Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, May 25, 2017

သမ္မတ ဦးကျော်ထင်ကို တစ်ချိန်က ထောင်ပို့ခဲ့သော ဦးဆန်းဆင့်

==================
မေလ ၂၄ ရက် နံနက် ၈နာရီကျော်တွင် တောင်ငူ အကျဉ်းထောင်၏ ခြံစည်းရိုးတံခါးပေါက်ရှေ့၌ သစ်လွင်သော အသားရောင် ရှပ်အင်္ကျီလက်ရှည်ကို ပိုးပုဆိုးအစိမ်း နုရောင်ဖြင့် တွဲဖက်ဝတ်ဆင်ထား သူတစ်ဦးသည် လာရောက်ကြိုဆို သူများနှင့် လိုက်ပါမသွားမီ စောင့်ကြိုနေသော ကင်မရာများ၊ အသံဖမ်းစက်များနှင့် ဦးစွာ ရင်ဆိုင် လိုက်ရသည်။

‘‘အခုလို လွတ်ငြိမ်းချမ်းသာ ခွင့်ရရှိခဲ့တဲ့အတွက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်၊ သမ္မတကြီး ဦးထင် ကျော်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်တို့ကို အထူးကျေးဇူး တင်ပါတယ်’’ဟု အဆိုပါပုဂ္ဂိုလ် က လွတ်မြောက်လာပြီးစတွင် ပြောကြားခဲ့သည်။

ဒုတိယဗိုလ်ချုပ်ကြီးဟောင်း၊ တိုင်းလွှတ်တော်ဥက္ကဋ္ဌဟောင်း နှင့် ပြည်ထောင်စုဝန်ကြီးဟောင်း တစ်ဦးလည်းဖြစ်သည့် ဦးဆန်းဆင့်၏ အကျဉ်းထောင်မှ လွတ် မြောက်လာခါစမြင်ကွင်းမှာ သံဝေဂရဖွယ်ရာ အတိလွှမ်းခြုံထားသည်။ ယခင်ထက် ညိုမောင်းသွားသော အသားအရေ၊ အနည်းငယ် ပိန်သွယ်သွားသည့် ခန္ဓာကိုယ်နှင့် မျက်နှာပြင်တစ်ဝိုက် ပိုမိုသိသာ ထင်ရှားလာသော ဇရာ၏ အရိပ်ယောင်များက အကျဉ်းထောင် အတွင်း သုံးနှစ်ခန့် နေထိုင်ခဲ့ရသည့် ၎င်း၏ ဘဝဖြတ်သန်းမှုကို ထင်ဟပ်နေသည်။

တပ်မတော်တွင် ဒုတိယဗိုလ်ချုပ်ကြီးအဆင့် တာဝန်ထမ်း ဆောင်ခဲ့သော ဦးဆန်းဆင့်သည် ယခင် စစ်အစိုးရလက်ထက်က ရန်ကုန်တိုင်း ဒုတိုင်းမှူး၊ ထိုမှတစ်ဆင့် စစ်ဒေသမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး 
စစ်ဒေသမှူး အဖြစ် တာဝန်ယူထားစဉ် ယနေ့ သူ့ကို အကျဉ်း ထောင်အတွင်းမှ ထုတ်ပေးခဲ့သော သမ္မတ ဦးထင်ကျော်ကို ဖမ်းဆီးခဲ့သူလည်းဖြစ်သည်။ ဦးဆန်းဆင့်သည် ၎င်း အာဏာ လက်ဝယ်ရှိစဉ်က သမ္မတဦးထင်ကျော်ကို ဖမ်းဆီးကာ အင်းစိန် ထောင်သို့ ပို့ဆောင်ခဲ့သူလည်းဖြစ်သည်။ 
သမ္မတ ဦးထင်ကျော် သည် ၂၀၀၀ ပြည့်နှစ် စက်တင်ဘာ ၂၂ ရက်က ဒေါ်အောင်ဆန်းစုကြည်၏ စည်းရုံးရေးခရီးစဉ်တစ် ခုအတွင်း ရန်ကုန်ဘူတာကြီး၌ဖမ်း ဆီးခံရပြီး အင်းစိန်အကျဉ်းထောင် တွင် လအနည်းငယ်ကြာ ထိန်း သိမ်းခံခဲ့ရသည်။

