![]() |
| ၁၉၈၈ ခု၊ မန္တလေးတွင် မြန်မာမွတ်စလင်များ ဆန္ဒပြနေပုံ။ |
စိတ်ကူးထဲက အပိုင်းအစများ
— Kay Te Zat O
– ဗမာ့သမိုင်းမှာ နိုင်ငံ့ကောင်းကျိုးအတွက် သစ္စာရှိရှိ ပထမဆုံး လက်နက်နဲ့ ငြိမ်းချမ်းရေးလဲခဲ့တာ မွတ်စလင်မ်တွေပါ။ (မွတ်စလင်မ်ဆိုတာ အစ္စလာမ်ဘာသာကိုယ်းကွယ်သူတိုင်းကို ခေါ်ပါတယ်။)
– လက်နက်ရှိစဉ်တုန်းကတော့ အချော့သတ်နဲ့ ပေါင်းပြီး လက်နက်မဲ့သွားတဲ့အခါ နည်းမျိုးစုံနဲ့ ၀ိုင်းဖိကာ လူမျိုးတစ်ခုလုံး ပျောက်ကွယ်သွားအောင် စနစ်တကျ လုပ်နေတာကို သံဝေဂ ယူစရာပါ။…
– ဗမာပြည်မှာ ကိုယ်းကွယ်ရာမတူရင် ရန်သူလို့သတ်မှတ်ပြီး ကိုယ်းကွယ်ရာတူတဲ့ တိုင်းရင်းသားတွေကိုတော့ မဟာဝါဒတစ်ခုအောက်ကို ဘာသာရေးမှိုင်းတွေတိုက်ပြီး ရည်ရွယ်ချက်ရှိရှိနဲ့ အတင်းသွပ်သွင်းနေခဲ့တာ ဟိုးတုန်းကတည်းကပါ။
– လ၀ကတွေဟာ မှတ်ပုံတင်၊ အိမ်ထောင်စုဇယားတွေ ထုတ်ပေးရေးမှာ ကိုယ်းကွယ်သည့်ဘာသာ ဗုဒ္ဓဖြစ်နေပါက လွယ်လွယ်ကူကူ အချိန်မဆိုင်းဘဲ ထုတ်ပေးလေ့ရှိပြီး၊ မတူကွဲပြားတဲ့ ဘာသာတရားတွေဆိုရင်တော့ အချိန်ဆွဲထားလေ့ ရှိပါတယ်။
– ဘာကြောင့်လဲဆိုတော့ တိုင်းပြည်ရဲ့ အဓိကကျတဲ့ အခန်းကဏ္ဍတွေမှာ ဗုဒ္ဓဘာသာဝင်တွေကိုသာ ပါဝင်စေချင်ပြီး မွတ်စလင်မ်များကို စိတ်ဓာတ်ပိုင်း၊ ခန္ဓာပိုင်းတွေ အဘက်ဘက်မှာ ကျဆင်းသွားအောင် ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေတယ်ဆိုတာ ပေါ်လွင်ပါတယ်။
– မြန်မာမွတ်စလင်မ်တွေသာ သီးခြားရှိနေတဲ့ နယ်တွေမှာ ဒေသဖွံ့ဖြိုးရေးတွေအတွက် လစ်လျူရှုခံခဲ့ရတာတွေဟာ အလွန့်အလွန်ကို များလှပါတယ်။ ဥပမာတစ်ခုပြောရရင် ယင်းတော်ရွာဆိုတာ ကုန်းဘောင်မင်းဆက်တွေရဲ့ နန်းတွင်း သစ္စာတော်စောင့် အမှုတော်ထမ်း မြန်မာမွတ်စလင်မ်များရဲ့ အဆက်အနွယ်တွေသာ သီးသန့်နေထိုင်ခဲ့တဲ့ ရန်ကုန်-မန္တလေး ကားလမ်းမကြီးပေါ်က ပျော်ဘွယ်မြို့ တစ်စိတ်စာရှိတဲ့ ဧရာမရွာကြီး တစ်ခုဖြစ်ပါတယ်။ အနီးအပါးက ဗုဒ္ဓဘာသာကိုယ်းကွယ်သူတွေရှိတဲ့ ရွာတွေမှာ လျှပ်စစ်မီးတွေ ထိန်ထိန်ညီးနေတဲ့အချိန်မှာ ယင်းတော်ရွာသား အများစုကတော့ ဖယောင်းတိုင်မီး၊ တတ်နိုင်သူတွေကတော့ တစ်ရာမီး (၀လူမျိုးများ ညနေ ၆-၁၀ အတွင်း ပေးထားတဲ့ မီးတစ်ပွင့် တစ်နေ့ ၁၀၀ ပေးရတဲ့မီး) တွေနဲ့ နေထိုင်ခဲ့ရတာ အခု ဒီမိုကရေစီသမ္မတဦးသိန်းစိန်(ဗိုလ်ချုပ်ကြီးဟောင်း)ခေတ်အထိပါ။
– တချိန်က မြန်မာ့လက်ရွေးစင်တွေဖြစ်ခဲ့တဲ့ မျိုးလှိုင်ဝင်းတို့ သန်းတိုးအောင်တို့နဲ့အတူ တောင်ငူမြို့က ဗုဒ္ဓဘာသာကိုယ်းကွယ်သူ ခေါင်းတိုက်ကောင်းတဲ့ ကိုဝင်းအောင်က နိုင်ငံ့လက်ရွေးစင်ဖြစ်နေချိန်မှာ မြို့နယ်၊ ခရိုင်၊ တိုင်းအဆင့်တွေတိုင်းမှာ သူ့ထက်သာအောင် နေရာယူနိုင်ခဲ့ပေမဲ့ မွတ်စလင်မ်ဖြစ်နေလို့ တိုင်းလက်ရွေးဆိုတာထက် မပိုတဲ့အဆင့်သာရောက်ခဲ့ပြီး အခန့်မသင့်လို့ ထောင်ထဲကိုတောင် (၅-ည)အမှုနဲ့ နှစ်ပေါင်း(၂၀)ကျော်လောက် စီရင်ချက်ချကာ အပို့ခံလိုက်ရပါတယ်။
– မြန်မာမွတ်စလင်မ်တွေဟာ စစ်တပ်မှာဆိုရင် ဗိုလ်လောင်းအရွေးခံခွင့်မရှိဘူး၊ အစိုးရဌာနဆိုင်ရာတွေမှာ ညွှန်မှူးထက်ပိုတဲ့အဆင့်ကို မရကြဘူး။ အများအားဖြင့် အောက်တန်းစား ရာထူးတွေမှာပဲ မျှောထားခံရတယ်။ မြန်မာမွတ်စလင်မ်စစ်စစ်တွေ ဖြစ်ပါရဲ့နဲ့ မှတ်ပုံတင်တွေ မရှိကြဘူး။ အခုထိ မြန်မာပြည်မှာရှိနေတဲ့ အစ္စလာမ်ဘာသာကိုယ်းကွယ်သူ မြန်မာမွတ်စလင်မ်များ၏ (၁၀%) လောက်သာ မှတ်ပုံတင်ရှိကြပါတယ်။ ထုတ်ပေးရတဲ့သူတွေဆိုရင်လဲ မြန်မာနိုင်ငံသားလို့ အသိအမှတ်မပြုချင်တာကြောင့် နိုင်ငံရပ်ခြား တစ်ခုခုရဲ့ သွေးနှောသူလို့ သမုတ်လေ့ရှိပါတယ်။
မြန်မာပြည်ကို ဦးဆုံးဝင်ရောက်ခဲ့တဲ့ကတည်းက ပါရှိလာတဲ့ မြန်မာမွတ်စလင်တို့သာ သီးသန့်တည်ရှိတဲ့ အထက်အညာမြေက ကုန်းဘောင်မင်း နန်းစိုက်တဲ့ မြေထူးနယ်သား မြန်မာမွတ်စလင်မ်တွေတောင် နိုင်ငံခြားသားအဖြစ် မှတ်ပုံတင်မှာ ထည့်သွင်းဖော်ပြခံနေရတာက သက်သေတစ်ခုပါ။
