Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, August 5, 2020

ရိုဟင်ဂျာကဗျာဖွဲ့နည်း အမျိုးမျိုး



ရိုဟင်ဂျာစကားအချိုး လင်္ကာမို


ရေးသားသူ- ရိုဟင်းကိန်း

လူတစ်ဦးနဲ့ တစ်ဦး၊ တစ်စုနဲ့တစ်စု အပြန်အလှန် ဆက်သွယ်ရန်အတွက် အရှင်မြတ်တော်က ချီးမြင့်တော်မူတဲ့ ကိရိယာက အသံပင်ဖြစ်တယ်။ အဲ့ဒီ နှုတ်ထွက်အသံကို အချင်းချင်း နားလည်နိုင်အောင် စကားလုံးအသွင်ပြောင်းကာ နည်းစနစ်များသတ်မှတ်ပြီး ပြောဆိုလာကြတယ်။ စကားကို လွယ်ကူ ရှင်းလင်းတဲ့ အပြောအဆိုနဲ့ အသံနေအသံထား ချိုချို တန်ဆာဆင် အပြောအဆိုဟူ၍ ပြောဆိုကြပါတယ်။ တစ်နည်းအားဖြင့် စကားပြေဆိုတဲ့ ပြေပြစ်တဲ့စကားနဲ့ လင်္ကာဆိုတဲ့ တန်ဆာဆင်စကားပေါ့။ ဘာသာစကားတိုင်းမှာ ဒီလို အပိုင်း နှစ်ပိုင်း တွေ့ရပါတယ်။ ထို့အတူ ရိုဟင်ဂျာ ဘာသာစကားမှာလည်း စကားပြေနဲ့ လင်္ကာဆိုတဲ့ ကဏ္ဍတွေကို ကျယ်ကျယ်ပြန်ပြန် တွေ့နိုင်မှာပါ။ 

ရှေးရိုဟင်ဂျာတွဟာ လင်္ကာနဲ့ မကင်းတဲ့ လူမျိုးဟု တင်စားရလောက် အောင် အလင်္ကာ အသုံးနှုန်းက ဝေဆာခဲ့ပါတယ်။ ထင်ပေါ်ကျော်ကြားတဲ့ စာဆိုများ လည်း ပေါ်ပေါက်ခဲ့ပါတယ်။
မြောက်ဦးခေတ်တွင် စာဆိုအာလာဝလ်၊ ဒိုလတ်ကာဇီ၊ မဂံ၊ အဗ္ဗဒူရာကောရိမ်၊ အဗ္ဗဒူမောင်ညို၊  မိုဂျလစ်၊ နူရဒိန်း၊ အာဘုလ်ဟူစိန် စတဲ့ စာဆိုကျော်တို့ရဲ့ လက်ရာမွန်တွေလည်း ယနေ့ချိန်ထိ ဝင်းလက်နေဆဲဖြစ်တယ်။ လူမူကိစ္စအဝဝတွင် လင်္ကာမပါ စကားမချောသလောက် လင်္ကာကဗျာတွေ အသုံးများခဲ့တယ်။ လင်္ကာတိုက်တေးပွဲတွေ (Fonditgaa Mifel) ကို ရိုးရာဓလေ့အဖြစ် ကျင်းပလေ့ ရှိခဲ့ကြောင်း တွေ့ရှိရတယ်။ ထိုအစဉ်အလာက လွတ်လပ်ရေးခေတ်ဦးပိုင်းလောက် အထိ ခေတ်စားခဲ့တာ ဖြစ်တယ်။ နောက်ပိုင်းတွင် လင်္ကာတိုက်တေးအစား ကာဝါလီ တိုက်တေးများ တဖြည်းဖြည်း နေရာယူလာခဲ့တယ်။ 

