Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, October 27, 2026

အာရကန်ပြည်၌ ကျင့်သုံးခဲ့သည့် ကာဇီတရားစီရင်ရေးစနစ်



အာရကန်ပြည်၌ ကျင့်သုံးခဲ့သည့် ကာဇီတရားစီရင်ရေးစနစ်

—————————————————————

​ရှေး​ခေတ် အာရကန်ပြည်၏ တရားစီရင်​ရေး မဏ္ဍပ်တွင် ကာဇီတရားစီရင်​ရေး စနစ်ကို တွင်တွင်ကျယ်ကျယ် ကျင့်သုံးခဲ့သည်။ အာရကန်ပြည်တွင် ​ခေတ် သုံး​ခေတ်အထိ ကာဇီ တရားစီရင်​ရေးစနစ် ကျင့်သုံးခဲ့​ကြောင်း ခိုင်လုံ​သော သမိုင်းအ​ထောက်အထား​များ တွေ့ရှိရသည်။ ​မြောက်ဦး​ခေတ် ​တ​လျှောက်လုံး၊ ဗမာ​ကျူး​ကျော်ခေတ်နှင့် နယ်ချဲ့အင်္ဂလိပ်​ခေတ် အ​စောပိုင်းကာလအထိ တရား​ရေးဗဟို စင်မြင့်အဖြစ် တည်ရှိခဲ့သည်။ ကာဇီ ၏ အဓိပ္ပါယ်မှာ မှုခင်းအ​ရေးများကို တရားဥပ​ဒေနှင့်အညီ စီရင်ဆုံးဖြတ်​ပေး​သော တရားသူကြီးဖြစ်သည်။ အာရကန်ပြည်တွင် ကျင့်သုံးခဲ့သည့် စနစ်က​တော့ မဇ္စျိမ​ဒေသပုံစံ တရားစီရင်​ရေးစနစ်ဖြစ်သည်။

​၁၅ ရာစုတွင် ဆူ​လမန်သျှား (ခ) နရမိတ်လှက ​​ဂေါ့ပြည်မင်း၏ အကူအညီဖြင့် ​မြောက်ဦးမြို့ကို တည်ထောင်သည့်အခါ တိုင်းပြည်၏ အဓိကမဏ္ဍိပ်တစ်ခုဖြစ်​သော တရားစီရင်​ရေးမဏ္ဍိပ်မှာလည်း ​ဂေါ့ရ်ပြည်ပုံစံ ကာဇီတရားစီရင်​ရေးစနစ်ကို ကျင့်သုံးခဲ့သည်။ မြောက်ဦး​ခေတ်တွင် အစ္စလာမ်ဘာသာဝင်များ ​နေလိုလလို ဘုန်းမီးထွန်း​တောက်လွှမ်းမိုးလာသည်နှင့်အမျှ မွတ်စလင်ပညာရှိများကို တရားသူကြီးများ ခန့်အပ်ကာ တိုင်းသူပြည်သား မူခင်းအ​ရေးကိစ္စအဝဝကို ဥပ​ဒေနှင့်အညီ မျှမျှတတ စီရင်​စေခဲ့သည်။ ထိုတရားသူကြီးများကို ကာဇီ ဟု ​ခေါ်​လေ့ရှိကြသည်။

ကာဇီတရားစီရင်​ရေးစနစ်နှင့် စပ်လျဥ်း၍ မြန်မာရာဇဝင်ကျမ်းများတွင် အ​သေးစိတ် ​ဖော်ပြခြင်းမရှိ​​သော်လည်း ထို​ခေတ် နန်းတွင်းစာဆိုများ၏ ​တေးကဗျာအဖွဲ့များတွင် ကာဇီတရားသူကြီးများ၏ ဂုဏ်ရည်ဖွဲ့လင်္ကာများ၊ ပုဂ္ဂိုလ်​ရေးအချက်အလက်များ၊ ​ကောင်းမှုကုသိုလ်အ​ကြောင်းများ၊ ကာဇီအမည်များ အ​မြောက်အမြား​တွေ့ရှိနိုင်သည်။

