ရေးသား 📚 လူထုဝဏ္ဏ|
စာရှိ သမိုင်းဗဟုသုတကို သမိုင်းလေ့လာသူတိုင်း သိကြရကြပါလိမ့်မယ်။ ဒေသိယ ဗဟုသုတမရှိက သမိုင်းလေ့လာကျိုး ပြည့်စုံမယ်လို့ မဆိုနိုင်ချေ။
မသိသူ မရှိ၊ မမြင်သူ မရှိ၊ ဗမာ့ ဂုဏ်ပကာသန၊ အိမ်ပြန် အမှတ်တရ လက်ဆောင် တစ်ခုက ပုသိမ်ထီးဖြစ် တယ်။ ပုသိမ်မြို့က ထုတ်လုပ်တဲ့ ထီးပါပဲ။ ပုသိမ်ဟာလဝါ ကိုလဲ မေ့ကျန် မထားနိုင်ပါဘူး။ မေးဖန်များသော၊ သိချင်ထသော လူငယ်စရိုက်အလျှောက် အဲ့ဒီ မြို့နံမယ်က ဘယ်က ဆင်းသက်လာသလဲ ဆိုတာလည်း ကြည့်ရအောင်။ သမိုင်းဆိုတာက အတိတ် ဖြစ်ရပ်တွေပဲ ဖြစ်တယ်။ ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ သမိုင်းတော့ ပြောင်းမသွားဘူး။
ပုသိမ်မြို့ က ဧရာဝတီတိုင်းဒေသကြီးမှာ တည်ရှိတယ်။ ရှေးဟောင်းမြို့ ဖြစ်တယ်။ မွန်တို့က အုပ်ချုပ်ခဲ့တယ်။ ပုသိမ် ဆိုတဲ့ စကားလုံးဟာ မွန်စကားဖြစ်သော တလိုင်း ဘာသာစကားဖြစ်တယ်။ ဒါကြောင့် တလိုင်းကိုလဲ တဆက်တည်း လေ့လာကြည့်မယ်။
ရာမညတိုင်း တလိုင်း ၃ ရပ်လို့ ရှေးက ခေါ်ဝေါရေးသားကြတာမှာ မွန်တိ၊ မွန်စ၊ မွန်ည လို့ ခေါ်တွင်ကြောင်း၊ တဖုဿ ဖလ္လိက ကုန်သည်ညီနောင်ကို မဇ္ဈိမ ဒေသ သားတွေက ရာမညတိုင်းသား လို့ ခေါ်ဝေါ်ကြောင်း သိရ တယ်။
မြန်မာနဲ့ လေယူလေသိမ်း ခြားတယ်။ မြန်မာမှ ဗ သံကို တလိုင်းက ဖ သံနဲ့ ထွက်တယ်။ ဗညားဓလားကို ဖင်းညားဓလဲ့ ပေါ့။ မြန်မာမှ ဘားတမော့ ကို ဖယ်တမော့ ပေါ့။
မွန်တိ က မော့တမော့ တလိုင်းဆိုသည်။ မြန်မာလို ကျောက်စွန်းအငူ ဆိုသည်။ ၎င်း မော့တမော့ကို နောက် မုတ္တမ၊ မထမ၊ မဓမ ဟု စကားလျှောလာခဲ့တယ်။ ယင်း မုတ္တမနယ်၌ နေထိုင်ကြတဲ့ တလိုင်း လူမျိုးတွေဟာ ဥယျာဉ်ခြံမြေ လုပ်ကိုင်စိုက်ပျိုး၍ အသက်မွေးသာဖြစ်တယ်။
မွန်စ ဟာ ဟံသာဝတီ ပဲခူးတလိုင်း ကို ခေါ်တယ်။ သူတို့က များသောအားဖြင့် ဆားချက်၊ လယ်လုပ်၍ အသက်မွေးသူတွေဖြစ်တယ်။
မွန်ည ဟာ ပုသိန်တလိုင်းကို ခေါ်တယ်။ သူတို့ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်ကတော့ အင်းချောင်းတွေ၌ ငါးဖမ်းတဲ့ လုပ်ငန်း ဖြစ်တယ်။
ရှေးက ခြံတလိုင်း၊ လယ်တလိုင်း၊ အင်းတလိုင်း ဟု ခေါ်လေ့ရှိကြတယ်။ ဒါဆို ခြံတလိုင်းကား မုတ္တမ၊ လယ်တလိုင်းက ဟံသာဝတီ၊ အင်းတလိုင်းက ပုသိမ် ကို ခေါ်တယ်။ ပုသိမ်တလိုင်းက မုတ္တမနှင့် ဟံသာဝတီကို အရှေ့တလိုင်း ၊ ပုသိမ်တလိုင်းကို အနောက်တလိုင်းလို့ အသီးသီးခေါ်ကြတယ်။
ဘီးလူးကျွန်း သက္ကော ဆရာတော်ကြီးက “ပသိန် ခေါ်ခြင်းသည် တလိုင်းစကား ဖြစ်သည်။ ငါတို့ တလိုင်းက ပသိုင် ခေါ်တယ်။ နင်တို့ ဗမာတွေက တလိုင်းစကားကို လိုက်၍ ခေါ်ရာ မပီလို့ ပုသိန် ဖြစ်နေတယ်။ ငါတို့ တလိုင်းက ဍုန်ပသိုင် ခေါ်တယ်။ ‘ဍုန်’ က ‘မြို့’၊ ‘ပသိုင်’ က ပသီကုလား ခေါ်တယ်။ ဗမာလို ပသီမြို့ ဆိုတယ်” ဟု မိန့်တော်မူတယ်။
ဟံသာဝတီ ဓမ္မစေတီမင်း ရေးထိုးထားသော ကလျာဏီသိမ်တော် ကျောက်စာ၌ ကုသိမ် ရဋ္ဌ ဟု တလိုင်းစကား ကို အစွဲပြု၍ ပါဠိ ရေးစီထားခြင်းဖြစ်တယ်။ တလိုင်းဘာသာစကား ‘ပသိုင်’ကို မြန်မာတို့က ‘ပုသိမ်’ လို့ ခေါ်ခြင်းမှာ တလိုင်းဘာသာ ကာရန်ပျက်သာဖြစ်တယ်။
ရှင်မဟာရဋ္ဌသာရက ကိုးခန်းပျို့၌ ဗမာအသုံးကို ယူ၍ “စည်းစိမ်ထူးပြော၊ နတ်နှင့်လျောသား၊ ရှင်စောပုတူ၊ လှိုက်ဆူကျော်ရှိန်၊ ‘ပုသိန်မင်းမြေး’၊ ဆက်ရှေးစည်ရိုး” ဟု ရေးခြယ်ထားတယ်။
တလိုင်းဘာသာစကား ဍုန် (မြို့)နှင့် ပသိုင် (ပသီကုလား) မှ ဆင်းသက်လာတဲ့ ပုသိမ်မြို့က ပသီမြို့ ဖြစ်သတဲ့။
➕➕➕➕➕➕➕➕➕➕➕➕➕➕➕➕➕➕➕➕➕➕
ကိုးကား ⏩ မှော်ဘီဆရာသိန်း ၏ ပါးစပ်ရာဇဝင်
No comments:
Post a Comment