ရိုဟင်ဂျာကဗျာလောကကို အပိုင်းသုံးပိုင်းနဲ့ ခွဲထားကြောင်း ရှေးကဗျာတွေမှာ ထင်ထင်ရှားရှား တွေ့ရတယ်။ မြောက်ဦးခေတ် စာဆိုကြီး အာလာဝလ်သည် နန်းတွင်း ကလေးသူငယ်တွေကို ပါဌာ patha (ရွတ်ဆိုခြင်း)၊ ဂီတာ gita (တေးလုံးနဲ့ သီဆိုခြင်း)၊ သင်္ဃီတာ sangita (သီဆိုရင်း ကပြ သရုပ်ဆောင်ခြင်း) စတဲ့ဟာတွေကို သင်ပြခဲ့ကြောင်း သူ့ကဗျာတွင် သူကိုယ်တိုင် အတိအလင်း ဖော်ပြခဲ့တယ်။

  တဖန် ကဗျာလင်္ကာတွေကို အကြောင်းအရာ၊ အရေးအဖွဲ့တွေကိုလိုက်၍ အမျိုးအစား အမျိုးမျိုးခွဲခြားနိုင်ပါတယ်။ ဖောတ်၊ ဘတ္တာလီ၊ ဖူတီ၊ ဘီလာက်၊ ဇာရီ၊ ဟော်လာ၊ အိုက်လ္လာရှိုက်ရီ၊ ဩလီ၊ အောရီ၊ ဘာရောမခ်ျရှာ့…စတဲ့ တေး၊ ကဗျာအမျိုးအစားတွေကို တွေ့နိုင်ပါမယ်။ ဇာတ်ကြောင်းပြန် ကဗျာရှည်တွေကို ယေဘုယျအားဖြင့် ‘ပန်ချာလီ’ လို့ ခေါ်ဆိုကြောင်း၊ လုံးချင်းကဗျာတိုတွေ၊ လင်္ကာတွေကို ပါဒ (pada) လို့ ခေါ်ဆိုကြောင်း အလယ်ခေတ် ရိုဟင်ဂျာ စာဆိုတွေရဲ့ ကဗျာတွင် အတိအလင်း တွေ့ရပါတယ်။ ဆီကာန်ဒေါ့နာမ ကဗျာမှ “Bishesh faresir bashar boit bangon.” ပိုဒ်တွင် လင်္ကာကို “ဘိုအီဒ်” (boit) ဟု သုံးထားကြောင်း တွေ့ရပါတယ်။ ယခုခေတ်တွင်မူ ceer, kaviya လို့ ခေါ်လေ့ရှိကြတယ်။ 

(တေးကဗျာအမျိုးအစား အသေးစိတ် ကို အပိုင်း (၁) တွင် ဖော်ပြခဲ့ပါပြီ) ဒီအပိုင်းတွင် စနစ်တကျ ဖြစ်တဲ့ ရိုဟင်ဂျာ ကဗျာဖွဲ့နည်းတွေကိုသာ သက်သက် လေ့လာတင်ပြပါမယ်။ 

ရိုဟင်ဂျာတိုင်းသည် ရိုဟင်ဂျာ ကဗျာဖွဲ့နည်းတွေကို လေ့လာသင့်ပါတယ်။

ရိုဟင်ဂျာကဗျာဖွဲ့နည်းကို ရှေးစာဆိုကျော်များ၏ ကဗျာများ၊ မျက်မှောက် ခေတ် ကဗျာများကိုခြုံ၍ လေ့လာကြည့်လျှင် အောက်ပါအတိုင်း တွေ့ရတယ်။ 

