ICJ ရဲ့ ဆုံးဖြတ်ချက်အမိန့် ၁၃ ချက်
■ ကုလသမဂ္ဂတရားရုံးကချမှတ်တာဖြစ်လို့ ဥပဒေအရ စည်းနှောင်မှုရှိပြီး လိုက်နာဖို့ ပျက်ကွက်ရင်လုံခြုံရေးကောင်စီကအရေးယူခွင့်ရှိ
● ဆုံးဖြတ်ချက် (၁)
မြန်မာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးနဲ့ အပြစ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်အောက်က တာဝန်ဝတ္တရားတွေကို ချိုးဖောက်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာတွေအပေါ် လူမျိုးသုဥ်းသတ်ဖြတ်မှုကျူးလွန်ကြောင်း တွေ့ရှိဆုံးဖြတ်ပါတယ်။
● ဆုံးဖြတ်ချက် (၂)
မြန်မာနိုင်ငံဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့အတူ တခြားလူပုဂ္ဂိုလ်တွေက လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တာကို တားဆီးဖို့ ပျက်ကွက်ချိုးဖောက်ခဲ့တယ်လို့ တွေ့ရှိဆုံးဖြတ်ပါတယ်။ အဲဒီ ဆုံးဖြတ်ချက်ကို ICJ တရားသူကြီး ၉ ဦးက သဘောတူပြီး ၆ ဦးက ကန့်ကွက်ခဲ့ပါတယ်။
● ဆုံးဖြတ်ချက် (၃)
မြန်မာနိုင်ငံဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာတွေအပေါ် သာမန်အရပ်သား ပုဂ္ဂိုလ်တွေက လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်လာအောင် တိုက်ရိုက်နဲ့ လူသိရှင်ကြား လှုံ့ဆော်တာမျိုးတော့ မလုပ်ခဲ့ဘူးလို့ တွေ့ရှိဆုံးဖြတ်ပါတယ်။ အဲဒီ ဆုံးဖြတ်ချက်ကို ICJ တရားသူကြီး ၁၄ ဦးက သဘောတူပြီး ၁ ဦးက ကန့်ကွက်ခဲ့ပါတယ်။
● ဆုံးဖြတ်ချက် (၄)
မြန်မာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးနဲ့ အပြစ်ပေးရေးဆိုင်ရာ သဘောတူစာချုပ် အပိုဒ် ၃ မှာ ဖော်ပြထားတဲ့ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ တခြားကျူးလွန်မှုတွေကို အပြစ်ပေးအရေးယူရမယ့် တာဝန်ဝတ္တရားကို ချိုးဖောက်ခဲ့တယ်လို့ တွေ့ရှိဆုံးဖြတ်ပါတယ်။ အဲဒီဆုံးဖြတ်ချက်ကို ICJ တရားသူကြီး ၁၁ ဦးက သဘောတူပြီး ၄ ဦးက ကန့်ကွက်ခဲ့ပါတယ်။
● ဆုံးဖြတ်ချက် (၅)
မြန်မာနိုင်ငံဟာ သဘောတူစာချုပ်ပါ ပြဋ္ဌာန်းချက်တွေ အသက်ဝင်အကောင်အထည်ပေါ်စေဖို့ လိုအပ်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းပေးရမယ့် တာဝန်ဝတ္တရားကို ချိုးဖောက်ခဲ့တယ်လို့ တွေ့ရှိဆုံးဖြတ်ပါတယ်။ အဲဒီဆုံးဖြတ်ချက်ကို ICJ တရားသူကြီး ၁၄ ဦးက သဘောတူပြီး ၁ ဦးက ကန့်ကွက်ခဲ့ပါတယ်။
● ဆုံးဖြတ်ချက် (၆)
မြန်မာနိုင်ငံဟာ သဘောတူစာချုပ်အောက်က တာဝန်ဝတ္တရားတွေကို အပြည့်အဝ အကောင်အထည်ဖော်နိုင်မယ့် ဥပဒေတွေ ပြဋ္ဌာန်းပေးခြင်းနဲ့အတူ စာချုပ် အပိုဒ် ၅ အောက်က တာဝန်ဝတ္တရားတွေကို လက်ရှိဆက်လက်ချိုးဖောက်နေမှုမှန်သမျှကို ရပ်တန့်ရမယ်လို့ ဆုံးဖြတ်ပါတယ်။ အဲဒီဆုံးဖြတ်ချက်ကို ICJ တရားသူကြီး ၁၄ ဦးက သဘောတူပြီး ၁ ဦးက ကန့်ကွက်ခဲ့ပါတယ်။
