ရိုဟင်ဂျာ တေးကဗျာအမျိုးမျိုး
[Nanan Kisím Ceér Giit Ókkol]
ရေးသား 📓 ရိုဟင်လေး |
ရိုဟင်ဂျာ ရိုးရာဓလေ့ထဲတွင် အဆိုအကသည်လည်း အဓိက အခန်းကဏ္ဍတစ်ခုမှ ပါဝင်သည်။ ရိုဟင်ဂျာတို့သည် အကြောင်းအရာ အခြေအနေအလျောက် တေးသီချင်း အမျိုးမျိုးကို သီဆိုဖျော်ဖြေကြသည်။ အဆိုဖြစ်သော တေးသီချင်းကို သက်ဆိုင်ရာ အကြောင်းအရာအလိုက် အမျိုးအစားခွဲလျှင် အောက်ပါအတိုင်း တွေ့ရသည်။
၁။ Giit (တေးသီချင်း၊ အဆိုအကပွဲ)၂။ Gana (သီချင်း)၃။ Ceér (လင်္ကာ/ကဗျာ)၄။ Kawali (စောင်းချိတ်တေး)၅။ Tarana (မျိုးချစ်တေး)၆။ Zari (ညည်းချင်း)၇။ Bilak (ငိုချင်း)၈။ Hóñla (မင်္ဂလာတေး)၉။ Áillá Cairí (ကောက်စိုက်တေး)
၁၀။ Boilá Cairí (စပါးနင်းတေး)
၁၁။ Barómaiccá (ဆယ့်နှစ်ရာသီဘွဲ့တေး)
၁၂။ Natiya (ဓမ္မတေး)
၁၃။ Oli (သားချော့သံ)
၁၄။ Macbándhali (ယောဂီတေး)
၁၅။ Panchali (လင်္ကာဖွဲ့တေး)
၁၆။ Baittyali (လှေထိုးတေး)
၁၇။ Alveda (ဝါနိုးဆော်တေး)
၁၈။ Hórí (မိုးသောက်တေး)
၁၉။ Dhaal (နတ်ကတေး)
၂၀။ Fot (လင်္ကာ၊ ကာရန်)
၂၁။ Futí (လင်္ကာရှည်)
၂၂။ Nacca Dhula (သတို့သားဂုဏ်ဘွဲ့တေး)
အသေးစိတ်ကို အောက်တွင် ဖတ်ရှုပါ။
(၁) Giit (အဆိုအကပွဲ/တေး)
ဂီတ် (Giit)မှာ ရှေးဟောင်း တေးသီချင်းဟူသမျှကို ယေဘုယျခေါ်ဆိုသော နာမည်ဖြစ်သည်။ဇာတ်ကပွဲကိုလည်း ရိုဟင်ဂျာဘာသာစကားတွင် ဂီတ်ဟု သုံးနှုန်းခေါ်ဝေါ်ကြသည်။
(၂) Gana (သီချင်း) ဂါနာ (Gana) သည် ကာရန်ညီ သံစဉ်စီ စပ်ဆိုသော ခေတ်ပေါ် သီချင်းအားလုံးကို ဆိုလိုသည်။ ဂီတ်နှင့် ဂါနာ တို့ ခွဲခြားသည့်အချက်မှာ ဂီတ်သည် ရှေးအခေါ်အဝေါ်ဖြစ်ပြီး ဂါနာသည် ယနေ့ခေတ်သုံးအခေါ်ဖြစ်သည်။
(၃) Ceér (လင်္ကာ/ကဗျာ)ချေအဲရ် (Ceér) မှာ ကာရန်အစပ်ညီဖွဲ့ဆိုသော လင်္ကာကဗျာဖြစ်သည်။ တဖန် ceer ကို ကာရန်စပ်သည့်အလိုက် အမျိုးအစား အမျိုးမျိုး ခွဲခြားနိုင်သည်။ ယင်းကို သီခြားကဏ္ဍတွင် ဖော်ပြပေးပါမည်။
(၎) Kawali (စောင်းချိတ်တေး)
ကာဝါလီ တေး (Kawali) မှာ သီဆိုသူနှစ်ဦးက အုပ်စုနှစ်စုခွဲ၍ တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန် စောင်းချိတ် သီချင်းချိုးရသော သီချင်းတစ်မျိုး ဖြစ်သည်။ ကိုလိုနီခေတ်တွင် ပေါ်ပေါက်လာ၍ အများအားဖြင့် မင်္ဂလာပွဲများတွင် သီဆိုကြသည်။ ယခုခေတ်တွင်လည်း အလွန်ခေတ်စားနေသည်။
(၅) Tarana (မျိုးချစ်တေး)
