Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, October 30, 2022

အာရကန်ပြည်ရဲ့ မတူကွဲပြားမှုကြားက သဟဇာတ အစဉ်အလာ

 


အာရကန်ပြည်ရဲ့ မတူကွဲပြားမှုကြားက သဟဇာတ အစဉ်အလာ 

———————————————————-

ရခိုင်ပြည်ရဲ့အလှ မတူကွဲပြားတဲ့လူမျိုးတွေရဲ့ ကြည်နူးဖွယ်ကောင်းတဲ့ သဟဇာတ ညီညွတ်မှုအလှကို ဆရာဦးကျော်မောင်ရဲ့ အမှတ်တရကနေ  ခံစားကြည့်ရအောင် ....

ဆရာဦးကျော်မောင်ဟာ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ မြောင်းဘွေမှာ ကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင်နေတုန်း ၁၉၈၄ ခုလောက်က ကိုယ်တွေ့မြင်ဖူးခဲ့တဲ့ ရခိုင်ပြည်သူအချင်းချင်း စည်းလုံးညီညွှတ်မှုမြင်ကွင်း အခိုက်အတန့်လေးတစ်ခုကို မှတ်မှတ်ရရ စိတ်ဝင်စားဖွယ် ရင်ဖွင့်ထားပါတယ်။ ထိုမြင်ကွင်းက ပြားချောင်းဆရာတော် ဘုန်းကြီးပျံပွဲဖြစ်ပါတယ်။ 

ထိုဘုန်းကြီးပျံပွဲမှာ တက်ရောက်လာကြတဲ့ ပရိသတ်တွေဟာ ဗုဒ္ဓဘာသာဝင်သာ မဟုတ်ပါဘူး။ ဌာနေ အိစ္စလာမ်ဘာသာဝင်တွေကိုလည်း အတူတကွ ပူးပေါင်းပါဝင်နေကြောင်း တွေ့ရှိခဲ့တယ်။ ဘုန်းကြီးပျံပွဲ ကျင်းပတဲ့ကော်မတီစာရင်းမှာလည်း မွတ်စလင်နာမည်တွေ တန်းစီလို့ရှိနေတာကို တွေ့ခဲ့တယ်။

ဘုန်းကြီးပျံပွဲတော်မှာ ပျော်ပွဲအဖြစ်ကျင်းပခဲ့တဲ့ ကျင်ပွဲမှာလည်း ရခိုင်ကျင်ပွဲနဲ့ မွတ်စလင်ကျင်ပွဲ ဟူ၍ နှစ်မျိုးကျင်းပကြောင်း ဖော်ပြထားပါတယ်။ 

အလှူစာရင်းတွေမှာလည်း မွတ်စလင်တွေ အများအပြား ပါဝင်နေကြောင်း ရင်ဖွင့်ထားတယ်။

ဆရာက အကြောင်းစုံကို ပွဲတော်ကျင်းပရေးကော်မတီဝင် တစ်ဦးဆီမှ မေးမြန်းစုံစမ်းတဲ့အခါ ထိုနယ်တဝိုက်တွင် ယခင်က စာသင်ကျောင်းများ မရှိခဲ့ကြောင်း၊ ပြားချောင်ဆရာတော်က ရခိုင်ရွာနဲ့ မွတ်စလင်ရွာတွေမှ ကလေးတွေကို စာသင်ပြခဲ့ကြောင်း၊ ယခု အနီးအနားရွာရှိ ရပ်လူကြီးတွေမှာ ဆရာတော်ရဲ့ တပည့်တွေဖြစ်ကြောင်း၊ ပြာချောင်းဆရာတော်ရဲ့ စေတနာနဲ့ မေတ္တာတရားတွေကို သိရှိခွင့်ရခဲ့တယ်။ 

ဒါ့အပြင် အိမ်နီးနားချင်း ရွာရှိ အလှူပွဲ၊ ရှင်ပြုပွဲ၊ သမက်တက်ပွဲတွေမှာလည်း မွတ်ဆလင်နဲ့ ရခိုင်လူမျိုး အပြန်အလှန် တက်ရာက်အားပေးကြတဲ့ ဓလေ့ ရှိနေဆဲဖြစ်တယ်။ အလှူများလည်း သက်ရှိသက်မဲ့ ပစ္စည်းတွေနဲ့ ရက်ရက်ရောရော ထည့်ဝင်ကြကြောင်း၊ ရခိုင်-မွတ်စလင် စည်းလုံး ညီညွှတ်မှု၊ သင့်သင့်မြတ်မြတ်နေထိုင်မှုကို ဆရာက ကိုယ်တွေ့ မြင်ဖူးခဲ့ကြောင်း ဖော်ပြထားတယ်။

ရခိုင်ပြည်သူတွေဟာ ဘာသာရေး၊ လူမျိုးရေး မခွဲခြားဘဲ အချင်းချင်း ညီညီညွတ်ညွတ် နေထိုင်လာခဲ့တဲ့ အစဉ်အလာတစ်ခုကို ဆရာဦးကျော်မောင်ရဲ့ ကိုယ်တွေ့မှ ကြည်နူးဖွယ်ကောင်းအောင် တွေ့ရှိရပါတယ်။ 

ဆရာဦးကျော်မောင်ရဲ့ ရခိုင်စကားနဲ့ ဖော်ပြထားတဲ့ ကိုယ်တွေ့ ဖော်ပြချက်တွေမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ 

 " တပ်တော်က သဟဇာတဖြစ်တေ လူ့အဖွဲ့အစည်းဖြစ်ချင်ရေ။ မှတ်မိရေ အတွေ့အကြုံချေ တခုတင်ပြပါမေ။

မြောက်ဦးမြို့နယ်မြောင်းဘွေမှာ စာပြခခါ ၁၉၈၄ ခု လောက်က မင်းပြားပြားချောင်းဆရာတော်ကြီး ဘုန်းကြီးပျံပွဲကိုလားခီပါရေ။ ဘုန်းကြီးပျံပွဲမှာ ဆရာတော်ရုပ်ကလပ်ထားရေ မဏ္ဍပ်ကို ရောက်တေခါ မဏ္ဍပ်ထဲမှာ မူဆလင်ယောက်ျား၊ မမာ့တစ်စုကိုလည်း ထိုင်လို့တွိလို့ ထူးထူးဆန်းဆန်းဖြစ်နိန်ပါရေ။ ဘုန်းကြီးပျံပွဲစွာ ဗုဒ္ဓဘာသာပွဲလို့သိထားလို့ပါ။ 

တည်းခိုရေမဏ္ဍပ်ရောက်လို့ ပွဲတော်ကျင်းပရေးကော်မတီစာရင်း ဖတ်ရခါ ကော်မတီစာရင်းမှာ မူဆလင်နာမည်ထိပါနိန်ပါရေ။

ပွဲတော်မှာ ကျင်ပွဲလေ့ ပါပါရေ။ ကျင်ပွဲလေ့ ရခိုင်ကျင်၊ ကဠားကျင်၂ မျိုး ပါပါရေ။ ပွဲတော်နောက်ဆုံးနိန်မှာ ပိုလို့ထူဆန်းနိန်ပါရေ။

ဒုံးတိုက်ဖို့ ဒုံးသီးအလှုသျှင်စာရင်းကြော်ငြာခါ မူဆလင်နာမည်ထိတန်းသီ ဗြတ်ပါပါရေ။

မြောင်းဘွေက ပွဲတော်ကျင်းပရေးကော်မတီဝင်အခင်ကြီးကို မိန်းကြည့်ခါ ပျောက်ကျားခေတ်က ယင်းနယ်မှာ အစိုးရ ကျောင်းမဟိခါ-

ဆရာတော်က ကျောင်းထောင်ပီးပါရေ။ အနားမှာဟိရေ ရခိုင်ရွာ၊ မူဆလင်ရွာတိက အချေတိကို စာသင်ပီးပါရေ။ မူဆလင်ရွာတိက လူကြီးတိရေ ယင်းကျောင်းထွက်ထိဖြစ်လို့ သူရို့ဆရာကြီး ပြားချောင်ဆရာတော်ကြီး ဈာပနမှာ ပါဝင်ကတ်စွာပါလတ်။

ယင်းအချိန်က မူဆလင်ရွာတိမှာ အလှူ၊ သမက်တက်ဟိကေ ရခိုင်ရွာတိက လားကတ် တေ။ အချို့ခင်မင်လူတိ နွားတိ လက်ဖွဲ့ရေ။

ရခိုင်ရွာမှာ သမက်တက်၊ သျှင်ပြုကိုလေ့ မူဆလင်ရွာက လာရေ။သျှင်ပြုကိုလေ့ ဘာသာရေးအနေနန့်မဟုတ်ဘဲ အလှုပွဲအနေနန့် လာပြီးကေ အလှုတိ ထည့်ဝင်ကတ်တေ။

ယင်းပိုင် သဟဇာတဖြစ်ခရေ အခ်ျိန်လေ့ ဟိဖူးခရေလို့ သိရရေ။"

— ဆရာဦးကျော်မောင်၏ ဖေစ်ဘုခ်ပို့စ်ကို ကိုးကား ဖော်ပြထားသည်။ 

အထက်ဖော်ပြထားသလို လူမျိုးကွဲ၊ ဘာသာကွဲ အချင်းချင်း သဟဇာတတွေ အမြဲနေခဲ့တာပဲ။ ဘယ်လိုပင် ကြီးမားတဲ့ပြဿနာတွေ ဖြစ်စေကာမူ အချိန်တစ်ချိန်ကျရင် ပြန်လည်သင့်မြတ်ကြတာပါပဲ။

ရခိုင်ပြည်တွင် ရှေးခေတ်အဆက်ဆက်ကပင် ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ တစ်မြေနေ၊ တစ်ရေသောက် အတူတကွ နေထိုင်လာကြတာကို အငြင်းပွားစရာမလိုပါဘူး။ အငြင်းပွားသူက အရူးထလုပ်ချင်သူသာဖြစ်ပေလိမ့်မယ်။ ထိုသို့ အတူတကွ နေထိုင်ရာမှာ မရှိမဖြစ်လိုအပ်တဲ့ ကြားခံနယ်က သဟဇာတ ဖြစ်ပါတယ်။ ဆိုလိုချင်တာက ဘာသာကွဲအချင်းချင်း စည်းလုံးညီညွတ်မှု ရှိခဲ့လို့သာ ထိုသို့ သင့်သင့်မြတ်မြတ်နေထိုင်လာနိုင်ခြင်းဖြစ်ပါတယ်။ အထက်ပါကိုးကားချက်က နမူနာတစ်ခုလောက်သာ တင်ပြပေးတာဖြစ်ပါတယ်။ 

