Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Saturday, January 19, 2019

ဘာသာတရား အသီးသီးမှ အမျိုးသမီးတို့၏ ဝတ်စားဆင်ယင်မှု (ဟီဂျာပ်) အကြောင်း




ဘာသာအသီးသီးမှ အမျိုးသမီးတို့၏ ဝတ်စားဆင်ယင်မှု (ဟီဂျာပ်) အကြောင်း 


[Modesty in Different Religious Teachings ]
------------------------------------------------------------------

အမျိုးသမီးနှင့် အရှက်အကြောက်တရားသည် ဒွန်တွဲနေသည်။ အရှက်အကြောက်ရှိရှိ ယဉ်ယဉ်ကျေးကျေး လုံလုံခြုံခြုံ ဝတ်ဆင် နေထိုင်မှုသည် သူတို့၏ ဂုဏ်ကျက်သရေ အဆင့်အတန်းကို မြင့်မားစေသည်။ 
မလုံမခြုံ ၀တ်စားဆင်ယင်မှုက အမျိုးသမီးများရဲ့ဘဝ ပျက်စီးခြင်းရဲ့ အစပါပါပဲ။ ကိုယ်လုံးမပေါ်အောင် လုံလုံဝတ်ခြင်းသည် အောက်တန်းကျစရာမဟုတ်၊ ဂုဏ်မြင့်စရာပင် ဖြစ်လေသည်။ ဘာသာတရားတိုင်းသည် အမျိုးသမီးများ လုံလုံခြုံခြုံ ဝတ်ဆင်နေထိုင်မှုကို သွန်သင်ပေးသည်။ ဆန့်ကျင်ဖက် သူတို့၏ ကာမစိတ်ဆန္ဒကို နိုးဆွခြင်း၊ ရူပအရုံ ဆွဲဆောင်စေခြင်းကို ရှောင်ရှားရန် ပြင်းပြင်းထန်ထန် တားမြစ်ထားသည်ကို အောက်ပါ အကိုးအကားများအား လေ့လာသုံးသပ်ခြင်းဖြင့် ပိုမိုထင်ရှားစေပါမည်။ 

၁။ ဗုဒ္ဓဘာသာ 




ရှင်စောပု မိဖုရားကြီးက ဘုန်းကြီးကျောင်းသွားခါနီး သူ့အခြွေအရံများကို ပြောနေသည်မှာ –

((( ထိပ်ထား တစ်ခု သတိပေးချင်သေးတယ်။ သမီးတော်တို့ရော သေသေချာချာ နားထောင်ကြနော်။
ယခု မယ်မယ်တို့ သွားရမှာက ရဟန်းတော်တွေ သီတင်းသုံးတဲ့နေရာ၊ မယ်မယ်တို့ ချယ်သထားတာက တကယ့်ပွဲလမ်းသဘင် သွားမယ့်အတိုင်းပဲ။ မိန်းမတစ်ယောက်ရဲ့ ၀တ်စားဆင်ယင်မှုနဲ့ အမူအရာတွေ ဟာ ဆန့်ကျင်ဘက်ဖြစ်တဲ့ ပုရိသတွေကို ဆွဲဆောင်နိုင်စွမ်း ရှိတယ်။ အဆန်းတကြယ် ပြင်ဆင်မွမ်းမံမှုက ညှို့ယူလိုက်တဲ့အတွက် သူတို့မှာ ပူလောင်တဲ့ဆန္ဒ ဖြစ်လာနိုင်တယ်လေ။

ဒီလို သူ့စိတ်ကို အမှောင်ရိပ် လွှမ်းသွားတာနဲ့တပြိုင်နက် သူ့မှာ အပြစ်ဖြစ်ရသလို သူ့ကို ပူလောင်အောင် ၀တ်ဆင်ထားတဲ့ မိန်းမမှာလည်း တန်းတူ အပြစ်ဖြစ်ရတယ်။ ဒီတော့ ကိုယ့်ရဲ့ အနေအထိုင်ကြောင့်
တစ်ပါးသူတစ်ဦးကို ဘယ်တော့မှ အမှောင် မလွှမ်းသွားပါစေနဲ့။ သမီးတော်တို့ . . . ရဟန်းတော်တွေဆိုတာကလည်း အာသဝေါ ကုန်းခမ်းကြသေးတာ မဟုတ်ဘူး။ ပုထုဇဉ်တွေပဲဖြစ်လို့ ပြာဖုံးနေတဲ့ မီးခဲတွေပါပဲ။ ဒီမီးခဲတွေကို သမီးတော်တို့ရဲ့ တပ်မက်စရာ ရူပါရုံဆိုတဲ့ လေပြေတစ်ချက်မွေ့ လိုက်ရင် . . . ထိပ်ထား မဆက်ပါရစေနဲ့တော့ကွယ် .။

ဒါကြောင့် သင့်တင့်ရုံပဲ ပြင်ဆင်ကြ၊ ခေါင်းက ပန်းတွေဖြုတ်​လိုက်။ မှုံနံ့သာတွေ ကိုလည်း ဖျက်လိုက်ကြပါဦး။ လုံလုံခြုံခြုံဝတ်ဆင်ပြီး မြင်ရသူစိတ်ထဲမှာ နှမငယ် သမီးငယ်တစ်ယောက်လို ကရုဏာပွားလာအောင် ပြောဆို ဆက်ဆံ ကြပါကွယ်။))) 

မသန်းသန်း(မန်းတက္ကသိုလ်)၏ ရှင်စောပုအမည်ရှိ စာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်။

၂။ အိစၥလာမ္ဘာသာ 



အိစ္စလာမ် ဘာသာကလဲ အမျိုးသမီးများ အပြင်ထွက်တဲ့အခါ မျက်နှာ၊ ခြေ၊ လက် တို့မှအပ ကျန်တဲ့ဟာကို လုံခြုံအောင် မဖြစ်မနေ ဝတ်ဆင်ရမယ်။ တက်မက်မှုအရုံကို နိုးဆွပေးနိုင်သော အမွှေးနံ့သာ တတို့ကို မသုံးဆောင်ရ။ မျက်စိမြင်လွာကို အောက်ဘက် ချထားရမယ် လို့ လမ်းညွန်ထားတာပဲ။



“အို တမန်တော်၊ အသင်၏ ဇနီးကြင်ရာတော်၊ သမီးတော်များနှင့် မုအ်မန် အမျိုးသမီးတို့ကို ပြောကြားပါလေ။ သူတို့ (အပြင်ထွက်သော်) ကိုယ်ခန္ဓာကို ဝတ်ရုံနှင့် ဖုံးလွှမ်းလော့။ ယင်းသည်  သူတို့ကို မှတ်နိုင်ရန်နှင့် စိတ်အနှောင့်အချက် မဖြစ်မိစေရန်  သာ၍ကောင်းသော အရာဖြစ်လိမ့်မည်။ အလ္လာဟ်အသျှင်မြတ်သည် အစဉ်ခွင့်လွတ်တော်မူသောအရှင် နှင့် မဟာကရုဏာတော်ရှင်ဖြစ်သည်။ ”

[စူရာဟ် အဟ်ဇာဗ် ၃၃:၅၉]

၃။ ခရစ်ယာန်ဘာသာ 



ခရစ်ယာန်ဘာသာကလဲ ခြေ၊ လက်၊ မျက်နှာမှ အပ ကျန်တာ အကုန်လုံအောင် ဝတ်ဆင်ရမယ်။ ဆံပင်တစ်ပင်တောင် တခြား ယောက်ျား တစ်ယောက်မှ မြင်သော် ဆံပင်ရိတ် ခေါင်းတုံးသော ပြစ်ဒဏ်ပေးခံရမယ်။ 

“အကြင်အမျိုးသမီးသည် ဝတ်ပြုရာတွင် လည်းကောင်း၊ ဟောပြောရာတွင် လည်းကောင်း သူမ၏ ခေါင်းကို ဝတ်လစ်စားလစ် ထားသော် သူ၏ ခေါင်း အသရေကို ကျဆင်းစေခြင်းပင်ဖြစ်သည်။ ယင်းသည် သူ၏ ခေါင်းကို တုံးလိုက်ခြင်းနှင့် တူသည်။ ”

[ ကိုရိန်သီယာမ်  ၁၁: ၅ ]

