Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, August 22, 2017

ဇုလ်ဟိဂ်ျဂျဟ်လ ပထမဆယ်ရက်၏ ထူးမြတ်မှုနှင့် ကျင့်စဉ် ( ၅ )ရပ်

ရေးသား✴ ရှမ်းပြည်သားလေး (Sai Hak Khay)
❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀

ဇုလ်ဟိဂ်ျဂျဟ်လ၏ ပထမဆယ်ရက်သည် လွန်စွာထူးမြတ်သည့်ရက်များဖြစ်သည်။ ကုရ်အာန် ကျမ်းတော်မြတ်၌ စူရဟ်ဖွဂ်ျရ် တွင် .....

وَالْــــــــــــــفَـــــجْــــــرِ ○ وَلَـــــــيَـــالٍ عَــــــشْــــــرٍ ○

" ငါ ( အရှင်မြတ်သည် ) နံနက်မိုးသောက်ချိန်ကို သက်သေထူတော်မူ၏။ ၎င်းပြင် ငါ အရှင်မြတ်သည် ဆယ်ခုသောညဥ့်ကို သက်သေထူတော်မူ၏ " ဟူ၍လာရှိသည်။ ( ၈၉: ၁၊၂ )

" မုဖတ်စ်စိရ် " ကျမ်းတော်မြတ်ကုရ်အာန်အကျယ်ဖွင့်ဆိုသူအများစုက ဤဆယ်ခုသောညဥ့်မှာ ဇုလ်ဟိဂ်ျဂျဟ်လ၏ ပထမဆယ်ညဥ့်ဖြစ်သည်ဟု တညီတညွတ်တည်း ဆုံးဖြတ်ကြသည်။
အလ္လာဟ်အရှင်မြတ်သည် ဇုလ်ဟိဂ်ျဂျဟ်လ ပထမဆယ်ရက် ( နေ့ ၊ ည )၌ပြုကျင့်သော အိဗာဒသ်တိုင်းကို အခြားလများ၌ပြုကျင့်သည့် အိဗာဒသ်များထက် ပိုမိုနှစ်သက်တော်မူသည်ဟု တမန်တော်မြတ် ( صلی اللّہ علیہ وسلم )က မိန့်ကြားတော်မူခဲ့သည်။ 
{ ဆွဟီးဟ် ဗုခါရီကျမ်း ၊ ဟဒီးဆ်အမှတ် - ၉၆၉ }

အခြားဟဒီးဆ်တော်တစ်ရပ်၌ တမန်တော်မြတ် ( صلی اللّہ علیہ وسلم )က ......
ဇုလ်ဟိဂ်ျဂျဟ်လ၏ ပထမဆယ်ရက်၌ ( အီဒုလ်အသ်ွဟာနေ့မှအပ) တစ်ရက်၏ရိုဇဟ်သည် တစ်နှစ်ပတ်လုံး ရိုဇဟ်စောင့်ထိန်းခြင်းထက် အကျိုးစဝါးဗ်ပိုမိုရရှိပြီး ပထမဆယ်ရက်ရှိ ညဥ့်များအနက် ညဥ့်တိုင်း၌ အိဗာဒသ်ပြုခြင်းသည် ကဒရ်ညဥ့်မြတ်၌ အိဗာဒသ်ပြုခြင်းနှင့်ညီမျှသော အကျိုးစဝါးဗ်ကို ရရှိမည်ဟု မိန့်ကြားတော်မူခဲ့သည်။
{ သိရ်မိဇီကျမ်း ၊ ဟဒီးဆ်အမှတ် - ၇၈၅ }
______________________________________________________________________________________

ဇုလ်ဟိဂ်ျဂျဟ်လ၏ ပထမကျင့်စဉ်
❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀

ဟဂ်ျပြုခြင်း 

ထူးမြတ်လှသည့် ဇုလ်ဟိဂ်ျဂျဟ်လ၌ ထူးခြားသည့်ကျင့်စဉ်များ ကျင့်ဆောင်ရသည်။ယင်းတို့အနက် ပထမကျင့်စဉ်မှာ " ဟဂ်ျ " ပြုခြင်းကျင့်စဉ်ဖြစ်သည်။ ဟဂ်ျကျင့်စဉ်ကို အချိန်အခါမရွေးပြုကျင့်၍မရဘဲ ဇုလ်ဟိဂ်ျဂျဟ်လ၌သာပြုကျင့်ခွင့်ရှိသည်။