အခြေခံအကျဆုံးကတော့ ‘ဖောတ်’ လို့ခေါ်တဲ့ လင်္ကာပဲ ဖြစ်ပါတယ်။ ဖောတ် ဖွဲ့နည်းတွေကို သိလျှင် အခြားကဗျာအမျိုးအစားတွေကို အလွယ်တကူ ရေးဖွဲ့နိုင်မယ်ဖြစ်တယ်။ ဖောတ် စကားလုံးကတော့ ရှေးစကားလုံး ပါဒ်၊ ပါဒ မှ ဆင်းသက်လာတာ ဖြစ်တယ်။  ‘ဖောတ်’ ရဲ့ အဓိပ္ပာယ်ကား ကာရန်၊ လင်္ကာ၊ ဂါထာ၊ နည်း၊ ကဗျာ စတဲ့ အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုထားပါတယ်။ အချီအချ နှစ်ကြောင်းဖွဲ့ ဖောတ်တွေကို နေ့စဉ်သုံးစကားတွေမှာ ကြားညှပ်ပြောဆိုခဲ့တာကို အမြောက်အများ တွေ့ရှိရပါတယ်။ ဖောတ် လင်္ကာဖွဲ့နည်းကလည်း အမျိုးမျိုးရှိပါတယ်။ ရိုဟင်ဂျာ ဘာသာစကားဟာ ဗဟုဝဏ္ဏ ဘာသာစကားဖြစ်တယ်။ ဧကဝဏ္ဏ စကားလုံးတွေ ကန္တာရပေါ်က ရေလို ရှားပါးပါတယ်။ 

အဲ့ဒါကြောင့် ဧကဝဏ္ဏ စကားလုံးတွေများပြားတဲ့ ဗမာကဗျာလို စာလုံးရေ နဲ့ ကာရန်ယူလို့ မဖြစ်ပါဘူး။ စကားလုံးအရေအတွက်နဲ့ ညှိ၍ ကာရန်ယူရပါတယ်။ ကာရန်ယူတဲ့နေရာမှာ အဓိကအားဖြင့် နှစ်နေရာရှိတယ်။ ပိုဒ်ဆုံး ကာရန်နဲ့ ပိုဒ်တွင်း ကာရန်တွေဖြစ်တယ်။ ဒီနေရာနှစ်နေရာတွင် ကာရန်ယူပုံယူနည်းကို တတ်သွားရင် ကဗျာဖွဲ့နိုင်ပြီ။ ပြီးတော့ လင်္ကာဆိုတာနဲ့ စကားလုံးအသုံးနှုန်းလည်း ပြောင်ရပါမယ်။ အတွေးအခေါ်လည်း ဆန်းရပါမယ်။ 
ဖောတ်လင်္ကာဖွဲ့နည်းတွေကို လေ့လာကြည့်ရအောင်-

ဖွဲ့နည်း (၁) မာတာ့န္နာဖောတ် (ပိုဒ်ဆုံးစပ် ဖွဲ့နည်း)

ဒီဖွဲ့နည်းကို စကားလုံး လေးလုံး၊ ခုနှစ်လုံးစီ စပ်ဆိုတဲ့ လင်္ကာပိုဒ် ဖြစ်တယ်။ ကာရန်ကို ပိုဒ်ဆုံးယူတယ်။ ပိုဒ်တွင်းကာရန်ကို အလေးမထားပါဘူး။ 
စကားလုံး အသုံးနှုန်းပြောင်ရတယ်။ 
နမူနာ (၁) 

“Yadi tui zaile (mori)/ 
foor ófan Arkanor (meri)/
Goríza tui loo-gam (féli) ||”
- Osin Cayer

အထက်ပါ ဖောတ်တွင် ပိုဒ်တိုင်းမှာ mori, meri, feli အဆုံး “အီ”ကာရန် တတူတူ ယူထားပုံကို နမူနာယူကြပါ။ ဒီဖွဲ့နည်းကား အခြေခံဖွဲ့နည်း ဖြစ်ပါတယ်။ ပိုဒ်ဆုံးကာရန်တွေကို အသံတူအောင် ညှိပေးခြင်းသာ ဖြစ်ပါတယ်။ စကားလုံးအရေအတွက်နဲ့ ပိုဒ်တွင်းကာရန် ကန့်သတ်ချက် မရှိပါ။ အင်မတန် လွယ်ပါတယ်။ 

နမူနာ (၂)

Nizamir gour bekko buzon katkash
  Bagiya kahile tahe ase bahu roish |
          Somundaro shongher granger granhon
          Bishesh faresir bashar boit bangon ||
        - Sikondor Nama 