၃။ ဟိန္ဒူဘာသာ 

ဟိန္ဒူဘာသာမှာလဲ အဝတ်အစားကို လုံလုံခြုံခြုံ ဝတ်ဆင်ရုံသာမက ခေါင်းခြုံ ပုဝါကို မျက်နှာအောက် ခါးထိ ချထားရမယ်။ ကိုယ်လုံး မပေါ်အောင် ဝတ်စားဆင်ယင်ရမယ် လို့ ဆုံးမထားတာပဲ။ 

၎။ ဂျူးဘာသာ 



ဂျူးဘာသာမှာလဲ အမျိုးသမီးတွေဟာ အပြင်ထွက်ရင် ခေါင်းဝတ်လစ် မထွက်ရဘူး။ ပုဝါခြုံမယ်။ 


“အကယ်၍ အကြင် အမျိုးသမီးသည် ခေါင်းတွင် ပုဝါ မလွှမ်းဘဲ အပြင်ထွက်သည်ဆိုလျှင် ဂျူးဘာသာ ဥပဒေသကို ချိုးဖောက်ခြင်းဖြစ်သည်။”

[မိခ်ျနာဟ်ကေတုဘိုသ် ၇:၆]


ဒါကြောင့် ဘာသာတရား အသီးသီး၌ အမျိုးသမီးများ ဝတ်စားဆင်ယင်မှုသည်  (ဟိဂျာပ်)ဟာ သိပ်တော့ မခြားလှပါဘူး။ ဘာသာတိုင်းဟာ အဝတ်အစားကို လုံ့လုံ့ခြုံခြုံ ဝတ်ဆင်အောင် သွန်သင် ဆုံးမ လမ်းညွန်တာချည်းပဲ။ 

ဣနြေ္ဒရရ ဟိရိသြတ္တပ္ပ အရှက်အကြောက်ရှိရှိ ကြည်ညိုဖွယ်ရာ တင့်တယ်သော  အမျိုးသမီး ဣနြေ္ဒရှင် ပီပီသသ အောင် အဝတ်အစားကို ဂရုတစိုက် သိက္ခာရှိရှိ ဝတ်ဆင်ကြပါစို့။  

-----------------------
(နတ်မျက်စိရေးသည်။)


Monday, January 14, 2019

၈။ ဇာလာဖီရာ့ [Zala Fiçá]



🎂 ၈။ ဇာလာဖီရာ့ 🎂

✏✏✏✏✏✏✏✏
ရေးသား 📝 ရိုဟင်လေး
အမျိုးအစား 🎍 ရိုဟင်ဂျာ ရိုးရာ အစားအစာ [Rohingya Traditional Foods]

‘ဇာလာဖီရာ့’ မုန့်ကို အာရ်ကာန်ပြည်ရှိ ပြည်သူတိုင်း စားဖူးကြသည်ဟု ယူဆပါသည်။ ဤမုန့်ကား အလွန်ရှေးကျသော ရိုဟင်ဂျာ ရိုးရာမုန့်တစ်မျိုးဖြစ်သည်။ ဇာလာဆိုဝ်လ် ခေါ်သော ပျိုးဆန်ကို အသုံးပြု၍ ပြုလုပ်ရသောကြောင့် ‘ဇာလာဖီရာ’ ဟု ခေါ်ဆိုခြင်းဖြစ်သည်။ ဇာလာဆိုလ် (ပျိုးဆန်)+ ဖီရာ (မုန့်) ။ Zala Fira Modubát လို့ ရှေးရိုဟင်ဂျာ ဆိုရိုးစကားရှိပါတယ်။ ဇာလာဖီရာ့ကို အချိန်တိုင်းတော့ မရနိုင်ပါ။ 

ရိုဟင်ဂျာတို့၏ မုန့်ကြွယ်ချိန်ဟု ခေါ်ရလောက်အောင် မုန့်ပွဲသဘင်ကျသလို မုန့်လုပ်ကျွေးသည့် ကာလက အခြားမဟုတ် စပါးရိတ်သိမ်းပြီးချိန်ပင် ဖြစ်ပါသည်။ တစ်ရာသီပတ်လုံး ဒုနဲ့ဒေး ပင်ပင်ပန်းပန်း အလုပ်လုပ်ကြပြီး မိသားစု၊ ဆွေမျိုးသဟ တို့နှင့် ပျော်ဖြေချိန်တွင် ရိုဟင်ဂျာတို့ အိမ်တိုင်းအိမ်တိုင်း၌ မုန့်မိုးကြွေကြသည်။ ထိုကာလတွင် မုန့်အမျိုးမျိုး လုပ်ကြသည့်အနက် ဇာလာဖီရာ့ ဆိုသည့် ငှက်ပျောဖက် မုန့်တစ်မျိုးက အတိတ် မုန့်ဓလေ့ကို တမ်းတနေလေသည်။ 

ဇာလာဖီရာ့ က စားရမြိန်ရှက်သကဲ့သို့ လုပ်ရလည်း လွယ်ကှူပေသည်။ သို့ရာတွင် ဇာလာဖီရာ့ အတွက် လိုအပ်သော ပျိုးဆန်ကား ထုတ်ယူရခက်လှပေသည်။ ဇာလာဖီရာ့ လုပ်စားရန် ဆန္ဒရှိသော လယ်သမား ဦးကြီးတို့သည် မိုးဦးကာလကပင် ပြင်ဆင်ကြရသည်။ ဇာလာဖီရာ့၏ အဓိက ပစ္စည်းဖြစ်သော ဇာလာဆိုဝ်လ် [ပျိုးဆန်ကွဲ]ကို မိုးဦး စပါးစိုက်ချိန်၌သာ ရရှိကြသည်။  စပါးစိုက်ပျိုးရန် မျိုးစပါးများကို အညှောက် ထွက်လာအောင် ရေစိမ့်ရသည်။ အညှောက်ထွက်လာသော မျိုးစပါးကို ပျိုးပင်ပေါက်အောင် လယ်ကွက်သို့ မကြဲဘဲ မိမိလိုလားသော စပါးပမာဏကို နေပူလှန်သည်။ ကောင်းကောင်း ခြောက်သွေ့ သွားသောအခါ ဆုံနှင့် ထောင်း၍ ဆန်ဖြစ်စေသည်။ ယင်းကို ဇလာဆိုဝ်လ် ဟုခေါ်သည်။ ကောက်ညှင်းစပါးမှ ရရှိသော ပျိုးဆန်သည် အကောင်းဆုံးဖြစ်သည်။ 

ဇာလာဆိုဝ်လ် ကို မဒူးဘာသ် (ပျားရည်ဆမ်းထမင်း) ပြုလုပ်ရာတွင်လည်းကောင်း၊ ဇာလာဖီရာ (ဖက်ထုပ် ဇာလာမုန့်) ပြုလုပ်ရာတွင် လည်းကောင်း အများဆုံး အသုံးပြုကြသည်။ အခြားမုန့်များ၌လည်း ပေါင်းထည့်ကြလေ့ရှိသည်။ 

ဇာလာဆိုဝ်လ်သည် ခပ်ချိုချိုအရသာရှိပြီး ဆန်ပျော့သဖြင့် တနီတဖြူ ဆန်ကွဲမျိုး ဖြစ်သည်။ ယင်းပျိုးဆန်ကို အစိုဓာတ်မရအောင် လုံလုံခြုံခြုံ သိမ်းထားရသည်။ ဆောင်းရာသီရောက်လျှင် ဇာလာဖီရာ့ မဒူးဘာသ် စားရအောင်ပေါ့…။ 

ဇာလာဖီရာ့ ပြုလုပ်နည်း



လိုအပ်သော ပစ္စည်းများ

၁။ ဇာလာဆိုဝ်လ် အမှုန့်
၂။ ကောက်ညှင်းဆန်မှုန့်
၃။ ထန်းလျက်
၎။ အုန်းသီး
၅။ ငှက်ပျောဖက်
၆။ ရေ
၇။ ဆား