မဖြစ်မနေ သေရေးရှင်ရေးအတွက် ပြည်ပမှာ ဆေးသွားကုရမဲ့သူတွေဆိုရင် နိုင်ငံကူးလက်မှတ် တစ်စောင်ရဖို့ ငွေကို အဆမတန် ပုံပေးပြီး မှတ်ပုံတင် လုပ်ရပါတယ်။ သိန်းပေါင်းများစွာကို ပုံအောပေးပြီး ဗုဒ္ဓဘာသာဝင်တွေ ကြိုက်သလောက် ယူလို့ရတဲ့အချိန်မှာ မွတ်စလင်မ်တွေအတွက် ရွှေထက်တန်ဖိုးထားရတဲ့ အဖိုးတန်ပစ္စည်းတစ်ခုလို ဖြစ်လာရပါတယ်။
– ကျောင်းတွေတက်လဲ မှတ်ပုံတင်မရှိလို့ ဘွဲ့မရသူတွေက များလာတယ်။ အိမ်ထောင်စုဇယားတွေ လက်ဝယ်ထုတ်မပေးထားဘူး။ လက်ဝယ်ရှိထားသူတွေလဲ အကြောင်း မတိုက်ဆိုင်လို့ ပျောက်သွားရင် ငွေကို သိန်းချီပေးပြီးမှ ပြန်ထုတ်ယူလို့ရတယ်။ မတတ်နိုင်သူတွေ မထုတ်ကြတော့ လက်ရှိကနေ လက်မဲ့တွေ ဖြစ်ကုန်ကြတယ်။ အိမ်ထောင်စုဇယားတွေ ရှိပါရဲ့နဲ့ တစ်မြို့မှ တစ်မြို့ကို ရွှေ့ပြောင်းဖို့ အလွန့်အလွန်ကို ခက်ခဲနေရတယ်။
– ဒါကြောင့်ပဲ ရခိုင်ပြည်မှာလို ဗုဒ္ဓဘာသာဝင် အာဏာပိုင်၊ ပါတီနဲ့ အရပ်သားတွေဟာ မွတ်စလင်မ်တွေအပေါ် အခုလို စနစ်တကျနဲ့ အနိုင်ကျင့် ဖိနှိပ်မှုတွေ ပေါ်ပေါက်လာတဲ့အခါ အိမ်ထောင်စုဇယားနဲ့ မှတ်ပုံတင်တွေမရှိတာကို အကြောင်းပြပြီး နိုင်ငံခြားသားလို့ မွတ်စလင်တွေကို သမုတ်လို့ရတာပေါ့။
အဲ့ဒီနောက်ဆက်တွဲကတော့ ရခိုင်မွတ်စလင်မ်တွေအတွက် နေစရာ မြေဆိုတာ မရှိလို့ ဦးတည်ရာမဲ့နေချိန်မှာ ရခိုင်ဒေသက ဗုဒ္ဓဘာသာဝင်တွေအတွက် အလှူအတန်းတွေကတော့ နေ့စဉ်လိုလို တီဗွီဖန်သားပြင်ပေါ်မှာ နေရာယူထားနိုင်ပါပြီ။
– သူတို့မှာ စားကောင်း၊ သောက်ကောင်း၊ အိပ်ကောင်းနေတဲ့အခိုက် မွတ်စလင်မ်တွေဟာတော့ လူဖြစ်ကြောင်းကိုတောင် သက်သေပြဖို့ အထောက်အထားတွေ မရှိကြတော့တဲ့အခါ ဟိုးမြို့စွန်က မှောင်မဲတဲ့ တောစပ်တွေထဲမှာ ဖျဉ်မိုးကာနဲ့ ရေ၊ မိုး၊ လေဒဏ်တွေကြားမှာ ကလေးငယ်တွေဟာ ကြောက်ရွံ့စိုးထိတ်ရင်း အော်ဟစ် ငတ်ပြတ်နေကြပါပြီ။
– ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးတွေ နိုင်ငံတကာကပေးဝေတဲ့ ချောကလက်တွေ၊ ဘီစကစ်တွေကို အစိုးရကတဆင့် ၀၀လင်လင်စားသောက်ပြီး အင်္ကျီအသစ်တွေဝတ်ပြီး ကလေးငယ်တွေ ဘုန်းကြီးကျောင်းတွေထဲမှာ ပြေးလွှားဆော့ကစားနေတဲ့အချိန် မွတ်စလင်မ်တွေကတော့ တစ်ရက်အတွက် မိသားစုတစ်ခုကို ဆန်နို့ဆီဗူးတစ်လုံးတောင် မရရှိတဲ့ဘ၀တွေပါ။ သူတို့ကို လှူဖို့ ဘယ်သူမှ မတတ်နိုင်ဘူး။ ဘယ်သူမှ မကူညီနိုင်ကြဘူး။
– မီဒီယာတွေက ဗုဒ္ဓဘာသာကိုယ်းကွယ်တဲ့ ရခိုင်သတင်းထောက်တွေကို ဖြစ်တဲ့နေရာတွေကို ပို့ပြီး သတင်းယူခိုင်းတယ်။ ၀တ္တရားမစောင့်သိတဲ့ သတင်းထောက်ဟာလဲ ဖြစ်ပျက်နေတဲ့အခြေအနေဆိုတာထက် ခံစားချက်ကိုဦးတည်ပြီး အမှန်ကိုအမှားလုပ်ပြကြတယ်။ ကိုယ်ချင်းစာတရားရှိသူ ဗုဒ္ဓဘာသာဝင်တွေဟာလဲ မီဒီယာတွေရဲ့ သတင်းမှားတွေကို လက်ခံလိုက်ကြတယ်။ နောက်ဆက်တွဲကတော့ အဖြစ်မှန်တွေ ကွယ်ပျောက်ကုန်ပြီး အထောက်အထားတွေ မရှိကြတော့လို့ ကလေး၊ မိန်းမများပါမကျန် အကြမ်းဖက် သောင်းကျန်းသူ နိုင်ငံခြားသားများလို့ ခေါင်းစဉ်တပ်ခြင်း ခံလိုက်ရတယ်။
– လွန်ခဲ့တဲ့ (၂၀၀၁)လောက်က တောင်ငူမှာ ဘာသာရေးအကြမ်းဖက်မှုတွေ ဖြစ်ခဲ့ပြီးနောက် အိုးအိမ်တွေနဲ့အတူ သက်သေခံလက်မှတ်၊ မှတ်ပုံတင်၊ အိမ်ထောင်စုဇယား၊ အိမ်ဝိုင်းခြံမြေ ဂရမ်၊ အရေးကြီး စာချုပ်စာတမ်းတွေကိုတောင် မယူနိုင်ဘဲ ဆောက်တည်ရာမဲ့ ထွက်ပြေးခဲ့ကြရတယ်။ နေ့ခင်းမှာ ပေါ်တင် ဗလီတွေ၊ ကျောင်းတွေ၊ ဆိုင်တွေ၊ အိမ်တွေကို မီးရှို့၊ အကြမ်းဖက်၊ လုယက်၊ ဖျက်ဆီး၊ သတ်ဖြတ်ကြတယ်။ ညမှာ အကြမ်းဖက် အစွန်းရောက်ဗုဒ္ဓဘာသာဝင်တွေကို အေးအေးဆေးဆေး နားနေနိုင်အောင် မာရှယ်လော ထုတ်ပေးထားတယ်။ မနက်မိုးလင်းတဲ့အခါ ထိုသူတွေ ရောက်လာပြီးအကြမ်းဖက်ခဲ့ကြတာ လနဲ့ချီအောင်ပါ။