ဖွဲ့နည်း (၂) ဟတ္တုင်္ဝဖောတ်နည်း (ခုနှစ်လုံးစပ် ဖွဲ့နည်း)

နည်း (၂) ကတော့ Hañttuáya fot ဆိုတဲ့ ခုနှစ်လုံးဖွဲ့ ဖောတ်လို့ ခေါ်ကြတယ်။

ခုနှစ်လုံးမြာက် စကားလုံးတွင် ကာရန် ညှိပေးရပါတယ်။ အဲ့ဒီပုံစံမှာ ထူးခြားတာကတော့ ပိုဒ်နှစ်ပိုဒ်ရဲ့ လေးလုံးမြောက် စကားလုံးချင်း ကာရန် တူရတယ်။ ခုနှစ်လုံးမြောက် စကားလုံးချင်း အသံတူ ကာရန်တူရတယ်။ စကားလုံး ခုနှစ်လုံးစီရှိတဲ့ ပိုဒ်တစ်ပိုဒ်ကို အက်ဂျုစ် (ek juse) လို့ ခေါ်တယ်။ ခုနှစ်ဖွဲ့ဖောတ် ကို နှစ်ပိုင်းခွဲခြားနိုင်တယ်။ ပထမလေးလုံးမြောက်ပိုင်းတွင် ကာရန်မညှိဘဲ ခုနှစ်လုံးမြောက် စကားလုံးချင်း ကာရန်ညှိရပါတယ်။ ဒုတိယမျိုးကျတော့ လေးလုံးမြောက်စကားလုံးချင်းနှင့် ခုနှစ်လုံးမြောက်စကားလုံးချင်း အသံတူကာရန်တူ ယူရပါတယ်။ ဒီဖွဲ့နည်းတွေဟာ တေးသီချင်းတွေမှာ အများအပြား တွေ့ရှိရပါတယ်။ ယနေ့အထိ တွင်ကျယ်နေတဲ့ ဖွဲ့နည်းလည်းဖြစ်ပါတယ်။ 

  “Handi handi din harailam/ mog bormar bútoré |
   Fut zii-r cúk nofailám/ waáci zalemor zulúmé ||” 

နမူနာ ကဗျာအပိုဒ်တွင် ပထမကြောင်းရဲ့ လေးလုံးမြောက် စကားလုံး harailam နဲ့ ဒုတိယကြောင်း လေးလုံးမြောက်စကားလုံး nofailam နဲ့ ကာရန်တူချိတ်ထားတာ တွေ့ရမယ်။ ပြီးတော့ ပထမကြောင်းရဲ့ခုနှစ်လုံးမြောက် စကားလုံး bútore နဲ့ ဒုတိယကြောင်းရဲ့ ခုနှစ်မြောက် စကားလုံး zulúme ကို ကာရန်တူ ချိတ်ထားတာ တွေ့ရမယ်။

ဖွဲ့နည်း (၃) ရှော့ရ်ဖောတ် (သရသံတူစပ်နည်း)

စကားလုံးအရေအတွက်ကို ကန့်သတ်ခြင်းမရှိ စကားလုံးချင်း သရကာရန် ယူထားတဲ့ ဒီဖွဲ့နည်းဟာ အလွန်ရှေးကျတဲ့ ကဗျာရှည်ရေးနည်း ဖြစ်ပါတယ်။ အများအားဖြင့် ဖူတိလင်္ကာတွေမှာ တွေ့ပါတယ်။ 

“avagata pāiyā śāstra-pustaketa |
bhāṅgiyā kahiba saba bujhaha paṇḍita||”
- Shah Alaol 

အဓိပ္ပာယ်။   “ငါဟာ  လေ့လာခဲ့သမျှ ကျမ်းစာတွေကို အသိပညာရှိ ပရိသတ်တွေ 
   နားလည်သွားအောင် အကုန်လုံး ဖွင့်ဆိုရှင်းပြတော့ပါမယ်။”

