Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, August 4, 2017

ရိုဟင်ဂျာ ရိုးရာ ဓာံင်ကားလား (ကျည်းသားရိုက် ကစားနည်း)

ရေးသား 📓 ရိုဟင်လေး (ရိုသွေး)|
အမျိုးအစား ♠ ရိုဟင်ဂျာ ရိုးရာ ကစားနည်းများ [Traditional Sports of Rohingya]

ရိုဟင်ဂျာ ရိုးရာ ဓာံင်ကားလား [Dhañg Khála]

❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇

အာရ်ကာန်ပြည်ရဲ့ ကျေးလက် ဒေသများတွင် လယ်ကွင်း၊ ကွင်းပြင် ကျယ်ကျယ်၌ လူငယ်များ သည် အုပ်စုဖွဲ့ကာ တစ်ယာက်က တစ်တောင့်ထွာခန့် တုတ်ချောင်းငယ် (ရိုက်တံ)ဖြင့် အခြား အဖျားနှစ်ဖက်တွင် တစောင်းစွေဖြတ်ထားသည့်   တစ်ထွာခန့် တုတ်ချောင်းငယ် (ကျည်းသီး/ ကျဉ်းဆန်) ကို ရိုက်နှက်သည်ကို နောက်တစ်စုက လိုက်လံ ဖမ်းနေလျက် ကစားနေသည့် ကြည်နူးဖွယ် မြင်ကွင်း ကို  ယနေ့တိုင် တွေ့မြင်နိုင် ပါတယ်။ ယင်းက အခြားမဟုတ် ရှေးခေတ်ကပင် ရိုလူငယ်တွေရဲ့ အသည်းစွဲ ကစားပြီး လူငယ် ပျော်ပွဲရွှင်ပွဲ ဘဝ ကုန်ဆုံးလာခဲ့သော “ဓာံင်ကားလား”  (ကျည်းသားရိုက် ကစားနည်း)ပင်ဖြစ်သည်။ 


“ဓာံင်ကားလား” သည် ပစ်ခတ်ကစားသည့် ရိုရိုးရာကစားနည်းတစ်နည်း ဖြစ်ပြီး ယနေ့ မော်ဒန် ခေတ်၌ ခေတ်စားနေသော ကစားနည်းများ မထွန်းကားခင်ကတည်းကပင် အာရ်ခါန်ပြည်တွင် ကစားလာနေသော ကစားနည်း တစ်မျိုးဖြစ်သည်။ ဆောင်းရာသီနှင့် ခြောက်သွေ့သော နွေရာသီတွင်ကစားတဲ့ ကစားနည်း ဖြစ် တယ်။ ယနေ့ခေတ်တွင် ခိုးဝင်လာသော ခေတ်ပေါ်အားကစားများကို လူငယ်များက လိုက်စား နေခြင်းဖြင့် ရိုးရာ အားကစားနည်းများ ပျောက်ကွယ်လုနီးပါးဖြစ်လာပါတယ်။  ထို့အပြင် ဗမာပြည် အနံ့အပြားမှာ အခြား လူမျိုးများ၊ အခြားဒေသများမှာလဲ ကစားတာကို တွေ့ရပါတယ်။ ကစားနည်းချင်း၊ ရိုက်နည်း ရိုက်ဟန်ချင်း၊ အခေါ်အဝေါ်ချင်း အနည်းငယ်စီ ခြားနားပါတယ်။ သက်ဆိုင်ရာ ဒေသနှင့် လူမျိုးသုံး ဘာသာစကားအလိုက် အမည်ပေး ခေါ်ဝေါတာ တွေ့ရပါတယ်။  ဒီကစားနည်းက အန္တရာယ် မကင်းပါ။ အဲဒါကြောင့် လူကြီး မိဘတို့က တားမြစ်လေ့ရှိတယ်။ တစ်ချို့က ရိုဟင်ဂျာ ရိုးရာ အားကစား ဖြစ်တယ်၊ သတ္တိဝီရိယလဲ မွေးထုတ်ပေးတဲ့ ကစားနည်း ဖြစ်တဲ့အတွက်ကြောင့် အားပေး သင့်တယ်လို့ ဆိုစမှတ်ပြုကြတယ်။ အုပ်စုဖွဲ့ ပြေးခုန်ပစ်ခတ်  ကစားရတဲ့ အတွက်ကြောင့် ကာယဖွံ့ဖြိုးမှုနှင့် စည်းလုံးညီညွတ်မှုကို ဖော်ဆောင်ပေးတဲ့ အားကစား တစ်မျိုးလဲဖြစ်တယ်။  ကဲ…ကြည့်ရအောင်…


