Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, June 6, 2022

အမေစုရဲ့ မုန်းပင်စိုက်ခင်းသို့ အလည်တစ်ခေါက်


 "အမေစုရဲ့ မုန်းပင်စိုက်ခင်းသို့ အလည်တစ်ခေါက်"


#နတ်မျက်စိ| ၆-၆-၂၀၂၂။

"ပုဆိန်က မမှတ်မိပေမယ့် သစ်ပင်ကတော့ ဘယ်မေ့နိုင်ပါ့မလဲ။"

ဆိုတဲ့အတိုင်းပေါ့ တစ်ချို့စကားတွေဟာ ဘဝတစ်သက် မမေ့နိုင်ပါဘူး။ ဘယ်သူမေ့မေ့ အတိနာ ဘဝဖျက်ဆီးခံရတဲ့ သူတွေကတော့ မေ့ရခက်ပါလိမ့်မယ်။ သမိုင်းစာမျက်နှာမှာ သံရည်ကျိုမင်တွေနဲ့ မော်ကွန်းတင်ထားသလို ကမ္ဘာတည်သရွေ့ ကျန်ရစ်နေမှာပါ။ ရိုဟင်ဂျာတို့ရဲ့ ဘဝကို ရိုက်ချိုးခဲ့တဲ့ သမိုင်းဝင်စကားအချို့ကို ဖော်ပြပေးပါတယ်။ ပထမ တစ်ယောက်အကြောင်း တင်ပြပြီးပါပြီ။ အောက်က link ကနေ ဖတ်ရှုပါ။ 

ဒီတစ်ခေါက်ကျတော့ ဗမာပြည်က နိုဘယ်ဆုရှင်ပြောသွားခဲ့တဲ့ အံ့ဖွယ် မုန်းပင်စိုက်ခင်း စကားတွေကို တင်ပြသွားမှာပါ။ သူ့စိတ်ဓာတ်က ဘယ်လိုလဲဆိုတာ သိပ်ရှင်းပြစရာမလိုဘူးလို့ ထင်ပါတယ်။ မုန်းပင်စိုင်ခင်းရဲ့ အအကျိုးဆက်က အခု မြန်မာနိုဘယ်ဟာ အမေရိကန်ရှိ လူမျိုးတုံးသတ်ဖြတ်မှုပြတိုက်မှာ ပြယုဂ်တစ်ခုအနေနဲ့ ခင်းကျင်းပြသခြင်းခံရတယ်။ သူက နှုတ်ချိုချိုနဲ့ လူကိုလှည့်စားခဲ့ပေမယ့် နောက်ဆုံးတော့ ရေပေါ်ဗူးပ်ါသလို သူ့မနောအကြောင်း ကမ္ဘာက သိသွားခဲ့တယ်။ သူကို ကမ္ဘာကပေးအပ်ခဲ့တဲ့ ဂုဏ်ပုဒ်တွေကို အခုဆို အားလုံးလိုလို ရုတ်သိမ်းခံရပြီလေ။ ဒါက ရိုဟင်ဂျာတွေ ငိုပြလို့ ဖြစ်သွားတာလို့ တချို့ကထင်ကြတယ်။ မဟုတ်ပါဘူးဟ။ ကမ္ဘာပညာရှင်တွေအဲလောက်အရူးမဟုတ်ဘူး။ တစ်ယောက်တစ်စုက ပြောတိုင်း လိုက် ကပြရအောင်။ ဒါက မာယာနဲ့ ဖုံးဖိထားတဲ့ အမှန်တရား ပေါ်သွားလို့ပါပဲ။ သူ့ရဲ့ နှုတ်ချိုချို အရေခွံက သူ့သိက္ခာကို မဆယ်နိုင်ခဲ့တာလေ။ 

ကဲ… သူက ပြည်သူအပေါ်ဩဇာတည်မြဲရေးနဲ့ အခွင့်အာဏာ အဓွန့်ရှည်ရေးအတွက် ဘာမဆိုလုပ်ရဲခဲ့တယ်။ ရွေးကောက်ပွဲဝင်တုန်း ပြည်သူတွေကို ပေးခဲ့တဲ့ ကတိကဝတ်တွေ ဘေးဖယ်ထားပြီး ထိုင်ခုံအတွက်ပဲ ပြည်သူ့စိတ်ဓာတ်နဲ့ကစားခဲ့သူဖြစ်တယ်။ သူရဲ့ချိုမြိန်းတဲ့ စကားတွေနဲ့ ပြည်သူ့အသည်းကို သိမ်းယူခဲ့တယ်။ မျိုးချစ်အုပ်စုရဲ့အလိုအတိုင်း အာဏာရှင်ဆန်ဆန် မွတ်စလင် မုန်းတီးရေးကို လက်စွဲပြုခဲ့တယ်။ မွတ်စလင်တွေနဲ့ ပတ်သက်လာရင်တော့ နှုတ်ချိုမြတ်တော်ကို လူ့သားဝါဒလမ်းမှ လွဲဖယ်၍ မောင်းလေ့ရှိတတ်တယ်။ အာဏာတည်မြဲအရေးအတွက် သူ့အဘအမျိုးတော် မုဒိမ်းစစ်တပ်နဲ့ လက်တွဲ၍ ခြေလှမ်းတူတူ လျှောက်လှမ်းခဲ့တယ်။ မွတ်စလင်ဆန့်ကျင်ရေး စကားတွေကို အကြိမ်ကြိမ် ထုတ်ဖော်ပြောဆိုခဲ့တဲ့ အရေခြုံကမ္ဘာ့နိုဘယ်ဆုရှင် တစ်ဦးလည်းဖြစ်တယ်။ သူ့ရဲ့ ကမ္ဘာပတ်ခဲ့တဲ့ စကားမာယာ အချို့ကို ပြန်လည်အောက်မေ့ကြရအောင်။

၂၀၁၂ ရခိုင်အရေးအခင်းအလွန်ကနေ စကြည့်ကြမယ်။

- ၂၀၁၃ ခုနှစ်မှာ မြန်မာနိုင်ငံကိုရောက်လာတဲ့ သံတမန်အဖွဲ့တစ်ဖွဲ့ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးတဲ့အခါ သူက-

" ကျေးဇူးပြု၍ သူတို့ကို ရိုဟင်ဂျာလို့ မခေါ်ပါနဲ့။ သူတို့ဟာ ဘင်္ဂါလီတွေ ဖြစ်တယ်။ သူတို့ဟာ နိုင်ငံခြားသားတွေ ပါပဲ" လို့ သတိပေးခဲ့တယ်တဲ့။ အဆိုပါတွေ့ဆုံပွဲမှ အမည်မဖော်လိုတဲ့ ပုဂ္ဂိုလ်တစ်ဦးက ဖွင့်ဆိုတယ်လို့ The Wall Street Journal သတင်းဌာန " အောင်ဆန်းစုကြည် တိတ်ဆိတ်နေခြင်းရဲ့ နောက်ကွယ်က" လို့ ခေါင်းစဉ်တပ်ထားတဲ့ဆောင်းပါးမှာ ဖော်ထားတယ်။ 



လူနည်းစုတစ်စုရဲ့ ဖြစ်တည်ခြင်းပါကို ငြင်းဆိုခဲ့တဲ့ ဗမာ့ခေါင်းဆောင်တစ်အနေနဲ့ မှတ်တမ်းဝင်စ ပြုနေပြီပေါ့။ 

- ၂၀၁၆ ခု မတ်လတုန်းကပေါ့။ ဘီဘီစီ တူဒေး (BBC Today) သတင်းတင်ဆက်သူ Mishal Husain နဲ့ အင်တာဗျူးတစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်ကို သူ့ရဲ့ နှုတ်ချိုမာယာနဲ့ မသိမ်းသွင်းနိုင်တော့ ကြားဖြတ်မေးခွန်းတွေဖြေရခက်နေတယ်။ ဒီတစ်ခါ သူက-

"ကျမကို မွတ်စလင်တစ်ယောက် အင်တာဗျူးလုပ်မယ်လို့ ဘယ်သူမှ မပြောခဲ့ဘူး။" 

လို့ ဒေါနဲ့မာန်နဲ့ပြောဆိုလိုက်သေးတယ်။ အဲ့ဒီ မှတ်ချက်က ကမ္ဘာကို အံ့ဩစေခဲ့တယ်။ သူက လူသားဝါဒကနေ ဘာသာလွမ်းမိုးတဲ့ အစွန်းရောက်ဝါဒကို ကိုးကွယ်နေတာ ကမ္ဘာက သိသွားပြီလေ။ 


-  ပြီးတော့ ဒေါသထွက်နေတဲ့ လူတစ်စုက ရဲကင်းစခန်းတွေတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ၂၀၁၇ ခု၊ ဩဂုတ်လ ၅ ရက်နေ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည်က-  

"အကြမ်းဖက်လူ့အဖွဲ့အစည်းတွေနဲ့ အတူယှဉ်တွဲနေထိုင်ဖို့ မဖြစ်နိုင်၊ ပြတ်သားတဲ့ မူဝါဒချနှိမ်နင်းမယ်" တဲ့။ 