ဒီအလာဝလ်ရဲ့ လင်္ကာပိုဒ်ကို လေ့လာကြည့်လျှင် အချီအချ နှစ်ပိုဒ် ဖွဲ့ထားတယ်။ ပိုဒ်ဆုံးကာရန်တူ ယူထားတယ်။ ပိုဒ်တွင်းကာရန်ကိုလည်း အ၊ အာ၊ အိ၊ အီ စတဲ့ သရတွေနဲ့ ညှိထားပါတယ်။ သရ အသံမရှိသော် ကိုယ်တိုင်ဖန်တီးယူရတယ်။ ဥပမာ ဂါလ် ဆိုရင် အသတ်နဲ့ဆုံးတော့ ဂါလာ လို့ သရနဲ့ဆုံးအောင် ပြင်ပေးရတယ်။ 

ဖွဲ့နည်း (၄) ဖူတီဂါင်တာ့ဖောတ် (ပုလဲလုံးစီဖွဲ့နည်း)

ဒီဖွဲ့နည်းမှာ စကားလုံးရေ သုံးလုံးမှ ငါလုံးအထိ ဖွဲ့ကြတယ်။ လုံးချင်းညီ ကာရန်တူယူတဲ့ နဘေထပ် ဖွဲ့နည်းပုံစံကို သုံးတယ်။ အချီအပိုဒ်နဲ့ အချအပိုဒ် စကားလုံးချင်း ကာရန်တူယူရတယ်။ 

“ Bura hale fainna zou/
  Gura mare hoinna bou ||”
                          - Osin Cayer

ပထမကြောင်းရဲ့ ပထမမြောက် စကားလုံး bura နဲ့ ဒုတိယကြောင်းရဲ့ ပထမမြောက် စကားလုံး gura နဲ့၎င်း၊ ပထမကြောင်းရဲ့ ဒုတိယမြောက် စကားလုံး hale နဲ့ ဒုတိယကြောင်းရဲ့ ဒုတိယမြောက် စကားလုံး mare နဲ့၎င်း၊ ပထမကြောင်းရဲ့ တတိယမြောက် စကားလုံး fainna နဲ့ ဒုတိယကြောင်းရဲ့ တတိယမြောက် စကားလုံး hoinna နဲ့၎င်း၊ ပထမကြောင်းရဲ့ စတုတ္ထမြောက် စကားလုံး zou နဲ့ ဒုတိယကြောင်းရဲ့ စတုတ္ထမြောက် စကားလုံး bou နဲ့၎င်း သံတူကာရန်တူညှိ ဖွဲ့ဆိုထားတာကို တွေ့ရတယ်။ 


ဖွဲ့နည်း (၅) ဒူဝရိုက်ဖောတ် (ဆွဲထပ်စပ်နည်း)

အတွင်းကာရန်ကို နှစ်လုံးမြောက်၊ သုံးလုံးမြောက် စပ်ပြီးတော့ ပိုဒ်ဆုံး ကာရန်ကို ဂျုစ် တစ်ခု နှစ်ခုကျော် ညှိပေးတာ တွေ့ရပါတယ်။ ဘာရာမခ်ျချာ အချို့ကိုတော့ ကာရန်ထပ်ယူတာကို တွေ့ရပါတယ်။

“ Nala nodi abat gorí 
  loor lali gámor fura 
  añára bainni Ruañgór keti ||”
- Osin Cayer

အဓိပ္ပာယ်။   " မိမိတို့ သွေးချွေး စတေးလျက် မြစ်ချောင်းအင်းအိုင် ဆည်ဖို့ကာ 
စားနပ်ရိက္ခာဖူလုံတဲ့ ရိုဟင်းမြေကို ထူထောင်ခဲ့တယ်။ "
ဒီအပိုဒ်တွင် nodi, gori, lali တို့ဟာ ပိုဒ်တွင်းကာရန်တွေဖြစ်တယ်။ ပြီးတော့ loor, gámor, ruangor တွေလဲ ကာရန်ကျော်ထပ်ဆွဲထားတဲ့ ပိုဒ်တွင်းကာရန်တွေဖြစ်ပါတယ်။ ဒါ့အပြင် gorí နဲ့ Keti ကို ညှိထားတယ်။