ပျိုးဆန်မှုန့် တစ်ဘူးတွင် ကောက်ညှင်းဆန်မှုန့် တစ်သိုက်ရောနှောကာ ရေပါးပါး လောင်းထည့်ပြီး မီးဖိုတွင်ေ ခတ္တာ အပေါင်ခံရသည်။ အမှုန့်ရောကာ ခပ်စိုစို တစေးစေး ဖြစ်လာသောအခါ လောင်ပန်းတွင် ထည့်ထားပါ။ အအေးခံထားသော  ထန်းလျက်ရည်နှင့် အစိတ်ငယ်ပါးပါး လှီးဖြတ်ထားသော အုန်းသီးများကို  အချို့ကျကျ ထည့်ကာ ကောင်းကောင်း နှယ်ရသည်။ ကြက်ဥ လောက်အလုံး လုံးရသည်။ ပြီးလျှင် ငှက်ပျောဖက်တွင် ချောင်းပြားပြား ဖိ၍ ထုပ်ရသည်။ အသင့်ဖြစ်နေသော မုန့်ကြမ်းကို ပေါင်းအိုးတွင် ထည့်ကာ အဖုံးလုံအောင် ဖုံးလျက် မီးဖိုတွင် တင်ပေးရသည်။ နာရီဝက်လောက်ကြာသော ပေါင်းအိုး အပြင်အနံ့ထွက်လာသည်ကို သိရမည်။ ထိုအခါ မုန့်သည် သုံးဆောင်ရန် အသင့်ဖြစ်သွားပါပြီ။ ဆန္ဒပြည့် ဗိုက်ပြည့် ဝိုင်းစားကြ၊ ဖိတ်ကျွေးကြပေါ့။ 

🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻



Saturday, January 12, 2019

မုဟမ္မဒ် အာလ် ဗုခါရီ (သို့မဟုတ်) ဗုခါရီကျမ်းပြုဆရာ




အေမာမ်ဗုခါရီအကြောင်း 

☆☆☆☆☆☆☆☆☆☆☆
Download Here Buhari in Burmese Translations

BUHARI Vol.1

BUHARI Vol.2

BUHARI Vol.3


အေမာမ်ဗုခါရီ၏ အမည်မှာ မုဟမ္မဒ် ဖြစ်သည်။

ကွန်နီယတ် (Epithet) ဂုဏ်ရည် သတ္တိ ဖော်ပြရာ အမည်မှာ အဗူ အဗ်ဒုလ္လာဟ် ဖြစ်သည်။ 
လကဗ် (Title of honour) ဂုဏ်ထူးဆောင် ဘွဲ့မှာ အမီရုလ် မုအ်မီနီန် ဖိလ် ဟဒီဆ် သြ၀ါဒ တော်ဆိုင်ရာ ပညာတွင် မုအ်မင်နီန် တို့၏ အကြီးအကဲ၊ အကြီး အမှူး၊ ဥက္ကဌ ဖြစ်ပါသည်။

အေမာမ် ဗုခါရီ၏ မျိုးနွယ် စဉ်ဆက်မှာ မုဟမ္မဒ် ဗင်န် အစ္စမာအီးလ် ဗင်န် အစ်ဗ်ရာဟီမ် ဗင်န် မုဃီရဟ် ဗင်န် ဗရ်ဒစ်ဇ်ဗဟ် ဖြစ်သည်။

အေမာမ် ဗုခါရီသည် ဟစ်ဂ်ျရီ သက္ကရာဇ် ၁၉၄ ခု၊ ရှောင်ဝါလ်လ (၁၃) ရက်၊ သောကြာနေ့ ဂျွန်မ်အဟ် ဆွလာတ် အပြီးတွင် ဗုခါရာမြို့၌ ဖွားမြင် ခဲ့ပါသည်။

အေမာမ် ဗုခါရီ၏ ဖခင်ကြီးမှာ အေမာမ် ဗုခါရီ ငယ်ရွယ်စဉ်မှာပင် အလ္လာဟ် အရှင်မြတ် အမိန့်တော်ခံသွားခဲ့ရာ အေမာမ် ဗုခါရီအား မိခင်ကြီးက မွေးမြူ စောင့်ရှောက်လာခဲ့ပါသည်။

ဖရ်ဗရီ၏ ရေးသားချက်အရ အေမာမ် ဗုခါရီက ကျွန်တော် အသက် (၁၀) နှစ်ပင် မပြည့်သေးပါ။ ထိုအရွယ်မှာပင် ဟဒီးဆ် သြ၀ါဒတော်များကို ကျက်မှတ် လိုသည့်ဆန္ဒ အပြည့်အ၀ ရှိနေခဲ့ပါသည်ဟု ပြောပြ လေ့ရှိ ခဲ့ပါသည်။

အေမာမ် ဗုခါရီ သည် ၁၀ နှစ်သား အရွယ်မှာပင် မိခင်ကြီးနှင့် အစ်ကိုကြီး အဟ်မဒ် တို့နှင့် အတူတကွ ဟဂ်ျပြုရန် မက္ကာမြို့တော်သို့ သွားရောက် ခဲ့ပါသည်။

အေမာမ် ဗုခါရီ သည် ဟဂ်ျ ပြုလုပ် ပြီးသည့် အခါ ပညာဆည်းပူးရန် အလို့ငှာ မက္ကာမြို့တော်မှာပင် နေရစ်ခဲ့ပါသည်။

မိခင်ကြီးနှင့် အစ်ကိုကြီးတို့သည်သာ မိမိတို့၏ တိုင်းပြည်သို့ ပြန်သွားခဲ့ပါသည်။ 

အေမာမ် ဗုခါရီသည် ဟဒီးဆ် ပညာတွင် အဘယ်မျှ ကျွမ်းကျင် နှံ့စပ်ခဲ့သည် ဆိုသော် တစ်ခါသော် အလွန် ကျော်ကြားသော (မုဟဒ်ဒစ်ဆ်) ဟဒီးဆ် ပညာရှင်တစ်ဦး၏ အမှားကို ပရိသတ်အလယ်တွင် ထောက်ပြနိုင်ခဲ့သည်။ 

အေမာမ် ဗုခါရီ က ကျွန်တော်သည် အသက် တစ်ဆယ့် ခြောက်နှစ် အရွယ်တွင် အစ်ဗ်နုမုဗာရက်၊ ၀ကီအ် စသည့် ပညာရှင်ကြီးများ၏ ကျမ်းများကို စ-လယ်-ဆုံး ကျက်မှတ် ထားနိုင်ခဲ့ပါသည် ဟု ပြောပြလေ့ ရှိခဲ့ပါသည်။

ထို့နောက် အေမာမ် ဗုခါရီသည် မိမိ၏ မိခင်ကြီး နှင့်အတူ ဒုတိယ အကြိမ် ဟဂ်ျ ပြုလုပ်ရန် မက္ကာဟ် မြို့တော်သို့ ခရီးထွက်ခဲ့ပြန်ပါသည်။ 

ဤ ဒုတိယ ဟဂ်ျ ခရီးတွင် ဟဒီးစ်နှင့် ပတ်သက်သည့် ပညာအရပ်ရပ်ကို အနည်းငယ် စိုးစဉ်းမျှ မကျန်ရစ်စေဘဲ ပြည့်စုံစွာ၊ စေ့ငှစွာ တတ်မြောက် အောင် ဆည်းပူးခဲ့ပါသည်။

အေမာမ် ဗုခါရီ သည် အသက် (၁၈)နှစ် အရွယ်တွင် ကျမ်း တစ်စောင် ပြုစုခဲ့သည်။ ယင်းကျမ်းတွင် တမန်တော်မြတ် မိုဟမ္မဒ် (ဆွာလ္လလ္လာဟု အလိုင်ဟိ ၀စလ္လာမ်) ၏ (ဆွဟာဗ်) တပည့်သားများ၏ စီရင်ထုံးများနှင့် ဓမ္မသတ် အဆုံးအဖြတ်များကို စုပေါင်း ဖော်ပြထားပါသည်။


အေမာမ် ဗုခါရီ က ကျွန်ုပ်သည် ပညာ ဆည်းပူးရန်အတွက် ရှာမ် (Syria)၊ မစ်ဆ်ွရ် (Egypt)၊ အလ် ဂျဇီရဟ် (Mesopotamia) စသည့် နိုင်ငံများသို့ နှစ်ကြိမ် သွားရောက်ခဲ့ပါသည်။ 

ဟိဂျာဇ် ပြည်တွင် ၆နှစ် နေထိုင်ခဲ့ပါသည်။ 
ဗဃ်ဒါဒ် (Baghdad) နှင့် ကူဖဟ် (Kufa) မြို့များသို့ အကြိမ်ကြိမ် သွားရောက်ခဲ့သည် ဟု ပြောပြခဲ့ပါသည်။ 