နဖိလ်နမားဇ်များ ၊ နဖိလ်ရိုဇဟ်များ ၊ နဖိလ်ဆွဒ်ကဟ်လှူဒါန်းခြင်းများအား မည်သည့်အချိန်အခါမဆို ကျင့်ဆောင်ခွင့်ရှိသော်လည်း " ဟဂ်ျ " ဖွရ်သွ် ဖြစ်စေ ၊ နဖိလ်ဟဂ်ျဖြစ်စေ ဤရက်များ၌သာ ကျင့်ဆောင်ခွင့် ရှိသည်။ အရဖာသ်ကွင်းပြင်၌ ဆိုင်းငံ့နေထိုင်ခြင်း ၊ မုစ်ဒလိဖဟ်၌ညတည်းခိုခြင်း၊ ဂျမ်ရာသ် ကျောက်တိုင်များကို ခဲပေါက်ခြင်းစသည့်ကျင့်ဆောင်မှုများကို ဤရက်များ၌သာ ကျင့်ဆောင်ရသည်။

အခြားရက်များ၌ အရဖာသ်ကွင်းပြင်တွင် တစ်ရက်အစား ဆယ်ရက်ဆိုင်းငံ့နေထိုင်ပါကလည်း မည်သည့်အကျိုးစ၀ါးဗ်မျှ ရမည်မဟုတ်ပေ။ ဂျမ်ရာသ် ယှိုင်တွာန်ကျောက်တိုင်များကိုလည်း အခြားနေ့ရက်များ၌ ခဲပေါက်ပါက အိဗာဒသ်အထမမြောက်ပေ။
___________________________________________

ဒုတိယကျင့်စဉ် 

ကုရ်ဗာနီပြုလုပ်ခြင်း

ဇုလ်ဟိဂ်ျဂျဟ်လ၏ ဒုတိယကျင့်စဉ်မှာ ကုရ်ဗာနီသားကောင်ပြုခြင်းဖြစ်သည်။ ကုရ်ဗာနီကျင့်စဉ်ကို ဇုလ်ဟိဂ်ျဂျဟ်လ ( ၁၀ ရက် ၊ ၁၁ ရက် ၊ ၁၂ ရက် ) ထိုသုံးရက်၌သာ ပြုခွင့်ရှိပြီး တစ်နှစ်ပတ်လုံးပြုခွင့်မရှိပေ။ အခြားရက်များ၌ သားကောင်တစ်ကောင်ကို လှီးဖြတ်ပြီး အသားများကို လှူဒါန်းပါက ဆွဒ်ကဟ် လှူဒါန်းခြင်းသာဖြစ်နိုင်မည်။ ကုရ်ဗာနီကျင့်စဉ်မဖြစ်နိုင်ပေ။ ထို့ကြောင့် အာလင်မ်သာသနာ့ပညာရှင်များက ရမသွာန်လမြတ်၏နောက် အမြတ်ဆုံးနေ့ရက်များမှာ ဇုလ်ဟိဂ်ျဂျဟ်လ၏ပထမဆယ်ရက်ဟုမိန့်ဆိုကြသည်။
___________________________________________

တတိယကျင့်စဉ်

ခြေသည်း၊ လက်သည်း မလှီးဖြတ်ဘဲထားခြင်း 

ဇုလ်ဟိဂ်ျဂျဟ်လ၏ဆန်းဦးစလမြင်လျှင်မြင်ချင်း ပထမဆုံးကျင့်စဉ်မှာ ကုရ်ဗာနီသားကောင်ပြုလုပ်မည့် ပုဂ္ဂိုလ်အတွက် လက်သည်း၊ခြေသည်း မလှီးမဖြတ်သည့်ကျင့်စဉ်ဖြစ်သည်။
ကုရ်ဗာနီ ပြုလုပ်မည့်ပုဂ္ဂိုလ်သည် ဇုလ်ဟိဂ်ျဂျဟ်လဆန်းသည်နှင့် ခြေသည်းလက်သည်းများ မလှီးဖြတ်ရတော့ဟု မြတ်နဗီ ( صلی اللّہ علیہ وسلم ) ကမိန့်ကြားတော်မူခဲ့သည်။ ဤသို့ ကုရ်ဗာနီပြုလုပ်ပြီးချိန်ထိ လက်သည်းခြေသည်းမလှီးမဖြတ်ဘဲထားခြင်းသည် မုစ်သဟဗ် ကောင်းမြတ်သော ကျင့်စဉ်ဖြစ်သည်။
{ အိဗ်နုမာဂျဟ်ကျမ်း ၊ ဟဒီးဆ်အမှတ် - ၃၁၈၇ }

