Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, December 24, 2017

ရိုဟင်ဂျာ တေးကဗျာအမျိုးမျိုး



ရိုဟင်ဂျာ တေးကဗျာအမျိုးမျိုး

[Nanan Kisím Ceér Giit Ókkol]

ရေးသား 📓 ရိုဟင်လေး |

ရိုဟင်ဂျာ ရိုးရာ ဓလေ့ထဲတွင် အဆိုအကသည်လည်း အဓိက အခန်းကဏ္ဍတစ်ခုမှ ပါဝင်သည်။ ရိုဟင်ဂျာတို့သည် အကြောင်းအရာ အခြေအနေအလျောက် တေးသီချင်း အမျိုးမျိုးကို သီဆိုဖျော်ဖြေကြသည်။ အဆိုဖြစ်သော  တေးသီချင်းကို သက်ဆိုင်ရာ အကြောင်းအရာအလိုက်  အမျိုးအစားခွဲလျှင် အောက်ပါအတိုင်း တွေ့ရသည်။

1. Giit                     (တေးသီချင်း၊ အဆိုအကပွဲ)
2. Gana                  (သီချင်း)
3. Ceér                   (လင်္ကာ/ကဗျာ)
4. Kawali              (စောင်းချိတ်တေး)
5. Tarana              (မျိုးချစ်တေး)
6. Zari                    (ညည်းချင်း)
7. Bilak                  (ငိုချင်း)
8. Hóñla                 (ကျေးလက်တေးကဗျာ)
9. Áillá Cairí         (ကောက်စိုက်တေး)
10. Boilá Cairí       (စပါးနှင်းတေး)
11. Barómaiccá    (ဆယ့်နှစ်ရာသီဘွဲ့တေး)
12. Natiya              (ဓမ္မတေး)
13. Oli                     (သားချော့သံ)
14. Macbándhali (ယောဂီတေး)
15. Panchali          (လင်္ကာဖွဲ့တေး)
16. Baittyali           (လှေထိုးတေး)
17. Alveda              (နိုးဆော်တေး)
18. Horói                (မိုးသောက်တေး)
19. Fot                     (လင်္ကာ)
20. Futí                   (ကဗျာရှည်)
21. Nacca Dhula  (သမက်တက်တေး)


အသေးစိတ်ကို အောက်တွင် ဖတ်ရှုပါ။ 


၁။ Giit             (အဆိုအကပွဲ/တေး)

ဂီတ် (Giit)မှာ ရှေးဟောင်း တေးသီချင်းဟူသမျှကို ဆိုလိုသည်။ ဇာတ်ပွဲကိုလည်း ရိုဟင်ဂျာ ဘာသာစကားတွင် ဂီတ်ဟု ခေါ်ကြသည်။


၂။ Gana                 (သီချင်း)

ဂီတ် (Gana) သည် ကာရန်ညီ သံစဉ်စီ စပ်ဆိုသော ခေတ်ပေါ် သီချင်းအားလုံးကို ဆိုလိုသည်။ ဂီတ်နှင့် ဂါနာ တို့ ခွဲခြားသည့်အချက်မှာ ဂီတ်သည် ရှေးအခေါ်အဝေါ်ဖြစ်ပြီး ဂါနာသည် ယနေ့သုံးအခေါ်ဖြစ်သည်။


၃။ Ceér            (လင်္ကာ/ကဗျာ)

ချေအေရ် (Ceér) မှာ ကာရန်အစပ်ညီဖွဲ့ဆိုသော လင်္ကာကဗျာဖြစ်သည်။ တဖန် ceer ကို ကာရန်စပ်သည့်အလိုက် အမျိုးအစား အမျိုးမျိုး ခွဲခြားနိုင်သည်။ ယင်းကို သီခြားကဏ္ဍတွင် ဖော်ပြပေးပါမည်။


၎။ Kawali        (စောင်းချိတ်တေး)

ကာဝါလီ တေး(Kawali) မှာ သီဆိုနှစ်ဦးက အုပ်စုနှစ်စုခွဲ၍ တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန် စောင်းချိတ် သီချင်းချိုးရသော သီချင်းတစ်မျိုး ဖြစ်သည်။ ကိုလိုနီခေတ်တွင် ပေါ်ပေါက်လာ၍ အများအားဖြင့် မင်္ဂလာပွဲများတွင် သီဆိုကြသည်။ ယခုခေတ်တွင် အလွန်ခေတ်စားလာခဲ့သည်။


၅။ Tarana             (မျိုးချစ်တေး)

တာရာနာ (Tarana)သည် တိုင်းရေး၊ ပြည်ရေး၊ အမျိုးသားရေးစသော အကြောင်းအရာများကို ဖွဲ့ဆိုသော သီချင်းတစ်မျိုးဖြစ်သည်။ ရှေးခေတ်ကပင် လက်ဆင့်ကမ်း သီဆိုလာသော သီချင်းလည်းဖြစ်သည်။ ဇာတိစိတ်ဇာတိမာန်တက်ကြွစေသော သီချင်းဖြစ်သည်။


၆။ Zari                  (ညည်းချင်း)