ဖွဲ့နည်း (၆) သိင်္ဂဖောတ် (သုံးလုံးဖွဲ့ စပ်နည်း)


Rāga dīrgha chanda lācārī 

tabe rājā ratnasena / vicāri bujhiyā mane / 
vaśya maraṇa āche tattve |
yedina ānande yāya / jīvana suphala pāya / 
sukhabhoga bhālamanda śarte ||

bhavitavye thāke yei / avaśya haiba sei / 
vidhi-bale nāhika eḍāna |
 ajñāne bhāvaya dukha /[jñānete bāriba sukha]/ 
sadānanda [sārete] pramāṇa ||

- Shah Alaol 

အဓိပ္ပာယ်။ "ထို့ပြင် ရတနာဆင့်မင်းကြီးဟာ မငြင်းဆန်နိုင်သော သေခြင်းတရားကို
  အလွန့်အလွန် သဘောပေါက်သွားပြီ။ 
  အချိန်ကာလတွေပျော်ရွှင်မှုအပေါင်းနဲ့ ကုန်ဆုံးစေတဲ့ခါ
  ဘဝရဲ့ကောင်းမွန်တဲ့ အသီးအနှံတွေကို တစ်ယောက်ယောက် 
              ဆွတ်ခူးလိုက်လေတယ်။
  အဲ့ဒီ ရွှင်လန်းစရာ ခံစားမှုတွေဟာ မိမိရဲ့ ကံသုံးပါးရဲ့ အကောင်းအဆိုး 
             အပေါ်မူ တည်တယ်။
  ကျွန်ုပ်တို့ ကံကြမ္မာတရားတွင် ဖြစ်ဖွယ်ရှိနေလျှင် မည်သူမှ ထိုကံတရား 
             ကျော့ကွင်းမှ လွှတ်မြောက်နိုင်မယ် မဟုတ်ချေ။
  တစ်ချို့ အသိတရားမဲ့သူတွေက ဆင်းရဲပင်ပန်းကြီးစွာ စိုးရိမ်နေစဉ်
  အသိတရားရှိသူတွေက ပျော်ရွှင်မူကို တိုးပွားစေတယ်။
  သက်သေခံချက်တွေကတော့ sadananda (ထာဝရပျော်ရွှင်မှု) ပေါ်မူတည်တယ်။"

အထက်ပါ စာဆိုအာလာဝလ်ရဲ့ ပဒ္ဒမဝတီ ကဗျာထဲက သိင်္ဂဖောတ်ဖွဲ့ ပုံစံကို နမူနာအဖြစ် လေ့လာကြည့်ကြပါ။ ဒီအဖွဲ့ရဲ့ အင်္ဂါရပ်တွေကား ကဗျာပိုဒ် တိုင်းကို ပါဒ ၃ခု နဲ့ ဖွဲ့ထားတယ်။ အချီပိုဒ်နဲ့ အချပိုဒ်ပေါင်း ပါဒ ခြောက်ကြောင်း ပါတယ်။ ပါဒ တစ်ခုကို စကားလုံး သုံးစီနဲ့ ဖွဲ့ထားတယ်။ စကားလုံးတိုင်းကို သရသံနဲ့ ဆုံးစေတယ်။ အချီအချရဲ့ ပိုဒ်ဆုံးကာရန်ကို တူအောင်ချိတ်ပေးထားတယ်။ 

ဖွဲ့နည်း (၇) ဇူရာဖောတ် (နှစ်လုံးဖွဲ့ စပ်နည်း)

ဒီကဗျာဖွဲ့နည်းကတော့ စကားလုံး နှစ်လုံးစီသုံးရတယ်။ စကားလုံးချင်း ဝဏ္ဏညီအောင်လည်း ကြိုးစားရတယ်။ ပိုဒ်တွင်း နဲ့ ပိုဒ်ဆုံး နှစ်နေရာစလုံးတွင် ကာရန်တူယူရပါတယ်။ 

