲ့အကြောင်းအရာက အတော်ရှုပ်ရှုပ်ထွေးထွေး ဖတ်ရတယ်။ အစ္စရေးအစိုးရက ခွင့်ပြုထားတဲ့ နယ်မြေလုသူတွေရော၊ ခွင့်မပြုဘဲ ထင်ရားစိုင်းနေတဲ့ နယ်မြေခံတွေရော။ အမျိုးသားရေးသမားတွေက အစိုးရကို အကြပ်ကိုင်တာတွေကြောင့် ဥပဒေစိုးမိုးရေးနဲ့ အမျိုးသားရေးကြားမှာ ဗျာများနေတာတွေရော စုံလို့။

ဒီ နယ်မြေလုသူတွေဟာ ခုချိန်ထိ အနောက်ဘက်ကမ်းမှာ မထူးတော့တဲ့ သတင်း၊ မထူးတော့တဲ့ အကြောင်းအရာ ဖြစ်နေပါပြီ။ ဘယ်အချိန် သတင်းဖတ်ဖတ် new settlements in west bank ဆိုတဲ့ သတင်းတွေကို အမြဲဖတ်ရဆဲပါပဲ။

ရခိုင် မောင်တောက အပြန် ဒီအကြောင်းကို Forsaken at the ‘western gate’ ဆိုပြီး Frontier Myanmar မှာ ကျနော် ဆောင်းပါးရေးခဲ့ပါတယ်။

ရခိုင်တောင်ပိုင်းက လူတွေကို မြောက်ပိုင်းက ရွာသစ်တွေဆီ ပို့တာက 'အနောက်ဘက်တံခါး ကာကွယ်ရေး' ဆိုတဲ့အဖွဲ့ပါ။ ဒီအဖွဲ့က သံတွဲ၊ ဆင်ခေါင်း၊ ဂျိတ္တော လင်းသာဘက်က ဆင်းရဲချို့တဲ့တဲ့ မိသားစုတွေကို 'အိမ်နေရာပေးမယ်၊ မြေနေရာပေးမယ်၊ စားသောက်စရိတ် ထောက်ပံ့ပေးမယ်' လို့ ကတိပေးပြီး ခေါ်ခဲ့တာ ဖြစ်ပါတယ်။ အများစုက အဲ့ဒီသတင်းကို Viber ကနေတဆင့် သိရတာလို့ ဆိုတယ်။

အဲ့ဒီတုန်းက သိရတဲ့စာရင်းအရ အိမ်ထောင်စု ၅၀ လောက်ရှိမယ်။ ထပ်လည်း လာအုန်းမယ်လို့ သူတို့က ပြောတယ်။ အားလုံး ကတိပေးပြီး ခေါ်လာပေမဲ့ ဒီရောက်တော့ လူအုပ်ကြီး ဒုက္ခရောက်ကြတယ်။ အဓိကကတော့ ဘယ်ကစပြီး လုပ်ကိုင်စားသောက်ရမှန်း မသိကြတာပါ။

ဆန်ပေးတယ်၊ ဆီးပေးတယ်၊ အိမ်ပေးတယ်ဆိုပေမဲ့ ပိုက်ဆံ တပြားမှ မရှိတော့ လှေမဝယ်နိုင်ဘူး။ လှေမရှိတော့ ရေထဲ မဆင်းနိုင်ဘူး။ နောက်ဆုံး လှေရှိရင်တောင် ရေကြောနားမလည်တော့ ဘယ်နေရာမှာ ငါးရတယ်ဆိုတာ မသိဘူး။

ရခိုင်မှာ ရွာမှာနေကြသူအများစုထဲ တော်ရုံလူက တောင်တက် မျှစ်ချိုး၊ ကြိမ်ခုတ်တော့ တတ်ကြတာချည်း။ ဒါပေမဲ့ ဒီလူအုပ်ကြီးဟာ သူ့နောက်မှာ မေယုတောင်ကြောကြီးရှိပေမဲ့ တော မကျွမ်းတော့ ဘယ်နေရာမှာ ထင်းခုတ်ရမယ်ဆိုတာတောင် မသိကြဘူး။

အဲ့ဒီတုန်းက ဝန်ကြီးချုပ် ဦးညီပုကို ကျနော် ဒီကိစ္စမေးပါတယ်။ ဒီလူအုပ်ကြီးကို ခေါ်ချလာတဲ့လူတွေကို ဘယ်သူက ခွင့်ပြုတာလဲဆိုတဲ့ကိစ္စပါ။ ဦးညီပုမှာလည်း တိကျတဲ့အဖြေ မရှိပါဘူး။

နောက်ပိုင်းတော့ ဒီလူအုပ်ကြီး သတင်း မကြားရတော့ပါဘူး။ တချို့လည်း သူ့တို့ဇာတိ ဆင်ခေါင်း ဂျိတ္တော ပြန်သွားကြတယ်လို့ ဆိုတယ်။ တချို့လည်း စစ်တွေမှာ ကျဘမ်းလုပ်နေကြတယ်ဆိုတယ်။

'အနောက်ဘက်တံခါး ကာကွယ်ရေးအဖွဲ့' အတွက်တော့ ဒီစီမံကိန်းက အထ မမြောက်လိုက်တဲ့ စီမံကိန်းတခုလို့ ဆိုမလား မပြောတတ်ပါ။ ဒါပေမဲ့ ဒီ ရခိုင် မိသားစုများစွာကတော့ အမျိုးသားရေး လှုပ်ရှားမှုတခုအောက်မှာ လူမသိ သူမသိ အသုံးချခံလိုက်ရတယ် ဆိုတာကိုတော့ ငြင်းလို့ မရပါဘူး။

မြတ်ကျော်သူ

ဓာတ်ပုံ - ကိုးတန်ကောက်အနီးက ရခိုင်ရွာသစ်။ (၂၀၁၈ ဇန်နဝါရီ ၇)

#January 16, 2029 (Myat Kyaw Thu's FB post)