စစ်​သေနပတိ အရှ်ရဖ်ခါန်၏ ​တောင်းဆိုချက်ဖြင့် သတီမိုင်နာလော်ချန္ဒရာနီ (Sati Maina Lor Chandrani) လင်္ကာရှည်ကို ရေးသားခဲ့သည့် နန်းတွင်းစာဆို​တော် ကာဇီဒိုလတ် သည်  ကာဇီ တရားသူကြီး တစ်ဦးဖြစ်ခဲ့သည်။  ကာဇီဆအိဒ်ဆဝုတ်ရှား (ခ) မက်စ်ဝွတ်ရှား သည်လည်း အာရကန်ပြည်၏ တရားသူကြီးတစ်ဦးဖြစ်သည်။ နန်းတွင်းစာဆို အလာဝါလ် က သူ၏ လင်္ကာအဖွဲ့တွင် ကာဇီမက်စ်ဝုတ်ရှားသည် အာရကန်ပြည်၏ ဗဟိုတရားသူကြီး(ရာဇဝတ်ဝန်) ဖြစ်​ကြောင်း၊ စာဆိုအား တပည့်အဖြစ် လက်ခံခဲ့​ကြောင်း၊ ကာ​ဒေရီယာခိလာဖတ် ​ကို သင်​ပေး​ကြောင်း စသည်ကို အောက်ပါအတိုင်း ​ရေးဖွဲ့ထားသည်။

"Sayid Saud Shah roshóñgér Qazi
Giyan olpo asé boli moré hoilo razi
Dayal sorito pir otul maháttá
Kirpa kori dilá moré kaderi khílafát
Jaddopikto osaktó ami loite sé bár
Poroche poroche tama hoi hémakar."

ဘာသာပြန် —
"​​မြောက်ဦးပြည် ၏ ကာဇီတရားသူကြီး ဆအိဒ်ဆဝုတ်ရှား သည် ကျွန်ုပ်၌ ဉာဏ်ပညာ အနည်းငယ် ​တွေ့​သောကြောင့် ကျုပ်အား တပည့်အဖြစ် လက်ခံခဲ့သည်။ စိတ်သဘောထားကောင်း၍ ရက်​ရောတတ်​သော ဆရာသူ​​တော်​​​စင်သည် ကျွန်ုပ်အား သနားညှာတာခဲ့ပြီး ကာဒေရီယာ ခလီဖတ် (Khilafat) ကို ချီးမြှင့်ပေးခဲ့သည်။ ကျွန်ုပ်သည် ယင်းတာဝန်ထမ်းကို ​ကျေပွန်ရန် မစွမ်း​သော်လည်း အကြိမ်ကြိမ် ပွတ်တိုက်၍ ​ကြေးနီကို ​ရွှေစင်ခဲအဖြစ် ​ပြောင်းလဲ​စေခဲ့သည်။"

ပုံ-၃ (က)။ စာဆို​တော် အလာဝလ်၏ ကဗျာလင်္ကာ။

ပုံ-၃ (ခ)။ စာဆို​တော် အာလဝလ်၏ ကဗျာလင်္ကာ။


ထို့သို့ ရှူဇာ ကာဇီ၊ ဂူဝ ကာဇီ၊ နာလ ကာဇီ၊ အဒူ​ကော်ရိမ် ကာဇီ၊ မိုဟာမတ်ဟူစိုင်း ကာဇီ၊ အူစ်မာန် ကာဇီ၊ အဒူဂျာဘာရ် ကာဇီ၊ အဒူဂါဖား ကာဇီ၊ မိုဟာမတ် ယူဆုပ် ကာဇီ၊ နူရ်မိုဟာမတ် ကာဇီ နှင့် ရို​​ရှောင်းအာလီ ကာဇီ စသည်ဖြင့် ​အာရကန် ကာဇီတရားသူကြီး အမည်များနှင့် ဂုဏ်ပုဒ်များကိုလည်း ​ရှေးလင်္ကာများတွင် ​တွေ့ရှိရသည်။