ဆိုလို သည်မှာ အေမာမ် ဗုခါရီ သည် ထိုခောတ် ထိုအခါတွင် ဟဒီးဆ် ပညာ ထွန်းကားရာ နိုင်ငံများနှင့် ဟဒီးဆ် ပညာ ပါရဂူများ ရှိရာ ဌာန အသီးသီးသို့ မလွဲမသွေ၊ မုချ ဆတ်ဆတ် သွားရောက်ခဲ့သည်သာ ဖြစ်ပါသည်။ 

ပညာ ဆည်းပူးရန်အတွက် ခရီးသွားရာတွင် ဒုက္ခအမျိုးမျိုး နှင့် ရင်ဆိုင် ခဲ့ရပါသည်။ ပညာ ဆည်းပူးရာတွင် တွေ့ကြုံခဲ့ရသော ဒုက္ခ ကြီးငယ်များကို အံ့ဖွယ် သရဲအပြုံးနှင့် ရဲရဲ ရင်ဆိုင်ခဲ့ပါသည်။ 

သို့ ပညာ ဆည်းပူးခဲ့သည့်အတွက်ကြောင့်ပင် အေမာမ် ဗုခါရီသည် ဟဒီးဆ် ပညာတွင် သူမတူအောင် တစ်ဘက်ကမ်းခပ် တတ်မြောက်ခဲ့ခြင်း ဖြစ်ပါသည်။

နောက်ဆုံးတွင် အေမာမ် ဗုခါရီ၏ အချို့ ဆရာများသည်ပင် အေမာမ် ဗုခါရီထံတွင် တပည့်ခံလာခဲ့ကြပါသည်။ 



ရှိုင်ခုလ် အစ္စလာမ် ဟာဖဆ်ဇ် အစ်ဗ်နု ဟဂျရ် အတ္တစ္စကလာနီ က ရေးသား ဖော်ပြခဲ့သည်မှာ အေမာမ် ဗုခါရီ၏ ဆရာများမှာ များပြားလှသည်။ ယင်း ဆရာများအနက် ဆရာ (၁၈၀၀) မှာ အေမာမ် ဗုခါရီသည် ထို ဆရာများထံမှ ဟဒီး သြ၀ါဒတော် တစ်ပါးသာ ဆည်းပူးခဲ့ရသော ဆရာများသာ ဖြစ်ခဲ့ကြပါပေသည်။

အေမာမ် ဗုခါရီ၏ မှတ်သား ဥာဏ်မှာ အလ္လာဟ်၏ ကျေးဇူးတော်ဖြင့် အတိုင်းမသိ ထူးချွန်လှပေသည်။ အစပထမ တွင် ကြားသိရသမျှသော ဟဒီးဆ်တော်များကို အာဂုံဆောင်ထားလေ့ရှိခဲ့သည်။
ရေးမှတ် ထားလေ့မရှိပေ။ အေမာမ် ဗုခါရီ၏ စာသင် တပည့်သားများသည် ရေးမှတ် ထားလေ့ရှိခဲ့ကြသည်။ တိုက်ဆိုင် ကြည့်သောအခါ အေမာမ် ဗုခါရီ၏ မှတ်သားဥာဏ်သည် အသာ ရရှိသည်သာ ဖြစ်ခဲ့ပါသည်။

အေမာမ် ဗုခါရီ သည် သူတော်ကောင်း တရားကျင့် မူရာတွင် လည်းကောင်၊ စိတ်ရင် စေတနာ ဖြူစင်ရာတွင် လည်းကောင်း၊ ဥာဏ် အမြော်အမြင် ထက်မြက်ရာတွင် လည်းကောင်း ပြိုင်ဖက်၊ ယှဉ်ဖက် ကင်းလောက် အောင် ထူးချွန်လှပေသည်။ 

အလ္လာဟ် အရှင်မြတ်သည် ဖော်ပြပါ အရည်အချင်းများနှင့်တကွ အခြား လိုအပ်သည့် အရည်အသွေး အရပ်ရပ်ကို အေမာမ် ဗုခါရီအား လိုလေသေး မရှိ အပြည့် အ၀ ချီးမြှင့်ထားတော်မူသည်မှာ အထင်အရှားပင်။ ထို့ အတွက် ကြောင့်ပင် အေမာမ် ဗုခါရီ ၏ အချို့ ဆရာများက အေမာမ် ဗုခါရီ၏ အရည်အချင်းများကို တွေ့မြင်ကြရသောအခါ “ဆွဟာဗဟ် (တပည့်သား များတွင်) အုမရ် တစ်မူထူးသကဲ့သို့ မုဟဒ်ဒစ်ဆ် များတွင် အေမာမ် ဗုခါရီသည်လည်း တစ်မူ ထူးပေသည်” ဟု အမွှမ်းတင် ပြောဆိုလေ့ ရှိခဲ့ ကြပေသည်။
တစ်ရက် အေမာမ် ဗုခါရီသည် မိမိ၏ ဆရာ အစ္စဟာက် ဗင်န် ရာဟိုယဟ်၏ အနီးတွင် ထိုင်နေခဲ့၏။ 

ဟဒီးဆ် သြ၀ါဒတော် ဆိုင်ရာကျမ်းများ အကြောင်း ပေါ်လာခဲ့၏။ ထိုအခါ ဆရာ ဖြစ်သူက အေမာမ် ဗုခါရီအား “အကယ်၍များ အသင်သည် မှန်ကန်သော ဟဒီဆ် သြ၀ါဒတော်များချည်းကိုသာ စုဆောင်း၍ ကျမ်း တစ်စောင် ပြုစုနိုင်မည်ဆိုလျှင် အလွန်ကောင်းမည်” ဟု မိမိ၏ ဆန္ဒကို ထုပ်ဖော် ပြောဆိုလိုက်ပါသည်။

ထိုအခါ အေမာမ် ဗုခါရီ က “ထို အချိန်မှစ၍ ကျွန်ုပ်၏ စိတ်တွင် ယင်းသို့သော ကျမ်း တစ်စောင် (၀ါ) “ဆွဟီဟ် ဗုခါရီ” ရေးသားရန် ဆန္ဒ ဖြစ်ပေါ်လာခဲ့ပါသည်” ဟု ပြောပြ ခဲ့ပါသည်။

ထိုနောက် မကြမီ အတွင်းမှာပင် ကျွန်ုပ်သည် ဤသို့ အိပ်မက် မြင်မက် ပါသည်။ “ကျွန်တော်သည် တမန်တော်မြတ် မိုဟမ္မဒ် (ဆွာလ္လလ္လာဟု အလိုင်ဟိ ၀စလ္လာမ်) ၏ ရှေ့တွင် မတ်တပ်ရပ် နေပါသည်။ ကျွန်တော်၏ လက်တွင် ယပ်တောင် တစ်ခုရှိပါသည်။ ကျွန်တော်သည် ထို ယပ်တောင်ဖြင့် တမန်တော်မြတ် မိုဟမ္မဒ် (ဆွာလ္လလ္လာဟု အလိုင်ဟိ ၀စလ္လာမ်) အား ယပ်ခတ် ပေးနေပါသည်။ 

ဤအိပ်မက်၏ တိတ္တုံမှာ “အသင်သည် မမှန်ကန်သော ဟဒီဆ် သြ၀ါဒတော်များနှင့် မှန်ကန်သော ဟဒီဆ် သြ၀ါဒတော်များကို ခွဲခြားပစ်မည်” ဟူ၍ ဖြစ်ကြောင်း ပြောကြားခဲ့ကြလေသည်။

အေမာမ် ဗုခါရီ က “ဤသို့ အိပ်မက် မြင်မက်လိုက်သည့်အတွက် ကျွန်တော်၏ ဆန္ဒမှာ ပို၍ပင် ရင့်ကျက်လာခဲ့ပါသည်။

နောက်ဆုံးတွင် အလ္လာဟ် အရှင်မြတ်၏ နာမတော်ကို တသကာ “ဆွဟိဟ် ဗုခါရီကျမ်း” ပြုစုသည့် လုပ်ငန်းကို စတင်လိုက် ပါတော့သည်” ဟု ပြောပြ ခဲ့လေသည်။
အေမာမ် ဗုခါရီ က “ကျွန်ုပ်သည် ဟဒီဆ် သြ၀ါဒတော် (၆၀၀၀၀၀) ခြောက်သိန်းအနက်မှ ရွေးချယ်ပြီး မိမိ၏ကျမ်းကို ပြုစုခြင်းဖြစ်သည်” ဟု ပြောပြ ခဲ့ပါသည်။