တာရာနာ (Tarana)သည် တိုင်းရေး၊ ပြည်ရေး၊ အမျိုးသားရေးစသော အကြောင်းအရာများကို ဖွဲ့ဆိုသော သီချင်းတစ်မျိုးဖြစ်သည်။ ရှေးခေတ်ကပင် လက်ဆင့်ကမ်း သီဆိုလာသော သီချင်း တစ်မျိုးလည်းဖြစ်သည်။ ဇာတိစိတ်ဇာတိမာန်တက်ကြွစေသော သီချင်းဖြစ်သည်။
(၆) Zari (ညည်းချင်း)
ဇာရီ (Zari) သည် တစ်စုံတစ်ခုသော အကြောင်းအရာ၊ တစ်စုံတစ်ယောက်သော သူကို လွမ်းဆွတ်၍ သီဆိုသော တေးဖြစ်သည်။ ထင်ပေါ်ကျော်ကြားသောသူများ၊ လူထုအကျိုးဆောင် ပုဂ္ဂိုလ်များနှင့် အရင်းနှီးဆုံးသူများ မမျှော်လင့်ဘဲ ဆုံးပါးခဲ့လျှင်၊ မိမိတို့နှင့် ဝေးကွာသွားခဲ့လျှင် သို့မဟုတ် အသတ်ခံရခဲ့လျှင် သူတို့နှင့်ပတ်သက်၍ လွမ်းဆွတ်ဖွယ် ဇာရီတေးများ ဖွဲ့ရိုးရှိသည်။ ကြားနာသူသည် မျက်ရည်ထိန်းရ ခက်သည်။ အလွန်စိတ်ခိုင်သော သူများပင် မျက်ရည်ကျတတ်ပါသည်။
(၇) Bilak (ငိုချင်း)ဘီလာခ် (Bilak)တေးသည် တစ်စုံတစ်ခုသော ဝမ်းနည်းဖွယ်ရာဖြစ်ရပ်များတွင် ငိုရှိုက်သံ တကြွေးကြွေးပါလျက် သီဆိုသော ငိုချင်းတစ်မျိုးဖြစ်သည်။ အများအားဖြင့် ဇနာဇဟ် (အသုဘ ဖြစ်သောအိမ်)ဖြစ်သောအိမ်၌ တွေ့ရသည်။ မိသားစုဝင်များက ကွယ်လွန်သူအတွက် ဝမ်းနည်း ကြေကွဲလျက် ငိုချင်းများ သီဆိုကြလေ့ရှိသည်။
(၈) Hóñlá (မင်္ဂလာတေး)
ဟောံလား (Hóñlá)တေးမှာ ရှေးအကျဆုံးဖြစ်သော ရိုဟင်ဂျာ ရိုးရာတေးတစ်မျိုးဖြစ်သည်။ မင်္ဂလာပွဲတွင် အမျိုးသမီးများက သီဆို၍ ဖျော်ဖြေသော တေးဖြစ်သည်။ အဆုံးတွင် “ဟိုင်…ဟိုင်…” ဟူသော အသံထည့်သွင်း သီဆိုရသည်။ ဟောံလားကို အမျိုးသမီးများကသာ သီဆိုရိုးရှိသည်။ ယနေ့အထိ ကျေးလက်ဒေသတွင် မင်္ဂလာပွဲရှိလျှင် ဟောံလား ရှိမြဲဖြစ်သည်။
(၉) Áillá Cáirí (ကောက်စိုက်တေး)အိုက်လ္လား ရှိက်ရီ (Aillá Cáiri)သည် ကောက်စိုက်ရာတွင် သီဆိုသော ကောက်စိုက်တေး တစ်မျိုးဖြစ်သည်။ အုပ်နှစ်စုဖွဲ့၍ ဗုံတီးသူနှင့် လင်းကွင်းတီးသူတို့ ပေါင်းကာ လယ်ကွင်းတွင် သီဆိုရသည်။ ယနေ့တိုင် အာရကန်ပြည်ရှိ အချို့နေရာများတွင် တွေ့ရှိရသည်။
(၁၀) Boilá Cairí (စပါးနှင်းတေး)လယ်သမားဦးကြီးများက မိုးသောက်ယံတွင် နွားနှင့်စပါးနှင်းရာ၌ အသံချိုချိုဖြင့် သီဆိုသော တေးဖြစ်သည်။ အများအားဖြင့် ခိုင်းနွားနှင့်ပတ်သက်သည့် ချီးကျူးစကားများ၊ မြှောက်ပင့်စကားများထည့်သွင်း၍ သီဆိုလေ့ရှိသည်။ တေးတစ်ပိုဒ်၏ အဆုံးတွင် “ လေ့…လေ့…” နှင့် အဆုံးသတ်ရသည်။