အဓိကလိုအပ်သော ကစားစရာပစ္စည်းကိရိယာများ

ပစ္စည်းအများအပြားတော့ မလိုပါဘူး။ အနီးပတ်ဝန်းကျင်ကနေ  ကိုယ်တိုင် လုပ်ယူ ကစားနိုင်တဲ့ ပစ္စည်းတွေ ပဲ ဖြစ်ပါတယ်။ 

(၁) ဓာံင် ခေါ် အဖျားတစ်ဖက်တွင် ဟပါးစပ်(Hafí)ပါတဲ့ တစ်တောင့်ထွာခန့် တုတ်တစ်ချောင်း ရိုက်တံ။ 
(၂) ဓာံင် ဂူလာ့ ခေါ် သစ်သားနဲ့ဖြစ်ဖြစ် ၀ါးနဲ့ဖြစ်ဖြစ် ထိပ်နှစ်ဘက်ကို ခပ်ချွန်ချွန်ဖြတ်ထားတဲ့ ငါးလက်မ/ တစ်ထွာ ခန့် ရှိတဲ့ ကျည်းဆန်/ ကျည်းသီး။
ဒီနှစ်ခုပဲ ဖြစ်ပါတယ်။ (ပုံ-၁) ကို ကြည့်ပါ။ 

တာရေတွက်နည်းနှင့် ရိုက်နည်းရိုက်ဟန်

ဓာံင်ကစားရာတွင် အဓိက သိထားရမယ့်အချက်က ရိုက်နည်းပုံစံနှင့် တာရေ စနစ် နှင့် အခေါ်ပင် ဖြစ်ပါ တယ်။ ဒါတွေက ကစားနည်းရဲ့ အသက်သွေး ဖြစ်တယ်။ ဘာကြောင့်ဆိုတော့ ကျည်းဆန်ကို ပုံစံအမျိုးမျိုးဖြင့် လေထဲပစ်မြှောက် ရိုက်ကစားရတယ်။ အဲဒီလို ရိုက်ချက်ပုံစံ (ခုနှစ်)မျိုး ရှိတယ်။  အဲ့ဒီ ရိုက်ပုံရိုက်နည်း (၇)မျိုး ကို ကွင်းကြီးထဲ ဗမာအခေါ်အဝေါ်နဲ့တကွ ဖော်ပြထားတယ်။ ယင်းမှာ-


၁။ ဂါံတ္တုဝါ / Gañttúa               [တာတိုရိုက်ချက်] 

၂။ ထဲင့်ဂီယား / Théñgia         [ခြေမရိုက်ချက်]
၃။ နာခ်ဟိုလ္လာ / Nakhoilla     [ဆင်စွယ်ရိုက်ချက်] 
၎။ ဖော့ရ်ဖောရိ / Fórforí         [စင်္ကြာရိုက်ချက်] 
၅။ အေခ် အိုက်တာ့ / Ek áittá  [ထမင်းသုတ်ရိုက်ချက်]
၆။ ဗူခ် ဖားရာ့ / Vuk fáça         [အပြင်းရိုက်ချက်]
၇။ မွီဋ္ဌာ / Muittha                   [ဆုပ်တင်ရိုက်ချက်]

တာရေတွက်နည်း

ကျပြန်လွှဲ တဖန် ရိုက်ထားသော ကျည်းဆန်နှင့် တာအကွာအဝေးကို ရိုက်တံဖြင့် ခေါက်လှည့်ပြန် တိုင်းတာ ရေတွက်ရတယ်။ ထိုသို့ တိုင်းတာရာတွင်လည်း တာအမည်အမျိုးဖြင့် ရေတွက်ရပါတယ်။ ရိုက်တံ တစ်ကမ်း ကို “အေခ် ဓာံင်” [ek dhañg] လို့ ခေါ်ကြတယ်။ ရိုက်တံ တကမ်းလိုက် သီးခြား အမည်တွေ ပေးခေါ်ကြ တယ်။  အဲ့ဒီလို ရေတွက်တဲ့ ယူနစ် ခုနှစ်မျိုးရှိတယ်။ ယင်းမှာ-


