ဧပရယ်ဖူးလ် သမိုင်းကြောင်း
အနောက်တိုင်း(ဥရောပ)၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများကို နှစ်သက်ကြသည့် အီမာန်ရှင်မုစ်လင်မ်တို့သည် ယင်းဓလေ့ထုံးစံများ မည်သို့ဖြစ်ပေါ်လာသည်ကို လေ့လာစူးစမ်းခြင်း မပြုဘဲ မွစ်လင်မ် အသိုင်းအဝိုင်း အတွင်း လက်ခံကျင့်သုံး နေကြသည်။ အနောက်တိုင်းမှ တီထွင်လိုက်သည့် ဓလေ့များတွင် ဧပရယ်လ်ဖူးလ် ဟုခေါ်သည့် ဓလေ့ဆိုးတစ်ခုလည်း ပါဝင်သည်။ ဧပရယ်လ်ဖူးလ် ဆိုသည်မှာ နှစ်စဉ် ဧပြီလဆန်း ၁ ရက်နေ့တွင် လူတို့အား အမှန်တကယ်မဖြစ်သည့် မရှိသည့် အကြောင်းအရာတို့ဖြင့် လှောင်ပြောင် ကျီစယ်ခြင်းပင် ဖြစ်သည်။
ဧပြီ ၁ ရက်နေ့တွင် လှောင်ပြောင် မုသားပြောပြီး လှည့်ဖျားကာ လူတို့အား အရူးလုပ်ရသည်ကို မွစ်လင်မ်တို့ က ပြုပိုင်သည့်ကိစ္စဟုပင် မှတ်ယူနေကြသည်။ ထိုဧပြီ ၁ ရက်နေ့တွင် လိမ်လည်ပြောသည့်လုပ်ရပ်အား မလုပ်ဖြစ်လိုက်သည်ဟု မရှိရလေအောင် သေချာစွာ ဂရုတစိုက် ပြုလုပ်ကြသည်။ ထိုနေ့တွင် လိမ်ညာခြင်းကို အများဆုံး ပြုလုပ်နိုင်သူကိုအား ချီးကျူးဂုဏ်ပြုကြသည်။ ဤသို့ အခြားသူများ ဒုက္ခရောက် စိတ်အနှောင့် အယှက်ဖြစ်အောင် ပြုလုပ်ရသည့် ဧပရယ်လ်ဖူးလ် ကို ကောင်းသည့်ကိစ္စရပ်တစ်ခု၊ လူတို့အားပျော်ရွှင်စေ သည့် အရာတစ်ခုအဖြစ် သတ်မှတ်ထားကြပေသည်။
ဤလုပ်ရပ်သည် ကောင်းသောလုပ်ရပ် မဟုတ်ပါ။ လူတို့အား ဘေးဒုက္ခရောက်၊ အခက်အခဲဖြစ်စေသည့် လုပ်ရပ်ဆိုးပင် ဖြစ်သည်။ ထိုနေ့တွင် ဧပရယ်လ်ဖူးလ် လုပ်သူက ပြောဆိုလိုက်သည့် မုသားစကား လိမ်ညာသတင်းကြောင့် ကြားလိုက်ရသည့်သူမှာ ချက်ခြင်းသေဆုံးသွားရခြင်း၊ နှလုံးရပ်သွားခြင်း၊ ဆေးရုံ တင်လိုက်ရခြင်း စသည်အခြေအနေ အထိဖြစ်သွားရလေသည်။ ဥပမာ- မင်းအိမ်မီးလောင်သွားပြီ၊ မင်းအမျိုးတွေခရီးသွားတာ ကားအက်စီးဒင့်ဖြစ်သွားပြီ၊ စသဖြင့်ပြောလိုက်ပါက ကြားရသူမှာ ချက်ခြင်း