ဤသို့ ခြေသည်းလက်သည်း မလှီးဖြတ်ဘဲထားရန် ပညတ်ထားသည့် အချက်သည် ဥာဏ်မမီနိုင်သည့် အချက်၊ စဉ်းစားမရသည့်အချက်ဖြစ်သည်။ ဂဃနဏစဉ်းစားသောအခါ လက်သည်းခြေသည်း မလှီးဖြတ်ဘဲထားခြင်းသည်ကား ဤလ၌ ဟဂ်ျ၏ကျင့်စဉ်ကို ကျင့်ဆောင်ရန်အတွက် မက္ကဟ်ရွှေမြို့တော်သို ရာက်ရှိနေသည့် သိန်းပေါင်းများစွာသော အလ္လာဟ်အရှင်မြတ်၏ အချစ်တော် ဟာဂျီများ၏ သဏ္ဍာန်ဆောင်ခြင်းဖြစ်သည်။ ဟာဂျီများသည် အဲဟ်ရာမ်ဝတ်ရုံကို ရုံထားချိန်၌ တားမြစ်ချက်များရှိသည့် အနက် ချုပ်ထည်များကို ဝတ်ဆင်ခြင်း( အမျိုးသားများအတွက် )၊ အမွှေးအကြိုင် သုတ်လိမ်းခြင်း၊ မျက်နှာကိုအဝတ်ဖြင့်ဖုံးအုပ်ခြင်း၊ ဆံပင်ညှပ်ခြင်းရိတ်ခြင်း၊ခြေသည်းလက်သည်း လှီးဖြတ်ခြင်း စသည်တိြု့ပခြင်းမှ တားမြစ်ပိတ်ပင်ထားရာ ကုရ်ဗာနီ ပြုမည့်ပုဂ္ဂိုလ်သည် လက်ခြေးခြေသည်း မလှီးဖြတ်ဘဲ အလ္လာဟ်အရှင်မြတ်၏အချစ်တော် ဟာဂျီများကဲ့သို့ သဏ္ဍာန်ဆောင်၍အလ္လာဟ်အရှင်မြတ်၏ ရဟ်မသ် ကရုဏာတော်ကိုဆွဲယူခြင်းပင်ဖြစ်သည်။
_________________________________________

စတုတ္ထ ကျင့်စဉ်

အရဖသ်နေ့ ရိုဇဟ်ဥပုသ်စောင့်ထိန်းခြင်း 

ဇုလ်ဟိဂ်ျဂျဟ်လ၏ ဤရက်များ၌ ( အီဒုလ်အသ်ွဟာနေ့မှအပ) ရိုဇဟ်တစ်ရက်စောင့်ထိန်းခြင်းသည် တစ်နှစ်လုံး ရိုဇဟ်စောင့်ထိန်းခြင်း၏ အကျိုးစဝါးဗ်ရရှိမည်ဖြစ်သည်။ ထိုရက်များရှိ ညဥ့်တစ်ညဥ့်တိုင်း၌ အိဗာဒသ်ပြုလုပ်ခြင်းသည် ကဒရ်ညဥ့်မြတ်၌ အိဗာဒသ်ပြုခြင်းနှင့်အညီအမျှ အကျိုးစဝါးဗ်ရရှိဖြစ်သည်။ ဤနေ့ရက်များ၌ကောင်းမှုကုသိုလ်ပြုနိုင်သမျှ အကျိုးစဝါးဗ်လည်း များပြားစွာရရှိမည်ဖြစ်သည်။
ဇုလ်ဟိဂ်ျဂျဟ်လ ( ၉ )ရက်နေ့ကို အရဖသ်နေ့ဟုခေါ်သည်။ ယင်းနေ့တွင်ဟာဂျီများအား အရဖသ်ကွင်းပြင်၌ ဆိုင်းငံ့နေရန် အလ္လာဟ်အရှင်မြတ်က ပညတ်ထားသကဲ့သို့ ကျွန်ုပ်တို့အတွက် ယင်းနေ့တွင် ရိုဇဟ်ဥပုသ် စောင့်ထိန်းရန် ဆော်ဩတော်မူထားသည်။ ယင်းရိုဇဟ်သည် နဖိလ်ရိုဇဟ် ဖြစ်သော်လည်း
" အကြင်သူသည် အရဖသ်နေ့တွင် ရိုဇဟ်ဥပုသ်စောင့်ထိန်းပါက ထိုသူ၏ကုန်လွန်ခဲ့သည့် တစ်နှစ်တာက အပြစ်ဂုနာဟ်များနှင့်လာမည့်နှစ် တစ်နှစ်တာအပြစ်ဂုနာဟ်များကို လွတ်ငြိမ်းချမ်းသာခွင့်ပေး သနားတော်မူ လိမ့်မည်ဟု အလ္လာဟ်အရှင်မြတ်ထံတော်ပါး၌ မျှော်ကိုးမိသည်။ " ဟု တမန်တော်မြတ် ( صلی اللّہ علیہ وسلم ) ကမိန့်ကြားတော်မူခဲ့သည်။
{ အိဗ်နုမာဂျဟ်ကျမ်း ၊ ဟဒီးဆ်အမှတ် - ၁၇၃၄ }