(၁) အေရိ   {Eerí}                                              (၅) ဆောင်ကာ [Soñgka] 
(၂) ဒူရိ       {Duri}                                             (၆) ဇေဌ်           [Zet]
(၃) တေရိ   {Teri}                                              (၇) ဇာမ်           [Zam]  
(၄) ဆော်ရိ {Souri}  
အေခ် ဖုလ်       {Ek fúl} ( = ခုနှစ် ဓာံင်/ ရိုက်တံ ခုနှစ်ကမ်း) [တစ်ဆယ်]
အေခ်လာလ်    {Ek laal}  (= ခုနှစ် ဖုလ်)                            [တစ်ရာ]
အေခ် ဇော်လာ် {Ek zolal}  (= ခုနှစ် လာလ်)                      [တစ်ထောင်]     တို့ဖြစ်ပါတယ်။ 

တာတွက်ချက်အရ ရိုက်ချက် အတွဲ (၇)တွဲ



(၁) အေရိ          တာ       👉 ဂါံတ္တုဝါ               ရိုက်ချက်

(၂) ဒူရိ              တာ       👉 ထဲင့်ဂီယား         ရိုက်ချက် 
(၃) တေရိ          တာ       👉 နာခ်ဟိုလ္လာ        ရိုက်ချက်
(၄) စော်ရိ          တာ       👉 ဖော့ရ်ဖောရိ       ရိုက်ချက်
(၅) ဆောင်ကာ  တာ       👉 အေခ် အိုက်တာ့ ရိုက်ချက်
(၆) ဇေဌ်            တာ       👉 ဗူခ် ဖားရာ့          ရိုက်ချက်
(၇) ဇာမ်            တာ       👉 မွီဋ္ဌာ                   ရိုက်ချက်             တို့ဖြစ်ပါတယ်။ 

ရိုက်ပုံရိုက်နည်း (၇) မျိုး



၁။ ဂင်တ္တုဝါ [Gañttua] 

❇🔼🔼🔼🔼🔼❇


ရိုက်တံ၏ ဟပါးစပ်ဘက် (Hafí)ကို မြေကြီးရှိ တွင်းငယ်နှင့် ထိထားပြီး ကျည်းဆန်ကို ဟာဖီပေါ် ကန့်လန့်ဖြတ်တင်ထား၍ အဝေးသို့ တွန့်ပို့ရသောနည်းဖြစ်တယ်။ (ပုံ-၁)ကို ကြည့်ပါ။ ဒါက ရိုက်ချက်များ အနက် အလွယ်ဆုံးနည်းဖြစ်တယ်။ တွန့်အားနည်းသဖြင့် ဖမ်းရလွယ်ပါတယ်။ သေနိုင်မယ့် အလားအလာများပါတယ်။ 

🚩 ဂင်တ္တုဝါ ရိုက်ချက်ကို တာရေ အေရိ (တစ်ဓာင်)တိုင်းရလျှင် ရိုက်ရပါတယ်။ 


၂။ ထဲင့်ဂီယား [Théiñgá] 

❇🔼🔼🔼🔼🔼🔼🔼❇


ကျည်းဆန်ကို ညာဘက် (သို့မဟုတ်) ဘယ်ဘက် ခြေချောင်းကလေးတွေ ပေါ်မှာ တင်ထားပြီး ခြေထောက်ကို ဆတ်ခနဲမြှောက်ပေးလိုက်လို့ ပျံတက်လာတဲ့ ကျည်းဆန်ကို ရိုက်တံနဲ့ထိလည်းထိ ဝေးဝေးလည်း ပြေးအောင် ရိုက်ရတဲ့နည်း ဖြစ်တယ်။ (ပုံ-၂)ကို ကြည့်ပါ။


🚩 ထဲ့င်ဂီယား ရိုက်ချက်ကို တာရေ ဒူရိ (နှစ်ဓာံင်) တိုင်းရလျှင် အသုံးပြုရသည်။ 


၃။ နာခ်ဟွီလ္လာ [Nakhoilla]