စိတ်လှုပ်ရှားမှု ဖြစ်သွားပေမည်။ ဤသို့မဟုတ်ပဲ ကောင်းသတင်းများပေးပါကလည်း အပျော်လွန်ပြီး နှလုံးရပ် သွားနိုင်သည်။ မည်သို့ပင်ဆိုစေ လိမ်ညာထားသည့် အကောင်းများပြောသည်ပင် ဖြစ်စေ၊ ဒုက္ခပေးသည့် စကားများပြောသည်ပင် ဖြစ်စေ၊ လိမ်ညာ၊ မုသားပြောခြင်းကို အစ္စလာမ့်ရှရီအသ်တွင် လုံးဝ တားမြစ်ထား သည်။ မုသားပြောဆိုခြင်းသည် မုနာဖိက် (မွစ်လင်မ်အယောင်ဆောင်)တို့၏ လက္ခဏာများအနက်မှ တစ်ခုအပါအဝင်ဖြစ်သည်။ ဟဒီးစ်တော်တွင် -“လူတွေ ရယ်မောဖို့ မုသားပြောဆိုသူဟာ ပျက်စီးဆုံရှုံးမယ်” ဟုမိန့်ကြားထားပေသည်။ အခြားဟဒီးစ်တော်တစ်ပါးတွင် "ရယ်မောပျော်ရွှင်သည့် အခါမှာဖြစ်စေ၊ တိုက်ခိုက်သည့် အခါမှာဖြစ်စေ၊ မုသားပြောဆိုခြင်းကို မစွန့်လွှတ်သရွေ့ ထိုသူသည် ပြည့်ဝသော အီမာန်ရှင်မဟုတ်ပါ" ဟု မိန့်ကြားထားသည်။
ဤ ဧပရယ်လ်ဖူးလ်ဟူသည့် လုပ်ရပ်ဆိုး စတင်လာပုံကို သမိုင်းပညာရှင်တို့ထံမှ အဆိုကွဲများစွာ လာရှိထား ၏။ အချို့က ပြင်သစ်တို့၏ ၁၆ ရာစုပြည့်နှစ်၏ ပထမဆုံးလမှာ ဇန်ဝါရီလမှ စတင်သည်မဟုတ်၊ ဧပြီလမှစတင်ခဲ့သည်။ ထိုဧပြီလကို ရောမသားတို့က ၎င်းတို့၏နတ်ဖုရား ဗီးနပ်စ်နှင့်ဆက်နွယ်နေသည်ဟု မှတ်ယူပြီး မြင့်မြတ်မှုရှိသည်ဟု ခံယူချက်ထားသည်။ ဗီးနပ်စ်ကို ယူနာနီ ဘာသာဖြင့် Aphradile ဟုခေါ်သည်။ ၎င်းယူနာနီဘာသာကိုပင် အခြေခံ၍ April (ဧပြီလ) ဟုခေါ်ဝေါ်ပုံရသည် ဟု ဆိုကြသည်။
နောက်အဆိုတစ်ခုမှာ ဧပြီတစ်ရက်နေ့သည် ရာစုနှစ်တစ်ခု၏ ပထမဆုံးနေ့အဖြစ် ကျရောက်ခဲ့သည်။ ထိုကဲ့သို့ နေ့မျိုးတွင် သီးသန့် နတ်ဖုရားရုပ်ထု တစ်ခုအား ပူဇော်ပသပါက ထွတ်မြတ်သည်ဟုလည်း အယူအဆရှိကြသည်။ ထို့ကြောင့်လူတို့သည် နတ်ပူဇော်ပွဲနှင့်အတူ ပျော်ပွဲ ရွှင်ပွဲများလည်း ပြုလုပ်ကြသည်။ ထိုပွဲတွင် တစ်ဦးနှင့်တစ်ဦး နောက်ပြောင်မှုများ ပြုလုပ်ကြသည်။ ယင်းလုပ်ရပ်သည် တဖြည်းဖြည်းနှင့် ဧပရယ်လ်ဖူးလ်ဟု