အောက်ပါ ဇူရာဖောတ်ကဗျာကို နမူနာယူကြည့်ပါ။ 

“Asmanor tara / Zobinor nara |
Saigoror balu / doinor alu ||”
               - Osin Cayer

အဓိပ္ပာယ်။ "မိုးကောင်းကင်ရဲ့ ကြယ်တာရာပမာ အာရ်ကာန်မြေရဲ့ ဆန်စပါး ကြွယ်ဝတယ်။
သမုဒ္ဒရာရဲ့ သဲသောင်ပမာ ကောက်ပဲသီးနှံပေါများတယ်။"

ဖွဲ့နည်း (၈) မာတာ့ ဇူရ်ဖောတ် (ထိပ်တိုက်ဖွဲ့နည်း) 

          ဒီဖွဲ့နည်းမှာတော့ စကားလုံးငါးလုံးဖြစ်စေ၊ လေးလုံးဖြစ်စေ ထားနိုင်တယ်။ 
ကာရန်ကို ပထမကြောင်းရဲ့ နောက်ဆုံး စကားလုံးနှစ်လုံးနဲ့ ဒုတိယကြောင်းရဲ့ အစ စကားလုံး နှစ်လုံးချင်း ကာရန်တူအောင် ညှိပေးရတယ်။ အစွန်းအစချင်း ကာရန်တူညှိတဲ့နည်းဆိုတော့ matá zúr ဖွဲ့နည်းလို့လဲ ခေါ်နိုင်တယ်။ 

“Gasór fata gasót mazé/
Górot mare viyúr sita |
Zitur rita fíri aicia/
Niri baicá ketá cúra ||”
     - Osin Cayer

အဓိပ္ပာယ်။   "သစ်ရွက်ကလေးတောင် မကြွေသေး၊ အိမ်တွင် နွေဦးကို ကြိုဆိုနေ။
    ဆောင်းရာသီ ချမ်းကဲပြန်တဲ့ခါ စောင်မပါဘဲ ဗျာဆုံရာ။" - အမည်မသိရှေးစာဆို

အထက် ကဗျာပိုဒ်တွင် ပထမကြောင်းတွင် gasot maze နဲ့ ဒုတိယကြောင်းရဲ့ gorot mare နဲ့ ၎င်း၊ ဒုတိယကြောင်းတွင် biyur sita နဲ့ တတိယကြောင်းရဲ့ zitur rita နဲ့ ၎င်း၊ တတိယကြောင်းတွင် firi aica နဲ့ စတုတကြောင်းရဲ့ niri baica နဲ့ ၎င်း ကာရန်ညှိထားကြောင်း တွေ့နိုင်ပါတယ်။ ပိုဒ်ဆုံး sita နဲ့ cura ကို ‘အာ’ ကာရန်ညှိပေးထားတယ်။


ဖွဲ့နည်း (၉) အက်ဂုလ္လာဖောတ် (လုံးချင်းစပ်နည်း) 

ဒီဖွဲ့နည်းက တစ်မူထူးခြားတဲ့ ရိုဟင်ဂျာကဗျာ ဖွဲ့နည်းဖြစ်တယ်။ စကားလုံး တစ်လုံးချင်စီး ဖွဲ့ရတယ်။ ကလေးကဗျာတွေ ဖွဲ့ရာတွင် တွေ့ရတယ်။ အောက်တွင် ဖော်ပြပေးတဲ့ ကဗျာကို နမူနာအဖြစ် လေ့လာကြည့်ပါ။ 

       Sori,               Anri, 
        duñri,             kuri.|
Oti,                  furi,
bati, burí.||
- Osin Cayer

အဓိပ္ပာယ်။ "ပုခက်လွယ်ပြီး လမ်းလျှောက်လာ။ ပြေးခုန်ဆော့ရင်း နှစ်ဆယ်ပြည့်သွား။
    ဒုက္ခဆင်းရဲ တလည်လည် ခံစားကာ၊ ရင့်ကျပ်ပြည့်စုံ အိုမင်းသွား။"