သူက နိုင်ငံ့ဦးထိပ် ခေါင်းဆောင်တစ်ဦးဖြစ်ပြီးတော့ လူတစ်စုရဲ့ လုပ်ရပ်ကို အပြစ်မဲ့လူနည်းစုတစ်ခုလုံးအပေါ် အပြစ်ပုံချလိုက်တာက ရိုးသားမှုတော့ မဟုတ်ဘူး။ ဒါ့အပြင် လူ့အဖွဲ့အစည်းတစ်ခုလုံးကို အကြမ်းဖက်လူ့အဖွဲ့အစည်းလို့ သမုတ်လိုက်တာကတော့  လူသားတောင် မဆန်ပါဘူး။ ယုတ်မာနိမ့်လွန်တဲ့ သူ့စိတ်ဓာတ် ထုတ်ပြလိုက်တာပေါ့။ သူ့စိတ်ထဲမှာ မွတ်စလင် မုန်းတီးရေး အဘယ်အတိုင်းအတာအထိ ပြင်းပြနေသလဲဆိုတာ ထင်ရှားစေတယ်။ ပြီးတော့ "ပြတ်သားတဲ့ မူဝါဒချနှိမ်နင်းမည်" ဆိုတဲ့ကတိအတိုင်း အကောင်အထည်လည်း ဖော်ခဲ့တာကိုး။ ကာလှုံ အစည်းအဝေးခေါ်ပြီးတော့ ရိုဟင်ဂျာဂျီနိုဆိုဒ်ကို အထမြောက်စေခဲ့တယ်လေ။


- ၂၀၁၇ တုန်းက နယ်မြေရှင်းလင်းခေါင်းစဉ်(ဇွဲမာန်ဟုန် စစ်ဆင်ရေး)နဲ့ ရက်ရက်စက်စက် သတ်ဖြတ်မှုကြောင့် ရိုဟင်ဂျာတွေ မိမိတို့အိုးအိမ် စွန့်ခွာလို့ အစုလိုက်အပြုံလိုက် ထွက်ပြေးရတော့ ကမ္ဘာက ဒေါ်အောင်ဆန်းစုကြည်ကို လက်ညိုးထိုးလာတော့တယ်။ ဒီတစ်ခါ သူရဲ့ ဆင်ခြင်ပေးချက်က မပြုံးတတ်တဲ့လူတောင် ဟားတိုက်ရယ်လိုက်မိမယ်။ သူပြောဆိုလိုက်တာက- 

" ဘင်္ဂလားဒေ့ရှ်ဘက်ကို မွတ်ဆလင်တွေ အများအပြား ထွက်ပြေးလာတယ်ဆိုတဲ့ သတင်းကြားရတဲ့အတွက် စိုးရိမ်မိပါတယ်။… ဒီလိုထွက်ပြေးရခြင်းက ဘာကြောင့်ဖြစ်ရတာလဲ ဆိုတာ ကျမတို့သိချင်ပါတယ်။… ရခိုင်ပြည်နယ်က မွတ်ဆလင်အများစုဟာ အဲ့ဒီ ထွက်ပြေးခိုလှုံမှုမှာ မပါဝင်ဘူးဆိုတာ လူသိနည်းတယ်လို့ ထင်ပါတယ်။ " တဲ့။ ဟား…ဟား…။

ဒီစကားဟာ ထင်ရှားတဲ့ မဟာလိမ်လည်မှုတစ်ခုဖြစ်တယ် ဆိုတာ လူတိုင်း သိတယ်။ သူ မသိယောင်ဆောင်နေတာက ထင်ရှားတယ်။ သူကိုယ်တိုင် လက်မှတ်ထိုးပြီးတော့ အတည်ပြုခဲ့တဲ့ လုပ်ရပ်တစ်ခုကို မသိယောင်ဆောင်လို့ ဘယ်ဖြစ်ပါမလဲ။ ဒါ့အပြင် လူမှုကွန်ရက်ပေါ်မှာ "ကိုယ့်အိမ်ကိုယ် မီးရှို့တယ်။ လိမ်လည်တဲ့ မုဒိမ်းမှု" စတဲ့ ဆက်တိုက် လီဆယ်ပြောဆိုခဲ့တယ်။ ဒီလိုအကြောင်းနောက်ခံတွေကြောင့် ဒီစကားခွန်းတော်ကို ရိုဟင်ဂျာလူမျိုးတုံး သတ်ဖြတ်မှုကို ဦးဆောင်ခဲ့တဲ့ နိုဘယ်ဆုရှင်တစ်ယောက်ရဲ့ စကားအနေနဲ့ အမေရိကန် လူမျိုးတုံးသတ်ဖြတ်မှု ပြတိုက်မှာ ပြသခြင်းခံရလေတယ်။ 


- ဆက်လက်ပြီး 

" ဒီပြဿနာကို ၁၈ လအတွင်း ဖြေရှင်းပေးဖို့ ကျမတို့ကို မျှော်လင့်တာက နည်းနည်း ယုတ္တိမရှိပါဘူး။…… ရခိုင်ပြည်နယ်က ဒီအရေးဟာ ဆယ်စုနှစ်များစွာကတည်းက ရှိလာခဲ့တာပါ။ ကိုလိုနီခေတ်မတိုင်ခင်ကပင် ဒီပြဿနာ ရှိနေတယ်။… ကျွန်မတို့နိုင်ငံမှာ ရှိတဲ့လူတိုင်းကို နိုင်ငံသားဖြစ်ဖြစ်၊ မဖြစ်ဖြစ် အစိုးရက စောင့်ရှောက်ဖို့ တာဝန်ရှိတယ်" လို့ ဒေါ်အောင်ဆန်းစုကြည်က ဒေလီအခြေစိုက် Asian News International သို့ ပြောကြားခဲ့တဲ့ စကားဖြစ်တယ်။ 

ဒီပြောကြားချက်ကို ဆန်းစစ်ကြည့်မယ်ဆိုရင် သူရဲ့ စကားပရိယာယ်ကြွယ်ဝပုံကို အကဲခတ်နိုင်တယ်။ "၁၈ လနဲ့ ဒီပြဿနာ ဖြေရှင်းလို့မရဘူး" ဆိုတာက အဲ့ဒီကာလ သူတို့ရဲ့ အုပ်ချုပ်ရေးအာဏာ သက်တမ်း ၁၈ လပဲ ကျန်ရှိသေးတာဖြစ်တယ်။ သူက နောက်ထပ်တစ်ကြိမ် အစိုးရဖွဲ့နိုင်ခွင့်ရဖို့အတွက် အားပေးကြပါလို့ ဝင်္ကန္တဉာဏ်နဲ့ ကမ္ဘာကို သွယ်ဝိုက်တောင်းဆိုလိုက်တာလေ။ ပြီးတော့ " ရခိုင်ပြည်နယ်ရဲ့ ဒီအရေးက ကိုလိုနီခေတ်မတိုင်မီကပင် ဖြစ်လာခဲ့တာ" ဆိုတဲ့ ဒီအချက်ကနေ သူက ယခင်အစိုးရ အဆက်ဆက်ကို ပုပ်ချလိုက်တာ သူတို့မဖြေရှင်းပေးလို့ ဒီနေ့ထိ ကျန်ရှိနေတဲ့ ပုံစံပေါ့။ နောက်တစ်ချက်ကတော့ အံ့ဩဖွယ်ကောင်းတယ် " နိုင်ငံသားဖြစ်ဖြစ်၊ မဖြစ်ဖြစ် ဒီနိုင်ငံမှာ နေတဲ့ လူတိုင်းကို စောင့်ရှောက်ဖို့ အစိုးရမှာ တာဝန်ရှိတယ်" ဆိုတာပဲ။ ဒါကို တချို့က စစ်မှန်ဒီမိုစိတ်ဓာတ်နဲ့ လူတိုင်းကို ရည်ရွယ်ကာ ပြောသွားတာလို့ ထင်ကြတယ်။ တကယ်တော့ ကိုလိုနီခေတ်မတိုင်မီက လူတွေဆိုရင် နိုင်ငံသား ဖြစ်မဖြစ်နဲ့ မှတ်ချက်ပေးစရာ မလိုဘူးဗျာ။ သူတို့က နိုင်ငံသားမက တိုင်းရင်းသားတောင် ဖြစ်ကပြီလေ။ တန်းတူအခွင့်အရေး ပေးချင်စိတ်မရှိတော့ စကားလည်း ရှေ့နောက်လွဲသွားတာပေါ့။


- အဲ့ဒီ စစ်တပ်ရဲ့ ဇွဲမာန်ဟုန် စစ်ဆင်ရေးနဲ့ ရိုဟင်ဂျာတွေကို သတ်ဖြတ်၊ မုဒိမ်းကျင့်၊ မီးရှို့တာတွေကို လူတွေက speak out လုပ်လာတော့ ဒေါ်အောင်ဆန်းစုကြည်က

"တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်နေတာ၊ လူ့အခွင့်အရေး ချိုးဖောက်နေတာ မဟုတ်ဘူး" တဲ့။ 