အမည်တွင်ပြီး ပြန့်နှံသွားသည်။ အချို့သူတို့က ထိုဘုရားပွဲနေ့တွင် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် လက်ဆောင်ပေးကြသည်။ လူတစ်ဦးက လက်ဆောင် ပစ္စည်းပေါ်တွင် ဟာသစကားတစ်ခု ရေးပြီး နောက်တစ်ဦးကိုပေးလိုက်သည်။ ထိုလုပ်ရပ်ကို အခြားသူများကလည်း လိုက်လုပ်ကြပြီး ပြောင်လှောင်သည့် ဓလေ့တစ်ခု ဖြစ်သွားသည် ဟု ဆိုသည်။
ဗရ်တာနေကာ (စွယ်စုံကျမ်း)တွင် ဧပရယ်လ်ဖူးလ် ဖြစ်ပေါ်လာသည့် အကြောင်းအရာတစ်ခုကို ပြောပြထား သည်မှာ မတ်လ ၂၁ ရက်ခန့်မှစတင်၍ ရာသီဥတု ပြောင်းလဲလာသည်။ ထိုသို့ ရာသီဥတုများ ပြောင်းလဲခြင်း ကို အချို့က (အလ္လာဟ့်အရှင့်ထံခိုလှုံမှုရယူပါသည်.) ဖန်ဆင်းရှင်သည် လှောင်ပြောင်သည့်အနေဖြင့် ရာသီဥတုများ ပြောင်းလဲ၍ ကျွန်ုပ်တို့ကို အရူးလုပ်နေခြင်း ဖြစ်သည်ဟု မှတ်ယူ၍ လူတို့တွင်လည်း တစ်ဦးနှင့်တစ်ဦး လှောင်ပြောင်၍ မုသားပြောဆိုခြင်းတို့ကို ထို(ရာသီဥတုကူးပြောင်းသည့်) ကာလတွင် ပြုလုပ်ကြလေသည်။ ဖန်ဆင်းရှင်၏ ကျီစယ်မှုဟု နာမည်တပ်၍ ဖြစ်ပေါ်လာသည့် ထုံးစံသည် ဖန်ဆင်းရှင်၏ နောက်လိုက်ပြုရန် (သို့မဟုတ်) ဖန်ဆင်းရှင်ထံမှ ပြစ်ဒဏ်ကိုဖိတ်ခေါ်နေခြင်းလား ဟူသည်ကို စတင် တီထွင်သူနှင့် နောက်လိုက်ကျင့်သုံးနေသူတို့ ယခုအချိန်ထိ ကွဲပြားစွာမသိကြသေးပေ။
ဧပရယ်လ်ဖူးလ် ဖြစ်လာရသည့် တတိယအကြောင်းခံကို ခရစ်နှစ် (၁၉)ရာစု၏ စွယ်စုံကျမ်းရှင် လားရူးစ်က တင်ပြထားသည်။ သူ့၏အဆိုကို အမှန်ဟု သတ်မှတ်ကြပေသည်။ ယဟူဒီနှင့် အီစာအီတို့၏ ပြောပြချက်အရ ဖြစ်ပေါ်လာပုံမှာ ဧပြီ (၁)ရက်နေ့ကို ရောမသားတို့နှင့် ယဟူဒီတို့က ဟဇရသ်အီစာ(အလိုင်)ကို လှောင်ပြောင် သရော်ခဲ့ကြသည့် အမှတ်တရနေ့အဖြစ် သတ်မှတ်ထားကြခြင်း ဖြစ်သည်။ လက်ရှိ သမ္မာကျမ်းစာတွင် ထိုဖြစ်ရပ်ကို အကျယ်တဝန့်ဖော်ပြထားသည်။ လုကာ၏ သမ္မာကျမ်း၌ ပါရှိသည့် ရေးသားချက်မှာ “၎င်းနောက် အကြင်သူသည် ထိုသူ(တမန်တော်အီစာကို ဖမ်းဆီးလိုက်သည်။ ထို့နောက် တမန်တော်အား လှောင်ပြောင်၊ ဟားတိုက်ရယ်မောခဲ့သည်။ ၎င်းနောက် တမန်တော်၏ မျက်လုံးများကို (အဝတ်ဖြင့်)ပိတ်၍ ပါးရိုက်ခဲ့သည်။ ပြီးနောက် မေးသည်မှာ အသင့်ကို ဘယ်သူ ပါးရိုက်နေတာလဲ ဆိုသည်ကို နဗူဝသ်(အိလ်ဟာမ်)ဖြင့် ဖြေကြားပါ။ ၎င်းနောက် များစွာသော စကားတို့ကို လှောင်ပြောင် သရော်၍ ထိုသူ(တမန်တော်အီစာ)ပြောသည်နှင့် ဆန့်ကျင်ဖက်ပြောဆိုခဲ့သည်။” (လုကာ ၂၂၊ ၆၃ မှ ၆၅)
သမ္မာကျမ်းများ၌ပင် အကြောင်းတစ်ခု ထပ်မံတင်ပြထားသည်မှာ အီစာ(အလိုင်ဟိစ္စလာမ်)ကို ဦးစွာ ယဟူဒီခေါင်းဆောင်များ၊ ပညာရှင်များ ပါဝင်သည့် တရားရုံးသို့ ရုံးတင်လိုက်သည်။ ထိုရုံးမှတဆင့် ပိုင်လာသပ်စ် ဟူသည့် တရားရုံး၌ စီရင်ချက်ချမည်ဆို၍ ၎င်းနေရာသို့ ပို့ဆောင်လိုက်ပြန်သည်။ တဖန် ပိုင်လာသပ်စ်မှ ဟီရိုဒေးစ်၏ ရုံးသို့ပင် ပြန်ပို့လေသည်။
စွယ်စုံကျမ်းပညာရှင်လာရူးစ်က ဆက်လက်ပြောကြားသည်မှာ ဤသို့ တမန်တော်အီစာသခင်အား ခုံရုံးနောက်တစ်ခုသို့၊ နောက်တစ်ခုမှာ ပထမတစ်ခုသို့ ပို့နေကြခြင်းသည်လည်း ဒုက္ခရောက်၊ အခက်အခဲဖြစ်စေရန် ရည်ရွယ်ခြင်းဖြစ်ပြီး တမန်တော်အား လှောင်ပြောင်သရော်ရန် ပြုလုပ်ကြခြင်းဖြစ် သည်။ ထိုဖြစ်ရပ်သည် ဧပြီ ၁ ရက်နေ့တွင် ဖြစ်ခဲ့ခြင်းကြောင့် ဧပရယ်လ်ဖူးလ် ထုံးစံသည် ထိုရိုင်းစိုင်းသည့် လုပ်ရပ်ကို အမှတ်တရဖြစ်စေရန် ရည်ရွယ်ထားခြင်းပင် ဖြစ်သည်။
ဧပရယ်လ်ဖူးလ်နေ့တွင် (ဖူးလ်)အရူးလုပ်ခံရသူကို ပြင်သစ်ဘာသာဖြင့် Possand avail ဟုခေါ်သည်။ အင်္ဂလိပ်ဖြင့် ဘာသာပြန်လျှင် April Fish ဧပြီငါး ဟု အဓိပ္ပါယ်ထွက်သည်။ ဆိုလိုသည်မှာ ဧပြီလ၌ တံငါသည်ထံ ပထမဆုံးမိသွားသည့် ငါးကဲ့သို့ ဧပရယ်လ်ဖူးလ် လုပ်သူထံ ခံရသူကလည်း မိသွားခြင်းဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ အထက်ပါအဆိုကို လာရူးစ်ကပင် တင်ပြထားပြီး မခိုင်မာသည့်အဆိုဟု သတ်မှတ်ထားသည်။ အထောက်အထားပြသည်မှာ ပြင်သစ်ဘာသာတွင် ထို Posion အတိုင်း ဆင်တူသည့် စာလုံး နောက်တစ်မျိုးရှိသည်။ ထိုစာလုံး၏ အဓိပ္ပါယ်မှာ ဒုက္ခရောက်စေခြင်း၊ ပြစ်ဒဏ်ပေးခြင်း ဖြစ်သည်။ ယင်းအဓိပ္ပါယ်ကို ထောက်ရှုလျှင် ဤဧပရယ်လ်ဖူးလ်ဟူသည့် ဓလေ့သည် အမှန်တော့ တမန်တော်အီစာအပေါ် ၎င်းတို့ ဒုက္ခပေးခဲ့ကြသည်ကို အကြောင်းခံပြီး တီထွင်ထားသည့် ဓလေ့ဖြစ်ပြီး ယင်းဖြစ်ရပ်ကို အမှတ်ရနေစေရန် သတ်မှတ်ထားခြင်း ဖြစ်ပေသည်။ (အီစာအီ (ခရစ်ယာန်)တို့၏ ပြောပြချက်အရ တမန်တော်အီစာအား ယဟူဒီ(ဂျူး)တို့က ဒုက္ခပေးခဲ့ကြကြောင်း သိရ သည်။)
ပြင်သစ်စာရေးဆရာတစ်ဦး၏ အဆိုမှာ Poisson သည် သူ့၏ မူရင်းပုံစံအတိုင်းသာ ရှိသည်။ သို့သော် ထို Poisson ကို စာလုံးငါးမျိုး၏ အစစကားလုံးများကို စုစည်းပြီး စာလုံးတစ်လုံးအဖြစ် ပုံဖော်ထားခြင်းဖြစ်သည်။ ထိုစာလုံးငါးမျိုးကို ပြင်သစ်ဘာသာဖြင့် အဓိပ္ပါယ်ဖွင့်လျှင် အစဉ်လိုက်အားဖြင့် “အီစာ၊ မစီးဟ်၊ အလ္လာဟ်၊ သား၊ ဖိဒ်ယာ” ဟု ဖြစ်သည်။ ထိုသူ့၏ ရေးသားချက်အရ ၎င်းထံတွင်လည်း ဧပရယ်လ်ဖူးလ်သည် တမန်တော်အီစာအား ဒုက္ခပေး လှောင်ပြောင်သည့်ဖြစ်ရပ်ကို သတိရစေသည့် ထုံးစံတစ်ခုပင် ဖြစ်ကြောင်း သိရသည်။
အထက်ပါပုဂ္ဂိုလ်တို့၏ အထောက်အထားခိုင်မာစွာဖြင့် တင်ပြထားသည့် ဖြစ်ရပ်တို့သည် အမှန်ဖြစ်ပါက ဖြစ်နိုင်ချေအများဆုံးမှာ ဤဧပရယ်လ်ဖူးလ်ဟူသည့် လုပ်ရပ်ဆိုးကို ယဟူဒီတို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ ရည်ရွယ်ချက်မှာလည်း တမန်တော်အီစာကို လှောင်ပြောင်ရန် ဖြစ်၏။ ဧပရယ်လ်ဖူးလ်ဟူသည့် ဓလေ့ကို ယဟူဒီ(ဂျုးလူမျိုး)တို့က (မအားဇလ္လာဟ်) အီစာနဗီကို လှောင်ပြောင်သည့်အနေဖြင့် ကျင့်သုံးခြင်းဖြစ်သည်။ ခရစ်ယာန်တို့ကလည်း ထိုဓလေ့ကို