🔰လူထုဝဏ္ဏ🔰
‘လူမျိုးရေးခွဲခြားမှုသည် ၎င်း၏သားကောင်ခံရသူတွေကို ဖိနှိပ် ချုပ်ချယ်သည်။ ဒါပေမဲ့ ဖိနှိပ်သူတွေကိုလည်း ချည်နှောင်သည်။ထိုဖိနှိပ်သူတို့သည် မိမိ၏အသိစိတ်ကို လိမ်လည်မှုများ၏ အကျဉ်းသားဖြစ်လာသည့်တိုင် များစွာသော မသမာမှုများနှင့် လောင်မြိုက်စေသည်။ သူတို့သည် လူသားတန်းတူ ညီမျှမှု ဟူသော အမှန်တရားကို ရင်ဆိုင်နိုင်ခြင်းမရှိချေ။ အဘယ်ကြောင့် ဆိုသော် ၎င်းသည် သူတို့ ပြစ်မှားခဲ့တဲ့ မတရားမှု၏ တိတ်လန့်ကြောက်ရွံ့ခြင်းကို ထုတ်ဖော်ပေး သည်။’
-အလ်ဗေဒါ ကင်း
ယခုခေတ်တွင် ဗမာပြည်၌ ခေတ်စားနေတဲ့ စကားလုံးတစ်လုံးက ‘မျိုးချစ်’ ဖြစ်တယ်။ မိမိအမျိုးကို ချစ်ခင်တဲ့ အဓိပ္ပာယ်ဖော်ဆောင်တာပေါ့။ ဒီစကားလုံးက ကောင်းမြတ်တဲ့ အကျင့်စာရိတ္တကို ပုံဖော်ပေးတဲ့ စကားလုံး ဖြစ်သော်လည်း ဒီခေတ်တွင် စကားလုံးကို အလွဲသုံးစားမှု၊ အဓိပ္ပာယ်တစ်မျိုး ဖော်ဆောင်နေမှု ကြောင့် အန္တရာယ်ဖြစ်လာတယ်။ ပြောချင်တာကတော့ အမျိုးကို ချစ်တယ်ဆိုတာ တစ်ခြား အမျိုးမုန်းခြင်း မဟုတ်ပါ ဘူး။ အမျိုးကို ချစ်တယ်ဆိုတာက မိမိအမျိုးကို ချစ်ခင်မြတ်နိုးပြီး တစ်ခြားအမျိုးကိုလည်းပဲ လေးစားခြင်း၊ ကိုယ်ချင်းစာခြင်း ဖြစ်တယ်။ ဒါမှ မျိုးချစ် ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါမယ်။ ယနေ့တော့ အဲ့ဒီအဓိပ္ပာယ် မရှိတော့ဘူး။ မျိုးချစ် ဆိုတာနဲ့ မိမိအမျိုး မဟုတ်သူတွေကို မဖြစ်မနေ မုန်းတီးရမယ်။ အဲ့လိုမုန်းနိုင်မှသာလျှင် မျိုးချစ် ဖြစ်လာတယ်။ မျိုးချစ်ခြင်းမှ တဖြေးဖြေး အစွန်းရောက် သွားတဲ့အထိ ဖြစ်လာတယ်။ အင်မတန် ထူးဆန်းစရာ မဟုတ်လော့။ တစ်ယူသန်တယ်။
ကမ္ဘာလုံးဆိုင်ရာ တိုးတက်ရေးကို သူထက်ငါ အပြိုင်အဆိုင် ကြိုးပမ်းနေတဲ့အချိန်မှာ တို့ပြည်တွင် မျိုးချစ် ဆိုတဲ့ ဘာသာခြားမုန်းတီးရေးနဲ့ပဲ အားပြိုင်နေကြတယ်။ အချိန်နဲ့တပြေးညီ တိုးတက် နေတဲ့ ဥရောပတိုက် သားတွေ၊ အမေရိကန်တိုက်သားတွေ၊ စင်္ကာပူ၊ မလေးရှား၊ ဩစတြေးလျ စသည် တွေကို ကြည့်… ဘယ်မှာ တို့ပြည်လို့ ဘာသာမတူရင်မုန်း၊ လူမျိုးမတူရင်မုန်း တာ တွေ မရှိသလောက်ပါပဲ။ ရှေးတုန်းက ရှိခဲ့တဲ့ လူဖြူ လူမည်း ပြဿနာလည်း ဝိုင်းဝန်းပြေလည်လိုက်ပြီ။ သူတို့က အဲ့ဒီ အောက်တန်းကျတဲ့ အလုပ်တွေနဲ့ အချိန် မကုန်စေဘဲ တိုင်းပြည်တိုးတက်ရေး၊ ပညာတိုးတက်ရေးတွေကို ဦးစားပေးလုပ်နေကြ တာ မဟုတ်လော့။ တို့ပြည်မှာ ပညာရှင်ဟု မရှိသလောက်ရှားမြဲရှားပါးနေတယ်။ ရိုးရိုးတန်း ပညာရှင်တောင် လက်ချောင်းချိုး ရေတွက်လို့ရတယ် မဟုတ်လား။ ကမ္ဘာကျော် ပညာရှင်တွေလဲ ပေါ်ပေါက်ခဲ့တာ မရှိခဲ့ဖူး။ ကမ္ဘာလုံး ဆိုင်ရာ အကျိုးပြုနိုင်တဲ့ ထီတွင်မှုတွေ ထွင်ခဲ့တာ ပညာရှင်တွေ ပေါ်ပေါက်ခဲ့တာတော့ ကြားဖူးပါလား။ ဘာကြောင့်လဲဆိုရရင် အသုံးပြုရမယ်နေရာမှာ အချိန်ကိုအသုံးမပြုပဲ မဟုတ်တဲ့နေရာမှာ မိမိအဖိုးတန်ဆုံး အချိန်တွေကို ဖြုန်းတီးနေတာကြောင့်လို့ ပြောနိုင်တယ်။