သူအဖေအမျိုး စစ်တပ်ကို ဘယ်လောက်အထိ အကာအကွယ်ပေးခဲ့သလဲဆိုတာ စဉ်းစားကြည့်ပါအုံး။ မိန်းကလေးတွေ သူတို့ရဲ့ မိဘအရင်း၊ ညီအကိုအရင်း ရှေ့မှောက်မှာ မုဒိမ်းကျင့်ခံရတဲ့ ကိစ္စကို အစုတ်တကာအစုတ် အမွေစုပ်က သရော်သလိုလို၊ ပြောင်သလိုလို ပြောရက်သေးတယ်။


- ၂၀၁၉ ခု ဇွန်လ ဥရောပခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်တို့ ဘူဒါပတ် မှာတွေ့ဆုံတဲ့အခါ မွတ်စလင်လူဦးရေတိုးပွားလာမှု အန္တရာယ်အကြောင်းလည်း တိုင်ပင်ဆွေးနွေးခဲ့ကြတယ်လို့ ဂါဒီးယန်းသတင်းဌာနက ဖော်ပြလိုက်ပါတယ်။

အဲဒီမှာ သူရဲ့ စိုးရိမ်ပူပန်မှုက 

“မွတ်စလင်လူဦးရေ ဆက်လက်တိုးပွားလာမှုဟာ အကြီးမားဆုံးစိန်ခေါ်မှုဖြစ်တယ်” တဲ့။

ဒီမိုအိုင်ကွန်လို့ ကမ္ဘာက အထင်မှားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကလဲ မျိုးချစ်စိတ်ဓာတ်အရေကို အပြောမာယာနဲ့ ဖုံးကွယ်ဖို့ စိတ်မရှည်တော့ဘူး။ အချိန်တန်တော့ အရေချွတ်လိုက်တော့တယ်။ ထိုင်ခုံတည်မြဲရေးက အဓိကလေ။ 

စဉ်းစားကြည့်ပေါ့။ ကမ္ဘာ့မွတ်စလင် လူဦးရေတိုးလာမှုအရေးကိုပါ စိုးရိမ်နေတဲ့သူက ပြည်တွင်းမွတ်စလင်တွေကို ရှင်သန်ခွင့် ဘယ်ပေးချင်မလဲ။ လက်ရှိ ရှိနေတဲ့လူဦးရေနဲ့ပဲ မျိုးတုံးစေချင်တာပေါ့လေ။ လူဦးရေတိုးနေတာကို ထိန်းသိမ်းတဲ့အနေနဲ့ နဲနဲလောက် သုတ်သင်ရှင်းပစ်လိုက်တာလို့ သူပြောချင်ကောင်းပြောချင်နိုင်တယ်။ ဒါနဲ့ အိုင်စီဂျီထိ ကိုယ်တိုင်သွားရောက်ကာ လူမျိုးတုံးသတ်ဖြတ်မှု ကြိုးကိုင်သူတွေကို အကာအကွယ်ပေးဖို့ ကြိုးစားခဲ့လေတယ်။ နိုဘယ်ဆုပါ သိက္ခာ ဗြဲဗြဲကျသွားစေခဲ့တယ်။ ဒါနဲ့ မတန့်ဘဲ အဓမ္မလမ်းပေါ် ဆက်လျှောက်ခဲ့တယ်။ ဝဋ်ကလည်တာပေါ့။ ဒီကနေ့ သူလည်း စစ်ဖိနပ်အောက် လက်ထိတ်ခံနေရတော့တယ်။ ကိုယ့်ထောင်ချောက် ကိုယ်မိသွားလေသတဲ့။ 


- နတ်မျက်စိ

(6-6-2022)


 ကိုးကား။

ဂျီနိုဆိုဒ် မှတ်တမ်းဝင်သွားတဲ့ လူသားအရေခြုံ တောရိုင်း စကားများ (၂)


#RohingyaGenocide

#DawAungSanSuuKyiHateSpeech

#RohangKingCollections

Friday, June 3, 2022

ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ရဲ့သေဒဏ်အမိန့်ကို စစ်ကောင်စီအတည်ပြုလိုက်ပြီလို့ပြောလာ

ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ရဲ့သေဒဏ်အမိန့်ကို စစ်ကောင်စီအတည်ပြုလိုက်ပြီလို့ပြောလာ

ဇွန် ၃၊ ၂၀၂၂ | BBC

နှစ်ပေါင်း ၃၀ ကျော်အတွင်းပထမဆုံးသေဒဏ်စီရင်မှုဖြစ်လာနိုင်တယ်လို့ ပြော

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ နဲ့ လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော် တို့ရဲ့သေဒဏ်အမိန့်ကို အတည်ပြုလိုက်ပြီလို့ စစ်ကောင်စီဘက်ကပြောလာပါတယ်။ သူတို့ကို ကြိုးမိန့်ပေးလိုက်ရင် ဒါဟာ နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံးသေဒဏ်စီရင်မှုဖြစ်လာမှာပါ။

အကြမ်းဖက်မှုဥပဒေပုဒ်မတွေနဲ့ တရားစွဲထားတဲ့ ဦးဂျင်မီ နဲ့ ဦးဖြိုးဇေယျာသော် တို့ကို ဇန်နဝါရီ ၂၁ ရက်ကထဲက စစ်ခုံရုံးက သေဒဏ်ချမှတ်ခဲ့တာပါ။ မြန်မာနိုင်ငံမှာ သေဒဏ်စီရင်ချက်ကို ကြိုးမိန့်ပေးတာက ၁၉၈၉ ခုနှစ် မတ်လ တုန်းကနောက်ဆုံးဖြစ်ပြီး အဲ့ဒီနောက်ပိုင်း သေဒဏ်စီရင်ချက်တွေကို ကြိုးပေးသတ်တာမျိုး မလုပ်တော့ပါဘူး။ လက်ရှိပြန်လည်ကျင့်သုံးတဲ့အပေါ် စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလိုပြောပါတယ်။

''အရင်ကတော့ သေဒဏ်အမိန့်ချမှတ်ခံရသူတွေဟာ ပြင်ဆင်ချက်ကို လျှောက်ရပါတယ်။ ပြင်ဆင်ချက်ကိုပယ်မှ အသနားခံစာ တင်ပါတယ်။ ဘာမှဆုံးဖြတ်ချက်မပေးဘဲ ဆိုင်းငံ့လိုက်တဲ့အခါမှာ လက်တွေ့အကောင်အထည်မဖော်တော့ဘူးပေါ့။ ခုကတော့ အဲဒီအသနားခံစာကို ပလပ်လိုက်တယ်လို့ ဆုံးဖြတ်လိုက်တဲ့အခါမှာ သေဒဏ်အမိန့်ကို အကောင်အထည်ဖော်မှာဖြစ်ပါတယ်။ တကယ်သေဒဏ်ချမှာပါ '' လို့ ပြောပါတယ်။

ဘယ်နေ့မှာ ကြိုးမိန့်ပေးမယ်ဆိုတာကို အတိအကျမပြောဘဲ အကျဥ်းထောင်လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆက်လုပ်သွားမယ်လို့ သူက ဆက်ပြောပါတယ်။ အရပ်ဘက်တရားရုံးကသေဒဏ်ချမှတ်ရင် ကြိုးမိန့်ပေးတဲ့အဆင့်ရောက်ဖို့ သုံးနှစ်ကနေ ငါးနှစ်အထိကြာတတ်ပြီး စစ်ခုံရုံးကချမှတ်ရင်တော့ မြန်ဆန်တတ်တယ်လို့ အငြိမ်းစားထောင်မှူးကြီးတစ်ဦးကပြောပါတယ်။

စစ်ကောင်စီလက်ထက်ပြန်လည်ကျင့်သုံးလိုက်တဲ့သေဒဏ်ကိုကြိုးမိန့်ပေးမှုမှာ ဦးဂျင်မီ နဲ့ ဦးဖြိုးဇေယျာသော် တို့သာမက ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ နှစ်ဦးကိုလည်း ကြိုးပေးမှာဖြစ်ပါတယ်။ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော် ဟာ လှိုင်သာယာမှာ ကျောင်းဆရာမတစ်ဦးကို သတ်ဖြတ်မှုနဲ့ သေဒဏ်ပေးထားတာဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှုအောက်က မြန်မာနိုင်ငံမှာ သေဒဏ်ချမှတ်နှုန်းဟာ စိုးရိမ်ဖွယ်မြင့်တက်လာနေတယ်လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာအဖွဲ့(Amnesty International)က ပြောလာပါတယ်။

လက်ရှိမှာ မြန်မာပြည်တွင်းမှာ စစ်ခုံရုံးတွေကနေ သေဒဏ်ချမှတ်ခံထားရသူ ၉၀ နီးပါးအထိရှိနေတာကြောင့် ဒါဟာ အရင်နှစ်တွေကထက် ၈ ဆနီးပါးမြင့်တက်လာတာလို့ AI အဖွဲ့က ထုတ်ပြန်တဲ့ ၂၀၂၁ ခုနှစ် ကမ္ဘာတဝန်းသေဒဏ်ပေးမှုကို လေ့လာစောင့်ကြည့်တဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။


Copyright: မောင်သိန်း (ဒဿနိက)

News source : BBC


တရားမျှတမှု မရရှိသေးသော တောင်ကုတ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု


တရားမျှတမှုမရရှိသေးသော တောင်ကုတ် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု


