Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, February 22, 2018

အာရဗီစာသင်ကျောင်းများကို ဖျက်သိမ်းရန်နှင့် အစိုးရစာသင်ကျောင်းများဖြင့် အစားထိုးရန် ရခိုင်တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး


အာရဗီစာသင်ကျောင်းများကို ဖျက်သိမ်းရန်နှင့် အစိုးရစာသင်ကျောင်းများဖြင့် အစားထိုးရန် ရခိုင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး။

------ ------ ------ ----- -----

၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်။ 

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ အာရဗီစာသင်ကျောင်းများကို ဖျက်သိမ်းရန် အစိုးရစာသင်ကျောင်းများနှင့် အစားထိုးရန်နှင့် ဗလီအရေအတွက်အား ကန့်သတ်ခြင်း၊ ဗလီဆရာများအား အစွန်းမရောက်သည့် သဘောထားမျှတသူများဖြစ်လာစေရန် စီမံဆောင်ရွက်သင့်ကြောင်း ရခိုင်ပြည်နယ်မြေပုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောကြားသည်။

ဖေဖော်ဝါရီ ၂၀ ရက်က ကျင်းပသည့် ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဘူးသီးတောင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေ တင်သွင်းထားသည့် “ရခိုင်ပြည်နယ်၊ မြောက်ပိုင်းဒေသတွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးအတွက်လည်းကောင်း၊  ဒေသခံဌာနေတိုင်းရင်းသားတို့၏ အသက်အိုးအိမ်၊ ထာဝရလုံခြုံမှုရှိသော လူမှုဘ၀ကို ထူထောင်နိုင်ရန် ဒေသခံတိုင်းရင်းသားတို့၏ လိုအပ်ချက်များကို ရေတိုရေရှည် စီမံကိန်းများ ပွင့်လင်းမြင်သာစွာ ချမှတ်၍ ထိရောက်သော အကောင်အထည်ဖော် ဆောင်ရွက်မှုများကို ပြုလုပ်ပေးရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း” အဆိုနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။


“ဘာသာရေးအစွန်းရောက်များကို မွေးဖွားရာ အာရဗီစာသင်ကျောင်းများကိုဖျက်သိမ်းပြီး အစိုးရစာသင်ကျောင်းများအဖြစ် အစားထိုးခြင်း၊ ဗလီအရေအတွက်အား ကန့်သတ်ခြင်း၊ ဗလီဆရာများအား အစွန်းမရောက်သည့် သဘောထားမျှတသူများဖြစ်လာစေရန် စီမံဆောင်ရွက်ခြင်း …. သေရေးရှင်ရေးနဲ့ ရင်ဆိုင်နေရတဲ့ တိုင်းရင်းသားရခိုင်တွေရဲ့ တုံ့ပြန်ဆောင်ရွက်ချက်တွေဟာ အနောက်တံခါး မကျိုးပေါက်ရအောင် တည်ဆောက်နေတဲ့တူသံ၊ လွှသံတွေသာဖြစ်ပြီး ဆူညံသံတွေလို့ မမှတ်ယူသင့်ပါဘူး။  မြွေကိုက်လို့ အော်နေတာကို အသံကြောင့် ဖားသေရတယ်လို့ မှတ်ချက်မပြုသင့်ပါဘူး။ ရွာအနောက်ပိုင်းမှာ မီးလောင်နေတာကို မီးနဲ့ဝေးတဲ့ အရှေ့ပိုင်းရွာသားတွေ ပေါ့ပေါ့လျော့လျော့ သဘောထားကြမယ်ဆိုရင် တရွာလုံးပြာကျရမဲ့ အဖြစ်ဆိုးကြုံတွေ့ရနိုင်ပါတယ်” ဟု ဦးဖေသန်းက ပြောသည်။


အဆိုကို ဦးဖေသန်းအပါအ၀င် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၇ ဦးက ဆွေးနွေးခဲ့ကြပြီး၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ရှိဆောင်ရွက်သော လုပ်ငန်းများဖြစ်သည့်အတွက် မှတ်တမ်းအဖြစ်ထားရှိရန် တင်ပြခဲ့ပြီး၊ အဆိုရှင်ဦးအောင်သောင်းရွှေက အဆိုကို အတည်ပြုပေးရန် တင်ပြသောကြောင့် မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၆၇ မဲ၊ ကန့်ကွက်မဲ ၃၀၄ မဲ၊ ကြားနေမဲ ၁ မဲရရှိသောကြောင့် အဆိုကို မှတ်တမ်းအဖြစ်သာ ထားရှိရန် လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။



— ထွန်း(နေပြည်တော်)




No comments:

Post a Comment