 ဒီလို ဘာသာကွဲလူမျိုးကွဲ အကြား ညီညွှတ်မှုကို မရှုဆိတ်နိုင်သူ မျိုးချစ်အမည်ခံ လူယုတ်မိစ္ဆာအချို့ ခေတ်ကာလအလျောက် ပေါ်ပေါက်လာကာ တည်ငြိမ်အေးချမ်းနေတဲ့ ကျနော်တို့ ရခိုင်ပြည်အလှတရားကို ရိုက်ချိုးဖျက်ဆီးနေခြင်းဖြစ်ပါတယ်။ ထိုလူယုတ် ငရဲသားကောင်တွေရဲ့ မှိုင်းတိုက်မှု ပယောဂကြောင့် ပြည်သူ အချင်းချင်း ပဋ္ဋိပက္ခတွေ ကာလရှည်ရင်ဆိုင်လာရကာ သွေးချောင်းစီးနေရခြင်းပင်ဖြစ်ပါတယ်။ 

ကျနော်တို့ဟာ အဖျက်သမား ဂျင်းကောင်တွေရဲ့ ကျော့ကွင်းကို သတိဆင်ခြင်တုံးတရားရှိရှိ ရှောင်ကြဉ်လို့ လူလူချင်း အတူတူ သဘောထားကာ စည်းလုံးမှု ရေသောက်မြစ်ကို ပြန်လည်နှစ်မာခိုင်မြဲအောင် လက်တွဲဆောင်ရွက်ကြပါစို့။ 


လူထုဝဏ္ဏ

(13-9-2022)



Tuesday, October 4, 2022

၁၂။ လာရုဒေါလာမုန့် (Laçuddola)

 


၁၂။ လာရုဒေါလာမုန့် (Laçuddola)


✏✏✏✏✏✏✏✏
ရေးသား           📝 ရိုဟင်လေး|
အမျိုးအစား 🎍 ရိုဟင်ဂျာ ရိုးရာအစားအစာ [Rohingya Traditional Foods]|


"Noiya dhulár roñg noiya, háñlá háñlí gór furaiyá|
Noróinná háñlír keñlot fuwa, fuwar hátot diyé Laçuddola|
Dhulár fatót durúskurá, berár chértú háñcer háhá."

(-Osin Cayer)

ဒီလင်္ကာပိုဒ်ကို အာရ်ကန်ပြည်ရှိ ရိုဟင်ဂျာတိုင်း ကြားဖူးမယ်လို့ ယူဆပါတယ်။ မင်္ဂလာပွဲနဲ့ ပတ်သက်တဲ့ ရှေးလင်္ကာတစ်ပိုဒ် ဖြစ်တယ်။ ကလေးတွေ ကစားတဲ့အချိန်တွင် ရွတ်ဆိုဆော့ကြလေ့ရှိတယ်။ ဒီလင်္ကာမှာ  ကလေးလက်မှာ လာရုဒေါလာမုန့် ပေးထားတယ်လို့ စပ်ဆိုထားတယ်။ ဒါကို လေ့လာကြည့်လျှင် လာရုေဒါလာမုန့်ဟာ ရှေးခေတ်ကတည်းကပင် ထင်ရှားတာခန့်မှန်းနိုင်တယ်။ ဒီဆောင်းပါးမှာ အဲဒီလာရုဒေါလာမုန့်အကြောင်းကို ဖော်ပြသွားမှာ ဖြစ်တယ်။ 

"လာရုဒေါလာ" (Laruddola) မုန့်ဟာ ထင်ရှားတဲ့ ရိုဟင်ဂျာရိုးရာမုန့်ထဲမှ တစ်မျိုးဖြစ်တယ်။ ရာသီမရွေး သုံးဆောင်နိုင်တဲ့ မုန့်တစ်မျိုးလဲဖြစ်တယ်။ အများအားဖြင့် ရက်ကြီးခါကြီး ပွဲရက်သဘင်တွင် ပြုလုပ်ကျွေးမွေးဧည့်ခံကြတယ်။ အထူးသဖြင့် ဆောင်းရာသီတွင် ပြုလုပ်စားသုံးကြလေ့ရှိတယ်။ လာရုဒေါလာ ရဲ့ အဓိပ္ပါယ်မှာ "လုံးဝန်းတဲ့မုန့်" ဖြစ်တယ်။ လာရု ဟာ ဟင်န္ဒီဘာသာစကား Laddu မှ ဆင်းသက်လာပြီး အလုံးငယ်လို့ အဓိပ္ပါယ်ရတယ်။ ဒေါလာကတော့ ရိုဟင်ဂျာစကား အလုံး၊ အခဲ ဟု အဓိပ္ပါယ်ရသည်။ နာမ်နှစ်ခုကို ပေါင်းစပ်ထားသော ပေါင်းစပ်နာမ် ဖြစ်တယ်။

လာရုဒေါလာမုန့် ဟာ ချိုမြိန်တဲ့မုန့် တစ်မျိုးဖြစ်တယ်။ လာရုဒေါလာမုန့်ကို ပေါက်ပေါက်နှင့်သော်လည်းကောင်း၊ မုန့်ဆမ်းဖက်နှင့်သော်လည်းကောင်း ပြုလုပ်ခဲ့ကြတယ်။ ပြုလုပ်ပုံပြုလုပ်နည်းက အလွန်လွယ်ကူလှတယ်။ အိမ်တွင် ပစ္စည်းတွေအသင့်ရှိရုံနဲ့ မည်သူမဆို လွယ်လွယ်ကူကူ ပြုလုပ်နိုင်တယ်။ ပြုလုပ်ရာတွင် လိုအပ်သော ပစ္စည်းများမှာ ဒေသထွက်ပစ္စည်းများသာ အဓိကသုံးကြတယ်။ 

ပါဝင်ပစ္စည်းများ

၁) လူး (ဂျူဝါရီ)
၂) မုန့်ဆမ်း (ဆုန်ရာ) 
၃) ဆန် (ဟော့ရောအိ)
၄) နှမ်း (ဂေါ့ချာ)
၅) ထန်းလျက်/ သကြား (ထန်းညာမီရာ)
၆) ဆား (နူံ)
၇) အုန်းသီး (နာဂျောလ်)
၈) ဆီ/ထောပတ် (တေလ်)
၉) မြေပဲ (ဘာဒါမ်)

တို့ ပါဝင်ကြတယ်။


ပြုလုပ်ပုံပြုလုပ်နည်း

လာရုဒေါလာမုန့်ကို ပါဝင်ပစ္စည်း အမျိုးမျိုးဖြင့် ပြုလုပ်လေ့ရှိကြသည်။ ဤနေရာတွင် အခြေခံပြုလုပ်ပုံတစ်မျိုးကို မိတ်ဆက်ပေးသွားမှာဖြစ်တယ်။

လာရုဒေါလာမုန့် ပြုလုပ်တော့မယ်ဆိုလျှင် ဦးစွာအထက်ဖော်ပြပါ ပါဝင်ပစ္စည်းများကို စုဆောင်းရတယ်။ ပထမဆုံး လူးဆံကို ဖောက်ပြီးတော့ ပေါက်ပေါက် ခေါ် ဟိုအိ လုပ်ယူရတယ်။ ပြီးတော့ မြေပဲ၊ ဆန်၊ နှမ်း၊ အုန်းသီးခြစ်တွေကို ညိုရောင်သန်းလာတဲ့အထိ လှော်ရတယ်။ အဲဒါတွေကို ကြေမွသွားအောင် ထောင်းပေးရတယ်။ လုံးဝ အမှုန့်ဖြစ်သွားအောင်တော့မဟုတ်ဘူး၊ အဆံအစိတ် ဖြစ်အောင်ပေါ့။ ပြီးရင် ဆီနဲ့ ထန်းလျက်ကို အရည်ပျော်အောင် ကျိုရတယ်။ ပြီးတော့ မုန့်ဆမ်းကို သေချာဆေးကြောပြီးတော့ ရေညစ်ဆယ်ယူရတယ်။ အားလုံး အဆင်သင့် ဖြစ်ပြီးဆိုရင် နောက်တစ်ဆင့် ဆက်ရတယ်။ 

သတိထားရမှာက အုန်းသီးကို အဆံသေးသေးလေး ရအောင် ခြစ်ပေးရတယ်။ မြေပဲနှင့် ဆန်ကိုလည်း အစိတ်စိတ်ကွဲအောင် ထောင်းပေးရတယ်။

အဆင့်အသင့်လုပ်ထားတဲ့ ပစ္စည်းတွေကို လောင်ပန်းကြီးတစ်ခုတွင် အချိုးအကျညီအောင် ထည့်လို့ အားလုံးသမသွားအောင် ရောနှောရတယ်။ နည်းနည်း အေးသွားလျှင် အဖတ်တွေကို လက်နဲ့ဆုပ်ပြီးတော့ လက်တစ်ဆုပ်စာ လုံးဝန်းတဲ့ပုံသဏ္ဌာန်ရအောင် ပြုလုပ်ပေးရတယ်။  ဒါဆို အလုံးလှလှနဲ့ အလွန်အရသာကောင်းလို့ ရင်မြူးစေတဲ့ လာရုဒေါလာမုန့် ရသွားပါပြီ။

********

(မူလပုံကိုပြောင်းလဲထားသည်)


Tuesday, September 13, 2022

၁၁။ ဆီတောလ်ဖီရား (Sitol Fiçá)

 


၁၁။ ဆီတောလ်ဖီရား 

ရေးသား- ရိုဟင်လေး
အမျိုးအစား- ရိုဟင်ဂျာရိုးရာအစားအစာ

ဆီတောလ်ဖီရာ့ ဟာ ရိုဟင်ဂျာတွေ သုံးဆောင်လေ့ရှိတဲ့ မုန့်တွေထဲမှာ တစ်မျိးအပါအဝင်ဖြစ်တယ်။ ဆောင်းရာသီနဲ့ မိုးရာသီတွေမှာပြုလုပ်သုံးဆောင်တာ တွေ့ရတယ်။ စရိတ်အသက်သာဆုံးနှင့် ပြုလုပ်ရအလွယ်ဆုံး မုန့်တစ်မျိုးလည်း ဖြစ်ပါတယ်။ ဆီတောလ် အဓိပ္ပာယ်က အေးချမ်းသော၊ ဖီရာ့ က မုန့် ဖြစ်တယ်။ ဆောင်းရာသီမှာ ပြုလုပ်တဲ့မုန့်၊ အေးချမ်းဖွယ်ရာ မုန့်ဟု အဓိပ္ပာယ်ကောက်နိုင်တယ်။ 