❇🔼🔼🔼🔼🔼🔼🔼❇


ဘယ်ဘက်လက်က လက်ချောင်းကလေးတွေမှာ လက်ညှိုးနဲ့ လက်သန်းကိုသာဆန့်ထုတ်ပြီး ကျန်တဲ့ လက်ချောင်းတွေ ကွေးထားမယ်။ ဆန့်ထားတဲ့ လက်ညှိုးနဲ့ လက်သန်းက ဆင်စွယ်နှစ်ချောင်းလို အနေအထားပေါ်မှာ ကျည်းဆန်ကို တင်ထားပြီး လေထဲကို ပင့်မြှောက်ရပါမယ်။ ပြန်အကျမှာ ညာဘက်က ရိုက်တံတုတ်နဲ့ ရိုက်ရတဲ့ ရိုက်ချက် ဖြစ်ပါတယ်။ (ပုံ-၃) ကို ကြည့်ပါ။



🚩 တာအကွာအဝေးတိုင်း၍ တေရီ (သုံး ဓာံင်) ရလျှင် ဒီ နခ်ဟိုလ္လာ ရိုက်နည်းနဲ့ ရိုက်ရမယ်။ 



၎။ ဖော်ရ်ဖောရီ [Fórfori]

❇🔼🔼🔼🔼🔼🔼🔼❇


လက်တစ်ဖက်စီတွင် ရိုက်တံနှင့် ကျည်းဆန်ကို ကိုင်ရသည်။ 

ဘယ်လက်က ကျစ်ဆန်ကို ကိုင်မယ်။ ညာလက်က ရိုက်တံတုတ်ကို ကိုင်ပြီး ဘယ်လက်ထဲက ကျည်းဆန်ရဲ့  တစ်ဘက်စွန်းကို ရိုက်တံနဲ့ အသာပင့်ရိုက်လိုက်မယ်။ စင်္ကြာလို လည်ပြီး တက် သွားတဲ့ ကျည်းဆန်ရဲ့ အကျကို ညာလက်က ရိုက်တံနဲ့ လွှဲရိုက်ရတဲ့ ရိုက်ချက်ပါ။ (ပုံ-၄)ကို ကြည့်ပါ။ ကျည်းဆန်ကို ရိုက်တံနဲ့နှစ်ခါ ထိရပါမယ်။ ကျစ်ဆန်ဟာ စင်္ကြာလို လည်တက်ရမယ်ဆိုပေမယ့် လည်လည်.. မလည်လည်.. ကျည်းဆန်ကို ရိုက်တံနဲ့ နှစ်ခါထိဖို့ကသာ အဓိကပါ။


🚩ဖော်ရ်ဖောရီ ရိုက်ချက်ကို တာရေ ဆော်ရိ (လေး ဓာံင်)တိုင်းရလျှင် အသုံးပြုရသည်။ 



၅။  အေခ် အိုက်သာ့ [Ek áittá] 

❇🔼🔼🔼🔼🔼🔼🔼🔼🔼❇


အေခ်ဟိုက်သာ ကတော့  ရိုက်တံရော ကျည်းဆန်ကိုပါ လက် တစ်ဘက်တည်းမှာ ပူးကိုင်ပြီး ကျည်းဆန်ကို လေထဲ မြှောက်ပြီး ရိုက်တံနဲ့ ရိုက်ရတာပါ။ (ပုံ-၅) ကို ကြည့်ပါ။ လက်တစ်ဘက်တည်း ကျည်းဆန် မြှောက်တာရော ပြန်ကျလာတဲ့ ကျည်းဆန်ကို ရိုက်တံနဲ့ ရိုက်ရတာရော နှစ်မျိုးလုပ်ရတာမို့ ရိုက်ချက် နည်း နည်း ခက်ပါတယ်။ ထိအောင်ရိုက်ဖို့ ကြိုးစားရတာကြောင့် အသီး ဝေးဝေး ပြေးအောင် ရိုက်ဖို့ ခဲယဉ်း ပါ တယ်။


🚩အေခ်ဟိုက်သာ ရိုက်နည်းကို တာရေ ဆောင်ကာ (ငါး ဓာံင်) တိုင်းရရင် အသုံးပြုရတယ်။ 


၆။ ဘူခ်ဖားရာ့ [Vuk Fáça]