"တရားမျှတမှုဆိုတာ တိုင်းပြည်တစ်ပြည် သာယာအေးချမ်းရေးအတွက် မဖြစ်မနေ လိုအပ်တဲ့ အရာဖြစ်ပါတယ်။"

                                                —ရိုဟင်းကိန်း

တောင်ကုတ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုသည် ယနေ့ဆိုလျှင် ၁၀ နှစ်တောင် ပြည့်သွားပါပြီ။ ဘာသာရေး အားထုတ်နေသော အပြစ်မဲ့ မွတ်စလင်ခရီးသည် (၁၀) ဦးကို ဝံသာနုရက္ခိတအဖွဲ့ မည်သော ရခိုင်အကြမ်းဖက်အဖွဲ့က ဦးဆောင်၍ သောင်းကျန်းသူပေါင်း ၃၀၀ ခန့်နှင့် ဝန်းရံကာ ၂၀၁၂ ခုနှစ်၊ ဇွန်လ ၃ ရက် တနင်္ဂနွနေ့ ညနေ ၃ နာရီခန့်တွင် နေ့အလင်းရောင်အောက် တောင်ကုတ်-သံတွဲ လမ်းဆုံ၌ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။သတ်ဖြတ်မှု ဖြစ်ပွားနေချိန်တွင် ရဲနှင့် စစ်သားများသည် မည်သည့် အဟန့်အတားမျှ မပြုဘဲ လူသတ်ပွဲကို ဇာတ်ပွဲကြည့်သလို ရပ်ကြည့်နေသည်ဟု မျက်မြင်သက်သေများက ထွက်ဆိုခဲ့သည်။ တောင်တွင်းကြီးနှင့် မြောင်းမြ ဇာတိဖြစ်သော အဆိုပါ မြန်မာမွတ်စလင် ၁၀ ဦးသည် သံတွဲမှ ရန်ကုန်သို့ ရိုးမသစ္စာယာဉ် "ကားနံပါတ် ၇(ဂ) ၇၈၆၈"ဖြင့် အိမ်ပြန်နေသည့်သူများဖြစ်ကြသည်။ 


ဤမျှ ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်မှုကို ထိုချိန်က ဦးသိန်းစိန်အစိုးရသည် လျစ်လျူရှုခဲ့သည်။ နိုင်ငံတော်အစိုးရက မည်သည့် ဝမ်းနည်းကြောင်း သဝဏ်လွှမှာမှ မပို့ခဲ့ဘူး။ လက်သည် တရားခံများကို ချက်ချင်း ဖော်ထုတ်အရေးယူမည့်အစား ဇွန် ၄ ရက်နေ့ထုတ် မြန်မာအလင်းသတင်းစာတွင် "မွတ်စလင်ကုလား" ဟုသုံးနှုန်း၍ အပြစ်မဲ့ အသတ်ခံရသူများများကို ထိထိပါးပါး နိမ့်ချစော်ကားခဲ့သည်။ ဇွန် ၅ ရက်နေ့တွင် ရန်ကုန်၌ တရားမျှတမှုရရှိရေးအတွက် မွတ်စလင်များက ဆန္ဒပြတောင်းဆိုခဲ့သည်။ အစိုးရ၏ ဘက်လိုက်မှုနှင့် ကိုင်တွယ်မှု မရိုးသားမှုကြောင့် ထိုမီးသည် ရခိုင်ပြည်တစ်ခုလုံး ပျံ့နှံ့သွားကာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ အသွင်ပြောင်းလာခဲ့သည်။ 

အကြက်းဖက် အသတ်ခံရသည့် မွတ်စလင်သာသနာပြုများကို
ကားဖြင့် သံတွဲသို့ သယ်ဆောင်လာပုံ။


ဦးသိန်းစိန်အစိုးရနှင့် မျိုးချစ်နိုင်ငံရေးသမားများက နိုင်ငံရေးအမြတ်ထုတ်ရန် မွတ်စလင် မုန်းတီးရေးကို အသက်သွင်းပေးခဲ့သည်။ မွတ်စလင်များစွာ၏ အသက်၊ အိုးအိမ် ဆုံးရှုံးခံခဲ့ရသည်။ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မှအပ ကျန်မြို့များရှိမွတ်စလင်များကို မိမိတို့နေရပ်မှ မောင်းထုတ်ခဲ့သည်။ ထိုမွတ်စလင်များသည် ယနေ့အထိတိုင် မိမိနေရပ်သို့ ပြန်မလာနိုင်ခဲ့ချေ။ အိုင်ဒီပီ ဒုက္ခသည်စခန်း၌သာ ရှိနေဆဲ။ ရှေးအစိုးရ အဆက်ဆက် ရှိခဲ့သော ရိုဟင်ဂျာ သုတ်သင်ရှင်းလင်းရေး အစီအစဉ် အများစု အောင်မြင်ခဲ့လေသည်။ ထို့ပြင် ပြည်မရှိ မဘသ အကြမ်းဖက်အဖွဲ့၏ လုံဆော်မှုကြောင့် မြန်မာပြည်တစ်ဝန်း မွတ်စလင်များကို ပစ်မှတ်ထား အကြမ်းဖက် တိုက်ခိုက်မှုများ တရစပ်ဖြစ်ပွားခဲ့လေသည်။ မြန်မာပြည်မှာ လူနည်းစု မွတ်စလင်များ အသက်ရှုဖို့ ကြပ်တည်းလာခဲ့သည်။ မွတ်စလင်များသည် ရရာလမ်းကြောင်းမှ အသက်ကယ်ထွက်ပြေးရသည့် အခြေအနေ ရောက်သွားသည်။

အကြမ်းဖက် အသတ်ခံရသော မွတ်စလင်သာသနာပြုများ၏ပုံ။


ဤမျှလောက် ကျယ်ကျယ်ပြန့်ပြန့် အမြစ်တွယ်ခဲ့သော သတ်ဖြတ်မှုတစ်ခုကို နောက်မှာထက်လာသော အစိုးရကလည်း မည်သည့် အရေးတယူ ဖော်ထုတ်အရေးယူမှုမျှ မပြုခဲ့ချေ။ သမ္မတနေရာဖန်တီးရေး၊ ရိုဟင်ဂျာဆန့်ကျင်ရေးနှင့်သာ အချိန်ကုန်ဆုံးခဲ့သည်။

အခင်းဖြစ်ခါစက ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့် ဦးဆောင်သော အဖွဲ့ဝင် ၁၆ ဦးပါ စုံစမ်းစစ်ဆေးရေးအဖွဲ့တခုကို ၂၀၁၂ ခုနှစ် ဇွန်လ ကတည်းက ဟန်ပြဖွဲ့စည်းခဲ့သော်လည်း အချည်းနှီးသာ ဖြစ်ခဲ့သည်။ ၂၀၁၂ ခု ဒီဇင်ဘာလ ၅ ရက်တွင် လူသတ်မှု မမြောက်ဟု စုံစမ်းစစ်ဆေးရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။ အဓိကရုဏ်း မီးပျံ့နှံ့သွား၍ ပြည်ပမီဒီယာများက ဝေဖန်ရှုတ်ချလာသောအခါ ကြံဖွတ်အစိုးရသည် အခင်းဖြစ်ပြီး တစ်နှစ်ကြာလာပြီးနောက် သတ်ဖြတ်ပွဲတွင် ပါဝင်ခဲ့သော အကြမ်းဖက်သမားပေါင်း ၃၀၀ ခန့် မှ လူ (၆) ယောက်ကို သံသယာဖြင့်သာ ဖမ်းဆီးခဲ့သည်ဟု ဟန်ဆောင်ခဲ့သည်။ ထိုသို့ ထုတ်ပြန်ခဲ့သော်လည်း မည်သည့် အပြစ်ပေးစီရင်ခဲ့သည်မရှိချေ။ မြန်မာပြည်မှ မည်သည့်တက်ကြွလှုပ်ရှားသူများက ထိုအစုလိုက်အပြုံလိုက် သတ်ဖြတ်ပွဲ၏ ပွင့်လင်းမြင်သာသော တရားမျှတမှုရရှိရေးအတွက် အသံထုတ်ခဲ့သည်ဟူ၍လည်း မရှိခဲ့ချေ။

ဤ အကြမ်းဖက်သတ်ဖြတ်ပွဲသည် လူ ၁၀ ယောက်၏ အသက်နှင့် အစပြုခဲ့သော်လည်း သိန်းပေါင်းများစွာ၏ အသက်အိုးအိမ်တို့ကို ဖျက်ဆီးပစ်ခဲ့သည်။ ဘဝပေါင်းများစွာ နလန်မထူနိုင်အောင် ရိုက်ချိုးခဲ့သည်။ မြန်မာ့ပြည်သူတို့၏ စိတ်ဓာတ်ကို မွတ်စလင်မုန်းတီးလာအောင် ပြောင်းလဲပေးခဲ့သည်။ မြန်မာ့နိုင်ငံရေးကို မျိုးချစ်အသွင်တမျိုးပြောင်းစေခဲ့သည်။ မွတ်စလင်ကြောက်စိတ် ခေါင်းစဉ်တပ်၍ လူနည်းစုမွတ်စလင်ကို ရှင်းပစ်ခဲ့သည်။