ဆီတောလ်ဖီရား ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေက

  • ဆန်မှုန့်
  • အုန်းသီး
  • ဆား 
ဒါ့အပြင် ဆီအနည်းငယ်လည်း လိုပါတယ်။ ဆီကျတော့ မုန့်မှာ ထည့်ရတာမဟုတ်ဘဲ ကြော်ပြားမှာ မုန့်ကပ်မသွားအောင် နည်းနည်းသုပ်ပေးရတာ ဖြစ်တယ်။

ပြုလုပ်ပုံ

ဆန်မှုန့်ကို ရေနဲ့ ဆားရောပြီးတော့ ကောင်းကောင်းသမရတယ်။ အကျိတ်အခဲတွေ လုံးဝမရှိစေရဘူး။ ခပ်စေးစေး မုန့်ဖတ်ရည်တစ်မျိုး ဖြစ်လာမယ်။ မုန့်ဖတ်ဆော်ဒါ ထည့်ချင်ရင်ထည့်ပါ့။ ပိုပျော့အိလာအောင်ပေါ့။ မထည့်ရင်လဲ ပြဿနာမရှိဘူး။ ပြီးရင် မုန့်ဖတ်ဇလုံးကို အဖုံးဖုံးပြီးတော့ တစ်နာရီ၊ နာရီဝက်လောက် စိမ့်ထားပါ။ ဒါနဲ့ မီးလတ်လတ်မွေးပါ။ ကြော်ပြားတင်ပေးပါ။ ပူလာပြီဆိုရင် ဆီနည်းနည်း သုပ်ပေးပါ။ မုန့်ပြား ကပ်မသွားအောင်ပေါ့။ အားလုံးအဆင်အသင့် ဖြစ်ပြီဆိုရင် မုန့်ဖတ်ရည်ကို ဇွန်းကြီးနဲ့ တစ်ဇွန်းစီ ကြော်ပြားမှာ ချပေးပါ။ အဖတ်မာလာရင် ကျက်ပြီ။ ပြီးတော့ အုန်းခြစ်တွေကျဲပြီးတော့ စားလို့ရပါပြီ။ အများအားဖြင့် ထန်းရည်၊ အုန်းရည်တွေနဲ့ တို့စားကြတယ်။






Friday, September 9, 2022

Dáijjá-fuçí Háddí Roiyé (ကဗျာလေ့လာချက်)


ကဗျာလေ့လာဆန်းစစ်ချက် စာတမ်း


ခေါင်းစဉ် - ဒါ့ဂ်ျဂျာပူရိ ဟာဒ္ဒီး ရိုက်ယေ့

အမျိုးအစား - ဖန်ချာရီ

ကာလ - ဗြိတိချဇာပနာ နောက်ပိုင်း (ကိုလိုနီခေတ်နောက်ပိုင်း)၊ ၂၀ ရာစု

ကဗျာရေးသူ - အမည်မသိစာဆို တစ်ဦး


၁။ မူရင်းကဗျာ


Dáijjá-fuçí Háddí Roiyé


  Bandorjjarlá buo ander dé, undujja dóijje sáti 

  Kuna-beñg e dhúl bajjar dé, tutthui zar boirati.


   O bái ré, Sool soreddé murár bútor, bak sorer ailot 

   Dessuá, Kuilá fiyaiñjja dórer, noboyér gasót.


  Bilai ré mas basádí buo giyé gói farat 

  Madal gasót dóri roiyé aiñthá kelar sóra.


   Moyur naser fak melídí boga giyé saitó 

   Dáijjáfuçí háddi roiyé boga dóri háitó.


  Luti fukór feth honránít goru háiye baçi 

  Doñr doñr háñti morer fiyañrár téñgot fori.


   Masór dhore zailla dáiye noo zal eri 

   Mancór dhore manúic luwar mocóríte góli.


  Osin Cáyer (Fancari)


၂။ ကဗျာအသံထွက်

Dáijjá-fuçí Háddí Roiyé

(ဒါ့ဂ်ျဂျာပူရိ ဟာဒ္ဒီး ရိုက်ယေ့)


Bandorjjarlá buo ander dé, undujja dóijje sáti 

(ဘင်ဒေါရ်ဂျာရ် လား ဘို အာင်နဲရ်ဒေ့၊ အုံဒူရ်ဂျာ ဒိုဂ်ျဂျေ ဆားထီး)

Kuna-beñg e dhúl bajjar dé, tutthui zar boirati.

(ကူနာဘင်ဂေ ဓုလ် ဘိုက်ဂျာရ် ဒေ့၊ တုတ္တွီဇာရ် ဘိုရိုက်တီ)


O bái ré, Sool soreddé murár bútor, bak sorer ailot 

(အို ဘိုက်ရေ၊ ဆော်လ် ဆောရက်ဒေ့ မူရာ့ရ် ဘုတော်ရ်၊ ဘာခ် ဆော်ရေရ် အိုင်လောတ်)

Dessuá, Kuilá fiyaiñjja dhóre, noboyér gasót.

(ဒေစ္ဆွာ ၊ ကူအိလား ဖီညာဂ်ျဂျာ ဓော်ရေ၊ နဘောယဲရ် ဂါစောတ်)


Bilai ré mas basádí buo giyé gói farat 

(ဘီလိုက်ရေ့ မာစ်ဘာဆာ့ဒိ၊ ဘို ဂီယေ့ဂိုဝ် ဖာရာတ်)

Madal gasót dóri roiyé aiñthá kelar sóra.

(မာဒါလ် ဂါစောတ် ဒေါ်ရီရိုအိယေ့၊ အိုင်တ္တာကေလာရ် စော့ရ)


Moyur naser fak melídí boga giyé saitó 

(မယူရ် နာဆေရ် ဖာခ် မေလိဒီး၊ ဘောဂါ ဂီယေ့ ဆိုက်သိုဝ်)

Dáijjáfuçí háddi roiyé boga dóri háitó.

(ဒါ့ဂ်ျဂျာပူရိ ဟာဒ္ဒီ ရိုအိယေ့၊ ဘောဂါ ဒေါ့ရီ ဟိုက်သိုဝ်)


Lutifukór feth honránít goru háiye baçi 

(လူတီဖုခ်အောရ် ဖေတ်ဟောင်ရနိသ် ၊ ဂေါရူ ဟိုက်ယေ ဘာရီ)

Dhoñr dhoñr háñti morer fiyañrár téñgot fori.

(ဓောင်ရ်ဓောင်ရ် ဟင်တီ မောရေရ်၊ ဖီညာရာတ် တဲဉ်အောတ် ဖော်ရီ)


Masór dhore zailla dáiye noo zal eri 

(မာစော့ရ် ဓော်ရေ ဇိုက်လ္လာ ဒိုက်ယေ၊ နော ဇာလ် ဖဲ့လီ)

Mancór dhore manúic luwar mocóríte góli.

(မာန်ချော့ရ် ဓော်ရေ မာနုခ်ျ လုဝါရ်၊ မောချောရီတ် အေ ဂေါ့လိ)


Osin Cáyer (Fancari)

(ဩစီန် ရှားယေရ်၊ ဖန်ချာရီ)


***


၃။ ကဗျာတိုက်ရိုက်ဘာသာပြန်


Dáijjáfuçí Háddí Roiyé

(ငါးဘဲဖြူလေး ချောင်းနေတယ်)


Bandorjjarlá buo ander dé undujja dóijje sáti 

Kuna beng dhúl bajjar dé tuttui zar boirati.

(မျောက်ကလေးရဲ့ မင်္ဂလာဆောင်ပွဲမှာ ကြွက်ကလေးက ထီးဆောင်းပေး

ဖားပြုပ်က ဗုံတီးခတ်လျက် အိမ်မြှောင်က ဘောရာတ်အဖွဲ့နဲ့ လိုက်ခဲ့တယ်။)


O bái ré Sool soreddé murár bútor bak sorer ailot 

Dessuá kuilá fiyaiñjja dórer noboyér gasót.

(အိုအဆွေ…ဆိတ်က တောထဲ ကျက်စားလို့ ကျားက ကန်သင်းရောက်နေ

စာကလေးကို ကြောက်လို့ကွယ်  ဥဩနဲ့ငှက်တော် သစ်ပင်မှာ မနားရဲ )


Bilai ré mas basádí buo giyé gói farat 

Madal gasót dóri roiyé aiñthá kelar sóra.

(ကြောင်ကလေးကို ငါးတုံးတစ်ခိုင်းလို့ အိမ်ရှင်မလည်ပြီ ရွာတစ်ပတ်

ကသစ်ပင်မှာ တွယ်နေတယ် ဆင်ပေါင်ငှက်ပျော့ခိုင်လေး)


Moyur naser fak melídí boga giyé saitó 

Dáijjáfuçí háddi roiyé boga dóri háitó.

(အတောင်ဆန့်ဆန့် ဒေါင်းကပွဲမှာ ဗျိုင်းကလေး ကြည့်ဖို့လာ

ဒါဂ်ျဂျာချောင်းရဲ့ ငါးဘဲဖြူလေး ဗျိုင်းဖမ်းစားဖို့ ချောင်းနေသာ။)


Luti fukór feth honránít goru háiye baçi 

Doñr doñr háñti morer fiyañrár téñgot fori.

(ဖြုတ်က သူ့ဝမ်းကိုက်နာမှာ နွားကြိတ်လို့ဆေးဖျော်ခဲ့

ပုရွက်ဆိတ်ရဲ့ အနင်းခံရလို့ ဆင်ကြီးတွေသေ။)


Masór dhore zailla dáiye noo zal eri 

Mancór dhore manúic luwar mocóríte góli.