(၁၁) Barómaiccá (ဆယ့်နှစ်ရာသီဘွဲ့တေး)ဘာရော့မာခ်ျချာ့ ( Barómaiccá )တေးသည် ဟော့ရီ တေး အမျိုးဝင်ဖြစ်သည်။ ထူခြားချက်မှာ သန်းခေါင်ယံတွင် ကဗျာဆန်ဆန်သီဆိုသည်။ တစ်နည်းအားဖြင့် ကဗျာဟုဆိုလျှင်လည်း မှားမည်မဟုတ်ပါ။ ရာသီဘွဲ့၊ တောတောင်သဘာဝ၊ တိုင်းပြည်ရေးနှင့် ဆက်စပ်၍ သီဆိုရသည်။ ယခု ဤတေးသည် ပျောက်ကွယ်လုနီးပါး ဖြစ်လာသည်။ မြောက်ဦးနန်းတွင်း စာဆိုကြီး အာလာဝါလ်၏ ဘာရော့မာခ်ျချာ ကဗျာများမှာ အထူးထင်ရှားသည်။
(၁၂) Natiya (ဓမ္မတေး)နာသီယာတေး (Natiya)သည် ဘာသာရေးဆိုင်ရာ အကြောင်းအရာများကို ဖွဲ့နွဲ့စပ်ဆိုသော ဓမ္မတေး တစ်မျိုးဖြစ်သည်။ နာသီယာတေးများ သီဆိုရာတွင် တီးလုံး သံစုံများ ပေါင်းစပ်ခြင်းမပြုရချေ။ အထူးသဖြင့် တရားနာပွဲများ၊ အလှူပွဲများ၊ ရမ်ဇာန် ဥပုသ်လ စသည်တို့တွင် သီဆိုကြသည်။
(၁၃) Oli (သားချော့သံ)
အောလီ (Oli)သည် ရင်သွေး သားငယ်သမီးငယ်များ အိပ်ဝင်ချိန်၌လည်းကောင်း၊ အစာကျွေးရာ၌လည်းကောင်း မိခင်က သီဆိုသော သားချော့တေးဖြစ်သည်။
(၁၄) Macbándhali (ယောဂီတေး)
မခ်ျဘန္ဓာလီ ( Macbándhali )တေးသည် ယောဂီဓမ္မတေး တစ်မျိုးဖြစ်သည်။ ရိုဟင်ဂျာလူမျိုးတွင် ဓာံရာ (ဝါ) ဖိုအီရ် ဟုခေါ်သည့် ဘာသာရေး ဂိုဏ်းခွဲစု တစ်စုရှိသည်။ ယင်းဂိုဏ်းကွဲ၏ တရားပွဲတွင် သီဆိုသော ဓမ္မတေး တစ်မျိုးပင်ဖြစ်သည်။ ဘာသာရေးအကြောင်းအရာများကို ထည့်သွင်း စပ်ဆိုလေ့ရှိသည်။ ဇော်ဂျီတေး ဟူ၍လေ့ခေါ်ဝေါ်နိုင်သည်။
(၁၅) Panchari (လင်္ကာဖွဲ့တေး)
ပန်ချာရီ ( Panchari )သည် ကာလသား လူပျို၊ အပျိုများ တစ်ဦးနှင့် တစ်ဦး၊ တစ်စုနှင့် တစ်စု နောက်တီးနောက်တောက် သီဆိုသော တေးကဗျာတစ်မျိုးဖြစ်သည်။ Panchali နှင့် မမှားစေရအောင် သတိထားရမည်။ Panchari နှင့် Panchali မှာ ကွဲပြားခြားနားသည်။ Panchali မှာ ပျို့ကဗျာကဲ့သို့ လင်္ကာကဗျာရှည် တစ်မျိုးဖြစ်သည်။
(၁၆) Baittyali (လှေထိုးတေး)ဘတ္တာလီ တေး (Baittyali)သည် သံကြောင်းတိုတို ကျသံနှင့် ဖွဲ့ဆိုသော တေးတစ်မျိုးဖြစ်သည်။ လင်္ကာပိုဒ် တိုတိုနဲ့ စပ်ဆိုခြင်းမှာ ဘတ္တာလီတေး၏ အင်္ဂါရပ်တစ်ခုဖြစ်သည်။ ရှေးရိုးရာ လှေထိုးတေးဟုလည်း တစ်ချို့က ဆိုကြသည်။ ရှေးအခါက ရေကြောင်းခရီး သွားလာရာတွင် လှေထိုးသမားများက သဘာဝတောတောင်ရေမြေဘွဲ့ဖွဲ့ ဘတ္တာလီတေးများကို အများအားဖြင့်သီဆိုလေ့ရှိသောကြောင်း ဖြစ်သည်။ လှေပြိုင်ပွဲများ (Gáçi Kalá)တွင်လည်း ဘတ္တာလီတေးသီဆိုသည်ကို တွေ့ရသည်။