ဤဖြစ်ရပ်များသည် အသေးအဖွဲ့လော။ မွတ်စလင်ဖြစ်သည်နှင့် မည်သူနှင့်မျှ မဆိုင်သလို လျစ်လျူရှုနေလျှင် သမိုင်းတွင်ခဲ့သော ဧရာမအမည်းစက် ပယ်ပျောက်မည်မဟုတ်ချေ။ မြန်မာပြည်က လူနည်းစု မွတ်စလင်များသည် တောင်ကုတ်အကြမ်းဖက် သတ်ဖြတ်ပွဲ၏ တရားမျှတသော စီရင်မှုကို တနေ့တချိန် ရရှိမည်ဟု မျှော်လင့်နေသတည်း။


-— လူထုဝဏ္ဏ


#WeRemember3rdJune


Thursday, June 2, 2022

သွေးရဲရဲ အာဇာနည်

 


"သွေးရဲရဲ အာဇာနည်"

-----------------


မင်းတို့ နာမည်နဲ့ ဘုရားကျောင်းလဲ မတည်ခဲ့ဘူး

မင်းတို့ နာမည်နဲ့ ဗလီကျောင်းလဲ မဆောက်ခဲ့ဘူး

ဒါပေမဲ့ ဓူဝံကြယ်ထက် တောက်ပတဲ့ ဂုဏ်ကျက်သရေ

မင်းတို့အား အနန္တဘုန်းဂုဏ်ကျက်သရေ အမိမြေက ချီးမြှင့်လိုက်ပြီ

တစ်ခါက ငါတို့ဆီစူးစူး ဆိုက်နေတဲ့ ဟိုကျည်ဆံတွေ 

မင်းတို့က မိမိရဲ့ရင်တော်မှာ ဖြည့်လို့ မြေကြီးပေါ်လဲလောင်းသွားခဲ့

ဒီမြေက လိုလိုမှန်မှန် ဖိတ်ကြားတဲ့နေရာမှာ 

မင်းတို့က သားငယ်သဖွယ် တရွှင်ရွှင် သွားအိပ်တော့တယ်

ဒီမြေက မိုးကောင်းကင်ဘက် လက်ဖြန့် ဆုတွေတောင်းတာရှိမယ်

မင်းတို့လို ဝီရစိတ်ရှင် သားရတနာတွေ ပိုင်ဆိုင်နိုင်ဖို့ကွယ်

အသက်သွေး စတေးရာမှာလဲ နှုတ်ခမ်းမှာ ဝေဖန်မှုတစ်ခုနဲ့ 

"စွန့်လွှတ်ဖို့ကို အသက်တစ်ချောင်းထက်ပို မရနိုင်ဘူးလား"တဲ့


     မင်းတို့သာ မဟုတ်ခဲ့ရင်…

    ဒီကမ္ဘာကြီး တောထဖြစ်ကုန်လိမ့်မယ်

မြေကြီးကို ဥယျာဉ်အဖြစ် သွေးရဲနဲ့ ဘယ်သူတန်ဆာဆင်မှာလဲ

လောကကြီးမှာ လူသားကတော့ ကုဋေကုဋာကွယ်

ဒါပေမဲ့ တို့အတွက် တပြုံးပြုံးနဲ့ ဘယ်သူ အသက်စွန့်လွှတ်မှာလဲ။


— လူထုဝဏ္ဏ



[ကဗျာဆရာ #Manoj_Muntashir ရဲ့ Tere Naam Pe Mandir Nhi Bani Kahin ကဗျာကို ဆီလျော်အောင်ပြန်ဆို]



Monday, May 30, 2022

အမျိုး၊ ဘာသာ ရောနှောခြင်း


အမျိုး၊ ဘာသာ ရောနှောခြင်းနှင့် ရှေးဗမာတို့၏ အမြင်


"၁၇ ရာစု အစပိုင်းတွင် အိန္ဒိယ၌ အရွယ်ရောက် အိမ်ထောင်မပြုသေးသော ဗြိတိသျှလူပျိုများ ရောက်ရှိလာခြင်း တိုးလာသည်နှင့်အမျှ ဗြိတိသျှ နှင့် အိန္ဒိယ အမျိုးအနွယ်ဆင်း ရောနှောလူမျိုး လူဦးရေ တိုးပွားလာမှုမှာ အစ၌ အနည်းငယ်သာရှိ၍ နောက်ပိုင်းတွင် မြေကြီးလက်ခတ်မလွှဲ အလျင်အမြန် တိုးပွားလာခဲ့သည်။"


— C.J.Huwes, Poor Relations: The Making of a Eurasian Community in British India , 1773-1833 (1996)

ကမ္ဘာ့လူသားမျိုးနွယ်အားလုံးသည် ကပြားများသာဖြစ်ကြပေသည်။ လူသားဟူသည် မြေကြီးမှ သစ်ပင်၊ ဝါးပင်ကဲ့သို့ ပေါက်ပွားလာခြင်းမဟုတ်ဘဲ တစ်ယောက်နှင့်တစ်ယောက် အချင်းချင်း ပေါင်းသင်းခြင်းဖြင့်် ကမ္ဘာ့လူသားမျိုးနွယ်စု ဖြစ်ပေါ်လာရခြင်း ဖြစ်ပါသည်။ ကမ္ဘာ့မည်သည့်လူသားသည် သွေးစစ်ဟူ၍ မရှိပေ။ သွေးနှောချည်းသာ ဖြစ်ပေသည်။


ဗမာပြည်တွင် နယ်ချဲ့ကိုလိုနီတို့၏ ခွဲခြားဖိနှိပ်မှုဂယက်ကြောင့် လူမျိုးရောနှောခြင်းအရေးကို အဆိုးမြင်အမြင်ကပ်လာခဲ့ကြသည်။ မတူကွဲပြားသော လူမျိုးမှ မွေးဖွားလာသော သားသမီးများကို ကပြားဟု အမည်တပ်ကာ ခွဲခြားနိမ့်ချလာခဲ့ကြသည်။ 


ကပြားလူဦးရေ အလျင်အမြန်တိုးလာခြင်းက ကိုလိုနီနယ်ချဲ့အုပ်ချုပ်ရေး၏ မလွဲမဖယ်နိုင်သော ရလဒ်တစ်ခု ဖြစ်လာသည်။ ကိုလိုနီလက်အောက်ရောက်နေချိန်တွင် သူတို့လက်အောက်ခံ နိုင်ငံများတွင် ကူးလူးသွားခြင်းကား အကန့်အသတ်မရှိခဲ့ချေ။ ထို့ကြောင့် တခြားနိုင်ငံသားများ    ဝင်ရောက်လာမှု များပြားခဲ့သည်။ ဗမာပြည်တွင် နိုင်ငံခြားသားများနှင့် ဗမာမိန်းကလေးတို့ ချစ်သံယောဇဉ်က ရှိမြဲရှိနေသည်။ ဗြိသျှအင်ပါယာ လူမျိုးခွဲခြားအုပ်ချုပ်ရေး ပေါ်လစီမူဝါဒ ရှိစေကာမူ ၂၀ ရာစု အစပိုင်း ဆယ်စုနှစ် အချို့အတွင်း ကပြား လူဦးရေ အကျယ်တဝင့် ပျံနှံလာခဲ့သည်။ တချိန်တည်းမှာ ဥရောပ-အာရှ ပြည်ပြေးသားများ လူမူအသိုင်းအဝိုင်းနှင့် မျိုရောနှောခြင်း၊ မျိုးမတူဘာသာမတူ လက်ထပ်ပေါင်းသင်းခြင်းကို ပြည်တွင်းအတော်များများက အထင်သေးမှု တိုးလာခဲ့သည်။ ဗြိတိသျှအုပ်ချုပ်ရေး တင်ထားသော  ၁၉၃၈ ပဋိပက္ခအရေးအခင်း မှတ်တမ်းအရ " ပြည်သူများ၏ စိတ်၌ အရင်းခံထားသော အဓိက သောက တစ်ခုက သူတို့၏ မိန်းကလေးများက ယေဘုယျအားဖြင့် နိုင်ငံခြားသားများ၊ အထူးသဖြင့် အိန္ဒိယကုလားများနှင့် လက်ထပ်ပေါင်းသင်းခြင်းက မေးခွန်းတစ်ခုဖြစ်လာခဲ့သည်။" ၎င်းနှစ်တွင် ဆိုရှယ်လစ်ဝါဒီတို့က မကြာမီ ကြီးပွားရေး ပုံနှိပ်လုပ်ငန်း ထူထောင်ခဲ့သည်။ ၎င်းသည် မျိုးမတူ ဘာသာမတူ လက်ထပ်ခြင်း၊ မျိုးရောနှောခြင်းကို ဗမာစာဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆန့်ကျင် တိုက်ခိုက်ဝေဖန်ခဲ့သည်။ ဦးဖိုးကလေး ရေးထားသော "ကပြား ပြဿနာ" အမည်ရှိ စာမျက်နှာ ၃၅၀ ရှိသောစာအုပ်၌ ဗမာအမျိုးသမီးများနှင့် အိန္ဒိယကုလားများ လက်ထပ်ပြီး ကပြားသားသမီးများရလာသည့် ပေါင်းစည်းမှုသည် ဗမာလူမျိုးစု၊ ယဉ်ကျေးမှု၊ လူ့အဖွဲ့အစည်းကို ထိုးဖောက်ပျက်စီးရေး၏ ခြိမ်းခြောက်မှုတစ်ခုဖြစ်သည်ဟု အခိုင်အမာဖော်ပြထားသည်။ ဥရောပ ခရီးသွားများနှင့် သမိုင်းပညာရှင်များ၏ ရေးသားဖော်ပြချက်အရ တိုင်းပြည်တွင်း မျိုးခြားလက်ထပ်ခြင်းကို သည်းခံသူများနှင့် အားပေးထောက်ခံသူများရှိသည်ဟု တွေ့ရှိရသည်။ ဦးဖိုးကလေး၏ ကပြားပြဿနာ စာအုပ်သည် ဖောက်ပြန်မှုတစ်ခုလို တွေ့ရသည်။ သူ့၏ မျိုးခြားပေါင်းသင်းမှု ဆန့်ကျင်ဝေဖန်ခြင်းက ၁၉၂၀-၁၉၃၀ အတွင်း ဗမာပြည်ရဲ့ လူမူယဉ်ကျေးမှု အသိုင်းအဝိုင်းကို ထင်ဟပ်နေသည်။ ထိုခေတ်တွင်  ဗမာမိန်းကလေးများသည် ဗုဒ္ဓဘာသာဝင်မဟုတ်သော၊ ဗမာလူမျိုးမဟုတ်သော နိုင်ခြားသားများနှင့် ရင်းနီးပေါင်းသင်းသောအခါ လူထု ဒေါသပွားပြောဆိုမှုများ၊ မကြာခဏ စွပ်စွဲရှုတ်ချမှုများ ဖြစ်ပေါ်လာခဲ့သည်။