ဇာရီ (Zari)သည် တစ်စုံတစ်ခုသော အကြောင်းအရာ၊ တစ်စုံတစ်ယောက်သော သူကို လွမ်းဆွတ်၍ သီဆိုသော တေးဖြစ်သည်။
ထင်ပေါ်ကျော်ကြားသောသူများ၊ လူထုအကျိုးဆောင် ပုဂ္ဂိုလ်များနှင့် အရင်းနှီးဆုံးသူများ မမျှော်လင့်ဘဲ ဆုံးပါးခဲ့လျှင်၊ မိမိတို့နှင့် ဝေးကွာသွားခဲ့လျှင် သို့မဟုတ် အသတ်ခံရလျှင် သူတို့ကို လွမ်းဆွတ်ဖွယ် ဇာရီတေးများ ဖွဲ့ရိုးရှိသည်။ ကြားနာသူသည် မျက်ရည်ထိန်းရ ခက်သည်။ အလွန်စိတ်ခိုင်သော သူများပင် မျက်ရည်ကျတတ်ပါသည်။


၇။ Bilak                 (ငိုချင်း)

ဘီလာခ် (Bilak)သည် တစ်စုံတစ်ခုသော ဝမ်းနည်းဖွယ်ရာဖြစ်ရပ်များတွင် ငိုရှိုက်သံ တကြွေးကြွေးပါလျက် သီဆိုသော ငိုချင်းတစ်မျိုးဖြစ်သည်။ အများအားဖြင့် ဇနာဇဟ် (မသာအိမ်)ဖြစ်သောအိမ်၌ တွေ့ရသည်။ မိသားစုဝင်များက ကွယ်လွန်သူအတွက် ဝမ်းနည်း ကြေကွဲလျက် ငိုချင်းများ သီဆိုကြလေ့ရှိသည်။

၈။ Hóñlá      (ကျေးလက်တေးကဗျာ)

ဟောံလား (Hóñlá)မှာ ရှေးအကျဆုံးဖြစ်သော ရိုဟင်ဂျာ ရိုးရာတေးတစ်မျိုးဖြစ်သည်။ အမျိုးသမီးများက မင်္ဂလာပွဲတွင် သီဆို၍ ဖျော်ဖြေသော တေးဖြစ်သည်။ အဆုံးတွင် “ဟိုင်…ဟိုင်…” ဟူသော အသံထည့်သွင်း သီဆိုရသည်။ ယနေ့အထိ ကျေးလက်ဒေသတွင် မင်္ဂလာပွဲရှိလျှင် ဟောံလား ရှိမြဲဖြစ်သည်။

၉။ Áillá Cáirí       (ကောက်စိုက်တေး)

အိုက်လ္လား ရှိက်ရီ (Aillá Cáiri)သည် ကောက်စိုက်ရာတွင် သီဆိုသော ကောက်စိုက်တေး တစ်မျိုးဖြစ်သည်။ အုပ်နှစ်စုဖွဲ့၍ ဗုံတီးသူနှင့် လင်းကွင်းတီးသူတို့နှင့် ပေါင်းကာ လယ်ကွင်းတွင် သီဆိုရသည်။ ယနေ့တိုင် အာရ်ကာန်ပြည်ရှိ အချို့နေရာများတွင် တွေ့ရှိရသည်။


၁၀။ Boilá Cairí       (စပါးနှင်းတေး)

 လယ်သမားဦးကြီးများက မိုးသောက်ယံတွင် နွားနှင့်စပါးနှင်းရာတွင် အသံချိုချိုဖြင့် သီဆိုသော တေးဖြစ်သည်။  အများအားဖြင့် ခိုင်းနွားကို ချီးကျူး၍ သီဆိုကြသည်။ တေးတစ်ပိုဒ်၏ အဆုံးတွင် “ လေ့…လေ့…” နှင့် အဆုံးသတ်ရသည်။

၁၁။ Barómaiccá (ဆယ့်နှစ်ရာသီဘွဲ့တေး)

ဘာရော့မာခ်ျချာ့ ( Barómaiccá )သည် ဟောရိုအီ တေး အမျိုးဝင်ဖြစ်သည်။ ထူခြားချက်မှာ သန်းခေါင်ယံတွင် ကဗျာဆန်ဆန်သီဆိုရသည်။ တစ်နည်းအားဖြင့် ကဗျာဟုဆိုလျှင်လည်း မှားမည်မဟုတ်ပါ။ ရာသီဘွဲ့၊ တောတောင်သဘာဝ၊ တိုင်းပြည်ရေးနှင့် ဆက်စပ်၍ သီဆိုရသည်။ ယခု ဤတေးသည် ပျောက်ကွယ်လုနီးပါး ဖြစ်လာသည်။ စာဆိုကြီး အာလာဝါလ်၏ ဘာရော့မာခ်ျချာ ကဗျာများမှာ အထူးထင်ရှားသည်။


၁၂။ Natiya       (ဓမ္မတေး)

