ထိုင်းနိုင်ငံက ရှေးအကျဆုံးဗလီဝတ်ကျောင်းတော် (သို့မဟုတ်) နှစ် ၃၀၀ ဗလီကြီး
(
စတီဗင်)
နှစ်သုံးရာဗလီကြီး (The 300 Years Mosque) ကို အလ်-ဟူစိန်ဗလီဝတ်ကျောင်းတော်လို့လည်း ခေါ်ဆိုကြပါတယ်။ ထိုင်းဘာသာစကားနဲ့ဆိုရင် မက်စယစ် ဝဒီ အန်ဟူဆင်ပါတဲ့။ ဒါ့အပြင် တာလိုမာနိုဗလီ (Talo Mano Mosque) လို့လည်းခေါ်ပါသေးတယ်။
ထိုင်းနိုင်ငံတော်ပိုင်း နရာသီဝပ်မှာ တည်ရှိတဲ့ ဒီဗလီကြီးဟာ ထိုင်းနိုင်ငံက ရှေးအကျဆုံး ဗလီဝတ်ကျောင်းတော်တွေအနက် တစ်ခုဖြစ်ပါတယ်။ ထိုင်းတောင်ပိုင်းဟာ မွတ်စလင်အများစု နေထိုင်ရာဌာနေလည်းဖြစ်ပါတယ်။ ၁၆၃၄ ခုနှစ်မှာ ဗလီကို အုတ်မြစ်ချခဲ့ပါတယ်။ အဲဒီဒေသမှာ ပထမဆုံးအခြေချခဲ့တဲ့ မွတ်စလင်အသိုင်းအဝိုင်းတွေက အုတ်မြစ်ချခဲ့တာပါ။ ဒါ့အပြင် ဒီဗလီဟာ ထိုင်းတစ်နိုင်ငံလုံးမှာ သက်တမ်းအရင့်ဆုံး သစ်သားဗလီကြီးလည်းဖြစ်ပါတယ်။
သမိုင်း
နှစ်၃၀၀ ဗလီကြီးရဲ့သမိုင်းကိုကြည့်မယ်ဆိုရင် ဆူလတန်အုပ်ချုပ်စဉ်ကာလ ပတ္တာနီဘုရင့်နိုင်ငံကို ပြန်ပြောင်းအောက်မေ့ရမှာပါ။ ဒီနိုင်ငံကို ပတ္တာနီ၊ ယာလာ၊ နရာသီဝပ်ဆိုတဲ့ပြည်နယ်သုံးပြည်နယ်နဲ့ ဖွဲ့စည်းထားတာပါ။ အဲဒီနိုင်ငံထဲက ရွာတွေမှာ မွတ်စလင်ရော ဗုဒ္ဓဘာသာဝင်တွေပါနေထိုင်ကြပါတယ်။ ၁၆၃၄ ခုနှစ်မှာ ဒီဗလီဆောက်လုပ်တော့ မွတ်စလင်တွေရော ဗုဒ္ဓဘာသာတွေပါ ပူးပေါင်းပါဝင် လုပ်အားပေးခဲ့ကြပါတယ်။
ဒီဗလီနဲ့ပတ်သက်ပြီး ရှေးဒဏ္ဍာရီနှစ်ခုရှိပါတယ်။ တစ်ခုကတော့ ထိုင်းဘုရင့်နိုင်ငံနဲ့ ပတ္တာနီဘုရင့်နိုင်ငံတို့ကြား စစ်ဖြစ်တဲ့အခါ ပတ္တာနီဘက် ရွာတစ်ရွာက အမျိုးသမီးတစ်ဦးဟာ စစ်ရှောင်တဲ့အနေနဲ့ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ပါတယ်။ သူမဟာ သူမနေထိုင်တဲ့ရွာရဲ့ “ကုရ်အာန်ကျမ်းထိန်းသိမ်းစောင့်ရှောက်သူ” ဖြစ်ပါတယ်။ ထွက်ပြေးတဲ့အခါမှာလည်း ကုရ်အာန်ကျမ်းစာအုပ်ကို ရင်ဝယ်ပိုက်ပြီးပြေးခဲ့တာပါ။ တစ်နေရာရောက်တော့ ချိုင့်ဝှမ်းတစ်ခုထဲကို