အေမာမ် ဗုခါရီ သည် ဟဒီဆ် သြ၀ါဒတော် တစ်ပါးကို ရေးသားသည့် အချိန်တွင် မရေးသားမီ အလျင် ရေချိုး၍ ဆွလာတ် အစ္စတိခါရဟ် နှစ်ရကအတ် ၀တ်ပြုလေ့ရှိခဲ့ပေသည်။


အေမာမ် ဗုခါရီသည် အထက်တွင် ရေးသားဖော်ပြခဲ့သည့်အတိုင်း ကိုယ်စွမ်း ရှိသမျှ၊ ဥာဏ်စွမ်း ရှိသမျှ ကြိုးပမ်း အားထုပ်ကာ၊ အပြန်ပြန် အလှန်လှန် ဝေဖန်သုံးသပ်ကာ၊ လေးလေးနက်နက် စိစစ်စူးစမ်းကာ၊ သတိ ၀ိရိယ ကြီးစွာ ထားကာ၊ တိကျ မှန်ကန်စွာ ရေးသားပြုစုလာခဲ့ရာ (၁၆) နှစ် ကြာညောင်းသည့်အခါ အလ္လာဟ် အရှင်မြတ်၏ ဂုဏ်ကျေးဇူးတော်ဖြင့် ဤကျမ်းကြီး ပြီးစီးသွားခဲ့ပါသည်။

အေမာမ် ဗုခါရီသည် ဆွဟီဟ် ဗုခါရီကျမ်းကြီး ရေးသားပြီးစီးသွားသော အခါ မိမိကျမ်းကို အေမာမ် အဟ်မဒ် ဗင်န် ဟန်ဗလ်၊ ယဟ်ယာ ဗင်န် မုအီန်၊ အလီ ဗင်န် မဒီနီ နှင့် ထိုခောတ်ရှိ ဟဒီဆ် ပညာရှင်များထံ တင်ပြ ခဲ့ပါသည်။ အားလုံးက ချီးမွမ်းကြပါသည်။ ဆွဟီဟ် ဗုခါရီကျမ်းလာ ဟဒီဆ် အားလုံး မှန်ကန်ကြောင်း တညီတညွတ်တည်း အတည်ပြု ကြပါသည်။ ဟဒီဆ် လေးပုဒ် နှင့် ပတ်သက်၍သာ အနည်းငယ် သဘောကွဲလွဲ ကြပါသည်။ သို့တစေလည်း သုတေသီပညာရှင်များက အေမာမ် ဗုခါရီ၏ အဆိုကိုပင် အသာပေးခဲ့ကြလေသည်။
ဆွဟီဟ် ဗုခါရီကျမ်းကြီး ရေးသားပြီးစီး သွားသည့်အခါ ကမ္ဘာ့ နိုင်ငံ အသီးသီး မှ ဟဒီဆ်ပညာ ဆည်းပူးလိုသူများသည် အေမာမ် ဗုခါရီ ထံသို့ အင်တိုက် အားတိုက်၊ အစုလိုက် အပြုံလိုက် ရောက်ရှိလာခဲ့ကြပေသည်။
ဖရ်ဗရီ က ပြောပြခဲ့သည်မှာ “အေမာမ် ဗုခါရီထံ ကျွန်ုပ် တပည့်ခံသည့် အချိန်တွင် ကျွန်ုပ် အလျင် လူပေါင်း (၉၀၀၀၀) ကိုးသောင်းတိတိ တပည့် ဖြစ်နေခဲ့ကြပြီ”

အေမာမ် ဗုခါရီ သည် ဆွဟီဟ် ဗုခါရီ ကျမ်းကြီး အပြင် - 
(၁) အဒဗုလ်မွတ်ဖရဒ်၊
(၂) ရဖိအုလ်ယဒိုင်နိ ဖိစ်ဆ်ဆွလာတ်၊
(၃) ကိရာအတ် ခလ်ဖလိ အိမာမ်၊
(၄) ဗစ်ရ်ရုလ်ဝါလိဒိုင်နိ၊
(၅) အတ္တာရီ ခုလ်ကဗီရ်၊
(၆) အလ် အောင်စတွ်၊
(၇) အဆ်ဆွဃီရ်၊
(၈) ခလ်ကု အဖ်အာလိလ် အိဗာဒ်၊
(၉) ကိတာဗုဿ်ဿုအဖာအိ၊
(၁၀) အလ်ဂျာမိအုလ် ကဗီရ်၊
(၁၁) အလ်မွတ်စ် နဒုလ် ကဗီရ်၊
(၁၂) ကိတာဗုလ် အရှ်ရိဗဟ်၊
(၁၃) ကိတာဗုလ် ဟိဗဟ်၊
(၁၄) အစာမီ အလ်ဆွဟာဗဟ်၊
(၁၅) ကိတာဗုလ် အိလလ်၊
(၁၆) ကိတာဗုလ် ၀ဟ်ဒါန်၊
(၁၇) ကိတာဗုလ် မဗ်စူတွ် ......... စသည်ဖြင့်

အခြား များစွာသောကျမ်းများကို ရေးသားပြုစုခဲ့ပေသည်။ မွတ်စ်လင်မ် လောက အား အကျိုးပြု ခဲ့ပေသည်။ အေမာမ် ဗုခါရီ သည် မိမိ၏ ဘ၀ သက်တမ်း တစ်ခုလုံးကို အစ္စလာမ် စာပေပြုစု ဖြန့်ဖြူးရာတွင်ပင် နှစ်မြုပ် ထားခဲ့လေသည်။ အေမာမ် ဗုခါရီ က “ကျွန်ုပ် သည် အလ္လာဟ် အရှင်မြတ် ထံတော်တွင် ဂျဟန္နမ် မီးဘေးမှ လွတ်မြောက် ရန်အတွက် ဤဆွဟီဟ် ဗုခါရီကျမ်းကို အားထားရာ ပြုလုပ်ထားပါသည်” ဟု ပြောပြလေ့ ရှိခဲ့ ပါသည်။

အေမာမ် ဗုခါရီသည် လောကီရေးရာများတွင် စိတ်မ၀င်စားခဲ့ပေ။ 
အမှန်တကယ် သူတော်စင် ဖြစ်ခဲ့ပေသည်။

အေမာမ် ဗုခါရီ သည် ဖခင်ကြီးထံမှ အမွေပစ္စည်း မြောက်မြားစွာ ရရှိခဲ့သည်။ 

အေမာမ် ဗုခါရီ သည် ရက်ရောစွာ ပေးကမ်းလှူဒါန်းလေ့ရှိသည်။ အထူးသဖြင့် ပညာ ဆည်းပူးသော ကျောင်းသားများအား ပို၍ ကူညီ ထောက်ပံ့လေ့ ရှိခဲ့ လေသည်။

ဗုခါရီကျမ်းသည် ကုရ်အာန်ကျမ်းမြတ်၏ နောက် အမှန်ကန်ဆုံး ကျမ်းကြီး ဖြစ်သည်ဟူ၍ ကမ္ဘာ့ မွတ်စ်လင်မ်ထုကြီး တစ်ရပ်လုံးက လက်ခံထားသည်။

အေမာမ် ဗုခါရီ သည် ဟစ်ဂ်ျရီ သက္ကရာဇ် (၂၅၆) ခုနှစ်၊ အီဒုလ် ဖစ်တိရ်၏ ညဥ့် စနေနေ့ အိရှာ ဆွလာတ် အပြီးတွင် အလ္လာဟ် အရှင်မြတ် ၏ အမိန့်တော်ခံသွားခဲ့ပါသည်။ 

အီဒုလ် ဖစ်တ်ရ် ပွဲနေ့ ဇုဟုရ် ဆွလာတ် အပြီးတွင် စမရ်ကန္ဒ မြို့မှ ၆မိုင်ခွဲ အကွာရှိ ခရ်တန်က်ရွာတွင် ဒဖန် မြုပ်နှံထားခဲ့ပါသည်။ ယနေ့တိုင် အထင်အရှားပင်။
အေမာမ် ဗုခါရီ ၌ သား တစ်ဦး တစ်ယောက်မျှ မကျန်ရစ်ခဲ့ပါ။