​မြောက်ဦး​ခေတ် ဖါ​ရစီ-ရခိုင် ​နှစ်ဘာသာဖြင့် ​ရေးထိုးထား​သော ကာဇီဖကီရ်ကျောက်စာ အလှူရှင် ကာဇီဖကီရ် သည်လည်း တရားသူကြီး သို့မဟုတ် တရား​ရေးအရာရှိတဦး ဖြစ်ခဲ့​ကြောင်း သူ၏​ကျောက်စာမှတ်တမ်းအရ သိရှိရသည်။  အလှူပြုမှတ်တမ်းတွင် သက်​သေခံသူ၊ ​ရေးထိုးသူ၊ သာသာ​ရေးဆရာ စသည်တို့၏ အမည်များကို ​ရေးထိုးထားသည်မှာ ထို​ခေတ်၏ တရား​ရေးကိစ္စ စီရင်​ရေးရာမှာ စည်းစနစ်​သေဝပ်မှုကို သက်​သေထူ​နေသည်။

၁၇၈၅ ခုနှစ်တွင် ဘိုးတော်ဘုရားက ရခိုင်ပြည်ကို ကျူး​ကျော် တိုက်ခိုက်သိမ်းယူခဲ့သည်။ ဘိုးတော်ဘုရားလက်ထက်တွင် တနိုင်ငံလုံးအတိုင်းအတာဖြင့် အစ္စလာမ် တရားစီရင်ရေးစနစ် အသက်သွင်းပေးခဲ့သည်။ ရခိုင်ပြည်၌လည်း ယခင်က ရှိခဲ့​သော ကာဇီတရားစီရင်​ရေးစနစ်ကို ဆက်လက် ကျင့်သုံး​စေခဲ့သည်။ ဘိုးတော်ဘုရား၏ ရာဇသတ်ခေါ်သော အမိန့်တော်ပြန်တမ်း၊ စတုတ္တပိုင်း၊ စာ-၂၅၄ တွင် ​အောက်ပါအတိုင်း ​ဖော်ပြထားသည်။

"အာပြစ်ရှာတို့ သိန္နီတပည့်၊ င​ရွှေလူး၊ င​အေးတို့က နိုင်ငံ​တော်အတွင်း အရပ်ရပ် မြို့ရွာများမှာ ရှိ​နေသည့် ပသီကုလားတို့ကို ဘာသာကျမ်း ရှိသည့်အတိုင်း၊ အာပြစ်ရှာတို့ သိန္နီပြသရာ နာခံကြ​စေ၊ အမိန့်​တော်ထုတ်ပြန်ချက် ရှိပါသည်။ ရခိုင် ၄ မြို့ ​ကျေးရွာများမှာ ရှိနေသည့် ပသီကုလားတို့တွင် ဘာသာစကားထွက်ရှိ​သည်များကို စစ်​ကြောစီရင် ဆက်သွင်းပါရမည့်အ​ကြောင်းနှင့် ရှိခိုးသံ​တော်ဦးတင်သည်။ ရခိုင် ၄ မြို့ ​ကျေးရွာများမှာ ရှိ​နေသည့် ပသီကုလားတို့တွင် ဘာသာတရားစကားများကို အရပ်ရပ် ပသီကုလားတို့နည်း စစ်​ကြောစီရင်​စေ။"

ပုံ-၄။ ဘိုး​တော်ဘုရား၏ အမိန့်​တော်ပြန်တမ်း။


ထို​ခေတ်တွင် ​ရွှေဓါးကာဇီ၊ ​ဘောက်တာရ်အမတ် ကာဇီ စ​သော ထင်ရှား​သော ကာဇီများရှိခဲ့သည်။