သူမပြုတ်ကျခဲ့ပါတယ်။ အနားရှိရွာက ဒေသခံတွေလာရောက်ကယ်ဆယ်ပြီးချိန်မှာ သူမကိုယ်သူမ သတိထားကြည့်လိုက်တော့ ကုရ်အာန်ဟာ ပြုတ်မကျသွားဘဲ လက်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိလျက်သားရှိနေပါတယ်။ ဒါနဲ့ စစ်ကြီးအပြီးမှာ ရွာသားတွေဟာ ဗလီတစ်လုံးဆောက်လုပ် လှူဒါန်းခဲ့ကြပါတယ်။ အဲဒါဒီ နှစ် ၃၀၀ ဗလီပါတဲ့။
နောက်ထပ် ဒဏ္ဍာရီတစ်ခုကတော့ ဗလီကို ဝန်ဟူစိန် အဇ်-ဆာနဝီဆိုတဲ့ ပုဂ္ဂိုလ်က ဆောက်လုပ်ခဲ့တယ်လို့ဆိုပါတယ်။ ဒီပုဂ္ဂိုလ်ဟာ ၁၆၂၄ ခုနှစ်မှာ ပတ္တာနီဘုရင့်နိုင်ငံကို ရွှေ့ပြောင်းအခြေချခဲ့တဲ့ ဆရာတစ်ပါးဖြစ်ပါတယ်။ ဗလီထဲမှာ ကုရ်အာန်ကျမ်းစာလက်ရေးမူနဲ့ ဗလီဆောက်လုပ်ရေးစီမံကိန်းစာရွက်တို့ အခုထက်တိုင်ရှိနေသေးတယ်လို့ သိရပါတယ်။
အဆောက်အဦ
ဗလီဆောက်လုပ်ရာမှာ သစ်သားတွေကိုသာ အသုံးချထားပြီး သံတစ်ချောင်းမှ မရိုက်ခဲ့ပါဘူး။ အဲဒီအစား သပ်ရိုက်ပြီးဆောက်လုပ်ခဲ့ပါတယ်။ ဗလီမှာအပိုင်းနှစ်ပိုင်းပါဝင်ပါတယ်။ အပိုင်းငယ်ဘက်မှာ မဲဟ်ရာဗ် (ရှေ့ဆောင်ဆရာ ဦးဆောင်ဝတ်ပြုရာနေရာ) ပါဝင်ပါတယ်။ မဲဟ်ရာဗ်ကို အမိုးဘုံသုံးဆင့်နဲ့ ကွန့်ထားပါတယ်။ ဒါ့အပြင် တရုတ်လက်ရာ မီနာရဟ် မျှော်စင်တစ်ခုလည်း ပါဝင်ပါတယ်။ အပိုင်းကြီးကတော့ အများဝတ်ပြုရာ ဝတ်ပြုဆောင်ဖြစ်ပါတယ်။
ရှေးခေတ် လော်စပီကာတွေ မပေါ်ခင်ကာလမှာ (အဇာန်) ဝတ်ပြုဖို့ ဝတ်တက်နှိုးဆော်တဲ့အခါ ဂီဒွတ်လို့ခေါ်တဲ့ ကြီးမားတဲ့ ဗုံကြီးတွေတီးခဲ့ကြပါတယ်။ ဂီဒွတ်ဗုံတွေကို သစ်ခေါင်းပေါက်ကြီးနဲ့ လုပ်ထားတာဖြစ်ပြီး တစ်ဖက်ကို ကျွဲသားရေနဲ့ အုပ်ထားကာ နောက်တစ်ဖက်ကိုတော့ အပွင့်ထားထားပါတယ်။ အခုထိ အဲဒီဗုံကြီးရှိနေသေးပေမယ့် သုံးမရတော့ပါဘူး။ အဲဒီခေတ်က မိုအက်ဇင် (ဝတ်တက်နှိုးဆော်သူ) ဟာ အဇာန်မပေးခင် ဗုံကြီးကို တဖြည်းဖြည်းအသံမြှင့်ပြီး စည်းချက်ကျအောင် တီးပါတယ်။ မနက်စောစော လူခြေတိတ်ချိန်ဆိုရင် ဂီဒွတ်ဗုံကြီးရဲ့အသံဟာ မိုင်ဝက်ခန့်ကထိ ကြားရတယ်ဆိုပဲ။