ဖွဲ့နည်း (၁၀) ဇော်င်္ကီယာဖောတ် (လုံးထပ်ဖွဲ့နည်း)

ဒီဖွဲ့နည်းက စကားလုံးတူတွေကို ထပ်ယူစပ်တဲ့ ဖွဲ့နည်းဖြစ်ပါတယ်။ နမူနာကြည့်ကြရအောင်…

Foñté foñté jiva haraiya/
  dóre dóre séta hailá. ||
 - Osin Cayer

အဓိပ္ပာယ်။ "ဘဝလမ်းကြောင်းတလျှောက် ဖြတ်သန်းလာရာ စခန်းတိုင်းတွင် 
   နာကျင်သောကတွေကို ရင်ဆိုင်ခဲ့ရလေတယ်။"


ပထမကြောင်းရဲ့ ပထမ နဲ့ ဒုတိယမြောက် စကားလုံးတွေဟာ foñté ဆိုတဲ့စကားလုံးတူတွေဖြစ်နေတယ်။ ဒုတိယကြောင်းမှာလည်းပဲ ပထမနဲ့ ဒုတိယ စကားလုံးတွေဟာ doré ဆိုတဲ့ စကားလုံးတူတွေဖြစ်တယ်။ ပထမနှစ်လုံး တူရမယ်လို့ ကန့်သတ်ထားတာမရှိဘူး။ နောက်ဆုံးနှစ်လုံးဖြစ်စေ၊ ကြားကနှစ်လုံး ဖြစ်ချင်ဖြစ်စေ စကားလုံးတူ ယူနိုင်တယ်။ ပိုဒ်ဆုံးကာရန်တူ ညှိပေးရပါတယ်။ 

ဒီကဗျာဖွဲ့နည်းတွေကို ဖူတိ၊ ဘာရောမာခ်ျချာ စတဲ့ ကဗျာရှည်တွေမှာ သူနေရာနဲ့သူ ဖွဲ့နည်းအားလုံးနည်းပါး ရောနှောဖွဲ့ဆိုကြတဲ့ လင်္ကာအဖွဲ့ကိုလည်း တွေ့ရပါတယ်။ 

အထက်ဖော်ပြပေးတဲ့ စနစ်ကျတဲ့ ဖောတ်ကဗျာဖွဲ့နည်းတွေကို လေ့လာလျက် ကဗျာများများရေးကြပါလို့ တိုက်တွန်းချင်ပါတယ်။ ဖော်ပြပါ ကဗျာအများစုဟာ လက်လှမ်းမီသမျှ ရှေးကဗျာတွေ စုစည်းဖော်ပြပေးတာဖြစ်သဖြင့် အချို့ရှေးခေတ်သုံးစကားလုံးတွေရဲ့ အဓိပ္ပာယ်ကွဲလွဲနေတာ ရှိကောင်းရှိနိုင်တယ်။ နောက်ဆက်တွဲ စာတမ်းတွေမှာ တည်းဖြတ်ဖော်ပြပေးပါမယ်။ ဆက်လက်၍ အခြားဖွဲ့နည်းပုံစံတွေကိုလည်း အချိန်သင့်အခါသင့် ဖော်ပြပေးပါမယ်။ 
ရိုဟင်ဂျာကဗျာ အရေးအဖွဲ့ ဆက်လက်ထွန်းပြောင်နေအောင် တစ်မျိုးသားလုံး ဝိုင်းဝန်းကြိုးပမ်းကြပါစို့…။

(ရိုဟင်းကိန်း တင်ပြသည်။)


ကိုးကားစာရင်း-

  ၁။ Patterns of Composition in the Seventeenth-Century Bengali Literature of Arakan by Thibaut d’Hubert
  ၂။ အာရ်ကာန်နန်းတွင်း စာဆိုတော်များ 
  ၃။ Memories of Burmese Rohingya Refugees 
          by Kazi Fahmida Farzana
  ၄။ Alaol (2007)
  ၅။ The Rohingyas: History and culture.
  ၆။ Rowainga Fine Arts by Ba Tha








No comments:

Post a Comment