Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, August 27, 2017

❀ အကဲခတ်မိသည့် Xenophoic ရောဂါသည်များ "ပတ်လည်ဝိုင်းနေခြင်း" ပြဿနာ ❀

ရေးသား  💯 ညိုထွန်း

နိုင်ငံတော်၏ အတိုင်ပင်ခံ သတင်းထုတ်ပြန်ရေးကော်မတီ FB စာမျက်နှာတွင် မေယုတောင် အကြမ်းဖက်သမားများ ခိုအောင်းရာနေရာတို့တွင် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) မှ ဖြန့်ဝေထားသော စွမ်းအားမြင့်ဘီစကွတ်များ တွေ့ရှိခဲ့ရကြောင်း သတင်းထုတ်ပြန်ခဲ့သည်ဟု တွေ့ရပါသည်။ တရားဝင် နိုင်ငံတကာ အဖွဲအစည်းကြီးတခုကို တိုက်ရိုက်ပင် ပြောဆိုစွပ်စွဲလိုသည့်နှယ် သတင်းထုတ်ပြန်မှုမျိုး ပါဝင်နေသည်မှာ သတင်းထုတ်ပြန်မှုကို စီစဉ်သူသည် over-reaction (လွန်ကဲစွာတုံ့ပြန်နေသည့် သဘော) ဖြစ်ပေါ်နေသည် ဟု အကဲခတ်မိသည်။ လွန်ကဲစွာ တုံ့ပြန်နေသည်ဆိုသည်မှာ ယုတ္တိယုတ္တာ ဆင်ခြင် စဉ်းစားနိုင်မှုတို့ မှ ကင်းလွတ်နေခြင်း ဖြစ်သည်။ သတင်းထုတ်ပြန်ရေးကော်မတီ ဆိုသောကြောင့် သည်သတင်းကို ဒေါ်စုကိုယ်တိုင် စီစဉ်ညွှန်ကြား ထုတ်ပြန်သည်ဟု တပ်အပ်မပြောနိုင်သော်လည်း ကျနော်တို့ တပ်အပ်ပြောနိုင်သည့် တချက်မှာ –– ဒေါ်စုဘေးတွင် ဝိုင်းနေသည့် အဓိက လူတို့တွင် –– ဒေါ်စု၏ လက်ရှိအနား ပတ်ဝန်းကျင်မှ လူတို့သည် –– ယုတ္တိယုတ္တာကင်းလွတ်မှုတို့ ကြီးစိုးမင်းမူနေသည် ဟု အကဲခတ်နိုင်ပါသည်။


အကြမ်းဖက်သမား ခိုအောင်းရာနေရာတွင် WFP မကလို့ ယမ်ယမ်ခေါက်ဆွဲခြောက် ကာတွန်း ပုံးလိုက် တွေ့လျှင်ကော ယမ်ယမ်ခေါက်ဆွဲစက်ပိုင်ရှင်ကို စွပ်စွဲလို့ရသလား၊ ကျန်းမာရေးဝန်ကြီးဌာနမှ ဖြန့်ဝေထား သော ပိုးသတ်ခြင်ထောင်များတွေ့လျှင်ကော မိမိ၏ ကျန်းမာရေးဝန်ကြီး ကိုယ်တိုင်ကို အကြမ်းဖက်မှုကို ကြံစည်နေသူဟု စွပ်စွဲမှာလားဟု ၄င်းသတင်းမျိုးကို (စွပ်စွဲ) ဖြော်ပသူသည် မိမိကိုကိုယ် မေးကြည့်နိုင် ပါသည်။ WFP မှ အစားအစာဆိုသည်မှာ ခိုအောင်းသူသည် ရွာမှ လုယက်လာတာပဲ ဖြစ်ဖြစ်၊ တောင်း ယူလာတာပဲ ဖြစ်ဖြစ် ဖြစ်နိုင်သည်။ ဒါမှမဟုတ် ရွာတွေကိုယ်တိုင်က ခိုအောင်းနေသော အဖွဲ့ကို ပံ့ပိုးပေး ထားတာ ဖြစ်နို်င်သည်။ ဒုတိယအချက် –– သူပုန်ကို ရွာသားက ထောက်ပံသည့် ဆိုတာဟာ ––မြန်မာပြည်တွင်း မည်သည့် တိုင်းရင်းသားသူပုန် အုပ်စုမှာမဆို ပုံမှန်ဖြစ်လေ့ဖြစ်ထ ရှိသော ကိစ္စဖြစ်သည်။