(ငါးကို ကြောက်လို့တံငါသည် လှေ၊ကွန် ပစ်လို့ ထွက်ပြေး

လူကို ကြောက်လို့ လူတွေပုန်းရ ခြင်ထောင်အုပ်လို့ကွယ်။)


Osin Cáyer (Fancari)

(အမည်မသိရှေးစာဆို)


၄။ ဝေါဟာရအဖွင့်


Bandorjjarlá = မျောက်အတွက်။

buo = မယား၊ မိန်းမ။

ander dé = ယူဆောင်လာတဲ့အခါ။

Undujja = ကြွက်ထီး။

dóijje sáti = ထီးဆောင်းပေးသည်။

Kuna beng = ဖားပြုပ်။

dhúl = ဗုံ။

bajjar dé = တီးခတ်သည်။

tuttui = အိမ်မြှောင်။

zar = သွားနေသည်။

boirati = သတိုးသမီးပင့်မယ့်အဖွဲ့ဝင်။

O bái ré = အို အဆွေ။

Sool = ဆိတ်။

sorer dé = ကျက်စားသည်။ 

murár bútor = တောထဲမှာ။

bak  = ကျား။

ailot = ကန်သင်းမှာ

Dessuá = ငှက်တော်

kuilá = ဥဩငှက်

fiyaiñjja = စာကလေး

dórer = ဖမ်းနေသည်

noboyér = မနားချေ။ မထိုင်ချေ။

gasót = သစ်ပင်မှာ။ 

Bilai ré = ကြောင်ကို။ 

mas = ငါး။ 

basádí  = တုံးတစ်ခိုင်းသည်

giyé gói = သွားပြီ။

farat = ရွာမှာ။

Madal gasót = ကသစ်ပင်မှာ။

dóri roiyé = သီးနေတယ်။

aiñthá kelar sóra = ဆင်ပေါင်ငှက်ပျော့ခိုင်။

Moyur = ဥဒေါင်း။

naser = ကနေသည်။

fak melídí = အတောင်ဆန့်၍။

Boga = ဗျိုင်း။

saitó = ကြည့်ရှုရန်။

Dáijjáfuçí = ဒါဂ်ျဂျာချောင်း၏ ငါးဘဲဖြူ။ အညာဘက်က ဆင်းသက်လာသည့် ချောင်းကို ဒါဂ်ျဂျာချောင်းဟုလည်း ခေါ်သည်။

háddi roiyé = ချောင်းကြည့်နေသည်။

boga = ဗျိုင်း။ 

dóri háitó = ဖမ်းစားရန်အတွက်။

Lutifuk ór = ဖြုတ် ၏။

feth honránít = ဝမ်းကိုက်ဝေဒနာမှာ။ 

goru = နွား။

háiye = စားခဲ့သည်။

baçi = ကြိတ်ချေသည်။ 

Doñr-doñr = ကြီးမားသော။ ဧရာမ။ 

háñti = ဆင်။

morer = သေနေသည်။

fiyañrár = ပုရွက်ဆိတ်၏။

téñgot fori = ခြေနင်းခံရပြီး။ 

Masór = ငါး၏ ။

dhore = ကြောက်ရွံ့မှုကြောင့်။ 

zailla = တံငါသည်။ 

dáiye = ထွက်ပြေးသည်။

Noo = လှေ။

zal = ငါးဖမ်းပိုက်ကွန်။

eri = ထား၍၊ ပစ်ချ၍။ 

Mancór = လူတို့၏။

manúic = လူ။

luwar = ပုန်းကွယ်သည်။

mocóríte = ခြင်ထောင်ထဲမှာ

góli = ဝင်၍။ 



***

၅။ ကဗျာအရေးအဖွဲ့၊ ကဗျာနောက်ခံ၊ ရှင်းလင်းချက်


 ဒီ ဖာန်ချာရီကဗျာဟာ ခေတ်ရဲ့ ကမောက်ကမဖြစ်ပုံကို ဖော်ကျူးထားတဲ့ ရှေးစာဆိုတစ်ဦးရဲ့ တေးကဗျာတစ်ပုဒ် ဖြစ်ပါတယ်။ တိုးတက်လာတဲ့ကမ္ဘာကြီးမှာ အမုန်းတရားတွေ၊ အမိုက်တရားတွေက တဖြည်းဖြည်း ဖုံးလွမ်းလာလို့ ရှေးခေတ် အစဉ်အလာ ထုံးတမ်းဓလေ့နဲ့ လောကသဘာဝ၊ ယဉ်ကျေးမှုတွေ ပြောင်းလဲကာ ယဉ်ကျေးတဲ့လူဘောင်အဖွဲ့အစည်း ပျက်စီးနေပုံကို ဥပမာအဖွဲ့တွေနဲ့ ရသမြောက်အောင် စပ်ဆိုထားတာဖြစ်တယ်။ ဒီခေတ်ကာလကို သရော်ထားတဲ့ကဗျာနဲ့ လူတွေ အသိအမြင်ရလာအောင် ပျက်စီးယိုယွင်းနေတဲ့လူ့အဖွဲ့အစည်း ယဉ်ကျေးမှုကို အချိန်မီ ဆင်ဆင်ခြင်ခြင် ပြုပြင်နိုင်အောင် ကဗျာဆရာက နိုးဆော်ထားခြင်းဖြစ်ဟန်ရှိပါတယ်။ 


 ဖန်ချာရီကဗျာတွေဟာ ဟာသရသမြောက်အောင် ဖွဲ့ဆိုတဲ့ ကဗျာအမျိုးအစားဖြစ်တယ်။ ဖန်ချာရီကဗျာတွေကို ဘယ်ခေတ် ဘယ်ချိန်က စတင်ဖွဲ့ဆိုလာခဲ့တာကို အတိအကျဖော်ပြရန် ခဲယဉ်းပေမယ့် ခေတ်အဆက်ဆက်မှာတော့ ထိုကဗျာမျိုးကို တွေ့ရှိရပါတယ်။ မောင်ဘွဲ့မယ်ဘွဲ့ကဗျာလို ချစ်ရေးကြိုက်ရေးကို အလေးထားဖွဲ့ဆိုလေ့ရှိတဲ့ ကဗျာတစ်မျိုး ဖြစ်ပါတယ်။ ဒီကဗျာမှာကျတော့ ထူးထူးခြားခြား ခေတ်ကလကို ဖော်ကျူးထားတာ တွေ့ရပါတယ်။ ဗြိတိသျှဇာပနာ (ကိုလိုနီခေတ်) နောက်ပိုင်းလောက်က ကဗျာလို့ ခန့်မှန်းနိုင်တယ်။ ဒေသနောက်ခံကျတော့ တောတောင်အင်းအိုင်တွေနဲ့ သာယာတဲ့ ကျေးလက်ဒေသလို့ ယူဆနိုင်တယ်။ ကဗျာမှာ တောတောင် တိရစ္ဆာန်တွေ၊ ကျေးငှက်တွေ၊ ငါးတွေနဲ့ ဥပမာပေး ဖွဲ့ဆိုထားတာကို လေ့လာခြင်းဖြင့် စာဆိုကလည်း ကျေးလက်ဒေသခံဖြစ်ကြောင်း ပေါ်လွင်နေပါတယ်။ ကဗျာဖွဲ့ပုံကလည်း စိတ်ဝင်စားဖွယ်ကောင်းပါတယ်။ လင်္ကာတစ်ပိုဒ်မှာ စာနှစ်ကြောင်းစီနဲ့ စာတစ်ကြောင်းမှာ ပုဒ်(၆)ပုဒ်စီ သပ်သပ်ရပ်ရပ် ဖွဲ့ဆိုထားတယ်။ အသွားကလည်း ပြေပြစ်ချောမောလှတယ်။ ပါဒတိုင်းမှာ အကျိုးနဲ့အကြောင်းကို မျှအောင် စာဆိုက အားထုတ်ထားတာလဲတွေ့ရပါတယ်။ ကာရန်ရော ပုဒ်အရေအတွက်ရော ချိတ်ညှိထားလို့ ကဗျာဖွဲ့ပုံက စံထားနိုင်တယ်လို့ မှတ်ချက်ပြုနိုင်ပါတယ်။


ဒီ ဒါ့ဂ်ျဂျာပူရိ ဟဒ္ဒီရောယေ့ ကဗျာရဲ့ လေးနက်တဲ့ အနက်ကို ယေဘုယျအားဖြင့် လေ့လာကြည့်သော်-

ကဗျာအစပိုဒ်မှာ

"Bandorjjarlá buo ander dé undujja dóijje sáti Kuna beng dhúl bajjar dé tuttui zar boirati."

မျောက်မင်းရဲ့ မင်္ဂလာဆောင်ပွဲမှာ ကြွက်ကလေးက သတိုးသားအရံအဖြစ် တက်ရောက်ကာ သတို့သားကို ထီးဆောင်းပေးနေတယ်။ မင်္ဂလာပွဲ ပျော်ရေးရွှင်ရေးမှာ ဖားပြုပ်က ဗုံစည်တီးခတ်လျက် ပျော်မြူးကြတယ်။ အိမ်မြှောင်ကတော့ သတို့သမီးပင့်မယ့်အဖွဲ့နဲ့ လိုက်ပါသွားတယ် လို့ ဖွဲ့ဆိုထားတယ်။ ဒီအပိုဒ်က အသား၊ အရောင် မတူကွဲပြားတဲ့ အမျိုးအချင်းချင်း တစ်ချိန်က စည်းလုံးညီညွတ်မှုရှိကြပုံ၊ သဟဇာတ အားကောင်းခဲ့ပုံကို ထင်ရှားစေတယ်။ မျောက်၊ ဖား၊ ကြွက်၊ အိမ်မြှောင် တစ်ကောင်နဲ့တစ်ကောင် မျိုးမတူ၊ နေထိုင်မှုစရိုက်သဘာဝမတူငြားလည်းပဲ ညီကိုမောင်နှမ အချင်းချင်းလို စည်းစည်းလုံးလုံးပျော်ပျော်ရွှင်ရွှင် နေထိုင်ခဲ့တဲ့ ရှေးခေတ်က စာဆိုစိတ်ကူးကို ထုတ်ဖော်ထားတာ ဖြစ်ပါတယ်။ 

ကာလနောက်ကို ဖော်ပြရာမှာလည်း မျောက်တွေ မိတ်လိုက်တဲ့အချိန်၊ ထီးဆောင်းရတဲ့အချိန်၊ ဖားအော်တဲ့အချိန်ကို ကြည့်ခြင်းဖြင့် မိုးဦးရာသီဖြစ်ကြောင်း ထင်ရှားစေပါတယ်။ "zor o dér roit ó der, bandorja ré biyá der" ဆိုတဲ့ ဒီရှေးလင်္ကာက မိုးဦးကာလ နွေတလှည့်၊ မိုးတလှည့် ဖြစ်နေချိန်တွင် မျောက်တို့ မင်္ဂလာဆောင်တယ်လို့ ရှေးလူကြီးတို့ရဲ့ ယူဆချက်တစ်ခုကို ရှိတယ်။ အဲ့ဒါကို စာဆိုက ဒီကဗျာမှာ သရုပ်ဖော်ကာ အချင်းချင်း ညီညွှတ်မှုကို ဖော်ပြထားတာဖြစ်ပါတယ်။


 ပြီးတော့ ကဗျာဆရာက အခုခေတ်ဟာ အထက်က ဖော်ပြခဲ့တဲ့ ရွှေခေတ်နဲ့ မတူတော့တာကို- 

 "O bái ré… Sool soreddé murár bútor bak sorer ailot. Dessuá kuilá fiyaiñjja dórer noboyér gasót." 