ထိုအငြင်းအခုံ၌ မတူခွဲပြားသော ပေါင်းစည်းမှု နှစ်ခုမှာ (၁) အင်ဂလို-ဗမာ (ဥရောပသား ယောက်ျား+ဗမာမိန်းမ) နှင့် (၂) အင်ဒို-ဗမာ (အိန္ဒိယသား ယောက်ျား+ဗမာမိန်းမ) တို့ဖြစ်သည်။ ပထမအမျိုးအစားမှာ ဗမာအမျိုးသမီးကို ဗိုလ်ကတော် ဟု ရည်ညွှန်းခေါ်ဆိုကြသည်။ ဗိုလ် သည် ကိုလိုနီခေတ် စစ်သားဗိုလ်ဖြစ်သည်။ ကတော် သည် ‘ဇနီး၊မယား’ ဟု အဓိပ္ပာယ်ရသည်။ ရာထူးအဆင့်မြင့်မားသူ၏ မယားများကို အထူးသဖြင့် လေးလေးစားစား ခေါ်ဝေါသုံးစွဲသည်။ မင်းကတော်။ ဗိုလ်ကတော်သည် ကိုလိုနီ အရေးပိုင်ဗိုလ်၏ မယားဟု ဘွဲ့ဂုဏ်မြှင့် ခေါ်ဆိုခြင်းဖြစ်သည်။ အထက်ဖော်ပြချက်အရ ဗိုလ်သည် ဥရောပတိုက်သား ဖြစ်ပြီး ဗိုလ်ကတော်မှာ ဥရောပတိုက်သား၏ ကြင်ယာဖြစ်သည်။ ၎င်းအခေါ်ကို ‘ကုလားဖြူ အမျိုးသမီး' ဟု  ရှုတ်ချကဲ့ရဲ့ရန်အတွက်လည်း အသုံးပြုကြသည်။ ဤစကားလုံးသည်  မသိမသာ နှစ်မျိုး ကွဲပြားပုံဖော်နေသည်က ဥရောပတိုက်သားနှင့် ဗမာအမျိုးသမီး လက်ထပ်ခြင်းက တစ်ချိန်တည်းမှာ ဂုဏ်သိက္ခာကြီးမှုနှင့် သိက္ခာမဲ့မှု ဒွန်တွဲနေသည်။ သူ၏ မကောင်းသတင်း ရင်းမြစ်နဲ့ တစ်ပြိုင်နက် ဂုဏ်သိက္ခာကြီးသော ရင်းမြစ်လည်းဖြစ်သည်။ ကုလားနှင့် လက်ထပ်သော ဗမာအမျိုးသမီးများအတွက် စကားလုံးအထူးတလည် မတွင်ခဲ့ချေ။ ယေဘုယျအားဖြင့် ကုလားယူထားသော ဗမာအမျိုးသမီးကို ကုလားမ ဟုသာ နိမ့်ချခေါ်ခဲ့ကြသည်။  ဗိုလ်ကတော်နှင့် ကုလားကတော် ညီမျှမှုသည် အဘယ်အခါမှ သိသိသာသာ တိုးတက်မလာခဲ့ချေ။ ဂျပန်က ဗမာပြည်ကိုသိမ်းပိုက်လိုက်သော ကာလအတိုအတွင်းမှာပင် ဂျပန်ယူထားသော ဗမာအမျိုးသမီးကို ဂျပန်ကတော်ဟု ရည်ညွှန်းကြသည်။ ဤခြားနားချက်က ဖြစ်နိုင်ခြေအဖြေမှာ ဗိုလ်ကတော်က အမျိုးအဆင့်အတန်း၊ ယဉ်ကျေးမှု မြင့်မားစေသည့်အတွက် မြတ်သော လက်ထပ်ခြင်း ဖြစ်သည်ဟုပုံဖော်သည်။ ကုလား လက်ထပ်သူကို နှိမ့်သောလက်ထပ်ခြင်းဟု ပုံဖော်သည်။ သူတို့နှစ်မျိုးစလုံးက နိုင်ငံခြားသားများကိုပဲ လက်ထပ်ခြင်းဖြစ်သည်။ မွေးဖွားလာသည့် သားသမီးက ကပြားဖြစ်သည့်အတွက်ကြောင့် မကြာမီ တိုးတက်လာသည့်ပြဿနာ၌ ငြင်းခုံလာခဲ့ကြသည်။ ဤအချက်များသည် ကပြားပြဿနာနှင့် လွန်စွာ ပတ်သက်လာလေသည်။

နိုင်ငံခြားသားများ၏ မယား၊ အမျိုးသမီးနှင့် ကပြား သားသမီးများ အဘယ့်ကြောင့် ပြဿနာတစ်ခု ဖြစ်လာသနည်း။ အထက်ပါမေးခွန်းနှင့် စပ်လျဉ်း၍ ကျွန်ုပ်သည် ကိုလိုနီဗမာပြည်တွင် မျိုးမတူဘာသာမတူ လက်ထပ်ခြင်းကို ရှင်းလင်းပေးသော  ကွဲလွဲပြောင်းလွဲသော သဘောထား အကြောင်းအရင်းများစွာကို စဉ်းစားမိသည်။ အမျိုးသားရေး ပြင်းထန်သူများသည် မိမိတို့၏ အမျိုးသမီးများကို မေတ္တာရပ်ခံသည်မှာ ဓလေ့ထုံးစံ အစဉ်အလာကို စောင့်ထိန်းကြ၊ ဗမာလူမျိုး၊ ယဉ်ကျေးမှုကို ကာကွယ်ကြ၊ ခွဲခြားဆက်ဆံမှု  ခိုင်မာစွာ အမြစ်တွယ်မှု၊ အကြွေးတင်မှု တိုးမြှင့်နေခြင်း၊ ဆင်းရဲခြင်းတို့သည် ၁၉၃၀ စီးပွားရေးကြပ်တည်းမှုမှ ရောနှောထားသော ပြည်ထောင်စု၏ ပြစ်တင်ဝေဖန်မှုများကို ဦးဆောင်နေသည်။ မျိုးမတူ ဘာသာခြားရောနှော လက်ထပ်ခြင်းကို အကျယ်တဝင့် ပြောကြောင်းရင်းမှာ ကိုလိုနီအုပ်ချုပ်ရေး၏ ကျားမသဘာဝမှာလည်း ရိုးတံရှည်ခြင်းလည်းဖြစ်သည်။ 

— လူထုဝဏ္ဏ

Saturday, May 28, 2022

အာရကန်ဌာနေ တိုင်းရင်းသားရိုဟင်ဂျာ


 သမိုင်းအထွာထွာ

၁၈၅၂ ခုနှစ် ထုတ် An Account of Burma Empire သမိုင်းစာအုပ် စာမျက်နာ ၆၆ က ပြောပြနေတဲ့ ရိုဟင်ဂျာ

The mohamedans who have been long settled in the country, called themselves Rooinga or natives of Arracan.