‘‘အဲဒီတုန်းက သူ (ဦးဆန်း ဆင့်)က စစ်ဒေသမှူးပေါ့။ ကျွန် တော်တို့က ထောင်ထဲမှာပဲရှိသေး တယ်။ သူက ဦးဆောင်ပြီး သမ္မတ ကြီး (ဦးထင်ကျော်)ကို ဖမ်းတာ။ အခုလို သူလွတ်မြောက်လာတဲ့အ ပေါ်မှာ ဒါဟာ အစိုးရသစ်ရဲ့ မူဝါ ဒကို ထင်ဟပ်နေပါတယ်။ အစိုးရ သစ်ရဲ့ အမျိုးသားရင်ကြားစေ့ရေး နဲ့ သင်ပုန်းချေရေးအတွက် သမ္မတကြီးအပါအဝင် အစိုးရသစ်က စိတ်ပါလက်ပါနဲ့ သွားနေတဲ့ ပြယုဂ်ပဲ’’ဟု နိုင်ငံရေးအကျဉ်း သားဟောင်းနှင့် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးဘိုဘိုဦးက ပြောသည်။

ယနေ့ သမ္မတဦးထင်ကျော် က ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄၊ ပုဒ်မခွဲ (က)အရ ဦးဆန်း ဆင့်အပါအဝင် အကျဉ်းသား ၂၅၉ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ခြင်းဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၀၄ ပုဒ်မခွဲ (က)အရ နိုင်ငံတော်သမ္မတသည် ၎င်း၏ အခွင့်အာဏာဖြင့် ပြစ် ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပေး ခဲ့ခြင်းလည်းဖြစ်သည်။ တစ်နည်းအားဖြင့် မိမိလုပ်ပိုင်ခွင့်အာဏာရ ချိန်တွင်တစ်ချိန်က ရန်သူသဖွယ် ဆက်ဆံခြင်းခံခဲ့ရသူကို လှပစွာ တုံ့ပြန်ခဲ့ခြင်းလည်းဖြစ်သည်။

ဦးဆန်းဆင့်ကို နိုင်ငံတော် ပိုင်ငွေ ကျပ်သိန်း ၁၀၀ ကျော် အလွဲသုံးစား ပြုလုပ်သည်ဆိုကာ ရာဇဝတ်မကင်းသည့် ယုံကြည် အပ်နှံဖောက်ဖျက်မှု ပုဒ်မ ၄၀၉ ဖြင့် ထောင်ဒဏ်သုံးနှစ်၊ အစည်း အဝေးတစ်ခုအတွင်း နိုင်ငံတော် အစိုးရကို အကြည်ညိုပျက်စေ သည့် အသုံးအနှုန်းများ ပြောဆိုခဲ့ သည်ဆိုကာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က)အရ ထောင်ဒဏ် ၁၀ နှစ်နှင့် ဒဏ်ငွေ ကျပ်တစ်သိန်းတို့ကို ချမှတ်ခဲ့ သည်။ စုစုပေါင်း ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

‘‘ကျွန်တော့်ကို ထောင်ချ လိုက်တဲ့သူတွေနဲ့ ပတ်သက်လို့ လည်း ဘယ်လိုအာဃာတမျိုးမှ မရှိပါဘူး။ ကျွန်တော့်အနေနဲ့ တရားအားထုတ်ခွင့်တွေ ရခဲ့တယ်။ လောကုတ္တရာအရေးတွေ ဆောင်ရွက်ခွင့် ရခဲ့တဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။ ကျွန်တော့်ဘက်က ဘယ်သူ့အပေါ်မှာမဆို ကာယကံ၊ ဝစီကံ၊ မနောကံတွေနဲ့ အမှားအယွင်းများ ရှိခဲ့ရင်လည်း အားလုံးကို တောင်းပန်ပါတယ်’’ဟု ဦးဆန်းဆင့်က ၎င်းအား ထောင်ချခဲ့သည့် ယခင်အစိုးရဟောင်းနှင့် ပတ်သက်၍ မှတ်ချက်ပြုပြောသည်။