❇🔼🔼🔼🔼🔼🔼🔼❇


လက်တစ်ဖက်စီတွင် ရိုက်တံ ဓာံင်နှင့် ကျည်းဆန် ဂူလကို ကိုင်ရသည်။ ဘယ်ဘက်လက်က ကျည်းဆန်ကို အသာချလိုက်ပြီး ညာလက်ကရိုက်တံတုတ်နဲ့ လွှဲရိုက်နည်းပါ။(ပုံ-၆) ကို ကြည့်ပါ။  ရိုက်ချက်က လွယ်ပါတယ်။ ချိန်သားကိုက် သလောက် ပြင်းပြင်း ရိုက်နိုင်မယ့် ရိုက်ချက်ပါ။


🚩ဘုခ်ဖာ့ရား ရိုက်နည်းကတော့ တာရေ ဇေဌ် (ခြောက် ဓာံင်) တိုင်းလို့ရရင် သုံးတာပါ။ 
တာအကွာအဝေးကို မတိုင်းတာဘဲ ဖမ်းလှည့်ကျသူက ခန့်မှန်း ပေးလိုက်တဲ့အခါလဲ ဒီရိာက်ချက်ကို အများအားဖြင့် သုံးတယ်။ ကစားပွဲအနိုင်အရှုံးသိပြီး နိုင်တဲ့သူက အဝေးဆုံးရောက်အောင် ရိုက်ချင်ရင် ဒီ ဘူခ်ဖားရာ့ (မြန်မာ အခေါ်- အပြင်း/အဖျင်း) ရိုက်ချက်ကို သုံးပါတယ်။ ရှားရ [Cára]  (ဖျင်းတယ်)လို့ ခေါ်ပါတယ်။

၇။ မွီဋ္ဌာ [Múittha] 
❇🔼🔼🔼🔼🔼❇


ရိုက်တံကို ညာလက်နဲ့ ကိုင်ပြီး  ဘယ်ဘက်လက်ကို ဒေါင်လိုက်ဆုပ်ကာ လက်မနား  ကျည်းဆန်ကို ထားရတယ်။ ဘယ်လက်ပေါ်ရှိ ကျည်းသီးကို အသာမြှောက်တင်ပြီး ပြန်အကျကို ညာလက်ရှိ ရိုက်တံနဲ့ လွှဲရိုက်ရတဲ့ နည်းဖြစ်တယ်။  (ပုံ-၇) ကို ကြည့်ပါ။



🚩 မွီဋ္ဌာ ရိုက်ချက်ကို တာရေ ဇာမ် (ခုနှစ် ဓာံင်) တိုင်းရရင် ရိုက်ရတယ်။



သတိ⛔ တာအရေအတွက်အရ သက်ဆိုင်ရာ ရိုက်ချက်များကို မှားရိုက်မိလျှင် သေတယ် (Out).


“ ဓာံင်ကားလား ကစားနည်း”



ကစားမည့်သူတွေကို အုပ်စုနှစ်စုခွဲပါတယ်။ ဆာပ်ဘာနာ့ [Sáb baná]လို့ ခေါ်ပါတယ်။  အသင်းဝင် ကစားဖော်များကို ဆာပ် [Sáb]လို့ ခေါ်ပါတယ်။ အသင်းတစ်သင်းတွင် လူ ဘယ်နှယောက် ပါရမယ်ဆိုတာ အကန့်အသတ်မရှိဘူး။ များသောအားဖြင့် ခုနှစ်ယောက်စီ အုပ်စုဖွဲ့ ကစားကြတယ်။ ရိုက်ချက် ညံ့တဲ့ သူ. .တော်တဲ့သူမျှထားတဲ့ အုပ်စုနှစ်စုကို ဘောရ်ဆာ့ပ် [Boçsáb]  ခေါင်းဆောင် တစ်ဦးစီက ရွေးယူရတယ်။ 



ရိုက်လှည့်နဲ့ ဖမ်းလှည့်ကို ဘောရ်ဆာ့ပ် နှစ်ယောက်က ခေါင်းပန်းမြှောက်ရွေးတယ်။ ဝါးခြမ်းတို တစ်ခုကို ကျော့ဖက်ရင်ဖက် သတ်မှတ်ပြီး မြှောက်ရွေးတယ်။ အတို အရှည်နှုတ်တယ်ဆိုတဲ့ ရွေးနည်းနဲ့လည်း ရွေးတယ်။