အေမာမ် ဗုခါရီအား ဒဖန်မြုပ်နှံ ပြီးနောက် ရက်ပေါင်း အတော်ကြာမြင့်စွာ အထိ သင်္ချိုင်းတွင်းမှ သင်းထုံ၊ သင်းကြိုင်၊ သင်းပျံ့သော နံ့သာများ ထွက်နေ ခဲ့ပေသည်။ သင်္ချိုင်းမှာ သင်းပျံ့ မွှေးနေခဲ့ပေသည်။
အေမာမ် ဗုခါရီ ၏ အသက်မှာ အလ္လာဟ် အရှင်မြတ်၏ အမိန့်တော် ခံယူ သွားချိန်တွင် (၁၃) ရက်လျော့ (၆၂) နှစ် ရှိခဲ့ပါသည်။

အေမာမ် ဗုခါရီ သည် အလ္လာဟ် ၏ အချစ်တော် တမန်တော်မြတ် မိုဟမ္မဒ် (ဆွာလ္လလ္လာဟု အလိုင်ဟိ ၀စလ္လာမ်) ၏ ဟဒီဆ် သြ၀ါဒတော်များကို တိကျ မှန်ကန်စွာ ရေးသားပြုစု၍ ကမ္ဘာအ၀ှန်းသို့ ဖြန့်ချီနိုင်ခဲ့ပေရာ အလ္လာဟ် အရှင်မြတ်သည် အေမာမ် ဗုခါရီအား ဂျန္နတ် ဥယျာဉ်တော်တွင် အမြဲ ထာဝစဉ် စံမြန်းခွင့် ပေးသနားတော်မူပါစေသတည်း။

မွတ်စ်လင်မ်များသည်လည်း ဤမည်သော ဗုခါရီကျမ်းကြီးကို ရွတ်ဖတ် လေ့လာကာ တမန်တော်မြတ် မိုဟမ္မဒ် (ဆွာလ္လလ္လာဟု အလိုင်ဟိ ၀စလ္လာမ်) ၏ လမ်းစဉ်ကို ဖ၀ါးခြေထပ် လိုက်နာကျင့်သုံး နိုင်ကြသည် ဖြစ်ပါစေတည်း။ အာမိန်း။ ။

(ဃာဇီ မုဟမ္မဒ် ဟာရှင်မ်)

ဟစ်ဂ်ျရီ သက္ကရာဇ်
၁၄၀၈ ခုနှစ်၊ ရဂျဗ်လ (၁၄) ရက်
မြန်မာ သက္ကရာဇ်
၁၃၄၉ ခု၊ တပေါင်းလဆုတ် (၁) ရက်
ခရစ် သက္ကရာဇ်
၁၉၈၈ ခု၊ မတ်လ (၃) ရက်၊ ကြာသပတေးနေ့။

Friday, January 11, 2019

ဓူဓူ ကစားနည်း [Du-Du Kála]

ပုံ- ဒူဒူကားလား ပန်းချီ  ၊ အင်တာနက်



🌷 ဓူဓူ ကစားနည်း [Du-Du Kála] 🌷

💫💫💫💫💫💫💫💫💫💫💫💫💫💫💫

ရေးသူ      - ရိုဟင်လေး
အမျိုးအစား- ရိုဟင်ဂျာရိုးရာ အားကစားနည်းများ [Traditional Sports of Rohingya]| 

အာရ်ကာန်ပြည်၏ ကျေးလက်ဒေသ၌ ရိုဟင်ဂျာ လူငယ်တို့က ကစားနည်းအမျိုးမျိုးကို ကစားသည့်အနက် ဓူဓူကစားနည်းသည်လည်း ထင်ရှားသော ကစားနည်း တစ်မျိုးဖြစ်သည်။ စိတ်ဝင်စားဖွယ်လည်း ကောင်း သည်။ ရိုဟင်ဂျာ လူငယ်တို့၏ အားလပ်ချိန်ကို ဖျော်ဖြေပေးသည့် ကစားနည်းတစ်မျိုးလည်းဖြစ်သည်။  ဓူဓူ ဟူသော အသံကို ရွတ်ဆိုရင်း ကစားရသောကြောင့် “ ဓူဓူ ကားလား ”ဟု ခေါ်ခြင်းဖြစ်သည်။ အာရှတိုက်ရှိ နိုင်ငံအချို့တွင်လည်း ဤကစားနည်းကို သူ့နည်းသူဟန်နှင့် ကစားကြသည်ကို တွေ့ရသည်။ အိန္ဒိယမှာ ယင်းကစားနည်းကို Karbodi (ကာဘတီ) ဟု ခေါ်ကြသည်။ ကိုယ်ကာယ စွမ်းအင် မြင့်တင်ပေးမှုနှင့် စည်းလုံးညီညွတ်မှုကို ဖော်ဆောင်ပေးသော ကစားနည်းတစ်မျိုးလည်းဖြစ်သည်။ ဒူဒူကစားနည်းကို အိမ်ပြင်ထွက် ညီညာပြန့်ပြူးသည့် ကွင်းပြင်၌ ကစားလေ့ရှိသည်။ ငွေကြေးအကုန်အကျမခံရဘဲ ချစ်ချစ် ကြည်ကြည် ကစားနိုင်သည်။ 



အသင်းဖွဲ့ခြင်းနှင့် ကစားကွင်း

ညီညာကျယ်ပြန့်သော ကွင်းပြင်တွင် ဓူဓူ ကစားနည်းကို အသင်းနှစ်သင်း ဖွဲ့၍ ကစားကြသည်။ ယှဉ်ပြိုင် ကစားမည့် ကစားသမားများသည် အသင်းနှစ်သင်းတွင် အရေအတွက် ညီတူညီမျှ ခွဲရွေးယူကြသည်။ ဆာပ် ဘာနာ့ ဟု ခေါ်ကြသည်။  ဦးစွာ အားလုံး၏ သဘောတူညီချက်ဖြင့် အသင်းခေါင်းဆောင် (၂) ဦး ရွေးချယ်ရသည်။ အားတူအင်မျှ  အတော်အညံ့ အသင်းသားတစ်စုံစီကို ရွေးချယ်ရန် သူတို့ လျှိုဝှက် နာမယ် နှစ်ခု သို့မဟုတ် ကုဒ် နှစ်ခု ပြောလာမည်။ ခေါင်းဆောင် (၂) ဦးစလုံးက တစ်တွဲမှ တစ်ဦး တစ်ယောက်စီ ရွေးရသည်။ သူတို့ပြောလာသော ကုဒ် (လျှိုဝှက် နာမယ်) ကို ခန့်မှန်းပြီး ခေါ်ရသည်။ ကုဒ်နှင့်ဆိုင်သော ကစားသမားသည် သူ့အသင်းဖော်ဖြစ်သွားသည်။ ဥပမာ_ အုန်းသီးလား၊ ကွမ်းသီးလား… စသည်ဖြင့် ဤနည်းဖြင့် ကစားဖော်ရွေးသည်။ 



ကစားကွင်းကို နှစ်ပိုင်းခွဲပြီး အလယ်တည့်တည့်မှ စည်းသားသည်။ ကိုယ်ဘက်အပိုင်း၊ သူ့ဘက်အပိုင်းကို “စပိတ်” ခေါ်သော ခေါင်းပန်းမြောက် ရွေးရသည်။ သက်ဆိုင်ရာအသင်းများက မိမိတို့ ကျရာအပိုင်းတွင်