( အပြစ်ဂုနာဟ်များဟုဆိုရာ၌ ဂုနာဟ်ဆွဂီရဟ် အပြစ်ငယ်များကိုဆိုလို၏။ ဂုနာဟ်ကဗီရဟ် အပြစ်ကြီးများ ကျွတ်ရန်အတွက် သောဝ်ဗဟ်ပြုဝန်ချတောင်းပန်ရမည်ဖြစ်၏ )
___________________________________________

⊙ပဉ္စမ ကျင့်စဉ်⊙

သပ်က်ဗီးရိ သပ်ယှ်ရီးက် ရွတ်ဆိုခြင်း

ဇုလ်ဟိဂ်ျဂျဟ်လ၏ ကျင့်စဉ်များအနက် ပဉ္စမ ကျင့်စဉ်မှာ ဇုလ်ဟိဂ်ျဂျဟ်လ ( ၉ )ရက်နေ့ ဖွဂျေရ်နမားဇ် အပြီးမှစ၍ ဇုလ်ဟိဂ်ျဂျဟ်လ ( ၁၃ )ရက်နေ့ အဆွရ်နမားဇ်ချိန်တိုင် ဖွရ်သ်ွနမားဇ်ပြီးတိုင်း

" သပ်က်ဗီးရိ သပ်ယှ်ရီးက် "
أَللّهُ أَكْبَرُ أَللّهُ أَكْبَرُ لآَإِله إِلاَّ اللّهُ وَاللّهُ أَكْبَرُ أَللّهُ أَكْبَرُ وَلِلّهِ الْحَمْدُ ○
( အလ္လာဟုအပ်က်ဗရ် ၊ အလ္လာဟုအပ်က်ဗရ် ၊ လားအိလားဟ အိလ္လလ္လာဟု ဝလ္လာဟု အပ်က်ဗရ် ၊ အလ္လာဟုအပ်က်ဗရ် ဝလိလ္လာဟိလ်ဟမ်ဒ် )
ကိုတစ်ကြိမ်ရွတ်ဆိုခြင်း " ဝါဂျိဗ် " တာဝန် ဖြစ်သည်။ 

အမျိုးသားများသည် အလယ်အလတ်အသံဖြင့်မတိုးမကျယ်အသံထုတ်၍ ရွတ်ဆိုရန်တာဝန်ရှိပြီး အမျိုးသမီးများသည် တီးတိုးရွတ်ဆိုရန် " ဝါဂျိဗ် " တာဝန်ဖြစ်သည်။

အများအားဖြင့် အမျိုးသမီးများသည် ဤတာဝန်ကိုမကျေပွန်တတ်ကြသည်ကိုတွေ့ရသည်။ မကျေပြွန်သည့် အကြောင်းအရင်းမှာ မေ့လျော့ခြင်းဖြစ်သဖြင့် သတိရစေရန် မိမိနမားဇ်ဝတ်ပြုသည့်နေရာ၌ မြင်နိုင်လောက်သည့်နေရာတွင် သပ်က်ဗီးရိ သပ်ယှ်ရီးက် ကိုရေးသား၍ ချိတ်ဆွဲထားသင့်သည်။စလာမ်လှည့်၍နမားဇ်အဆုံးသတ်သည့်အခါ ယင်းသပ်က်ဗီးရ်ကိုကြည့်၍ အမှတ်တရ ဖတ်ရွတ်သင့်သည်။

❦ အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အား မွန်မြတ်လှသည့်ဤနေ့ရက်များကို တန်ဖိုးထား၍ ကောင်းမြတ်သည့် ကျင့်စဉ် အမလ်အိဗာဒသ်များ ပွားများပြုကျင့်နိုင်စွမ်း ချီးမြှင့်တော်မူပါစေ ❦ 
အာမီးန် ... ယာရဗ္ဗလ်အာလမီးန်
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏


No comments:

Post a Comment