(၁၇) Alveda (ဝါနိုးဆော်တေး)
အာလ်ဗေဒါတေး ( Alveda )သည် ရမ်ဇာန်ဥပုဒ်လတွင် ညသန်းခေါင်ချိန်၌ အစ္စလာမ်ဘာသာဝင်တို့ကို ကောင်းမှုကုသိုလ်ပြုရန်၊ ဥပုသ်စောင့်ရန် အိပ်ရာမှ နိုးပေးသော ဝါနိုးတေးတစ်မျိုးဖြစ်သည်။ ရပ်ရွာလူငယ်လူပျိုတို့က ဝိုင်းဖွဲ့သီဆိုကြသည်။ (အာလ်ဗေဒါရှု)
(၁၈) Hórí (မိုးသောက်တေး)
ဟော့ရီ (Hórí)သည် သန်းခေါင်ယံတွင်လည်းကောင်း မိုးသောက်ယံတွင်လည်းကောင်း သာယာသောအသံဖြင့် သီဆိုရသော တေးတစ်မျိုးဖြစ်သည်။ ဘာရော့မာခ်ျချာ့နှင့် ခပ်ဆင်ဆင်တူသည်။ ဟော့ရီတေး ဆိုသံကိုကြားလျှင် တောတိရိစ္ဆာန်များပင် အနီးအနား ချဉ်းကပ်၍ နားထောင်တတ်ဟု ဆိုရိုးရှိသည်။
(၁၉) Dhaal (နတ်ကတေး)
ဒါလ်တေးကဗျာကို နတ်ကရာတွင် အမြဲ သီဆိုလေ့ရှိသည်။ ရှေးအယူအဆအရ နတ်ပူးသော ယုံစားမှုတစ်ခုရှိခဲ့သည်။ မှော်ဆရာများသည် နတ်ပူးသည်ဟုယူဆရသော လူနာများကို ကုသရာတွင် နတ်ကလျက် ဒါလ်တေးကို သီဆိုကြသည်။
(၂၀) Foth (လင်္ကာ)
ဖောတ် (Foth)သည် လင်္ကာကဗျာ တစ်မျိုးဖြစ်သည်။ ရှေးခေတ်က ရိုဟင်ဂျာတို့ စကားအပြောအဆိုတွင် လင်္ကာအသုံးများခဲ့သည်။ အရာရာ၌ လင်္ကာချိုး၍ စကားပြောတတ်သည့် ဓလေ့ရှိခဲ့သည်။ အချို့စေ့စပ်ပွဲများတွင် လင်္ကာချိုး၍ မေးမြန်းသော စကားထာများကို မဖြေဆိုနိုင်လျှင် စေ့စပ်ပွဲတောင် ပျက်တတ်သည်ဟု သက်ကြီးတို့က ဆိုကြသည်။ ထိုမျှအထိ လင်္ကာများ အရေးပါခဲ့သည်။ ညည့်အခါတွင်လည်း လင်္ကာချိုးပွဲများပြုလုပ်ခဲ့ကြသည်။ ပရိသတ်များကို ကောက်ညှင်းထမင်း၊ လက်ဖက်ရည်ဖြင့် ဧည့်ခံကြသည်။ လင်္ကာချိုးသည့်ဆရာကို ဖောဏ္ဌိတ်ဟုခေါ်ကြသည်။ ယခုခေတ်တွင် ထိုဓလေ့ ပျောက်ကွယ်သွားသည်။
(၂၁) Futí (လင်္ကာရှည်)
ဖူတီးကဗျာသည် အလွန်ရှေးကျသော ကဗျာရှည်တစ်မျိုးဖြစ်သည်။ သမိုင်းအကြောင်းအရာများ၊ ဝတ္ထုပုံပြင်များကို ဖူတီးကဗျာပုံစံဖြင့် ရေးဖွဲ့လေ့ရှိခဲ့သည်။ ဖူတီးကဗျာသည် မြောက်ဦးခေတ်တွင် အထူးခေတ်စားခဲ့သည်။ အာလာဝလ်၊ အဗ္ဗဒူကရိမ် စသည့် ထင်ရှားသော မြောက်ဦးနန်းတွင်းစာဆိုတို့၏ ဖူတီးကဗျာများမှာ ယနေ့အချိန်အထိ ထင်ရှားလျက်ရှိသည်။
(၂၂) Naccá Dhula (သတို့သားဂုဏ်ဘွဲ့တေး)
မင်္ဂလာဆောင်ပွဲများတွင် သတို့သားအဖွဲ့က သတို့သားဂုဏ်ဖွဲ့သီဆိုသော သတို့သားဂုဏ်ဘွဲ့တေးချင်းတစ်မျိုးဖြစ်သည်။
🍡🍡🍡🍡🍡🍡🍡🍡🍡🍡🍡🍡🍡🍡🍡🍡🍡