မီးသတ်ကားတွေက မွတ်စလင်မ်အိမ်များကို အကြမ်းဖက်သူတွေ မီးရှို့နေစဉ် စောင့်ကြပ်ကြည့်ရှုပေးထားတယ်။ တစ်အိမ်လုံး သုံးမရအောင် ပျက်စီးသွားတော့ ဘေးက ဗုဒ္ဓဘာသာဝင်တွေရဲ့အိမ်တွေကို မီးစွဲမလောင်ရအောင် မီးသတ်ကားက စနစ်တကျကို မီးငြှိမ်း ရေဖျန်းပေးပါတယ်။
– သုံးမရတော့ပေမဲ့ မပြိုပျက်သေးဘဲ ကျန်နေသေးတဲ့ မွတ်စလင်မ့်အဆောက်အဦးတွေကိုတော့ စစ်တပ်က ဘယ်သူမှမထွက်နိုင်တဲ့ ညအချိန်မှာ ခက်ခဲ့တဲ့ ဗလီလို အဆောက်အဦးတွေကို ဖျက်ဆီးခြင်း၊ နေ့အချိန်မှာ လွယ်ကူတဲ့ အဆောက်အဦးတွေကို အရပ်ဘက်အဖွဲ့တွေ၊ မီးသတ်တွေ၊ ရဲတွေက ဖြိုချပေးပါတယ်။
မှတ်မိပါသေးတယ်။ အခုမရှိတော့တဲ့ တပင်ရွှေထီးခေတ်ကတည်းက တည်ထားတဲ့ တောင်ငူခေတ် သမိုင်းဝင်ဗလီတစ်လုံဖြစ်တဲ့ အုပ်ရိုးထု (၂) ပေခွဲလောက်အထူ၊ အမြင့်ပေ(၂၀)၊ အကျယ် ပေ (၇၀) ပတ်လည်လောက်ရှိတဲ့ တောင်ငူခေတ် ရှေးလက်ယာမြောက် “ဟံသာဗလီ”ကြီးကို နေ့ခင်းပိုင်း အရပ်သားတွေက ၀ိုင်းဝန်းပြီး မှန်တွေ၊ အတွင်းပရိဘောဂတွေကို ဖျက်ဆီးခဲ့ပြီး ထင်တွေပုံပြီး မီးရှို့ခဲ့ပါတယ်။ သုံးရက်ကြာတော့ ညခင်းပိုင်း မာရှယ်လောထုတ်ထားချိန်မှာ စစ်သားတွေ တပ်ရင်းလိုက် ၀င်ရောက်ပြီး ဗလီတစ်ခုလုံးကို ပြိုကျအောင် ဖြိုဖျက်ကြပါတယ်။ ဘေးပတ်ဝန်းကျင်တွေကတော့ အသံကြားတယ်၊ မြင်ရတယ်ဆိုပေမဲ့ ဘာမှ လှုပ်မရကြပါဘူး။ ဒီလိုပါပဲ အိမ်တွေ ပျက်စီး မီးလောင်သွားတဲ့မွတ်စလင်မ်တွေဟာ မိမိတို့ရဲ့ အရေးကြီး စာရွက်စာတမ်းတွေကို ဘာမှ အရမယူနိုင်ခဲ့တာကြောင့် အခုထိကို နေထိုင်ရေးတွေမှာ အခက်အခဲတွေ့နေကြဆဲပေါ့။
– တကယ်တော့ ပြည်တွင်းမှာ ကိုယ်းကွယ်ရာဘာသာ ယေဘုယျအားဖြင့် လေးမျိုးရှိတယ်လို့ အသိအမှတ်ပြုထားပေမဲ့ ဗုဒ္ဓဘာသာပြီးရင် ဒုတိယမြောက် ကိုယ်းကွယ်မှုအများဆုံးလို့ ဆိုနိုင်တဲ့ အစ္စလာမ်ဘာသာဝင်တွေဟာ တိုင်းပြည်အပေါ် သစ္စာရှိရှိနဲ့ ကိုယ်ကျိုးမဖက်ဘဲ ပေးဆပ်ခဲ့တာကို