တဖန် ၁၈၂၅ ခုနှစ်တွင် အင်္ဂလိပ်တို့က ကျူးကျော်စစ် ဆင်နွှဲ၍ ရခိုင်ပြည်ကို သိမ်းယူခဲ့သည်။ နယ်ချဲ့အင်္ဂလိပ်အစိုးရကလည်း ယခင်ရှိခဲ့သည့် ထို ကာဇီ တရားစီရင်​ရေးစနစ်ကို ရခိုင်ပြည်တွင် ၁၉၂၆ ခုနှစ်အထိ ဆက်လက် ကျင့်သုံးခဲ့သည်။ ၁၈၈၀ ပြည့်နှစ် အက်ဥပ​ဒေ အမှတ် ၁၂၊ ပုဒ်မ ၃ အရ ကာဇီတရားသူကြီးတစ်ဦးသည် မိမိ၏ လက်​ထောက်ကာဇီ တစ်ဦးကို ကိုယ်တိုင်ခန့်အပ်နိုင်သည်။ မိမိ၏ ဆန္ဒအရ ပယ်ရှားနိုင်ခွင့်ရှိသည်။ ယင်းကို ကာဇီတရားသူကြီး ခန့်စာများ၊ သမိုင်းအ​ထောက်အထားများအရ ထင်ထင်ရှားရှား သိရှိရသည်။

ဗြိတိသျှ​ခေတ် ကာဇီတရားစီရင်ရေးစနစ် ကျင့်သုံးခဲ့ရာ တရားသူကြီး(ကာဇီ) ခန့်အပ်ခဲ့သော အထောက်အထားများထဲမှ ကာဇီကြိီး အဒူလ်အာလီ ရှေ့နေက တဆင့်လက်ထောက်ကာဇီ ခန့်ထားသည့် လက်မှတ်စာကို ​အောက်တွင် ကူးယူ​ဖော်ပြထားသည်။

အစိုးမင်ဘတ္ကခန့်စာရ​သော ကာဇီကြီး အဗ်ဒုလ်အာလီ ​ရှေ့​နေ က ၁၈၈၀ ပြည့်နှစ်  ကာဇီအက်ဥပ​ဒေ နံပါတ် ၁၂၊ ပုဒ်မ ၃ အရ တဆင့်ခံလက်​ထောက် ကာဇီခန့်ထားသည့် လက်မှတ်စာ။

စစ်တွေမြို့စီရင်စု အနောက်ငယ်မြို့အပိုင် မြို့သစ် တိုက် ကြက်ရိုးပြင် ရွာနေ အပ်ဒုလ်ရိုမန် သား သော်ဖေါ်ရ်မူလုတ် ရွာသူကြီး သိစေရမည်။

အနောက်ငယ်မြို့ အပိုင် မြို့သစ် တိုက် ကြက်ရိုးပြင် ရွာများတွင် လက်ထောက် ကာဇီအလုပ်ကို လုပ်ကိုင်ရန် ကာဇီအက်ဥပဒေ ပုဒ်မ ၃ အရ မောင်မင်းကို နာအိပ်ခေါ် တဆင့်ခံ လက်ထောက်ကာဇီအလုပ်၌ ခန့်ထားသည် မောင်မင်းသည် ကာဇီအက်ဥပဒေအရ ဘာသာတရားအတိုင်း ကျွန်ုပ်ကာဇီကြီး၏ အမိန့်ကို တည်ကြည်၍ လုပ်ကိုင်ရမည်။