နာသီယာတေး (Natiya)သည် ဘာသာရေးဆိုင်ရာ အကြောင်းအရာကို ဖွဲ့ဆိုသော ဓမ္မ တေး တစ်မျိုးဖြစ် သည်။ တီးလုံး သံစုံများ မပေါင်းရပါ။ အထူးသဖြင့် တရားနာပွဲများ၊ အလှူပွဲများ၊ ရမ်ဇာန် ဥပုသ်လ စသည်တို့တွင် သီဆိုကြသည်။

၁၃။ Oli                    (သားချော့သံ)

အော်လီ (Oli)သည် သားငယ်သမီးငယ်များ အိပ်ဝင်ချိန်၌လည်းကောင်း၊ အစာကျွေးရာ၌လည်းကောင်း မိခင်က သီဆိုသော သားချော့တေးဖြစ်သည်။



၁၄။ Macbándhali (ယောဂီတေး)

မခ်ျဘန္ဓာလီ ( Macbándhali )သည် ယောဂီဓမ္မတေး တစ်မျိုးဖြစ်သည်။ ရိုဟင်ဂျာလူမျိုးတွင် ဓာံရာ (ဝါ) ဖိုအီရ် ဟုခေါ်သည့် သေးငယ်သော ဘာသာရေး ဂိုဏ်းကွဲစု တစ်စုရှိသည်။ ယင်းဂိုဏ်းကွဲ၏ တရားပွဲတွင် သီဆိုသော ဓမ္မတေး တစ်မျိုးပင်ဖြစ်သည်။


၁၅။ Panchali         (လင်္ကာဖွဲ့တေး)

ပန်ချာလီ ( Panchali )သည် ကာလသား လူပျို၊ အပျိုများ တစ်ဦးနှင့် တစ်ဦး၊ တစ်စုနှင့် တစ်စု  နောက်တီးနောက်တောက် သီဆိုသော တေးကဗျာတစ်မျိုးဖြစ်သည်။

၁၆။ Baittyali         (လှေထိုးတေး)

ဘတ္တာလီ တေး (Baittyali)သည် ရှေးရိုးရာ လှေထိုးတေးတစ်မျိုးဖြစ်သည်။ ရှေးအခါက ရေကြောင်းခရီး သွားလာရာတွင် လှေထိုးသမားများက သဘာဝတောတောင်ရေမြေဘွဲ့ဖွဲ့ သီဆိုလေ့ရှိသော တေးသီချင်းဖြစ်သည်။ လှေပြိုင်ပွဲများ (Gáçi Kalá)တွင်လည်း သီဆိုခဲ့ကြသည်။ 


၁၇။ Alveda         (နိုးဆော်တေး)

အာလ်ဗေဒါတေး ( Alveda )သည် ရမ်ဇာန်ဥပုဒ်လတွင် ညသန်းခေါင်ချိန်၌ လူတို့ကို ကောင်းမှုကုသိုလ်ပြုရန်၊ ဥပုသ်စောင့်ရန် အိပ်ရာမှ နိုးပေးသော တေးတစ်မျိုးဖြစ်သည်။ ရပ်ရွာလူငယ်လူပျိုတို့က ဝိုင်းဖွဲ့သီဆိုကြသည်။ (အာလ်ဗေဒါရှု)


၁၈။ Horói               (မိုးသောက်တေး)

ဟောရိုအီ (Horói)သည် သန်းခေါင်ယံတွင်လည်းကောင်း မိုးသောက်ယံတွင်လည်းကောင်း  သီဆိုရသော တေးတစ်မျိုးဖြစ်သည်။  ဘာရော့မာခ်ျချာ့နှင့် ခပ်ဆင်ဆင်တူသည်။


၁၉။ Fot                    (လင်္ကာ)

ဖော်ဌ် (Fot)သည် လင်္ကာကဗျာ တစ်မျိုးဖြစ်သည်။ ရှေးခေတ်က ရိုဟင်ဂျာတို့ စကားအပြောအဆိုတွင် လင်္ကာအသုံးများခဲ့သည်။ အရာရာ၌ လင်္ကာချိုး၍ စကားပြောတတ်သည့် ဓလေ့ရှိခဲ့သည်။ အချို့စေ့စပ်ပွဲများတွင် လင်္ကာချိုး၍ မေးမြန်းသော စကားထာများကို မဖြေဆိုနိုင်လျှင် စေ့စပ်ပွဲတောင် ပျက်တတ်သည်ဟု သက်ကြီးတို့က ဆိုကြသည်။ ထိုမျှအထိ လင်္ကာများ အရေးပါခဲ့သည်။  ညည့်အခါတွင်လည်း လင်္ကာချိုးပွဲများပြုလုပ်ခဲ့ကြသည်။ ပရိသတ်များကို ကောက်ညှင်းထမင်း၊ လက်ဖက်ရည်ဖြင့် ဧည့်ခံကြသည်။ လင်္ကာချိုးသည့်ဆရာကို ဖော်ဏ္ဌိတ်ဟုခေါ်ကြသည်။ ယခုခေတ်တွင် ပျောက်ကွယ်သွားသည်။

🍡🍡🍡🍡🍡🍡🍡🍡🍡🍡🍡🍡🍡🍡🍡🍡🍡🍡🍡🍡🍡🍡🍡🍡🍡

No comments:

Post a Comment