အိုအဆွေ… ဆိတ်တွေကို တောင်ပေါ်မှာ ကျောင်းရပြီးတော့ ကျားတွေက လယ်ကွင်းထဲရောက်လာတယ်။ ဥဩငှက်၊ ငှက်တော်တွေကို စာကလေးတွေကခြောက်လို့ သစ်ပင်မှာတောင် မနားရဲတော့ဘူး လို့ ဖွဲ့ဆိုထားတယ်။ အခုခေတ်ဟာ ရှေးခေတ်လို ညီညွှတ်မှုမရှိတော့ဘူး။ စည်းလုံးမှု ပြိုကွဲသွားလို့ အစိတ်စိတ်အမြွှာမြွှာဖြစ်သွားပုံကို သရုပ်ဖော်ထားခြင်း ဖြစ်တယ်။ ဒါ့အပြင် အဘက်ဘက်မှာ အန္တရာယ်နဲ့ ပြည့်စုံတဲ့ ပတ်ဝန်းကျင်ကို ဖော်ပြထားတာဖြစ်တယ်။ လယ်ကွင်း၊ ကန်သင်းတွေမှာ ကျက်စားတဲ့ ဆိတ်တွေဟာ အခု တောင်ပေါ်တက် ကျောင်းနေရပြီ။ ကုန်းပေါ်မှာ သားရဲတိစ္ဆာန်တွေ ထွက်လာပြီးတော့ ရန်ပြုနေတော့ ယခင်ကလို လယ်ကွင်း ကန်သင်းမှာ မနေသာဘူး။ တောတက်ရလေတယ်။ ဆိတ်ခမျာ တောထဲမှာလဲ သားရဲတိရစ္ဆာန်ပေါ့တော့ အန္တရာယ်နဲ့ ရင်ဆိုင်နေရတာပဲ။ ကျားကလည်း ဆိတ်နေရာကို လုယူထားလို့ ချမ်းသာမှာတော့မဟုတ်ဘူး။ သူ့အတွက်လဲ အန္တရာယ်တွေ များလာတာပါပဲ။ နောက်တစ်ဖက်က တစ်နေရာတည်း အတူကျက်စားခဲ့တဲ့ ကျေးငှက်တွေလည်း အခု ညီညွှတ်မှု၊ လုံခြုံမှုမရှိတော့ဘူး။ လူတွေကို အသံနဲ့ သာယာစေတဲ့ ဥဩငှက်တွေ၊ နွားကျောကုန်းပေါ်မှာ နားကာ အဖော်ပေးတဲ့ ကျွဲနွားတွေမှာမှီကပ်တတ်တဲ့ ပိုးမွှားများကို စားသောက်ကာ သူ့အကျိုးပြုတတ်သော ငှက်တော်တွေတောင် စာကလေးလို ငှက်ကလေးကို ကြောက်နေရတော့တယ်။ လောကဟာ သူနေရာနဲ့ သူ မရှိတော့ဘူး။ တစ်ယောက်ကိုတစ်ယောက်၊ တစ်စုကို တတစ်စု အကျိုးစီးပွားပျက်စီးအောင် ရန်ပြုတတ်တဲ့ ခေတ်ရေစီးနဲ့ မျောပါနေကြောင်း စာဆိုရဲ့ ထင်မြင်ချက်ကို စာဖတ်ဖတ်သူအား အို…အဆွေဟု တိုက်ရိုက်ပြောပြဟန်နဲ့ ထုတ်ဖော်ထားတာဖြစ်တယ်။ 


တဖန် စာဆိုက တာဝန်ပေါ့လျော့မှုနဲ့ မျက်ကန်း ယုံကြည်မှု တိုးပွားလာခဲ့ပုံကို- 

 " Bilai ré mas basádí buo giyé gói farat. Madal gasót dóri roiyé aiñthá kelar sóra."

ကြောင်ကို ငါးတွေ တုံးတစ်ခိုင်းလို့ အိမ်ရှင်မက ရွာထဲ ပတ်လည်နေတယ်။ ကသစ်ပင်မှာ ဆင်ပေါင်ငှက်ပျောခိုင် တွယ်နေတယ် လို့ ရေးစပ်ထားတယ်။ ကြောင်ကို ယုံးစားမိပြီးတော့ ငါးတွေကို တုံးတစ်ခိုင်းတာ၊ ငါးစောင့်ခိုင်းတာ ယုံလွယ်မှု၊ ဆင်ခြင်မှုနည်းတာမျိုး၊ လူတွေက ကိုယ့်တာဝန်ကျေပွန်မှု ပေါ့လျော့တာမျိုး ဖြစ်လာတယ်လို့ ဆိုလိုပါတယ်။ ပြီတော့ ဖြစ်ရိုးသဘာဝမရှိတဲ့ဟာလဲ ဖြစ်နေပုံကို ငှက်ပျော့သီးပင်မှာ ငှက်ပျော့သီးမသီးဘဲ ကိုယ်ထည်မှာ ဆူးပြည့်တဲ့ သစ်ပင်တွေမှာ သီးနေဟန်နဲ့ ဥပမာပေးထားတယ်။ သူတော်ကောင်းဟန်ဆောင်သူတွေက ဒုစရိုက်လုပ်ငန်း ဆောင်တာတွေနဲ့၊ ပညာရှင်တွေဆီကနေ ပညာ့ရောင်ခြည်မထွက်ဘဲ လူမိုက်အနံ့တွေ ဖြန့်ထွက်နေတဲ့ သဘောကို စာဆိုက ထုတ်ဖော်ထားတာဖြစ်ပါတယ်။


ပြီးတော့ သူတစ်ပါးကောင်းစားနေခြင်းကို မုဓိတာမပွားဘဲ မနာလိုစိတ်၊ ရာဂစိတ် ဖြစ်တည်လာပုံကို -

"Moyur naser fak melídí boga giyé saitó. Dáijjáfuçí háddi roiyé boga dóri háitó."

အတောင်ဆန့်ဆန့်ကနေတဲ့ ဒေါင်းကပွဲမှာ ဗျိုင်းကလေးက သွားကြည့်တယ်။ အဲ့ဒီဗျိုင်းကို ဒါဂ်ျဂျာချောင်းနေ ငါးဘဲဖြူက ဖမ်းစားဖို့ ချောင်းချိန်နေတယ်" လို့ ဖွဲ့ဆိုထားတယ်။ ဒီအပိုဒ်က သူတစ်ပါးရဲ့ ပျော်ရွှင်မှုကို မနာလို ဝန်တိုပြီးတော့ မိမိကိုယ့်ကို အန္တရာယ်ထဲ တွန်းပို့တတ်တာကို သရုပ်ဖော်ထားတာဖြစ်တယ်။ ဥဒေါင်းနဲ့ ဗျိုင်းတို့ မြူထူးသာယာနေတဲ့ဟာကို ငါးဘဲဖြူက မရှုဆိတ်နိုင်ဘူး။ မနာလိုဖြစ်ပြီးတော့ သူတို့ရဲ့ ပျော်ရွှင်မှုကို အနှောင့်အယှက်ပေးရန် ကြံစည်နေတာဖြစ်တယ်။ ဒီလို ဗျိုင်းကို သတ်စားနိုင်ဖို့ အကြံအစည်က ငါးဘဲဖြူရဲ့ အသက်အန္တရာယ်ဖြစ်လာနိုင်တာကိုတောင် ဝန်မလေးကြဘူးလို့  စာဆိုက အသိအမြင်ပေးထားတာဖြစ်တယ်။ 


အဲဒီနောက် လူတွေမှာ ကြည်ဖြူ ရိုးသားခြင်းထက်  မောက်မာ၊ ပြစားခြင်းကို အသာပေးနေတဲ့ စိတ်ယုတ်ဝင်လာပုံကို-

" Lutifukór feth honránít goru háiye baçi 

Dhoñr-dhoñr háñti morer, fiyañrár téñgot fori."

"ဖြုတ်ရဲ့ ဝမ်းကိုက်နာမှာ နွားအကောင်လိုက်ကြိတ်ချေပြီး ဆေးဖျော်လို့ သောက်သုံးခဲ့တယ်။ ပုရွက်ဆိတ်ရဲ့ အနင်းခံရလို့ ဆင်ကြီးတွေသေရတော့တယ်" လို့ ဖော်ပြထားတယ်။ ဒီအပိုဒ်က အသေးအမွှား ကိစ္စတွေအတွက် အားအင်ငွေကြေး အဆမတန် သုံးစွဲတာ၊ မာန်မာနကြွားဝါးမောက်မာမှုတွကို အလေးထားလုပ်ဆောင်တာကို ထင်ရှားအောင် သရုပ်ဖော်ထားတာဖြစ်တယ်။ ပုရွက်ဆိတ်ရဲ့ အနင်းခံရလို့ ဆင်ကြီးတွေသေနေရတယ်ဆိုတာကလဲပဲ ရာထူးအဆင့်အတန်း၊ ငွေကြေးတွေရဲ့ မာနအရှိန်ကြောင့် သက်ကြီးလူကြီးတွေရဲ့ ပြောဆိုဆုံးမ လမ်းညွှန်တာကို လူငယ်တွေက တန်ဖိုးမထားတော့ဘူး၊ အရိုအသေမပြုကြဘူး။ ရိုသေလေးစားတဲ့ ယဉ်ကျေးမှု ပျောက်ကွယ်သွားနေတယ်။ ဉာဏ်အမြော်အမြင်ကြီးမားတဲ့၊ ဘဝအတွေ့အကြုံများတဲ့ လူကြီးမိဘတွေကို လျစ်လျူရှုခံရပုံကို ဖွင့်ဆိုထားတာဖြစ်တယ်။ 


နောက်ဆုံးတွင် လောဘ၊ မောဟ၊ အမုန်းတရားများ လွမ်းမိုးလာပုံကို- 

" Masór dhore zailla dáiye noo zal eri 

Mancór dhore manúic luwar mocóríte góli."