ဖမ်းလှည့်ကျတဲ့သူများက ရိုက်မယ့်သူဘက်က ရိုက်ချက်ကို မှန်းပြီး ဒုံတိုင်(မြေတွင်းငယ်/Gáñt) ကို မျက်နှာမူပြီး နှစ်ဘက် သဘောတူထားတဲ့ စည်းတစ်ခုမျဉ်းတစ်ခု သတ်မှတ်ကာ အနီးအဝေးဖြန့်ပြီး နေရာယူကြရတယ်။ 



ရိုက်လှည့်ကျတဲ့သူ ရိုက်လိုက်တဲ့ ကျည်းဆန်ကို မြေမကျမီဖမ်း နိုင်ရင် ရိုက်တဲ့သူ သေတယ်[Moijjé] လို့ ခေါ်တယ်။ ဆက်မရိုက်ရတော့ဘူး။ ရိုက်ချက်တစ်ခုကို ထိအောင်မရိုက်နိုင် လို့ လွဲသွားပြန်ရင် (သို့မဟုတ်) တာရေနှင့် ရိုက်ချက် မမှားရိုက်မိရင်လည်း သေတယ်လို့ ခေါ်တယ်။ ဆက်မရိုက်ရ တော့ဘူး...။ နောက်တစ်ယောက် ဆက်ရိုက်ရပါတယ်။ ဤနည်းဖြင့် တစ်ယောက်ပြီး တစ်ယောက် ကစားဖော်ဖက် ကုန်အောင် ရိုက်ကစားရတယ်။ 



ရိုက်တဲ့ဘက်က ရိုက်သူ တစ်ယောက်ဟာ ပွဲဦးထွက် စစချင်း အေရီ (တာတိုရိုက်ချက်)နဲ့ စရပါတယ်။ (ပုံ-၁.၂) ကို ကြည့်ပါ။ မြေမကျမီ မဖမ်းမိရင် အဲဒီ ကျည်းဆန်ကို ဖမ်းသူများဘက်က တစ်ယောက်က မြေရှိ တွင်းငယ် ပေါ် ကန့်လန့်ဖြတ်ထားသော ရိုက်တံ (ဒုံတိုင်)ကို မှန်အောင် (သို့မဟုတ်) ဒုံတိုင်နဲ့ ရိုက်တံတကမ်းထက် ပိုနီးတဲ့နေရာသို့ ရောက်အောင် ပစ်ရပါမယ်။ 



ရိုက်တဲ့ဘက်က အဲဒီကျည်းဆန်ကို ဆီးပြီး ရိုက်နိုင်တယ်။ ကျည်းဆန် ကျလာတဲ့ နေရာမှ တဖန် ကျည်းဆန် ကို အနည်းငယ် ဟနေသော အစွန်းမှ ရိုက်ပင့်မြှောက်ကာ လွှဲရိုက်ရသည်။ ယင်းကို တာလ်ဟာ့ရာ [Tal Háça]လို့ခေါ်တယ်။ ဟနေလျှင်နေလျှင် ‘လာလ်ဘောခ်ျရှေ့’  ဒီနေရာမှာ ရိုက်တဲ့သူမရိုက်နိုင်အောင် ဒုံတိုင်ကို ထိအောင် ဒုံတိုင်နား ကပ်ကျအောင် ပစ်တဲ့သူက ပစ်ရပါတယ်။ ကျည်းဆန်ကို ဆီးမရိုက် နိုင်လို့ ဒုံတိုင်ကို မှန်ရင်ဖြစ်စေ၊ ဒုံတိုင်နဲ့ ရိုက်တံ အလျားထက် တိုတဲ့အကွာအဝေးကို ကျအောင်ပစ်နိုင်ရင်လည်း ရိုက်သူသေပါတယ်။ ‘ဂိုဋ္ဌေ’ [Goiththe] လို့ခေါ်တယ်။ တာလ်ဟာ့ရာ လွှဲရိုက်ရာတွင် ကျည်းဆန်ကို မထိဘဲ မြေသို့ ထိမိရင်လဲ  သေတယ်။ အဲ့လို မြေကြီးသို့ ရိုက်တံ လွဲထိတာကို မေထ္ထိလ္လာ (Metthilla) လို့ခေါ်တယ်။ 