အဆီအငေါ်မတည့်သော တချက်ကို ပြောလိုသည်မှာ ကုလသမဂ္ဂမှ ဝင်ရောက်စစ်ဆေးမည့် ကော်မရှင်ကို လက်မခံနိုင်ကြောင်း မြန်မာအစိုးရ၏ အဓိက အကြောင်းပြချက်တခုမှာ “နှစ်ဘက် အသိုင်းအဝို်င်းများကြား အထင်အမြင်လွဲမှားစရာ တွေ ရှိနေသည့် အတွက်” ဆိုတာ ဖြစ်သည်။ ရှောင်တခင် ဝင်ရောက်သော ကော်မရှင်ထက် အချိန်ယူပြီး စုံစမ်းစစ်ဆေးထားသည့် အတွက် ပိုမိုတိကျသေချာလိမ့်မှာ ဖြစ်သော ကိုဖီအာနန် ကော်မရှင်၏ အစီရင်ခံစာကို စောင့်ပါ ဟု ဖြစ်သည်။ သို့ဆိုလျှင် မိမိတို့ အစိုးရကိုယ်တိုင်ဟာ ဘီစကွတ်တွေ့တာနဲ့ WFP မှ ဖြန့်ဝေထားတာဟု “လုံးချစွဲဆို”သော စကားမျိုးကို ဘာလို့ မဆိုင်းမတွ (ဆိုင်းတွခြင်း အလျှင်းမရှိ) ထုတ်ပြန်သနည်း၊ ၄င်းထုတ်ပြန်မှုမျိုးသည် မြန်မာ့အသိုင်းအဝိုင်းများ နှင့် နိုင်ငံတကာ အသိုင်းအဝိုင်းများကြား –– အထူးသဖြင့် ရခိုင်ပြည်သူများ နှင့် ၄င်းတို့ကို အကူအညီ ပေးနေ သော နိုင်ငံတကာ အဖွဲ့အစည်းများကြား အထင်အမြင် အကြီးအကျယ်လွဲမှားစေသော ကတုံးကတိုက် လုပ်သည့် “ဂုန်းချောစကား” မဟုတ်လို့ ဘာပါနည်း။

သည်ထုတ်ပြန်မှုတွင် ကျနော်တို့ အထင်အရှား သက်သေအနံ့ခံမိသည်မှာ ၄င်းထုတ်ပြန်ချက်မျိုးသည် Xenophobic (နိုင်ငံခြားသားအား မုန်းတီးရွံရှာမှု) ဖြစ်နေခြင်း သို့မဟုတ် Xenophobia ကို ၄င်းတို့အာဏာ ဆက်လက်တည်မြဲရေးအတွက် တွင်ကျယ်စွာ အသုံးချလိုခြင်းဟူသည့် ခေတ်အဆက်ဆက် မြန်မာစစ် အာဏာရှင်တို့၏ အရိပ်အငွေ့ အနံ့အသက်ကို ဖြစ်သည်။ ထို့ကြောင့် အချက်တချက်ကို ထပ်မံ၍ ကျနော်တို့ ကျိန်းသေကောက်ချက်ချနိုင်သည်မှာ ၄င်းအတိုင်ပင်ခံရုံးလုပ်ငန်းတို့တွင် ဒေါ်စုနား ဝိုင်းနေသည့် လူတော်တော်များများနှင့် အဓိကလူတို့သည် Xenophobic ပုဂ္ဂိုလ်တွေ ဖြစ်သည် –– ၄င်း Xenophobia သတင်းတို့ကို အများပြည်သူကြား စိမ့်ဝင်ရန် ဖြန့်ဝေလိုသူတို့ဖြစ်ပြီး ၄င်းဝါဒကို အသက်သွင်းလိုသူတို့ ဖြစ်သည်။

Xenophobic မူဝါဒတွေကို အသက်သွင်းလိုသူတို့နှင့် အလုပ်လုပ်ပြီး နိုင်ငံဟာ နိုင်ငံတကာနှင့် ဝင်ဆန့်ချမ်းသာလာမည်ဟု ထင်လျှင်တော့ ဒါဟာ လွဲနေပြီဟု ပြောရမည်။ နိုင်ငံကြီးပွားချမ်းသာ –– အေးချမ်းမှု ရှိစေလိုသော် ဒေါ်စုအနေဖြင့် သူ့ဘေးနားက အဓိက လူတော်တော်များများကို မဖြစ်မနေ ဖယ်ရှားရလိမ့်မည်ဟု မြင်မိပါသည်။

📶📶📶📶📶📶📶📶📶📶📶📶📶📶📶📶📶📶📶📶

No comments:

Post a Comment