[မိုဟာမေဒတွေဟာ တိုင်းပြည်ထဲမှာ ရှေးပဝေသဏီကပင် နေထိုင်လာခဲ့သူတွေ ဖြစ်တယ်။ သူတို့ကိုယ်သူတို့ ရိုဝန်ဂါ လို့ ခေါ်ပြီးတော့ အာရကန်ပြည်ရဲ့ မူလနေထိုင်သူလို့ ဆိုကြတယ်။]

စာချောချောနဲ့ ပြန်မယ်ဆိုရင်-

ရှေးပဝေသဏီကပင် မွတ်စလင်တွေဟာ အာရကန်ပြည်မှာ နေထိုင်လာခဲ့သူတွေဖြစ်တယ်။ သူတို့ဟာ ရိုဟင်ဂျာလူမျိုးဖြစ်ပြီး အာရကန်ပြည်ရဲ့ တိုင်းရင်းသားတွေ ဖြစ်ပါတယ်။


မှတ်ရန်-

အဲ့ဒီတုန်းက OIC တို့ ဘာတို့ မရှိဘူးနော်။ ဒေါ်လာနဲ့ ရေးခိုင်းတဲ့ သမိုင်းလဲမဖြစ်နိုင်ပါဘူး။ ဒေါက်တာအေးချမ်းပြောသလို ရခိုင်လူမျိုးကိုလည်း ရည်ညွှန်းတာ မဖြစ်နိုင်ပါဘူး။ ဒီတော့ ၁၉၅၀ လောက်က လုပ်ကြံဖန်တီးထားတဲ့ လူမျိုးဆိုတာ ယုတ္တိရှိပါသလား။ ဂျင်းခါးခါး သက်သက်ပါပဲ။ 

လူထုဝဏ္ဏ

Photo credit - Thay Lwin Oo


Wednesday, May 25, 2022

မြန်မာ့ဟာဂ်ျ ကြိုးပမ်းမှုသမိုင်း တစိတ်တပိုင်း

မြန်မာ့ဟာဂ်ျ ကြိုးပမ်းမှုသမိုင်း တစိတ်တပိုင်း (၁၉၆၁-၂၀၂၂) 


မြန်မာနိုင်ငံရှိအစ္စလာမ်ဘာသာဝင်တို့သည် မြန်မာဘုရင်များလက်ထက်ကတည်းကပင် ဆော်ဒီအာရေးဗီးယားနိုင်ငံ မက္ကာရွှေမြို့တော်သို့ သာသနာ့ ဟာဂ်ျပြုရန် မိမိတို့အစီအစဥ်ဖြင့် သွားရောက်ခဲ့သည်မှာ သမိုင်းတလျှောက် ထင်ထင်ရှားရှားတွေ့ရသည်။ ရှေးအခါက မြန်မာဟာဂျီများသည် ရေကြောင်းခရီးဖြင့်လည်းကောင်း၊ ကုန်ကြောင်းခရီးဖြင့်လည်းကောင်း မက္ကာမြို့သို့ ဟဂျ်ဘုရားဖူးသွားလေ့ရှိခဲ့သည်။ ရေကြောင်းခရီးဖြင့် တစ်လခွဲ၊ နှစ်လနီးပါးလောကကြာမြင့်၏။ ကုန်းကြောင်းခရီးဖြင့် ၆ လတောင် ကြာမြှင့်သည်ဟုဆိုသည်။ မြန်မာနိုင်ငံမှ ဗြိတိသျှအိန္ဒိယ၊ ထိုမှတဆင့် ဆော်ဒီအရေးဗီးယားသို့ ရေကြောင်းနှင့်သွားရသည်။ မြန်မာမင်းများက ဟဂျ်ခရီးစဥ်ကို အားပေးသည့်အနေဖြင့် ငွေကြေးထောက်ပံ့ခြင်း၊ မက္ကမြို့၌ အဆောက်အဦးများ ဆောက်လုပ်လှူဒါန်းခြင်းတို့ကို ပြုလုပ်လေ့ရှိခဲ့သည်။

မြန်မာဘုရင်များလက်ထက်ကတိုင် မြန်မာနိုင်ငံရှိအစ္စလာမ်ဘာသာဝင်တို့ ဆော်ဒီအာရေဗျနိုင်ငံ မက္ကာရွှေမြို့တော်သို့ ဟာဂ်ျတာဝန်ပြုမူရန်သွားခဲ့ရာ သီးခြားအစီအစဉ်နှင့်သာဖြစ်ပြီး ၁၉၅၀ ပြည့်လွန်နှစ်များတွင် နိုင်ငံတော်အစိုးရမှ စီစဉ်ပေးသောခေတ်များမှ ဦးနုအစိုးရ တိုင်အောင် အဆက်မပြတ်ရှိခဲ့လေသည်။

အာရကန်ပြည်(ယနေ့ ရခိုင်ပြည်)သို့ ခိုလှုံလာခဲ့သော မဂိုမင်းသား ရှားရှူဂျား(သက်သုဇာ)သည် အာရကန်မှတဆင့် အာရေဗျသို့ ဟဂျ်ဘုရားဖူးသွားရန် စီစဥ်ခဲ့ဖူးသည်။[၂]

ဘိုးတော်ဘုရားလက်ထက်တွင် အမရပူရမှ ဦးအိုးသည် တမန်တော်မိုဟာမွတ် ပွင့်တော်မူရာ အာရေဗျပြည်၊ မက္ကာဟ်မြို့သို့ ဘုရားဖူးသွားခဲ့ကြောင်း မှတ်တမ်းရှိသည်။

မင်းတုန်းမင်းတရားကြီးလက်တွင် ဟာဂျီများအတွက် မက္ကာဟ်မြို့၌ နှစ်ထပ်အုတ်ဇရပ် ဆောက်လုပ်လှူဒါန်းခဲ့ကြောင်း မဟာရာဇဝင်ကြီးတွင် ဖော်ပြထားသည်။

၁၉၅၀ ပြည့်လွန်နှစ်များမှ ဦးနုအစိုးရ ခေတ်များတိုင်အောင် နိုင်ငံတော်အစိုးရ၏ အစီအစဥ်ဖြင့် မြန်မာပြည်အစ္စလာမ်ဘာသာဝင်များ ဟဂျ်ခရီးတော် သွားခွင့်အဆက်မပြတ် ရရှိခဲ့လေသည်။

-၁၉၆၁ တွင် မြန်မာဟာဂျီ ၄၉၄ ဦးကို ဦးနုအစိုးရက ဟာဂ်ျပြုခွင့်ပေးခဲ့၏

- ၁၉၆၂ တွင် အာဏာသိမ်းတော်လှန်ရေးကောင်စီက နိုင်ငံခြားငွေနည်းပါးသည်ကို အကြောင်းပြ၍ ၁၀၂ ဦးသို့လျော့ချခဲ့၏

-၁၉၆၃ တွင် ဦးနေဝင်းအစိုးရက ဟာဂ်ျပြုခွင့် လုံးဝပိတ်ပင်ခဲ့၏

-၁၉၆၈ တွင် တော်လှန်ရေးအစိုးရမှ ဖမ်းဆီးထိမ်းသိမ်းထားသောဝန်ကြီးဟောင်း ဦးရာရှစ်ပြန်လည်လွတ်မြောက်လာပြီး BMOအဖွဲ့ဥက္ကဌအဖြစ်တာဝန်ယူ၍ ဦးနေဝင်းအစိုးရသို့ ဟာဂ်ျအတွက် မြန်မာပြည်မွစ်စလင်တို့အားခွင့်ပြုပေးပါရန် တောင်းဆိုခဲ့၏

-၁၉၇၈ တွင် မွဖ်သီချုပ်မာမွတ်ဒါဝတ်ယူစွပ်သည် အင်္ဂလန်နိုင်ငံလန်ဒန်အခြေစိုက် Islamic Council of Europe (ICE) ညီလာခံသို့တက်ခွင့်ရခဲ့ရာ ဟာဂ်ျမသွားရခြင်းသည် မြန်မာအစိုးရ၏ နိုင်ငံခြားငွေအခက်အခဲကြောင့်ဟု သတင်းစာရှင်းလင်းပွဲတွင် ဖြေကြားခဲ့၏

- ၁၉၈၀ မလေးရှားတွင်ကျင်းပသော အစ္စလာမ်မစ်ဒအိဝဟ်ကွန်ဖရင့် သို့ ဆရာကြီးဃာဇီ မိုဟာမက်ဟာရှင် ဆရာချယ် ပျဉ်းမနားဒေါ်ပုတို့သည် မြန်မာကိုယ်စားလှယ်များအဖြစ် တက်ရောက်ခဲ့ပြီး ဟာဂ်ျကိစ္စနှင့်စပ်လျဉ်း၍ မြန်မာအစိုးရ၏ အခက်အခဲနှင့်မကြာမီ ပြန်ဖွင့်ပါလိမ့်မည်ဟုပြောကြားခဲ့၏

-၁၉၈၀ တွင် မဆလ အစိုးရမှလူပုဂ္ဂိုလ် ၁၅၀ အားဟာဂ်ျပြုရန်ခွင့်ပေးခဲ့ရာ မော်လနာဆရာဦးခင်ရွှေ ဦးစီးလျှက်နှစ်ပေါင်း၁၇ နှစ်အကြာတွင်ပြန်လည် သွားခွင့်ရခဲ့၏

-၁၉၉၂ ခုတွင် မြန်မာစစ်အစိုးရ(နဝတ)က မြန်မာဟာဂျီဦးရေ(၂၀၀)အထိ တိုး၍ သွားခွင့်ပေးခဲ့၏

-၂၀၀၀ ခုနှစ်တွင် မြန်မာဟာဂျီများ ဘန်ကောက်တွင်ဗီဇာပြသာနာကြုံခဲ့ရ၏

-၂၀၀၃ ခုတွင် မြန်မာဟာဂျီများဟဂ်ျပြုရန် သွားရာ ဗန်ကောက်တွင် VISAကိစ္စ ပြသာနာပေါ်ခဲ့၏

-၂၀၀၄ တွင်မြန်မာဟာဂျီများ ထိုင်းနိုင်ငံတွင် VISA ကိစ္စထပ်မံ၍ ပြသာနာပေါ်ပေါက်ခဲ့ပြန်သည်

-၂၀၀၅တွင် မြန်မာစစ်အစိုးရ(နအဖ)က မြန်မာဟာဂျီဦးရေ(၃၅၀)အထိတိုးမြင့်၍ ဟာဂ်ျသွားခွင့်ပြုခဲ့၏

-၂၀၀၆တွင် မြန်မာပြည်တွင်ဆော်ဒီသံရုံးမှ တိုက်ရိုက် visa ပေးမည်ဟုကြေငြာခဲ့ရာ မွစ်စလင်များဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ကြရ၏

-၂၀၀၈ တွင် ထိုင်းဆန္ဒပြသူများက ဗန်ကောက်သုဝဏဘူမိလေယာဉ်ကွင်းအားပိတ်ဆို့ထားခဲ့ရာ မြန်မာဟာဂျီများသည် ထိုင်းစစ်တပ်ပိုင်လေယာဉ်ကွင်းငယ်လေးမှတဆင့် ဆော်ဒီသို့သွားခဲ့ရ၏

-၂၀၁၀ တွင် မြန်မာဟာဂျီများထိုင်းနိုင်ငံတွင်ဆော်ဒီVISAအတွက်ခက်ခဲကြန့်ကြာခဲ့ကြရသည်

-၂၀၁၁ တွင် ဟာဂ်ျဗီဇာမှာ မြန်မာရှိဆော်ဒီသံရုံးတွင်တိုက်ရိုက်VISAစနစ်ဖြစ်လာသော်လည်း ဟာဂ်ျအေးဂျင့်များက VISAများကို အဆမတန်ဈေးဖြင့်ရောင်းချခဲ့ကြသည်

-၂၀၁၂ တွင် များပြားစွာသော မြန်မာဟာဂျီလောင်းများ ဟာဂ်ျအေးဂျင့်အချို့၏ လိမ်လည်မူကြောင့်မသွားကြရပဲ ဆော်ဒီသံရုံးနှင့်သာသနာရေးဝန်ကြီးဌာနရှေ့တွင် ဆန္ဒပြမူများပေါ်ပေါက်ခဲ့၏

-၂၀၁၇ တွင် ဟာဂ်ျပြုသူဦးရေမှာ ၇၀၀၀ ကျော်အထိရှိပြီးအေးဂျင့်ပေါင်း ၅၀ ကျော် ဆော်ဒီသံရုံးမှခွင့်ပြုခဲ့၏

-၂၀၁၈ ခုတွင် ဟာဂ်ျအေးဂျင့်များက အဆမတန်ငွေကြေးတောင်းခံခြင်း၊ ကောင်းမွန်စွာ ဝန်ဆောင်မူမပေးဘဲ ရှောင်တိမ်းပျက်ကွက်ခြင်းများပြုလုပ်ခဲ့ရာ ဟာဂ်ျကူညီရေးအဖွဲ့(ဟာဂ်ျမစ်ရှင်)မှ ဝင်ရောက်ကူညီဖြေရှင်းပေးခဲ့သည်။ နိုင်ငံတော်အသိအမှတ်ပြု ဟဂျ်ကော်မတီတစ်ရပ် ပေါ်ပေါက်ဖို့အတွက် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်တွင် ရန်ကုနမြို့ မဟာဗန္ဓုလပန်းခြံရှေ့၌ အစ္စလာမ်ဘာသာဝင်အချို့က ဆန္ဒပြတောင်းဆိုခဲ့ကြသည်။[၄]

-၂၀၂၀/၂၁ တွင် ကိုဗစ်ရောဂါကပ်ဘေးကြောင့်  ဆော်ဒီအစိုးရမှ ကမ္ဘာလုံးဆိုင်ရာ ဟာဂ်ျခွဲတမ်းများလျော့ချခဲ့ရာ မြန်မာနိုင်ငံလည်း ခွဲတမ်းလျော့ချဖြတ်တောက်ခြင်းခံခဲ့ရ၏

- ၂၀၂၂ တွင် ဆော်ဒီသံရုံးမှ ဟာဂ်ျဗီဇာကို အွန်လိုင်းစနစ်ဖြင့် တိုက်ရိုက်လျောက်ခြင်းကို အတည်ပြုခဲ့ပြီး မြန်မာအတွက်ခွဲတမ်း ၂၀၁၀ ဦးကိုအတည်ပြုကြောင်း ကြေငြာခဲ့ပြီး သာသနာရေးဝန်ကြီးဌာနသို့လည်း အကြောင်းကြားခဲ့ရာ ယခုနှစ် ၂၀၂၂ အတွက် မြန်မာဟာဂျီ (၂၁၀၀) ဦးရေစေလွှတ်ရန် သဘောတူကြောင်း ညွန်ကြားရေးမှုးချုပ်(ပြန့်/တည်)မှ ပြန်လည်အကြောင်းကြားခဲ့၏

ကိုးကား--

Historical Facts of Muslim in Myanmar

(Timeline 1909-2019)

Kyaw Nay Min( Myo Pya)

 

မင်းတုန်းမင်းတရားကြီး၏ ကုသိုလ်တော် မက္ကာမြို့တော်ရှိ ရိုဘသ်ခေါ် ဒေါင်းဇရပ်ကြီး 

(မှတ်ချက်)

(၁)

မြန်မာဘုရင်များလက်ထက်ကတိုင် မြန်မာမွစ်စလင်များ ဆော်ဒီအာရေဗျသို့ ဟာဂ်ျပြုမူများရှိခဲ့ရာ မင်းတုန်းမင်းနှင့် မြန်မာပြည်သူများစုပေါင်းလှူဒါန်းထားခဲ့သော ဘရာမာရိုဘတ် ခေါ် ဒေါင်းဇရပ်ကြီး သည်ထင်ရှားလှစွာသောအထိမ်းအမှတ်တခုဖြစ်ခဲ့၏။ ထိုနေရာ ပြန်လည်ရရှိရေးကို ခေတ်အဆက်ဆက်ခေါင်းဆောင်တို့ကြိုးပမ်းခဲ့သော်လည်း ယနေ့တိုင်အဖြေမရှိသေးချေ

(၂)

မြန်မာမွစ်စလင်တို့၏ ဟာဂ်ျပြန်လည်သွားခွင့်ရရေးအတွက် လူအင်အား ဥစ္စာဓန နှင့် ကိုယ်ရောစိတ်ပါကြိုးပမ်းခဲ့သည့် မမေ့အပ်သော ဂုဏ်ပြုထိုက်သော ပုဂ္ဂိုလ်ကား စိန်ကုန်သည် #ဟာဂျီမပျဉ်းမနားဒေါ်ပု ပင်တည်း ဒေါ်ပု၏ဦးနေဝင်းထံတိုက်ရိုက်တောင်းဆိုမှုသည် အလွန်ပင်အရေးပါခဲ့လေသည်

(၃)

၁၉၄၉ တွင် ဘားမားမွစ်စလင်လိခ်အဖွဲ့မှ မက္ကာဟ်မြို့ရှိ ဗိုင်တွလ်မာဟ် အဆောက်အအုံအတွက် ငွေကြေးလှူဒါန်းကျပါရန် ကြေညာချက်တခု ထုတ်ပြန်ခဲ့ရာ ဗမက (ဗမာမွစ်စလင်ကွန်ဂရက်)မှ အမျိုးသမီးခေါင်းဆောင် ဝဏ္ဏကျော်ထင်ဒေါ်စောရွှေက မြန်မာ့ငွေကြေးကိုတိုင်းတပါးတွင် မသုံးဖြုန်းသင့်ဟု ကန့်ကွက်ခဲ့ရာ မွစ်စလင်လောကတွင် ပွက်လောရိုက်ခဲ့ကြသည် ယခု စကစ လက်ထက် ၂၀၂၂ ဟာဂ်ျကိုလည်း ငွေးကြေးပြသာနာကြောင့် ဆိုင်းငံပါရန် ဦးဌေးအောင် (orchid) မှ သာသနာရေးဝန်ကြီးဌာနသို့ အိတ်ဖွင့်ပေးစာကို မေ၂၀နေ့က လူမှုကွန်ယက်ပေါ်တွင် တင်ခဲ့ရာ မြန်မာပြည်အစ္စလာမ်ဘာသာဝင်တို့အကြားတွင် အုတ်အော်သောင်းနင်းဖြစ်ခဲ့ရပြန်သည်


[ကျော်နေမင်း (မြို့ပြ) ၏ ဆောင်းပါးကို တည်းဖြတ်ဖြည့်စွက်]