ငါးတွေကို ကြောက်လို့ တံငါသည်က လှေ၊ ပိုက်ကွန်တွေ ပစ်ချပြီးတော့ ထွက်ပြေးရတယ်။ လူလူချင်းအတူတူဖြစ်ပေမဲ့ သားရဲတိရစ္ဆာန်ကြောက်သလို ကြောက်ပြီးတော့ ခြင်ထောင်အုပ်လို့ ပုန်းကွယ်နေရတော့တယ် လို့ ဖော်ပြထားပါတယ်။ ဆိုလိုတာက ငါးက ငါးဖမ်းသမားတွေကိုမြင်လို့ ကြောက်ပြေးရမယ်အစား ငါးဖမ်းသမားကိုယ်တိုင် ထွက်ပြေးနေရတယ်။ လက်အောက်ငယ်သားတွေကို သူကြီးကိုယ်တိုင် ကြောက်နေရလောက်အောင် သစ္စာတရား ကင်းမဲ့နေတယ်လို့ တင်စား ရေးဖွဲ့ထားဟန်ရတယ်။ လူလူချင်းအတူတူဖြစ်ပေမယ့် လူတွေကို လူတွေက ကြောက်လန့်နေရတဲ့ ခေတ်ရောက်နေပြီ။ မောဟ လောဘ ဖုံးလွမ်းလို့ အမုန်းတရား၊ မနာလိုမှုတွေကြောင့် တစ်ဦးကိုတစ်ဦး နစ်နာဆုံးရှုံးစေတာ၊ အနိုင်ကျင့်ဖိနှိပ်တာ စတဲ့ဟာတွေကြောင့် ယခင်လို ခတ်ချစ်ချစ်ခင်ခင် ပေါင်းသင်းမနေထိုင်နိုင်တော့ဘဲ ရှောင်ရှောင် ဝေးဝေးနေရပုံကို ထင်ရှားပေါ်လွင်နေပါတယ်။

နောက်ဆုံးအနှစ်ချုပ်အနေနဲ့ ခေတ်ကို သရော်ထားတဲ့ ဒီကဗျာမှာ ယိုယွင်းပျက်စီးနေတဲ့ လူ့ယဉ်ကျေးမှုတွေကို သိမြင်ထင်ရှားလာအောင် အဖွဲ့အစပ်စွမ်းရည်နဲ့ မွန်မြတ်တဲ့ အတွေးအခေါ်ဖြင့် စာဆိုက ထိထိမိမိ ဖော်ကျူးထားပုံမှာ စိတ်ဝင်စားဖွယ်ကောင်းကြောင်း သုံးသပ်တင်ပြပါတယ်။ 


- ရိုဟင်းကိန်း

(၁၇-၈-၂၀၂၂)

★★★★★★★★★★





Wednesday, August 31, 2022

အဆုံးသတ်ကတ်မေ

 



အဆုံးသတ်ကတ်မေ


မိတ်ဆွေ…

ပိန်းရွက်ပိုင်ယားရေ အယင်က ရန်ငြိုးမီးစာတိ၊ 

တမာသီးထက်ခါးရေ အမုန်းတံလျှပ်တိ

ရုပ်ရှင်ထက် ဖန်တီးမှုဆန်ရေ လုပ်ကြံမှိုင်းတိ၊ 

သွီးနဲ့အရောင်ခြယ်ရေ ဖြူမည်း ခွဲခြားမှုတိ

အရာ မရင်ဆိုင်စိဂဲ့… အဆုံးသတ်ကတ်မေ။


ဟုတ်ယင့်…

ငါရို့ တစ်ဖက်ကို တစ်ဖက် မုန်းစော်လဲ ဟုတ်ယင့်

ငါရို့ အချင်းချင်း တိုက်ကတ်စော်လဲ ဟုတ်ယင့်

သွီးချောင်းတိကို အလီလီ ဖြတ်ကျော်ရခစော်လဲ ဟုတ်ယင့်


ယကေလေ့…

ငါရို့က ကျောင်းတစ်ကျောင်းမာ တတူတူ စာသင်ရေ

မြို့တစ်မြို့မာ အိမ်အိမ်ချင်းကပ်လို့ နိန်ထိုင်ရေ

ဈီးတစ်ဈီးက တတူတူ ဝယ်ယူသုံးကတ်တေ

လောင်းချေတစ်စင်းမာ အတူတူ လားရေလာရေ

ဝါကျွတ်ပွဲဈီးတိမာ ဖူတိန္နာရို့ လားပျော်ရေ

အီးဒ်ပွဲတိမာ မောင်ချေမိချေရို့ စားပျော်ရေ

ငါရို့မြီမာ ချစ်စိတ်က မုန်းစိတ်ထက် တဝအားကြီးရေ

အယင်ခါက မုန်းရီတိ ပလင်းသွင်းပနာ မြှပ်ပစ်လိုက်ကတ်မေ။


ဇာလောက်ပင်ခွဲခွဲ မယုမြစ်ရီနန့် စိုင်းဒေါင်မြစ်ရီ

သွီးထိုးရေသူတိရာ ညောင်းလို့ညောင်းလီ

ငါရို့က စားပွဲတစ်ခုမာ ထိုင်စားရေ ရခိုင်ပြေသားတိဝေ

မာမူနန့်အခင် ဒါဒီနန့်အဘင်သျှင် အချေခါက

ပုံပြင်ချေတိကို အတူတူထိုင်လို့ ပြောနိန်ယင့်။


မျိုးမတူ ရုပ်မတူစွာကို အရာခွင့်ကောင်းယူဖို့ မပျင်ဂေ့

တောအရက်တစ်ပိုင်းနဲ့ ငုတ်ပေါ်မှာ ထိုင်ပနာ ငိုလီဖိ

လားဖိ…လားဖိ… ဝိုင်း မျိုးချစ်တစ္ဆီတိ လားဖိ

ငါ့ရို့မြီမာ ဘုန်းကြီးကျောင်းနန့် ဗလီကျောင်း ဒွေးညီနောင်…

ရောင်စုံပန်းချီပိုင် သာစွလှရေ ငါရို့ရခိုင်ပြေသားတိဝေ။ 



15-8-2022


Saturday, August 13, 2022

သမိုင်းဖျောက်ဖို့ မလွယ်တဲ့ ရိုဟင်ဂျာတိုင်းရင်းသား

သမိုင်းဖျောက်ဖို့ မလွယ်တဲ့ ရိုဟင်ဂျာတိုင်းရင်းသား

----------------------------------------

သမိုင်းပညာရှင် ဒေါက်တာအေးချမ်းက ရိုဟင်ဂျာ ဆိုတဲ့စကားလုံးဟာ ရခိုင်တွေကိုသာ ရည်ညွှန်းကြောင်း ဖရန်စစ်ဘူချာနန်ရဲ့ သမိုင်းစာအုပ်ကို ကိုးကားပြီးတော့ တစ်မျက်နှာစာလောက် ကူးယူဖော်ပြခဲ့တာ FB ပို့စ်တစ်ခုမှာ ဖတ်ဖူးတယ်။ ပုံ-၁ ကို ရှူပါ။


- ထုံးစံအတိုင်း ကော်မန့်တွေမှာ သမိုင်းလေ့လာသူ ရိုဟင်ဂျာတွေနဲ့ အပြန်အလှန် ထိပ်တိုက်တွေ့တာတော့ ရှိတယ်။ ကော်မန့်ရှင် တစ်ယောက်က ဆရာကြီးကို ယုံကြည်တဲ့အနေနဲ့ ရိုးရိုးသားသား မေးမြန်းလိုက်တယ်။ "ဆရာကြီးရဲ့ သုံးသပ်ချက် တင်ပေးရင် ကောင်းပါမယ်" တဲ့။ ပုံ-၂ ကို ရှူပါ။


- ဒီတော့ ဆရာကြီးလည်း အခွင့်သာသွားပြီပေါ့။ လေးလေးစားစား မေးတဲ့သူကို မှိုင်းတွေဂျင်းတွေ ခံတွင်းလိုက် ကျွေးပေးပြီပေါ့။ ဘယ်လို ဖြေသွားလဲသိလား။ " ရှင်းပါတယ်တဲ့။ ရခိုင်ပြည်ကို ဘင်္ဂါလီတွေက Rossawn, Rohhawn, Roang, Reng နဲ့ Rung လို့ ခေါ်ကြတယ်။ ၁၇၈၄ နောက်ပိုင်း ရခိုင်ပြည်က ထွက်ပြေးလာကြတဲ့ ရခိုင်တွေကို မောက် လို့ ခေါ်ကြတယ်။ ဒါကြောင့် ရို ဆိုတာ ရခိုင်ကိုခေါ်တာ။ သူတို့တွေကိုကတော့ Bangalese Mohammedan လို့ မှတ်တမ်းတင်သွားတယ်" လို့ ဆရာကြီးက သုံးသပ်ပြတယ်။ ပုံ-၂ ကို ရှူပါ။


- ကဲ့… ဒီသုံးသပ်ချက်ကို ဆန်းစစ်ကြည့်ချင်တော့ မူရင်းသမိုင်းကို သွားကုပ်ရတာပေါ့။


"All the way from Chanpour to Barratulla we have had low hills between us and the Sea: but now there is nothing in that direction except plains, these in some places however are covered with Woods. Various parts of the Hills in this neighbourhood are inhabited by Mugs from Rossawn, Rohhawn, Roang, Reng or Rung, for by all these names is Arakan called by the Bengalese." These people left their country on its conquest by the Burmas, and subsist by fishing, Boat building, a little cultivation, and by the Cloth made by their Women. They also build houses for the Mohammedan refugees, of whom many came from Arakan on the same occasion, and settling among men of their own Sect, are now much better off than their former Masters. A Bengalese Mohammedan would consider himself as polluted by living in a House built by Mug. The Natives of Arakan pay no rent for their Lands, as every three years they remove and clear away some new Spot overgrown with Wood. [T]hey pay to the Zemeendars a consideration for the ground occupied by their houses, in the same manner as the fishermen do. In the Hills between my route and the Sea there live no Joomea Mugs: but they are much frequented by Wild Elephants, on account of the fruit of the Chalta (Dillennia Indica) which these beasts eat very greedily.