● ဆုံးဖြတ်ချက် (၇)
မြန်မာနိုင်ငံဟာ၂၀၁၇ ခုနှစ် နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေနဲ့ ဆက်စပ်ပြီး လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးနဲ့ အပြစ်ပေးရေးဆိုင်ရာ သဘောတူစာချုပ် အပိုဒ် ၃ နဲ့ ဆန့်ကျင်တဲ့ လုပ်ရပ်တွေကို ကျူးလွန်ခဲ့တယ်လို့ ကျိုးကြောင်းဆီလျော်စွာ သံသယရှိခံရသူအားလုံးကို စုံစမ်းစစ်ဆေးဖို့ ချက်ချင်းနဲ့ ထိရောက်တဲ့ ခြေလှမ်းတွေ လုပ်ဆောင်ရမှာဖြစ်ပြီး လိုအပ်ရင်တရားစွဲဆိုအပြစ်ပေးအရေးယူရမယ်လို့ ဆုံးဖြတ်ပါတယ်။ အဲဒီဆုံးဖြတ်ချက်ကို ICJ တရားသူကြီး ၁၃ ဦးက သဘောတူပြီး ၂ ဦးက ကန့်ကွက်ခဲ့ပါတယ်။
● ဆုံးဖြတ်ချက် (၈)
မြန်မာနိုင်ငံဟာ သဘောတူစာချုပ်အောက်က တာဝန်ဝတ္တရား ချိုးဖောက်မှုတွေကို နောင်ထပ်မံမကျူးလွန်တော့ကြောင်းခိုင်လုံတဲ့ စိတ်ချယုံကြည်ရမှုနဲ့ အာမခံချက်တွေ ပေးအပ်ရမှာဖြစ်ပြီး အနာဂတ်မှာ အလားတူ ချိုးဖောက်မှုတွေ ထပ်မဖြစ်အောင် တားဆီးရမယ်လို့ ဆုံးဖြတ်ပါတယ်။ အဲဒီဆုံးဖြတ်ချက်ကို ICJ တရားသူကြီး ၉ ဦးက သဘောတူပြီး ၆ ဦးက ကန့်ကွက်ခဲ့ပါတယ်။
● ဆုံးဖြတ်ချက် (၉)
မြန်မာနိုင်ငံဟာ လက်ရှိစီရင်ချက်ရဲ့ အပိုဒ် ၆၁၅ မှာ သတ်မှတ်ဖော်ပြထားတဲ့ မူလအခြေအနေအတိုင်း ပြန်လည်ထူထောင်ပေးရေး အစီအမံတွေကို ချမှတ်ဆောင်ရွက်ဖို့ တာဝန်ရှိတယ်လို့ ဆုံးဖြတ်ပါတယ်။ အဲဒီဆုံးဖြတ်ချက်ကို ICJ တရားသူကြီး ၁၀ ဦးက သဘောတူပြီး ၅ ဦးက ကန့်ကွက်ခဲ့ပါတယ်။
● ဆုံးဖြတ်ချက် (၁၀)
မြန်မာနိုင်ငံဟာ သဘောတူစာချုပ်အောက်က တာဝန်ဝတ္တရားတွေကို ချိုးဖောက်ခဲ့မှုကြောင့် ဖြစ်ပေါ်လာတဲ့ ထိခိုက်နစ်နာမှုတွေအတွက် မူလအခြေအနေအတိုင်း ပြန်လည်ထူထောင်ပေးမှုနဲ့ ရိုဟင်ဂျာတွေကို လျော်ကြေးပေးအပ်ဖို့ တာဝန်ရှိတယ်လို့ ဆုံးဖြတ်ပါတယ်။ အဲဒီဆုံးဖြတ်ချက်ကို ICJ တရားသူကြီး ၁၀ ဦးက သဘောတူပြီး ၅ ဦးက ကန့်ကွက်ခဲ့ပါတယ်။
● ဆုံးဖြတ်ချက် (၁၁)
ရိုဟင်ဂျာတွေ ရသင့်ရထိုက်တဲ့ လျော်ကြေး ဒါမှမဟုတ် တခြားနစ်နာကြေး ပြန်လည်ကုစားပေးမှု ပမာဏနဲ့ ပေးအပ်မယ့် နည်းလမ်းတွေဆိုင်ရာ ကိစ္စရပ်ကို တရားရုံးကပဲ ဆုံးဖြတ်သတ်မှတ်သွားမှာဖြစ်ပြီး အဲဒီလို ဆောင်ရွက်နိုင်ဖို့ မြန်မာနိုင်ငံအနေနဲ့ လက်ရှိစီရင်ချက် ချမှတ်ပြီး ၂ နှစ်အတွင်းမှာ အပိုဒ် ၆၂၅ မှာ ဖော်ပြထားတဲ့ အစီရင်ခံစာကို ရုံးတော်ကို ပေးပို့တင်ပြရမယ်လို့ ဆုံးဖြတ်ပါတယ်။ ဒါ့အပြင် ဒီရည်ရွယ်ချက်အတွက် အမှုရဲ့ နောက်ဆက်တွဲ လုပ်ငန်းစဉ်တွေကို ရုံးတော်က ဆက်လက်ကိုင်တွယ်ထားမှာ ဖြစ်ပါတယ်။ အဲဒီဆုံးဖြတ်ချက်ကို ICJ တရားသူကြီး ၁၀ ဦးက သဘောတူပြီး ၅ ဦးက ကန့်ကွက်ခဲ့ပါတယ်။
#ဆက်ရန်

No comments:
Post a Comment