ဦးဆန်းဆင့်သည် ၂၀၁၀ ရွေးကောက်ပွဲပြီးနောက် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ အဖြစ် တင်မြှောက်ခံရပြီး ယင်း ဥက္ကဋ္ဌအဖြစ် ထမ်းဆောင်နေစဉ် ဝန်ကြီးချုပ်ဟောင်း ဦးသိန်း အောင် ဦးဆောင်သည့် ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အဆင်မပြေမှုများ မကြာခဏဖြစ် ပေါ်ခဲ့ပြီးနောက် ၂၀၁၃ ဖေဖော် ဝါရီတွင် သာသနာရေးဝန်ကြီးအ ဖြစ် ခန့်အပ်ခံရသည်။

၎င်း၏ သာသနာရေးဝန်ကြီး အဖြစ် ခန့်အပ်ခြင်းအပေါ် ဧရာ ဝတီတိုင်းဒေသခံများက ကန့် ကွက်ခဲ့ပြီး တိုင်းလွှတ်တော် ဥက္ကဋ္ဌအဖြစ်သာ ဆက်လက်ထမ်း ဆောင်ကြစေလိုကြောင်း ကျုံ ပျော်နှင့် ပန်းတနော် ဒေသခံများက ဆန္ဒပြခဲ့ကြ၍ ပြည်သူ့ထောက် ခံမှုကို ရှားရှားပါးပါးရရှိခဲ့သော ဒုတိယဗိုလ်ချုပ်ကြီးဟောင်း တစ်ဦးလည်းဖြစ်ခဲ့သည်။

ထို့အပြင် သာသနာရေး ဝန်ကြီးဘဝဖြင့် တရားစွဲဆိုခံရ သည့် ပုဒ်မများကို ရုပ်သိမ်းပေးရန် လွှတ်တော် ကိုယ်စားလှယ် ၅၀ ကျော်က လက်မှတ်ရေးထိုး၍ သမ္မတထံ ပေးပို့တောင်းဆိုခံခဲ့ရ သူလည်းဖြစ်သည်။

သမ္မတဦးထင်ကျော်က ၎င်း ၏ အခွင့်အာဏာထဲမှ ဦးဆန်းဆင့်ကို လွတ်မြောက်စေခဲ့ပါသည်။
သို့သော် ယခင်အစိုးရလက် ထက်တွင်မူ ဦးဆန်းဆင့်သည် သမ္မတ၏ ညွှန်ကြားချက် အမိန့် များကို မလိုက်နာခြင်း၊ အချို့ကိစ္စ ရပ်များတွင် သမ္မတကို ကျော်လွန် လုပ်ဆောင်ခြင်းများ ရှိခဲ့ခြင်း ကြောင့် အရေးယူခံခဲ့ရကြောင်း ထိုစဉ်က သတင်းမီဒီယာများတွင် ဖော်ပြခဲ့သည်။

ထို့အပြင် ၎င်းထံတွင် ယခင်အစိုးရတာဝန်ရှိ ပုဂ္ဂိုလ်များ၏ အကျင့်ပျက်ခြစားမှုများနှင့် ပတ်သက်၍ သက်သေ အထောက်အထားများစွာ ရှိသည်ဟုလည်း ထုတ်ဖော်ပြောကြားခဲ့သော ဦးဆန်းဆင့်သည် နှစ်ရှည် ထောင်ဒဏ် ချမှတ်ခံခဲ့ရရုံသာမက သရေစည်သူဘွဲ့ကိုပင် ပြန်လည်ရုပ် သိမ်းခံခဲ့ရသည်။

ယခုလွတ်မြောက်လာမှုနှင့် ပတ်သက်၍ ဝမ်းသာသော်လည်း အပြည့်အစုံ ဝမ်းမသာနိုင်သေး ကြောင်းနှင့် အားလုံးလွတ်မြောက် စေလိုကြောင်း ဦးဆန်းဆင့်က ပြောသည်။

‘‘ဝမ်းတော့ သာပါတယ်။ အားလုံးပြည့်ပြည့်စုံစုံတော့ ဝမ်း မသာနိုင်သေးဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အခုထောင်ထဲမှာ ကျန် နေသေးတဲ့ အကျဉ်းသားတွေ အ များကြီးကျန်ပါသေးတယ်။ သူတို့ ကိုပါ လွတ်စေချင်ပါတယ်’’

===========

Ref: 7Day News Journal

No comments:

Post a Comment