Francis Buchanan In Southeast Bengal (1798) | Pages-31-32



မူရင်းအင်္ဂလိပ်စာကို ဖတ်ကြည့်တဲ့အခါ အာရကန်ပြည်ကို ဘင်္ဂါလီတွေက Rossawn, Rohhawn, Roang, Reng နဲ့ Rung လို့ ခေါ်ကြတာတော့ ဟုတ်တယ်။

အာရကန်ပြည်ကို ဗမာတွေက သိမ်းပိုက်တဲ့နောက်ပိုင်း မောက် (ရခိုင်)တွေ ထွက်ပြေးလာတာလည်း တွေ့ရတယ်။ ရခိုင်တွေကို မောက် ခေါ်တာလည်း ပါတယ်။ ဒါပေမဲ့ Bangalese Mohammedan လို့ မှတ်တမ်းတင်သွားတယ်လို့ ဆရာကြီးရဲ့အဆိုပြုချက်ကတော့ လုံးဝ မရိုးသားဘူး။ အဲဒီမူရင်းမှာ Mohammedan လို့သာ ကွဲကွဲပြားပြား ရေးသားထားတာ ဖြစ်တယ်။


နောက်တစ်ချက်က အာရကန်ပြည်ကို Roang (ရိုဟင်း) ခေါ်တယ်။ ရခိုင်ကို မောက် ခေါ်ကြတယ် လို့ အတိအလင်းပါတယ်။ ဆရာကြီးရဲ့ သုံးသပ်ချက်မှာ ကျတော့ ပဟေဠိဆန်သွားတယ်။ ရခိုင်က မောက် မဖြစ်ဘဲ ရိုဟင်ဂျာ ဘယ်လိုဖြစ်သွားတာလဲ။ အံ့စရာနော်။ (ဒေသစွဲနာမည်အဖြစ်ကောက်ရင် အာရကန်ပြည်သူတွေကို ရိုဟင်ဂျာ ခေါ်တာလို့ သုံးသပ်ရင်တောင် ယုတ္တိတန်သေးတယ်။ မှတ်တမ်းတွေအရဆိုရင် ရခိုင်ကို မောက် လို့ပဲ မှတ်တမ်းတွေ့ရတာ။ *ရိုဟင်ဂျာ ဟာ မွတ်စလင်တွေဖြစ်ကြောင်း တခြားသမိုင်းမှတ်တမ်းတွေ တပုံကြီးရှိတယ်။)

သမိုင်းဆရာကြီးလဲ အသက်နည်းနည်း ကြီးလာတော့ မေ့သွားတတ်တာလားတော့ မသိဘူး။ အဲဒီမူရင်းမှာ ရိုဟင်ဂျာ ရှာတော်ပုံအတွက် အင်မတန်အရေးကြီးတဲ့ အချက်တစ်ချက်ရှိတယ်။ "အဲဒီ ၁၇၈၄ ခုနောက်ပိုင်း ထွက်ပြေးခိုလှုံခဲ့တဲ့ သူတွေထဲမှာ အာရကန်ပြည်က မိုဟာမေဒင် အုပ်စုလည်း ပါတယ်။ သူတို့က သူတို့အစုနဲ့ သူတို့ နေကြတယ်"လို့ ဘူချာနန်ရဲ့ မူရင်းစာသားမှာ ထင်ထင်ရှားရှားဖော်ပြထားတယ်။ ဒီအချက်ဟာ ရခိုင်ပြည်က မွတ်စလင်တွေ ဗမာကျူးကျော်စစ်မတိုင်မီ အာရကန်ပြည်တွင် ရှိနေကြောင်း ခိုင်လုံတဲ့အထောက်အထားဖြစ်တယ်။ ၁၈၂၃ မတိုင်မီ ရှိနေတဲ့အတွက်ကြောင့် ရိုဟင်ဂျာတွေဟာ ပင်ရင်းတိုင်းရင်းသားတွေဖြစ်ကြတယ်။ အဲဒီအချက်ကိုကျတော့ ဆရာကြီးက မေ့ကျန်သလိုလို ခုန်ကျော်သွားခဲ့တယ်။ (တမင်ကျော်သွားတာလား၊ မေ့လို့ ကျော်သွားတာလား ဒါက ဆရာကြီးပဲ အသိဆုံးဖြစ်တယ်။) ဒါပေမဲ့ အဲဒီ Mohammedan ကို ဘင်္ဂါလီမိုဟာမေဒင် လို့ ဇာတ်နာနာ သုံးသပ်ဖို့တော့ မမေ့ခဲ့ဘူးနော်။

တစ်ခါ ဒီသုံးသပ်ချက်မှာပဲ မေ့လျော့သွားတာဖြစ်မယ် ဆိုလို့ ဆရာကြီးရဲ့ ဘူချာနန်ဘာသာပြန်ကို သွားကြည့်ဖြစ်တယ်။ အဲ့ဒီမှာလည်း ထူးထူးခြားခြားပါပဲ။ ၁၇၈၄ နောက်ပိုင်း မွတ်စလင်တွေ အာရကန်ပြည်က နေရပ်စွန့်ခွာကာ အိမ်နီးချင်းတိုင်းပြည်မှာ ခိုလှုံခဲ့တဲ့ မူရင်းအပိုင်းကို ဘာသာပြန်တောင် မပြန်ခဲ့ဘူး။ တစ်ခါတည်း ဖျက်ချေလိုက်လေတယ်။ ပုံ-၃ ကို ရှုပါ။


ဒီနေရာမှာ တစ်ခုပြောချင်တာက ဘူချာနန်ဟာ အာရကန်က ဒုက္ခသည်မွတ်စလင်နဲ့ ဘင်္ဂါလားက ဘင်္ဂလီမွတ်စလင်ကို သိသိသာသာကွဲပြားနိုင်အောင် ဖော်ပြထားတယ်။


"မောက် တွေက မဟာမေဒင် ဒုက္ခသည်တွေအတွက် အိမ်တွေလည်း ဆောက်လုပ်ပေးတဲ့အလုပ်ကို လုပ်ကြပြီး မိုဟာမေဒင်တွေလည်း မောက်တွေနဲ့အတူတူ အာရကန်မှ ထွက်ပြေးလာကြသူတွေ ဖြစ်ကြတယ်။ အဆိုပါ မိုဟာမေဒင်တွေဟာ သူတို့အုပ်စုနဲ့သူတို့ နေထိုင်ကြပြီး ၎င်းတို့ရဲ့ ယခင်သခင်တွေထက် ကောင်းမွန်စွာ နေထိုင်ကြတယ်။ ဘင်္ဂါလီမိုဟာမေဒင် တစ်ယောက်က မောက်တွေ ဆာက်လုပ်တဲ့အိမ်တွေမှာ နေထိုင်ရင် မိမိကိုယ့်ကို ညစ်ညူးတယ်လို့ ယူဆတယ်။"


ဆိုလိုတာက ရခိုင်တွေ ဆောက်လုပ်တဲ့ အိမ်တွေမှာ အာရကန်က မွတ်စလင်တွေ နေကြတယ်။ ဒီလိုမျိုး မောက်တွေ ဆောက်တဲ့အိမ်တွေမှာ ဘင်္ဂါလီမွတ်စလင်တွေကျတော့ မနေတတ်ဘူး။ ရွံ့ကြတယ်။ ဒီအပိုင်းက အာရကန်က မိုဟာမေဒင်နဲ့ အဲဒီ ဒေသခံဘင်္ဂါလီမိုဟာမေဒင်တွေဟာ ဓလေ့ထုံးတမ်းမတူကြောင်း ထောက်ပြနေတယ်လို့ ကောက်ချက်ချနိုင်တယ်။


- ဒါပေမဲ့ ဒီလောက်အရေးကြီးတဲ့ သမိုင်းအချက်အလက်တစ်ခုကို သမိုင်းဆရာကြီးအေးချမ်းက ကျော်သွားတာ ဖုံးကွယ်ဖို့ ကြိုးစားခဲ့တာလို့ ထင်ကြေးပေးနိုင်တယ်။ ဒါက တို့ပြည်ရဲ့ ပညာရှင်တွေရဲ့ သမာဓိပါပဲ။ သမိုင်းပညာရှင် ဆိုတာ ဘက်မလိုက်ရဘူး။ အရှိကိုအရှိအတိုင်း ထုတ်ဖော်ရဲရတယ်။ ဒါမှ အမှန်ကန်တဲ့ အတိတ်အကျိုးအကြောင်းကို လူတွေက သိရှိလာမှာဖြစ်တယ်။ ဒီလိုမဟုတ်ဘဲနဲ့ မိမိစိတ်ကြိုက်ဖြစ်အောင် ဖုံးကွယ်ဖို့ကြိုးစားရင်တော့ သာမန်ပြည်သူတွေလဲ ဘယ်တတ်နိုင်ပါမလဲ။ ပညာရှိဆိုတိုင်း ယုံမှားမိပြီးတော့ ပဋိပက္ခတွေစွဲနေမှာပေါ့။

— #လူထုဝဏ္ဏ

(10-8-2022)


*ဒီဘူချာနန်ရဲ့ မှတ်တမ်းနဲ့ပတ်သက်ပြီးတော့ ကိုလင်းသက်ဆွေရဲ့ သုံးသက်ချက်ကို အောက်ပါလိင့်ကနေ ဖတ်ရှူနိုင်ပါတယ်။


https://m.facebook.com/story.php?story_fbid=pfbid0Dr2WPQeBECmPVX72sUSzPwuBAwR2MqmsNoNE7SxLu7qHYcs9EF7vKYjDt4YxXZaMl&id=744769315

Wednesday, August 10, 2022

နေဝင်းနှင့်သူ၏တရားဝင်ဇနီးမယားများ

 


“နေဝင်းနှင့်သူ၏တရားဝင်ဇနီးမယားများ”

၁ ။ ပထမ ဇနီး - ဒေါ်သန်းညွန့်

ဒေါ်သန်းညွန့် နှင့် ၁၉၃၁/၃၂ ခုနှစ်တွင် လက်ထပ်ခဲ့ လေသည်။ ဒေါ်သန်းညွန့်သည် အပျိုမဟုတ်ပေ။ ပထမ အိမ်ထောင်နှင့် သားတစ်ယောက်ရှိသူဖြစ်သည်။ ဒေါ်သန်းညွန့် ခေါ် မေရီ နှင့် ၁၉၃၇ ခုအထိ ပေါင်းသင်း နေထိုင်ပြီး ကိုသိန်း (တာတီး)ခေါ် ဦးကျော်သိန်း ဟူသည့် သားတစ်ဦး ထွန်းကားခဲ့သည်။


၂ ။ ဒုတိယ ဇနီး - ဒေါ်တင်တင်။

ဒေါ်တင်တင်နှင့် ၁၉၃၇ ခုနှစ် ၊ ဇူလိုင် ၁၈ရက်နေ့ တွင် ရန်ကုန်မြို့ မောင်ဂိုမာရီလမ်း အိမ်အမှတ် ၁၀၆ တွင် လက်ထပ်ခဲ့သည်။လက်ထပ်မင်္ဂလာပွဲသို့ ဦးနေ၀င်း၏ ဖခင် ဦးဖိုးခ ကိုယ်တိုင်တက်ရောက်ခဲ့ပြီး ဒေါ်တင်တင် နှင့် သား နှစ်ဦး ရရှိခဲ့ကာ…