 နေရာယူကြရသည်။   





ကစားနည်း

ကစားသမားများသည် သက်ဆိုင်ရာ ကွင်းအပိုင်းတွင် အလယ်စည်း ကို မျက်နှာမူ၍ တဖြောင့်တတန်း သော်လည်းကောင်း၊ စက်ဝိုင်းခြမ်းပုံသဏ္ဌာန်သော်လည်း နေရာယူရသည်။ ပြိုင်ပွဲစသောအခါ အသင်း တစ်သင်းမှ ကစားသမား တစ်ဦးကို စည်းကျော်ပြီး ပြိုင်ဖက်အသင်း ပိုင်နက်သို့ ဝင်စီးရန် ပို့စေသည်။ သူ သွားနေချိန်တွင် အသက်ရှုအောင့်ကာ “ ဓူဓူ/ ဟဓူဓူ ” သို့မဟုတ် အခြားလင်္ကာ တစ်ပိုဒ်ကို တရစပ် တရွတ်ရွတ် တအော်အော် ဆိုရသည်။ ထိုသို့ အသက်အောင့် ဒူဒူ ဆိုရင်း ပြိုင်ဖက်နယ်ပယ်သို့ ဝင်စီးကာ ပြိုင်ဖက်ကစားသမား တစ်ယောက်သို့မဟုတ် နှစ်ယောက် သုံးယောက်ကို ကိုယ်ချင်းထိ၊ လက်နှင့်ကိုင်ရန် ကြိုးစားပြီး မိမိ ပိုက်နက်အတွင်း ပြန်လည်ရောက်လာရသည်။  အကယ်၍ သူသည် ပြိုက်ဖက်မှ တစ်စုံတစ်ယောက်ကို ထိပြီး ပြန်လည် မိမိပိုင်နက်အတွင်းသို့ ရောက်နိုင်ခဲ့လျှင် အထိခံရသူ ပြိုင်ဖက် ကစားဖော်သည် သေသွားသည်။ ကစားကွင်းမှ ဆင်းပေးရသည်။ သတ်ခဲ့သောသူကမူ အသက်အောင့်ရင်း ဓူဓူ…ဓူဓူ…ဓူဓူ… တရွတ်ရွတ်ဆိုကာ အလယ်စည်းကျော်ပြီး မိမိပိုင်နက်အတွင်းသို့ ရောက်နိုင်ခဲ့လျှင် အရှင်ရှိနေလိမ့်မည်။ အကယ်၍ သူဝင်စီးချိန်တွင် တဖက် ကစားသမားများက သူကို အလယ်စည်း ပြန်မကျော်နိုင်အောင် ဖမ်းဆီးထားလျှင်သော်လည်းကောင်း၊ အလယ်စည်း မထိနိုင်အောင် တားဆီးထားနိုင် ခဲ့ သော်လည်းကောင်း သက်ပြင်းချလိုက်သော် ဝင်စီးသူသေရသည်။ 



ဤသို့ဖြင့် တဖက်တစ်လှည့်စီ အသင်းသားများ စီးဝင်စေသည်။ တစ်လှည့်တွင် တစ်ယောက်သာ စေလွှတ်နိုင်သည်။ ပြိုင်ဖက် ကစားသမားတစ်ဦးကို သတ်နိုင်လျှင် မိမိအသင်းမှ သေသွားသော အသင်းဖော် တစ်ဦးကို ပြန်လည် ရှန်သန်စေနိုင်သည်။ ဤနည်းဖြင့် အသင်းတဖက်ဖက်မှ ကစားသမား အားလုံး သေသွားခဲ့လျှင် ပြိုင်ပွဲပြီးဆုံးသွားသည်။ အသင်းဖော် ကျန်ရစ်နေသော အသင်းသည် အောင်ပွဲရသည်။ 


ဓူဓူကစားနည်းသည် အစမှ အဆုံးထိ အလွန်စိတ်ဝင်စားဖွယ် ကောင်းသည်။ ဝင်စီးခြင်း၊ သတ်ခြင်း နှင့် ဖမ်းခြင်း၊ လွတ်ရွေးခြင်းတို့မှာ ကစားနည်းကို ပို၍ စိတ်ဝင်စားမှု ထက်သန်စေသည်။ ပရိသတ်တို့ကို အံ့ဩစေသည်။ ပြိုင်ဖက်ကစားသမား ဝင်စီးစဉ် အသင်းသားများ ဝန်းရံပိတ်ဆို့စဉ် ကူဖော်လောင်ဖက် မဲ့နေသော ထောင်ချောက်ကျ နေသော ကစားသမား၏ ရုန်းထွက်ပုံ မြင်ကွင်းသည် ရဲရင့်ခြင်းနှင့် လုံ့လဝီရိယ စိတ်ဓာတ် ကို နိုးကြားပေးစေသည်။ 


ဤသို့လျှင် ဓူဓူကားလားသည် လူငယ်တို့၏ ရဲစွမ်းသတ္တိနှင့် သွက်လက်ဖျတ်လတ်မှုကို မြင့်တင်ပေးသည်။ ဤကစားနည်း ရိုအမျိုးတွင် ထင်ရှားခဲ့သော်လည်း ယနေ့ ပျောက်ကွယ်လုနီးပါး ဖြစ်နေသည်။ ထို့ကြောင့် ရိုဟင်ဂျာ့အားကစားနည်းများ ရှင်သန်တည်မြဲရေး၊ ခေတ်လူငယ်တို့ ရိုးရာအားကစားနည်းများကို ပိုမိုစိတ်ဝင်စား လာအောင် ကြိုးပမ်းရမည်မှာ ရိုတမျိုးသားလုံး၏ တာဝန်ပင် ဖြစ်ပေသည်။ 


🎍🎍🎍🎍🎍🎍🎍🎍🎍🎍🎍🎍🎍🎍🎍🎍🎍🎍🎍🎍🎍🎍🎍🎍🎍🎍🎍🎍🎍🎍🎍🎍🎍

Wednesday, January 9, 2019

ရိုဟင်ဂျာ [RK ကဗျာ]



🌵 ရိုဟင်ဂျာ 🌵

🌸🌸🌸🌸🌸🌸🌸

ကမ္ဘာပေါ်ဝယ်၊     အာရကာန်ပြည်
ငါတို့ချစ်အမွေ၊    ချစ်အမွေ။
နန်းစိုက်စံသွား၊    ပြည်ပွားသာ
ငါတို့ဘိုးဘွားပါ၊   ဘိုးဘွားပါ။
ရာဇဝင်စဉ်ဆက်၊ ထွန်းပြောင်လက်
ငါတို့ဓလေ့ပ၊       ဓလေ့ပါ။
ရဲစွန့်သစ္စာ၊          မျိုးမဟာ
ငါတို့ရိုဟင်ဂျာ၊     ရိုဟင်ဂျာ။ 


------------------------------------
 ရိုဟင်လေး
-----------------------------------------

Tuesday, January 8, 2019

ပန်းကလေး [RK ကဗျာ]



🌻 ပန်းကလေး 🌻

🌾🌾🌾🌾🌾🌾🌾

ဓညဝတီ၊ ဗေဆာလီပြည်
ရိုးမတောင်လေ၊ တသွေးသွေး
ကုဝိုက်ရှော့ဘုံ၊ ပြူးမတီ
မေယုငှက်စုံ၊ တေးချိုသီ
ကိလ္လားထုံထုံ၊ ဒွါရာဝတီ
ကစ္ဆာပနတ်ရေ၊ ရှုမငြီး
စိမ်းလန်းသာယာ၊ ရွှေပြည်ကြီး
ဒီပြည်ကြီးရဲ့၊ ပန်းကလေးဟာ
တို့မြတ်ရိုဟင်ဂျာ။   

-------------------------------------
ရိုဟင်လေး
------------------------------------------

စာအညွှန်း-

ဗေဆာလီ = ဝေသာလီပြည်
ကုဝိုက်ရှော့ = မယုဒေသ၏ ရှေးအမည်
ပြူးမ = ရှေးခေတ် နန်းစိုက်ခဲ့သော ရခိုင်ပြည်၏ ဒေသတစ်ခု
ကိလ္လား = ဖာတ္တောရ်ကိလ္လား (မြောက်ဦး)
ကစ္ဆာပ = ကုလားတန်မြစ်
နတ်     = နတ်မြစ်
ဒွာရာဝတီ = ရှေးဟောင်းနေပြည်တော် (သံတွဲမြို့)

Sunday, January 6, 2019

ကဗျာရေးချင် အစပ်သင်



အစပ်ခြောက်ပါး


၁။ သတ်စေ့နှက်
သုံးချက်ညီ စပ်နည်း
၂။ ချိန်ခွင်လျှာ စပ်နည်း
၃။ ထိပ်ချင်းထပ် စပ်နည်း
၎။ ထိပ်ချင်းချွတ် စပ်နည်း
၅။ ဦးတိုက် စပ်နည်း
၆။ ဘီလူးရယ် စပ်နည်း

(၁) သတ်စေ့နှက် သုံးချက်ညီ စပ်နည်း ( ၄ + ၃ + ၂ )