ဗလီကြီးရဲ့မူလအမိုးဟာ ထန်းလက်နဲ့ပါ။ ဒါပေမဲ့နောက်ပိုင်းမှာ အုတ်ကြွပ်တွေပြောင်းမိုးခဲ့ပါတယ်။ ဗလီနံရံတွေပေါ်က ပန်းပုလက်ရာတွေ၊ ကနုတ်တွေ၊ ဖောင်းတန်းနဲ့ မြင်းမိုရ်ပိတ်က လက်ရာတွေမှာ အရှေ့တောင်အာရှရဲ့ ယဉ်ကျေးမှုလက်ရာသုံးမျိုးဖြစ်တဲ့ ဂျာဗား၊ တရုတ်နဲ့ ထိုင်းယဉ်ကျေးမှုတွေ လွှမ်းမိုးနေတာတွေ့ရပါတယ်။
ပွဲတော်များ
ဗလီမှာ အစ္စလာမ်နဲ့ ပတ်သက်တဲ့ပွဲတော်တွေကို အဓိကကျင်းပလေ့ရှိပါတယ်။ ဥပမာ အီးဒ်နေ့၊ ဥပုသ်လ အစရှိသဖြင့်ပေါ့။ ဒါ့အပြင် ဗလီဟာ မွတ်စလင်အသင်းတိုက် အဖြစ်လည်း အသုံးတော်ခံပါသေးတယ်။ ဗလီအဖြစ်လည်း ဝတ်ပြုဆုတောင်းမှုတွေ ပြုလုပ်ဆဲလို့ သိရပါတယ်။
ပြင်ဆင်မွမ်းမံခြင်း
၂၀၁၄ ခုနှစ်မှာ ထိုင်းအစိုးရက ဗလီပြင်ဆင်မွမ်းမံရေးအတွက်ရန်ပုံငွေအနေနဲ့ ထိုင်းဘတ်ငွေ သန်း ၂၀၀ ကို လှူဒါန်းခဲ့ပါတယ်။ မွမ်းမံရေးစီမံကိန်းကို တောင်ပိုင်းနယ်စပ်ပြည်နယ်အုပ်ချုပ်ရေးဌာနကနေ ဦးဆောင်အကောင်အထည်ဖော်ခဲ့ပါတယ်။ စီမံကိန်းထဲမှာ ဗလီပြင်ဆင်ရေး၊ ပတ်ဝန်းကျင်နယ်မြေတိုးတက်ရေး၊ အသင်းတိုက်အဖြစ်အကောင်အထည်ဖော်ရေးတို့ပါဝင်ပါတယ်။ ပြင်ဆင်မွမ်းမံပြီးချိန်မှာ ကမ္ဘာလှည့်ခရီးသွားတွေကို ပိုမိုစွဲဆောင်နိုင်ဖို့လည်း မျှော်လင့်ခဲ့ကြပါတယ်။
ဗလီသို့သွားရောက်လည်ပတ်ခြင်း
နှစ် ၃၀၀ ဗလီကြီးကို ဝင်ရောက်ဖူးမျှော်ဖို့အတွက် ဒေသခံ အီမာမ် ရှေ့ဆောင်ဆရာဆီကနေ ခွင့်ပြုချက်တောင်းခံဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ဝတ်စားဆင်ရင်ရေးမှာလည်း ဒူးဖုံးတဲ့ဘောင်းဘီနဲ့ ပုခုံးဖုံးပြီးရင်မဟိုက်တဲ့ အင်္ကျီကိုဝတ်ဆင်ရမှာပါ။ အမျိုးသမီးတွေကို ဦးခေါင်းထက်ပဝါဆောင်းဖို့ ညွှန်ကြားထားတာလည်းရှိပါတယ်။ ဗလီထဲမှာအစားအသောက်ခွင့်မပြုပါဘူး။ ဗလီထဲမဝင်ခင် ဖိနပ်ချွတ်ဖို့လိုသလို လူတကာနဲ့ လေးလေးစားစားဆက်ဆံဖို့လည်း အရေးကြီးပါတယ်။
ဇူလိုင်လထုတ်
ဉာဏ်အလင်း အတွဲ(၁) အမှတ်(၈) ကို Link နေ Download ရယူနိုင်ပါပြီ။