မြန်မာပြည် တည်ထောင်စဉ်ကတည်းက အခုချိန်ထိ ကြည့်ပါက သာဓကတွေ အများကြီး တွေ့နိုင်တယ်ဆိုတာ ငြင်းလို့ မရပါ။ အာဇာနည် ကိုးဦးမှာ မွတ်စလင်မ် နှစ်ဦးကနေ သုံးဦးအထိပါဝင်ခဲ့တယ်ဆိုတာတွေ၊ အင်္ဂလိပ်ခေတ်မှာ အင်္ဂလိပ်ကို တော်လှန်ခဲ့သူတွေရဲ့ နဘေးမှာ သေဒဏ်ပေးခံခဲ့ရတဲ့ မွတ်စလင်မ်တွေ ဘုရင့်ခေတ်မှာ တိုင်းပြည်ကာကွယ်ရေးအတွက် တာဝန်ထမ်းဆောင်ခဲ့သူတွေကတော့ ဖုံးကွယ်လို့မရတဲ့ သမိုင်းတွေပါ။ (ဒါတွေကို အရင်က ကျနော် တင်ပြခဲ့ဖူးပါတယ်။)
အခုတော့ ဒီသမိုင်းတွေကိုလဲ စနစ်တကျ ဖျောက်ဖျက်ဖို့ ရှေးရှေးကတည်းကရှိခဲ့တဲ့ မြန်မာမွတ်စလင်မ်သင်္ချိုင်းတွေကို အတင်းအဓမ္မ ဖျက်ဆီးနေတာတွေ၊ ရှေးဟောင်းဗလီတွေကို သင်္ဃန်းဝတ်ဟန်ဆောင်ပြီး ဖျက်ဆီးတာတွေ၊ ဘာသာရေးကျောင်းတွေကို ၀င်စီးတာတွေ၊ ရှေးမွတ်စလင်မ်အိမ်တွေကို ၀င်လုတာတွေ၊ မြန်မာမွတ်စလင်မ်တွေကို အကြမ်းဖက်နေတာတွေ၊ မွတ်စလင်မ်ဆန့်ကျင်ရေးတွေကို မီဒီယာမျိုးစုံအသုံးပြုပြီး လုပ်ဆောင်နေတာတွေ၊ ဖျက်ခံလိုက်ရတဲ့ အစ္စလာမ် ဘာသာရေးအဆောက်အဦးမြေနေရာတွေအပေါ်မှာ ဘုရားတည် ကျောင်းဆောက်ထားတာတွေ စုံအောင်ကို ဖြစ်ပျက်လာခဲ့တာ အခုဆို ရခိုင်ပြည်က အကြမ်းဖက် လုယက် သတ်ဖြတ်မှုတွေဟာ ကမ္ဘာကကို လက်တွေ့သိမြင်ခဲ့ရလို့ မြန်မာ့သမိုင်းရဲ့ ပုံရိပ်တွေဟာ ပြည်တွင်းအကြမ်းဖက်မှုတွေကြောင့် သွေးသံတရဲရဲနဲ့ စိုထိုင်းထိုင်းဖြစ်ကာ လွယ်လွယ်နဲ့ ခြောက်သွေ့နိုင်တော့မယ် မထင်ပါဘူး။
– အာဇာနည်ကိုးဦးထဲက အသက်အကြီးဆုံးလဲဖြစ်၊ အဲ့ဒီခေတ်က ပါလီမန်အတွင်းဝန်တွေရဲ့ အလေးထားရတဲ့ ပညာရှိ နိုင်ငံတော် အကြံပေး ခေါင်းဆောင်ကြီးလို့တောင် ပြောလို့ရတဲ့ ဦးရာဇတ်ကို ဗိုလ်ချုပ်အောင်ဆန်းက လူမျိုးစုတွေရဲ့ လက်နက်ကိုင်တပ်ဖွဲ့ငယ်တွေ ဖွဲ့စည်းစဉ်အချိန်မှာ မြန်မာမွတ်စလင်မ်တွေကိုလဲ ဖွဲ့စည်းဖို့ တိုက်တွန်းတဲ့အချိန်မှာ “မွတ်စလင်မ်ဆိုတာ လူမျိုးတစ်ခု မဟုတ်ပါဘူး၊ ကိုယ်းကွယ်ရာ ဘာသာတရားပဲ မတူတာကလွဲလို့ အားလုံးဟာ တသားတည်းပါ၊ လူမျိုးစု တပ်ဖွဲ့တွေမှာ မွတ်စလင်မ်တွေရှိခဲ့ရင် သူတို့မိခင်တပ်က ပေးအပ်တဲ့တာဝန်အတိုင်းပဲ ထမ်းဆောင်ပါလိမ့်မယ်၊ တိုင်းပြည်မှာ အဖွဲ့တွေ အုပ်စုတွေ သိပ်များရင် မကောင်းပါဘူး”လို့ ဦးရာဇတ်က ရှင်းရှင်းလင်းလင်းကို ပြန်ပြောခဲ့တာဟာ မြန်မာမွတ်စလင်မ်တွေအားလုံးကို ကိုယ်စားပြုခဲ့ပါတယ်။
– အခုတော့ လက်နက်မရှိတဲ့ မွတ်စလင်မ်တွေကို နိုင်ငံအနှံ့မှာ ဖိနှိပ်မှုတွေဟာ အလွန့်အလွန်ကို အတင့်ရဲလာကြပါပြီ။ ဘယ်လောက်ထိ မတွေးဝံ့စရာတွေကို တွေ့လိုက်မိလဲဆိုရင် “ဒါ မင်းတို့နိုင်ငံမဟုတ်ဘူး ကိုယ့်နိုင်ငံ ကိုယ်ပြန်ကြ”တဲ့၊ “မွတ်စလင်မ်တစ်ယောက်ကို သတ်နိုင်ရင် ငွေငါးသိန်းပေးမယ်၊ မွတ်စလင်မ်မတစ်ယောက်ကို မုဒိမ်းကျင့်နိုင်ရင် ငွေသုံးသိန်းပေးမယ်”တဲ့။
– ပိုဆိုးလာတာက မြန်မာမွတ်စလင်မ်မိန်းကလေးတွေရဲ့ အွန်လိုင်းပေါ်က ဓာတ်ပုံတွေကို အသုံးချပြီး အမေနှစ်မ မစာနာတဲ့ စကားလုံးတွေနဲ့ ခိုင်းနှိုင်းလာတာတွေ၊ မွတ်စလင်မ်မိန်းကလေးတွေကို မုဒိန်းကျင့်ထားတဲ့ ဓာတ်ပုံတွေကို ပြထားတာတွေဟာ ဟိုတုန်းက စစ်ခွေးလို့ခေါ်တဲ့ ရုရှားရောက် ပြည်သူ့ဘဏ္ဍာအချောင်စားပြီး တိုင်းပြည်ဖျက်နေတဲ့ ဗုဒ္ဓဘာသာကိုယ်းကွယ်သူတွေတည်ထောင်တဲ့ Myanmar express ဆိုဒ်လောက်ကသာ လုပ်ခဲ့ကြပေမဲ့ အခုတော့ ဗုဒ္ဓဘာသာကိုယ်းကွယ်သူ မြန်မာလို့ခေါ်တဲ့ မိန်းမ၊ ယောက်ျားအများစုကပါ တပျော်တပါးကြီး ပါဝင်လာတာကို တွေ့နေရပါပြီ။ (သိချင်ရင် group တော်တော်များများမှာ ၀င်ကြည့်ပါ။)
– ဘာသာရေးကို ရှေ့တန်းတင်လာရာက မဟာအမျိုးသားရေး ၀ါဒတွေ လွှမ်းခြုံလာပြီး အတွေးတွေကို လွှမ်းခြုံသွားလို့ အရာရာတိုင်းမှာ အရှိကို အရှိအတိုင်း မမြင်နိုင်ကြတော့ဘဲ အမှောင်ခေတ် တိုင်းပြည် ပျက်သုန်းရေးကို နောက်ပြန်ဆွဲ ဦးတည်လို့ လာနေပါပြီ။ တောင်ကုတ်မြို့က ဖြစ်ပေါ်ခဲ့တဲ့ကိစ္စတွေမှာဆိုရင် ဗုဒ္ဓဘာသာကိုယ်းကွယ်သူတွေရဲ့ အောင်ပွဲခံပုံရိပ်ဟာ မြန်မာ့သမိုင်းကို အောက်တန်းကျစေခဲ့ပါတယ်။