၁၉၁၁ ခု၊ ဇှုံ လ ၆  ရက်နေ့တွင် ဤလက်မှတ်စာကို ပေးအပ်သည်။

ကိုယ်ပိုင်တံဆိပ် (ဝဲဘက်)××××

ကိုယ်ပိုင်လက်မှတ် (ယာဘက်)××××


ပုံ-၅။ ကာဇီတရားသူကြီးက လက်​ထောက်ကာဇီခန့်စာ (၁၉၁၁ ခုနှစ်)။



၁၉ ရာစုနှောင်းပိုင်းမှစ၍ ဗြိတိသျှအစိုးရက ကာဇီတရားစီရင်​ရေးအာဏာကို ဖျက်သိမ်းကာ Cornwallis code ဥပ​ဒေကို အစားသွင်းခဲ့သည်။ ကာဇီများသည် ဘာသာ​ရေး အ​ရေးကိစ္စများကို စီရင်ရာ​လောက် အခွင့်အာဏာ​ရခဲ့သည်။ ထိမ်းမြှားလက်ထပ်ခြင်း၊ အမွဲခွဲ​ဝေ​ရေး၊ အလှူဒါန စတဲ့အ​ရေးကိစ္စများကို မှတ်တမ်းတင်ခြင်း၊ ဘာသာ​ရေးအတိုင်း စီရင်​ဖြေရှင်းခြင်း စသည်တို့ကို တာဝန်ယူရသည်။ မွတ်စလင်များ နိုင်ငံရေးအာဏာ ဆုံးရှုံးခဲ့သောအခါ ကာဇီသည် မိသားစုဘွဲ့အမည် ဖြစ်လာခဲ့သည်။ ​နောက်ပိုင်းတွင် တစ်ချိန်က ကာဇီရာထူးကို ထမ်းဆောင်ခဲ့သူများ၏ အမျိုးအနွယ်များသည် ၎င်း ကာဇီ နာမည်ကို မိသားစုဘွဲ့အမည်အဖြစ် စတင်အသုံးပြုလာခဲ့ကြသည်။ တစ်ချိန်က တိုင်းပြည်အထူးအဏာရှင် တရားစီရင်​ရေး တရားဝင်ရာထူးဘွဲ့အမည်ဖြစ်ခဲ့သည့် ကာဇီသည် ယ​နေ့​ခေတ်ကာလတွင်မိသားစုဘွဲ့အမည် တစ်ခု ဖြစ်လာ​လေသည်။ ထို့​ကြောင့် ထိုခေတ် ကာဇီများ၏ မျိုးနွယ် ကာဇီမျိုးနွယ်စုများ(Kazi Gucti)၊ ကာဇီအာဘတ်၊ ကာဇီဘီလ် စ​သော ရွာအမည်များကို ယနေ့ ရခိုင်ပြည်အနှံ့အပြားတွင် တွေ့ရသတည်း။


လူထုဝဏ္ဏ
(​၂၇-၁၀-၂၀၂၆)

စာအညွှန်း-

- အ​နောက်ငယ်မြို့ (​မောင်​တောမြို့၏ ​ရှေးအမည်)
- နာအိပ် (လက်​ထောက်၊ ဒု)

ကိုးကား-

၁။ Prof. Dr. Abdul Karim. The Rohingyas: History and Culture. Pp.78
၂။ ဘိုးတော်ဘုရား၏ ရာဇသတ်ခေါ်သော အမိန့်တော်ပြန်တမ်း၊ စတုတ္တပိုင်း၊ စာ-၂၅၄။
၃။ ​မောင်​မောင် (စန္ဒသူရိယ)၊ အာရကန်နိုင်ငံ​တော် ​ရွှေ​ခေတ်က အစ္စလာမ်တို့ အ​ရေးပါခဲ့ပုံ။ ​ဖေ့စ်ဘုတ်​ဆောင်းပါး (၂၀၂၅)။
၄။ အာမာန် ၊ Muslim poets in Ancient Arakan.
၅။ ခင်​မောင်မြင့်၊ ဘိုး​တော်ဘုရား၏ အမိန့်ပြန်တမ်းဖြင့် ကာဇီတရားစီရင်​ရေးစနစ်။


No comments:

Post a Comment