၁၉၅၂ခုနှစ် တွင် တတိယဇနီးအားလက်ထပ်ချိန် အထိ ဒေါ်တင်တင်နှင့် ကွာရှင်းမှု မရှိသေးသဖြင့် ဒေါ်တင်တင်မှ ၁၉၅၂ ခုနှစ် ၊ မတ်လ ၁၃ရက်နေ့ ထုတ် "ဗမာ့ခေတ်" သတင်းစာတွင်… "ကျွန်မ သာလျှင် ဗိုလ်ချုပ်ကြီးနေ၀င်း ၏ မယားကြီးပါ" ဟူ၍ခေါင်းစဉ်တပ်ကာ ကြေညာခဲ့ လေသည်။


၃ ။ တတိယ ဇနီး - ဒေါ်ခင်မေသန်း

ဒေါ်တင်တင်နှင့် တရား၀င်ကွာရှင်းခြင်းမရှိဘဲ ၁၉၅၂ ခုနှစ် ၊ မတ်လ ၁၀ရက် တနင်္လာနေ့တွင် ဒေါ်ခင်မေသန်း ခေါ် ကစ်တီဘသန်းနှင့် ရန်ကုန် ဆေးရုံကြီး၀င်းအတွင်းရှိ ဆေးကျောင်းအုပ်ကြီး နေအိမ်၌ လက်ထပ်ခဲ့ပြန်သည်။

**လက်ထပ်ရပြီး ၃ရက်အကြာ… ၁၉၅၂ ခု ၊မတ်လ ၁၃ရက်နေ့ထုတ် "ဗမာ့ခေတ်" သတင်းစာတွင်… "ကျွန်မ သာလျှင် ဗိုလ်ချုပ်ကြီးနေ၀င်း၏ မယားကြီး ပါ" ဟူ၍ ခေါင်းစဉ်တပ်ကာ ဒုတိယဇနီးဖြစ်သူ ဒေါ်တင်တင်မှ ကြေညာခဲ့လေသည်။**

ထိုစဉ်က ဦးနေ၀င်းသည် အသက် ၄၂နှစ်ရှိပြီး ဒေါ်ခင်မေသန်းမှာ (၂၅)နှစ်ရှိပြီဖြစ်ကာ ဦးနေဝင်းက

ဒုတိယဇနီး ဒေါ်တင်တင်နှင့် တရား၀င် မကွာရှင်းရ သေးသလို ဒေါ်ခင်မေသန်းမှာလည်း အပျို တစ်ဦး မဟုတ်ခဲ့ပဲ သူမ၏ပထမအိမ်ထောင်မှာ ဒေါက်တာ တောင်ကြီးနှင့်လည်း ကွာရှင်းခြင်း မရှိသေးပေ။ နောက်ဆုံးတွင် ဒေါက်တာတောင်ကြီးမှ တဖက်သတ် ကွာရှင်းပေးခဲ့ရလေသည်။


ဦးနေ၀င်းအနေဖြင့် ပထမအိမ်ထောင် နှစ်ဆက်နှင့် သားသုံးယောက် ထွန်းကားခဲ့ကာ…

ဦးနေဝင်းနှင့် ဒေါ်ခင်မေသန်းတို့မှ… သမီးစန္ဒာ၀င်း၊ ကြေးမုံ၀င်း နှင့် သား ဖြိုးေ၀၀င်း ဟူ၍ သားသမီး သုံးဦး ထွန်းကားခဲ့သည့်အတွက် ဒေါ်ခင်မေသန်းမှရင်းနှီးသူများ ကို…"He three, Me three and We three" ဟူ၍ နောက်ပြောပြောဆိုခဲ့လေသည်။


၁၉၇၂ တွင် ဒေါ်ခင်မေသန်း ကွယ်လွန်ပြီးနောက်

ဦးနေ၀င်းဇာတိမှ ရပ်ဆွေရပ်မျိုးမကင်းသော ရန်ကုန် တက္ကသိုလ် အင်္ဂလိပ်စာ ကတိက ဆရာမ ဒေါ်သိန်းညွန့် (အင်းလျားအဆောင်မှူး)နှင့်လက်ထပ်ပေးရန်ဆွေမျိုးများ အား အောင်သွယ်ခိုင်းခဲ့လေသော်လည်းဒေါ်သိန်းညွန့်မှာ ဦးနေ၀င်း၏ မိန်းမပွေ ရှုပ်တတ်သည့်ဝါသနာကိုသိထား သဖြင့် ငြင်းပယ်ခဲ့သည်။


၄ ။ စတုတ္ထဇနီး - ဒေါ်နီနီမြင့်

တတိယဇနီးဒေါ်ခင်မေသန်း ကွယ်လွန်ပြီး ၅လ ၂၉ ရက်နေ့အကြာ ၁၉၇၃ ဧပြီလ ၄ ရက် ဗုဒ္ဓဟူးနေ့ တွင် ဒေါ်ခင်မေသန်း၏မိဘများပိုင်တဲ့ တိုက်ကြီးမြို့ ရှိ လယ် မြေများအား စီမံခန့်ခွဲပေးနေသော ဒေါ်ကြီးခင်၏တူမ ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် သမိုင်းဌာန နည်းပြ ဆရာမဒေါ်နီနီမြင့်နှင့်ဆွေမျိုးများက အတင်းစေ့စပ် ပေးရာမှ ဦးနေ၀င်းနှင့် လက်ထပ် ဖြစ်သွား ခဲ့ပြီး ထိုအချိန် ဦးနေဝင်းကအသက် ၆၃နှစ်နှင့် ဒေါ်နီနီမြင့် မှာ အသက် ၃၂နှစ်ဖြစ်သည်။လက်ထပ်ပွဲကို ၁၉၇၃ ခု ဧပြီလ ၅ရက် နေ့ထုတ် မြန်မာ့အလင်း သတင်းစာ၏ မျက်နှာဖုံးတွင် ဓါတ်ပုံနှင့်တကွ ဖော်ပြထားသည်။


ဒေါ်နီနီမြင့်သည် ထိုစဉ်က ရန်ကုန်တက္ကသိုလ်မှ မဟာဝိဇ္ဇာ ဘွဲ့ရ ဖလော့ရင့်မောင်စိန်နှင့် လူငယ် သဘာ၀ ချစ်ကြိုက်နေခဲ့သည်။ ဖလော့ရင့်မောင်စိန်သည် တောင်ကြီးမှ ရွှေလိမ္မော် အရက်ချက်လုပ်ငန်းပိုင်ရှင်၏ သားဖြစ်သည်။ ဦးနေ၀င်း သည် ဒေါ်နီနီမြင့်နှင့် မယူခင် သူမ၏ငယ် ရည်းစား ဖလော့ရင့်မောင်စိန်ကို ထောက်လှမ်းရေး အဖွဲ့များအား မြေလှန်ရှာခိုင်းရာ သူဌေးသားသည် အင်းလေးကန်ထဲ၌ ပုန်းနေရရှာပြီး ဖလော့ရင့် မောင်စိန်၏မိဘများက စိုးရိမ် ကြသဖြင့် သားဖြစ်သူ အား ပြည်ပနိုင်ငံသို့သွားရောက် နေထိုင်စေခဲ့ ကြောင်းကြားသိရသည်။


ထို့နောက် ရတနာနတ်မယ်နှင့် လက်ထပ်လိုသည့် အတွက် ဒေါ်နီနီမြင့်အား အပြစ်မရှိ အပြစ်ရှာဖွေကာ ကွာရှင်းခဲ့သည်။ ဒေါ်နီနီမြင့်နှင့် ပြတ်စဲကြောင်းကို The Guardian အင်္ဂလိပ်သတင်းစာ၌ Ne Win divorced Ni Ni Myint ခေါင်းစဉ်ငယ်ဖြင့်ကြော်ငြာ ထည့်ခဲ့သည်ဟု သိရှိရသည်။


၅ ။ ပဉ္စမ ဇနီး - ရတနာနတ်မယ်

၁၉၇၆ ခုတွင် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင်…

ကနောင်မင်းသား၏မြစ်တော်စပ်သူ ရတနာနတ်မယ် (June Rose Bellamy)နှင့်ထပ်မံ လက်ထပ်ခဲ့ပြီး ၂၅-၁၂-၁၉၇၆ ရက်စွဲပါ ကြေးမုံ သတင်းစာ၏ မျက်နှာဖုံး တွင် ဦးနေဝင်းနှင့် ရတနာနတ်မယ်တို့၏ လက်ထပ်မင်္ဂလာပွဲ သတင်းကို ဓါတ်ပုံနှင့်တကွ ဖော်ပြထားသည်။ ရတနာနတ်မယ် နှင့် လက်ထပ်သည့်အချိန်တွင် ဦးနေဝင်းမှာ အသက် (၆၆)နှစ်ရှိနေပြီဖြစ်သည်။


၆ ။ ဆဋ္ဌမ (သို့) ဒုတိယံပိ ပဉ္စမ - ဇနီး ဒေါ်နီနီမြင့်

ဦးနေဝင်းသည် ရတနာနတ်မယ်နှင့်အိမ်ထောင်ရေး ပြိုကွဲပြီးနောက် ဒေါ်နီနီမြင့်နှင့်ထပ်မံပြန်ပေါင်းထုတ်

ခဲ့လေသည်။

ဒေါ်နီနီမြင့်သည် ဦးနေဝင်း အာဏာလက်လွှတ်ပြီးသည့် အချိန်အထိ သမိုင်းသုတေသန ဌာနတွင် ဆက်လက် လုပ်ကိုင်နေခဲ့ပြီး နောက်ဆုံးတွင် ဦးနေဝင်းနဲ့ အိမ်ခွဲ၍ နေခဲ့သလို ဦးနေဝင်း ကွယ်လွန်ချိန်၌ ဒေါ်နီနီမြင့် မှ လိုက်ပါပို့ဆောင်ခွင့် မရခဲ့ကြောင်း ကြားသိရ ပါတယ်။


၇ ။ သတ္တမ ဇနီး - မကြာစံ

ဦးနေဝင်း အသက် ၇၇ နှစ်အရွယ်တွင် ထိုအချိန်က အသက် ၂၅ နှစ်အရွယ်ရှိ ရခိုင်အမျိုးသမီး မကြာစံ နှင့် လက်ထပ်ခဲ့ပြီး ထိုအကြောင်းမှာ လူအများသိရှိမှု နည်းပါး လှသည်။






#Ref - ကြေးမုံ ဦးသောင်း

ဆရာသန်းဝင်းလှိုင်

#ThawZinAung

Credit Reality show