- ကာရန်အကြားအလပ် မရှိအောင် (၄ + ၃ + ၂) (၄ + ၃ + ၂)ဖြင့် 
ကာရန်သုံးချက်ညီစွာ ယှဉ်တွဲ၍ ဖွဲ့နွဲ့ရသည်။
- ကာရန်များ၌ အသတ်များလည်း တူရသည်။ ဤစပ်နည်းကို " သတ်စေ့နှက် သုံးချက်ညီ " စပ်နည်းဟု ခေါ်သည်။

" နည်းယူရန် (၁) "

မဲဇာတောင်(ခြေ) * * * ±
စီးထွေ(ထွေ)တည့် * * ± *
မြစ်(ရေ)ဝန်းလည် * ± * * ။
" နည်းယူရန် (၂) "
ချစ်၍ခေါ် (ရာ) * * * ±
လိုက်ချင်(ပါ) လည်း * * ± *
နော်(ဇာ) ရွှေကုံး * ± * * ။
--------------------------

(၂) ချိန်ခွင်လျှာ စပ်နည်း(၄+၃+၂)

- (၄+ ၃+ ၂)ကာရန်တို့တွင် (၄+၂)
အစကာရန်နှင့် အဆုံးကာရန်တို့ကို အသံရော အသတ်ပါတူစေ၍ (၃)ခုမြောက် အလယ်ကာရန်ကို
အသံတူပြီး အသတ်မတူစေဘဲ စပ်ဆိုသောနည်းကို "ချိန်ခွင်လျှာ စပ်နည်း"ဟုခေါ်သည်။

" နည်းယူရန် (၁) "

ကြေငြာခပ်(သိမ်း) * * * ±
ရန်စစ်(ထိန်း)လည်း * * ± *
မ(တိမ်း)ပါမူ * ± * * ။
" နည်းယူရန် (၂) "
မည်လျှင်မ(တိမ်) * * * ±
ကုက္ကို(ထိန်)ဟု * * ± *
ချုပ်(ငြိမ်)သာယာ * ± * * ။
---------------------

(၃) ထိပ်ချင်းထပ် စပ်နည်း
(၄ + ၃ + ၁)

- သုံးချက်ညီစပ်ထုံးအတိုင်း ရေး
စပ်သီကုံးသော်လည်း (၄ + ၃ + ၁)
ဟု နောက်ဆုံးကာရန် ဖောက်ပြန်၍
တစ်မျိုးစပ်ဆိုထားခြင်းကို
" ထိပ်ချင်းထပ် စပ်နည်း " ဟုခေါ်သည်။

" နည်းယူရန် (၁) "

မြူမှောင်အ(သစ်) * * * ±
တိမ်ခိုး(ဖြစ်)ခဲ့ * * ± *
(မြစ်)လည်းတထွေ။ ± * * * ။
" နည်းယူရန် (၂) "
တောင့်ငွေ့ဝေ(ဝေ) * * * ±
အထွေ(ထွေ)နှင့် * * ± *
(လေ)လည်းရောရော။ ± * * *။
--------------------

(၄) ထိပ်ချင်းချွတ် စပ်နည်း (၄+၂)

- (၄ + ၃ + ၂) သုံးချက်ညီစပ်နည်း ၌ *လေးလုံးစပ်ကဗျာတွင် အလယ်တစ်ပုဒ်ကို ကာရန်မြှုပ်၍* 
(၄ +၂) (၄ +၂)ဖြင့် ထိပ်ချင်းလွဲလျက် ဒွန်တွဲသလို စပ်ဆိုရသော နည်းကို "ထိပ်ချင်းချွတ် စပ်နည်း" ဟု ခေါ်သည်။

" နည်းယူရန် "

"တသန္ဓေ(ဓေ) * * * ±
တ(ပေ)လျဉ်{လျဉ်} * ± * ×
တ{ညင်}ဆိုး[ဆိုး] * × * +
တ[ၫွိဳး]လ်/လ်/ * + * ~
တ/သ/လွမ်းလွမ်း * ~ * 
 တသမ်းဟယ်ဟယ်
တတွယ်တာတာ
တဟာလှိုက်လှိုက်
တရှိုက်ငင်ငင်
တပင်ပန်းပန်း
တဝန်းလျားလျား" … …
--------------------------

(၅) ဦးတိုက် စပ်နည်း (၄ + ၁)

- ပထမပါဒ၏ စတုတ္ထအက္ခရာနှင့် ဒုတိယပါဒ၏ ပထမအက္ခရာတို့ ကာရန်တူကြရမည်။
- ရှေ့နောက် ဦးတိုက် ထိပ်ချင်းကိုက်အောင် တေ့ဆက်နည်းကို " ဦးတိုက် စပ်နည်း " ဟုခေါ်သည်။

" နည်းယူရန် "

တိုင်းအတည်(တည်) * * * ±
(ပြည်)အစို{့စို့} ± * * ×
{မြို့}အခန်း[ခန်း] × * * +
[နန်း]အသီး/သီး/ + * * ~
/ထီး/အဆူဆူ … … ~ * * - … …
----------------------

(၆) ဘီလူးရယ် စပ်နည်း
(၄ +၂ ။ ၄ + ၂ )

- ပထမပါဒ၏ စတုတ္ထအက္ခရာနှင့် ဒုတိယပါဒ၏ ဒုတိယအက္ခရာတို့သည် ကာရန်တူကြသည်။
- အသတ်နှစ်ခုတို့၏ အစဉ်မပြတ် တစ်ဆက်တည်း ပြောင်းကူး၍ စပ်ဆိုခြင်းကို "ဘီလူးရယ် စပ်နည်း" ဟုခေါ်သည်။

" နည်းယူရန် "

သူတို့သွေ(ဖည်) * * * ±
ဟုတ်(သည်)မှန်{ဘွယ်} * ± * +
ဝမ်း{ဝယ်}ဝိုးဝါး … … + * *
ဤကဗျာ၌ နံပါတ်(၄) ထိပ်ချင်းချွတ် စပ်နည်းကဲ့သို့. (၄+၂) (၄+၂) စပ်ဆိုထားသော်လည်း ရှေ့ညသတ်(ဖည်+သည်) ၂ ခုသည် ကာရန်တစ်မျိုး
နောက်ယသတ်(ဘွယ်+ဝယ်) ၂ခု
သည် ကာရန် တစ်မျိုးအားဖြင့်
ကာရန်နှစ်ခုကို တစ်ဆက်တည်း
ပြောင်းကူး၍ စပ်ဆိုထားသောကြောင့် "ဘီလူးရယ် စပ်နည်း" မည်လေ၏။

ဤဘီလူးရယ်စပ်နည်းကား မိမိချည်းသီးခြားမရှိနိုင်ပေ။
တစ်ခြားစပ်နည်းတွင် တစ်ခါတစ်ရံ ဝင်ရောက်စွက်ဖက်၍ စပ်ဆိုရခြင်းသာဖြစ်သည်။

စပ်နည်းတို့တွင်… 

၁။ သတ်စေ့နှက်
သုံးချက်ညီစပ်နည်း
၂။ ချိန်ခွင်လျှာ စပ်နည်း
၃။ ထိပ်ချင်းထပ် စပ်နည်းတို့မှာ
သုံးပါဒတွဲ၍ စပ်ဆိုသော လင်္ကာ
စပ်နည်းများဖြစ်ကြသည်။
၎။ ထိပ်ချင်းချွတ် စပ်နည်း
၅။ ဦးတိုက် စပ်နည်း
၆။ ဘီလူးရယ် စပ်နည်းတို့မှာ
နှစ်ပါတွဲ၍ စပ်ဆိုသော လင်္ကာစပ်နည်းများ ဖြစ်ကြသည်။

မှတ်ချက်။        ။ သုံးပါဒတွဲ၍ စပ်ရသော လင်္ကာစပ်နည်း လေးမျိုးအနက် " သတ်စေ့နှက် သုံးချက်ညီ"
စပ်နည်းနှင့် "ထပ်ချင်းထပ် စပ်နည်း" တို့သည် ပညာရှိများ အသုံးများသော စပ်နည်းများဖြစ်သည်။

မြန်မာကဗျာချစ်သူများကို လေးစားခင်မင်ခြင်းများစွာဖြင့်…

ကျော်စိုးရှိန် (မြန်မာစာ)
6 - 1 - 2019