– အခုဆို သမိုင်းထဲမှာ ဘယ်တုန်းကမှ ကောင်းကွက်မရှိခဲ့ဘဲ အခုချိန်ထိကို သိက္ခာအဖတ်ဆယ်မရတဲ့ စစ်တပ်က စစ်ခွေးတွေကို ဗုဒ္ဓဘာသာကိုယ်းကွယ်သူ အများစုက အဖေလို ကိုယ်းကွယ်နေကြပါပြီ။ အမေလို တန်ဖိုးထားခဲ့တဲ့ ကမ္ဘာရှားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုတောင် ဆဲရေးတိုင်းထွာလာကြပါပြီ။
– သမိုင်းတွေကို လူမျိုးတစ်စုက ဖျောက်ဖျက်ခဲ့မယ်ဆိုရင်တောင် ကမ္ဘာကြီးကတော့ မမေ့လောက်ပါဘူး။ မဟာဝါဒတွေကို ရှေ့တန်းတင်ခဲ့ကြသူတွေ ကမ္ဘာတည်သရွေ့ သမိုင်းဆိုးနေကြတယ်ဆိုတာကိုတော့ ဟစ်တလာကိုသာ ကြည့်ပြီး သံဝေဂ ယူလိုက်ကြပါ။
– နောက်ဆုံး ပြောချင်တာကတော့ ဘယ်သူတွေ ဘယ်လိုပဲ ပြောနေပြောနေ မြန်မာမွတ်စလင်မ်ဟာ မြန်မာမွတ်စလင်မ်ပါပဲ။ သမိုင်းဖျောက်မယ်ဆိုရင် မမျှော်လင့်တဲ့ သမိုင်းတွေလဲ ပျောက်တတ်သလို ဖျက်မရတဲ့ အမှားတွေနဲ့လဲ ကြုံတွေ့တတ်ပါတယ်။ အစ္စလာမ်ဘာသာဝင်တိုင်းဟာ ဘယ်တော့မှ မကျူးကျော်ပါဘူး။ သည်းခံပါတယ်။ သာသနာ့သမိုင်းမှာ ဖြစ်ပျက်ခဲ့သမျှသော စစ်ပွဲတိုင်းဟာ ခံစစ်တွေဆိုတာကို သိစေလိုပါတယ်။
မှတ်ချက်။ စိတ်ကူးအပိုင်းအစများအား အချိန်ဆင်းရဲသားတစ်ယောက်အနေနဲ့ ရေးသားထားရခြင်းကြောင့် အမှားအယွင်း၊ မဆီလျော်မှုတွေ ပါမယ်ဆိုရင် ကြိုက်သလိုသာ ပြင်ဖတ်ကြတော့ဗျာ။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများပီပီ အားရပါးရ comments များနဲ့ ဆဲကြဆိုကြပြီး ဇာတိပြတာကိုလဲ မငြိုငြင်ကြဖို့ မြန်မာလူမျိုး အစ္စလာမ်ဘာသာဝင်တစ်ယောက်အနေနဲ့ ကြားဝင်တောင်းပန်ပေးပါတယ်။ 
လေးစားစွာဖြင့်-
ခေဋီဈက်အို
(၁၄-၆-၂၀၁၂)
(ကူးယူဖော်ပြ)

No comments:
Post a Comment