တားမြစ်ပိတ်ပင်ခြင်း၊ ရှုံချပြောဆိုခြင်းများ မရှိသည့်အပြင် ၎င်းတို့ကိုယ်တိုင်ကပင် လက်ခံကျင့်သုံးနေကြပြီး ဆက်လက်ပြန့်ပွား တည်ရှိနေရန် ကြိုးပမ်းကြခြင်းမှာ အံသြဖွယ်ရာပင်ဖြစ်သည်။ ဖြစ်နိုင်ချေတစ်ခုမှာ ခရစ်ယာန်တို့က ဧပရယ်လ်ဖူးလ်၏ ဇစ်မြစ်ကို သေချာစွာလည်း မသိသလို လေ့လာမှုလည်း မပြုကြပေ။
ယင်းခရစ်ယာန်တို့၏ အကျင့်မှာလည်း အံသြစရာပင် ဖြစ်၏။ ၎င်းတို့၏ အယူအဆအရ အီစာနဗီသည် လက်ဝါးကပ်တိုင်တွင် ကွပ်မျက်ခြင်းခံခဲ့ရသည်ဟု သတ်မှတ်ထားသည်။ သဘောတရားအရဆိုလျှင် အီစာနဗီကို ဒုက္ခရောက် သေးသိမ်စေခဲ့သည့် အရာကို ၎င်းတို့၏ အမြင်တွင်လည်း ရွံ့ရှာမုန်းတီးမှု ထားရမည်ဖြစ်သည်။ သို့သော် ၎င်းခရစ်ယာန်တို့သည် ရွံရှာရမည့်အစား အမြတ်တနိုး ထိန်းသိမ်းထားသည့် အပြင် ခရစ်ယာန်ဘာသာ၌ အမြင့်မြတ်ဆုံးအရာမှာ လက်ဝါးကပ်တိုင်ပင်ဖြစ်သည်ဟု သတ်မှတ်မှုပင် ထားလိုက်ကြသေး၏။
ဧပရယ်လ်ဖူးလ်တွင်လည်း ဤအတိုင်းပင်ဖြစ်သည်။ ခရစ်ယာန်တို့ထံ၌ အီစာနဗီကို လှောင်ပြောင် သရော်ခြင်းကိုလည်း မကောင်းသည့်အရာဟု မသတ်မှတ်သည့်အပြင် ခရစ်ယာန်အသိုင်းအဝိုင်းထဲ၌ပင် ဧပရယ်လ်ဖူးလ်လုပ်ရပ်များ ပြန့်ပွားစေရန် ဂရုစိုက်ကြဟန်တူသည်။ (အလ္လာဟ်အရှင်မြတ်သာလျှင် အသိဆုံးဖြစ်ပေသည်။)
အထက်ပါသမိုင်းကြောင်းများဖြင့် ဧပရယ်လ်ဖူးလ်သည် ဗီးနတ်စ် နတ်ဖုရားနှင့်လည်း ဆက်နွယ်နိုင်သလို (အရှင့်ထံခိုလှုံမှုယူပါ၏) ဖန်ဆင်းရှင်၏ ပြောင်လှောင်မှုကြောင့် လူတို့ကလည်း ပြောင်လှောင်မှုပြုသည်ဟု သတ်မှတ်ခြင်းလည်းဖြစ်နိုင်သည်။ သို့မဟုတ် ဟဇရသ်အီစာအား သရော်ခြင်း၊ ဒုက္ခရောက်စေခြင်းကို အမှတ်ရနေစေရန် ကျင်းပခြင်းလည်း ဖြစ်နိုင်ကြောင်း သိရသည်။ မည်သည့်ပုံစံတွင်မဆို ဤ ဧပရယ်လ်ဖူးလ် သည် ရုပ်ထုကိုးကွယ်မှု၊ နဗီတမန်တော်အား သိက္ခာကျဆင်းစေခြင်းနှင့် အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ စောဒကတတ်ခြင်း စသည်တို့မှ တစ်မျိုးမဟုတ် တစ်မျိုးနှင့် မုချ ပတ်သက် ဆက်နွယ်နေမည် ဖြစ်၏။ မွစ်လင်မ်တို့အတွက် ဧပရယ်ဖူးလ်လုပ်ရပ်သည် အလွန်အောက်တန်းကျသည့် လုပ်ရပ်တစ်ခုဖြစ်ပြီး မကောင်းမှုများစွာ ပါဝင်နေသည့် ဂုနာဟ်တစ်ခုလည်း ဖြစ်၏။
ဧပရယ်ဖူးလ်လုပ်ခြင်းဖြင့် အောက်ပါ ဂုနာများကို ပြုလုပ်ရာ ရောက်၏။ (၁) လိမ်လည်ပြောခြင်း၊ (၂)သူတပါးအား လှည့်စားခြင်း၊ (၃) သူတစ်ပါးအား ဒုက္ခပေးခြင်း၊ (၄) ဧပရယ်ဖူးလ်သည် ရုပ်ထုကိုးကွယ်သူ၊ နတ်ကိုးကွယ်သူ၊ နဗီအားပြောင်လှောင် ဒုက္ခပေးထားခြင်း စသည်တို့မှ တခုမဟုတ် တခုနှင့် ပတ်သက်ဆက်နွယ်နေမည်ဖြစ်သည်။
ထို့ကြောင့် မုစ်လင်မ်တိုင်းသည် ဧပရယ်ဖူးလ်အား မလုပ်ဆောင်ရန်နှင့် မိမိ မိသားစုနှင့် ဆွေမျိုး၊ အသိမိတ်ဆွေများတွင် လုပ်ဆောင်သူများရှိနေပါကလည်း ဆိုးကျိုးများကို ပြောပြပြီး မလုပ်ကြရန် သတိပေး တားမြစ်ရန် အထူးလိုအပ်ပါသည်။
အရှင့်ကျေးဇူးတော်ကြောင့်ပင် ကျွန်ုပ်တို့ မွစ်လင်မ်အသိုင်းအဝိုင်းတွင် ဧပရယ်ဖူး လုပ်ရပ် အများစုထံတွင် မရှိကြပါ။ သို့သော် နှစ်တစ်နှစ်၏ ဧပြီတစ်ရက်နေ့ ရောက်သည့်အခါ နောက်ပြောင် ပျော်ရွှင်တတ်သည့် အကျင့်ရှိသူတို့က အနည်းငယ်မဆို တဖက်သားအား ဒုက္ခပေးလိုက်ကြသည်ကိုတော့ ကြားသိနေရ ဆဲဖြစ်ပါသည်။
အကယ်၍ မိမိရှေ့တွင် ဧပရယ်ဖူးလ်လုပ်သည့်ပုံစံ အလိမ်စကားများ ပြောဆိုလာပါက ယင်းလုပ်ရပ်ဆိုး၏ မကောင်းခြင်းများ၊ မစ္စလာမ့်အဆုံးအမတို့နှင့် မကိုက်ညီမှု၊ ဧပရယ်ဖူးလ် ဖြစ်ပေါ်လာပုံတို့ကို သေချာစွာ နားလည်အောင် သင်ပြပေးပါက အင်န်ရှာအလ္လာဟ် ၎င်းတို့အနေဖြင့် နောက်နောင်ကို ဧပရယ်ဖူးလ် လုပ်ရပ်ကို တိုက်ဖျက်သူတစ်ဦး ဖြစ်လာမည်ဟု မျှော်လင့်ရပါသည်။
(စအာဒသ်မဂ္ဂဇင်းတွင်ပါသော မုဖ်သီသကီးဆွာဟိဗ်၏ ဆောင်းပါးကို အလ်မုဖီးဒ်မှ မြန်မာမှုပြု၍ ပြန်လည် တင်ဆက်ပါသည်။)