ဒုံတိုင်နဲ့ ရိုက်တံ တစ်တာထက်ပိုဝေးတဲ့ နေရာမှာရှိတဲ့ ကျည်းဆန်ကို ရိုက်တံထောက်ပြီး တိုင်းပါတယ်။ တိုင်းတဲ့အခါမှာ တစ်တာဆိုရင် “အေရီ” ၊ နှစ်တာဆိုရင် “ ဒူရိ” ၊ သုံးတာဆိုရင် “တေရိ” စသည်ဖြင့် တိုင်ပြီး ကျတဲ့ ရိုက်ချက်နဲ့ နောက်တစ်ခါ ရိုက်ရပါတယ်။ အဲဒီလို တိုင်းတဲ့ အတိုင်းအတာ အရ ခုနစ် ဓာံင်ပြည့်ရင် တစ်ဖုလ် လို့ ခေါ်ပြီး အဲဒီအရေအတွက်တွေကို မှတ်ထားရပါတယ်။



ဖမ်းတဲ့ဘက်က ဖမ်းမမိလို့ အောက်ကျသွားတဲ့အခါ ကျည်းဆန်ကို ဒုံတိုင်ဆီ ပြန်ပစ်ပေးတဲ့အခါ ရိုက်တဲ့သူက ဆီးရိုက်နိုင်တယ်။ မြေမကျမီ ရိုက်ရပါတယ်။ မြေလှိမ့်ပေးတဲ့ ကျည်းဆန်ကိုလည်း အရှိန် မသေမီ ရိုက်နိုင်ပါ တယ်။



ဒါပေမဲ့ မြေမကျမီ ဆီးရိုက်နိုင်တဲ့ ရိုက်ချက်နဲ့ မြေပေါ်မှာလိမ့်နေတာကို ရိုက်တဲ့ ရိုက်ချက် ချင်း တန်ဖိုးမတူပါဘူး။ ရိုက်ချက် နှစ်မျိုးစလုံးကို ဒုံတိုင်နဲ့ အေရီ၊ ဒူရိ၊ တေရိ၊ ဆော်ရိ၊ ဆောင်ကာ၊ ဇေပ်၊ ဇာမ် လို့ ဆိုပြီး ရိုက်တံနဲ့ တိုင်းတာပြီး အရေအတွက် ရယူနိုင်ပါတယ်။



မြေမကျမီ လေထဲမှာ ရိုက်တဲ့ရိုက်ချက်ကြောင့် ပြန်ပြီးလွင့်သွားတဲ့ ကျည်းဆန်ကို ဖမ်းတဲ့သူက ဆီးဖမ်းနိုင် တယ်။ မိရင် သေတယ်။ မမိရင် ရိုက်တဲ့သူက ရွေးစရာလမ်းနှစ်ခုရှိတယ်။ တစ်ခုက ရိုက်တံ နဲ့ တိုင်းပြီး အရေအတွက်ယူတဲ့ လမ်းပါ။ နောက်တစ်ခုက ရိုက်သူက “ဖုလ်”[Fúl] လို့ အော်ပြီး ဆုံးဖြတ် နိုင်ပါ တယ်။ ဒါဆိုရင် ဖမ်းတဲ့သူက ကျည်းဆန်ကို ဒုံတိုင်ဘက် ပြန်ပစ်ခွင့်ရပါတယ်။ ဒုံတိုင်ကို မထိရင် ဒါမှမဟုတ် ရိုက်တံ တစ်တာထက်ပိုရင် ရိုက်တဲ့သူက အေရိ၊ ဒူရိ လို့ မတိုင်းတော့ပဲ“ အေခ်ဖုလ် ၊ ဒူဖုလ်” လို့ ရိုက်တံကို တောက်ပြီး တိုင်းနိုင်ပါတယ်။ မြေလှိမ့်လာတဲ့ ကျည်းဆန်ကို ရိုက်ထုတ်ပြီး “Fúl”(ဆယ်တို)လို့ အော်လိုက်ရင် ဖမ်းတဲ့ သူက လက်မခံပါဘူး။ လက်မခံပဲ နေခွင့်ရှိတယ်။ ရိုးရိုးပဲ အေရိ၊ ဒူရိ ဆိုပြီး တိုင်းယူပေါ့။



“Fúl” လို့ အော်ထားတဲ့ ကျည်းဆန်ကို ဖမ်းတဲ့သူက မမိလို့ ဒုံတိုင်ကို ပစ်တုန်းမှာထပ်ပြီး၊ မြေမကျမီ လေထဲ မှာ တစ်ခါထပ်ပြီး ရိုက်ထုတ်လိုက်နိုင်ရင် “Laal” (ရာတို) လို့ အော်နိုင်ပါတယ်။ “ လာလ်” အဆင့် ကျည်းဆန်ကို ဒုံတိုင်နဲ့ တိုင်းတဲ့ အခါကျတော့ အေခ်လာလ် (တစ်ရာ)၊ ဒူလာလ်(နှစ်ရာ)လို့ တိုင်းနိုင်ပြန်ပါ တယ်။ အဲဒီလို ရိုက်လှည့်က လူကုန်အောင် ရိုက်ပြီး ရတဲ့ဂဏန်းအရည်အတွက် ဆယ်ဂဏန်း သို့မဟုတ် ရာဂဏန်း အားလုံးပေါင်းပြီး မှတ်ထား..။ နောက်ပြီး ဖမ်းတဲ့သူတွေ ရိုက်လှည့်ပြောင်း.ကစားကြ.. ကျည်းသားဆန် ရိုက် ကြပါတယ်။



နှစ်သင်းမှာ ဂဏန်းပေါင်း၊ အရေအတွက်များတဲ့သူက နိုင်တယ်ပေါ့ [Gásdiyé]။ ဒီတော့ နိုင်တဲ့သူက ရှုံးတဲ့သူကို ‘စောရစောရိ’ [ကုန်းစီး] စီး နိုင်ပါတယ်။ (ပုံ-၁၂) ကို ကြည့်ပါ။ ဘယ်လောက်ဝေးဝေး ကုန်းပိုး၊ ကုန်းစီး လုပ်ရမယ်ဆိုတာကိုတော့ နိုင်တဲ့သူဘက်က ခေါင်သူကြီးက “ရှားရ”[ဖျင်း] ပါတယ်။



“ရှားရ” ဆိုတာ ကျည်းသားဆန်ရိုက်ချက်တွေထဲက အပြင်းဆုံး နဲ့ အဝေးဆုံး ရိုက်တာပါပဲ။ ဒီမှာလည်း ရှုံးတဲ့ သူဘက်က ခေါင်သူကြီးနဲ့ နောက်တစ်ယောက် ဖမ်းခွင့်ရှိပါတယ်။ ရှားရ လိုက်တဲ့ ကျည်းဆန်ကို မြေမကျမီမှာ ဖမ်းနိုင်ရင် နိုင်တဲ့ဘက်က ကုန်းမစီးရတော့ပါဘူး။



အဲဒီလို ရှားရ တဲ့ အကွာအဝေးဟာ လယ်နှစ်ကွင်းလောက် (ပေ ၁၅၀ နဲ့ ၂၀၀ကြားလောက်) ဝေးတတ်ပါ တယ်။ ရှားရ တဲ့သူရဲ့ ရိုက်ချက်နဲ့ လက်ကိုင်းအားသန်မှုပေါ် မူတည်ပါတယ်။ 

ဤနည်းဖြင့် ရိုဟင်ဂျာ ရိုးရာအားကစား ဖြစ်တဲ့ ‘ဓာံင်ကားလား’ ကို ကစားကြည့်ကြရအောင်…။ 
🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠


မှတ်ချက် ။ ။ ဓာံင် ကားလားနဲ့ ပတ်သက်သောအချို့ ပုံနှင့်  မြန်မာအခေါ်အဝေါ် အသုံးအနှုန်းများကို ‘စစ်မာန်ဟုန် (ကရင်သား)’ ရဲ့ ကျည်းသားရိုက်ကစားနည်း ပို့စ်မှ ကူးယူထည့်သွင်းပေးခြင်း ဖြစ်ပါတယ်။ 

No comments:

Post a Comment