ကိုလိုနီဝါဒ Divid and Rule မှ အမွေရလာတဲ့ ဒီ မျိုးမတူ ဘာသာမတူ မုန်းတီးရေးစနစ်ဟာ တို့အမျိုးသား တွေကို ဘာအကျိုးပြုခဲ့လို့လဲ။ ကိုလိုနီခေတ်မှာလဲ ဗြိတိသျှ ကုလားဖြူတွေနဲ့ ဗမာအမျိုးသမီးတွေ လက်ထပ်ပြီး ဂုဏ်ယူကြတယ်။ ‘ဗိုလ်ကတော်’ ဘွဲ့ဂုဏ်နဲ့ ကြွားမော်ကြတယ်။ ဖက်ဆစ်ဂျပန်တွေနဲ့ ယူလိုက်ရင် ‘ဗိုလ် ကတော်/ ဂျပန်ကတော်’ဘွဲ့နဲ့ အားကျတယ်။ တစ်ဖက်က ဗမာအမျိုးသမီးတွေက အိန္ဒိယသားတွေ ယူလိုက် ရင် ပြဿနာ စကုန်ပြီ။ ရှုတ်ချတယ်။ သိက္ခာမဲ့စေအောင် ဆော်ကားတယ်။ ‘ကုလားမ’ ဘွဲ့နဲ့ ဂုဏ်နှိမ့် ဆော်ကား တယ်။ ဦးဖိုးကလေးရဲ့ “ကပြားပြဿနာ” စာအုပ်မှာ အကျယ်တဝန်း ဖော်ပြထားတယ်။ ဒီမှာ နည်းနည်းစဉ်းစား ကြည့်လိုက်ရင် ဗြိတိသျှ ကုလားဖြူတွေလည်း နိုင်ငံခြားသားတွေပဲ၊ အိန္ဒိယသားတွေ လည်း နိုင်ငံခြားတွေပဲ။ သို့သော် ကုလားဖြူယူလိုက်ရင် ဗိုလ်ကတော်၊ ကုလား ယူလိုက်ရင် ကုလားကတော် မဖြစ်တော့ပဲ ကုလားမ ဖြစ်လာတယ်။ ဒီလို အမျိုးခြား မုန်းတီးခြင်းက တို့တွေရဲ့ တကယ့်မျိုးရိုးဗီဇမှာ ပါတာ မဟုတ်ပါဘူး။ အဲ့ဒါက ကိုလိုနီတွေက မျိုးကြဲလိုက်တဲ့ အမွေတစ်ခု ဖြစ်ပါတယ်။ အဲဒီအမွေကို ၁၉၆၀ ခုကျော် မှာ အုပ်ချုပ်ရေး တည်တံ့ရေးအတွက် ပြန်အသက်သွင်းပေးတယ်။ အသိခေါင်ပါးတဲ့သူတွေလည်း ကိုယ်နဲ့မကွာ စောင့်ထိန်း လာနေကြတာလဲ အရူးလိုပါပဲ။ ဆင်ခြင်စရာ…။
ကမ္ဘာ့လူသား ပျံ့နှံ့မှု၊ လူမျိုးစု ကွဲပြားမှုကို လေ့လာရင် လူအားလုံးဟာ ‘ကပြား’ ပဲ တွေ့ရမှာပါ။ ဆိုလိုတာက ရောနှောပေါင်းစည်းဖြစ်ပေါ်လာတဲ့ လူမျိုးတွေပါပဲ။ လူတွေဟာ သစ်ပင်မြက်ပင်လို ပေါက်တာက မဟုတ်တာ …။ လူတစ်ယောက်နဲ့ တစ်ယောက်၊ လူမျိုးတစ်မျိုးနဲ့ တစ်မျိုး ပေါင်းပြီး နောက်လူမျိုး တစ်မျိုးဖြစ်လာတာပါ။ ယခု ဗမာပြည်သားတွေခံယူထားတဲ့ သဘောထားအရဆိုရင် တစ်ကမ္ဘာလုံးမှာ လူမျိုးတစ်မျိုးတည်းပဲရှိမယ်။ ရှေးကျတဲ့ လူမျိုးတစ်မျိုးတည်းပဲနော်။ ခုလို ဗမာလူမျိုး၊ ကချင်လူမျိုး၊ ရခိုင်လူမျိုး စတဲ့ အမျိုးတွေ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒီမတူကွဲပြားတဲ့ လူမျိုးတွေ ဖြစ်ပေါ်လာရခြင်းက ကပြား (ပေါင်းစပ်လူမျိုး) ကျေးဇူးကြောင့်ဟု ပြောရမယ်။ ဗမာလူမျိုးလဲ တိဗက်၊ ပျူ၊ မွန်၊ ကုလား တွေရဲ့ compound တစ်ခုမှ ဖြစ်လာတဲ့ အမျိုးလို့ ပြောရရင် မှားမယ်လို့ မထင်ပါဘူး။ ခုဆို အဲ့ဒီ ဗမာလဲ နောက်တစ်မျိုးပြောင်းသွားပြီ။ ရှေး compound နဲ့ တရုတ် ပေါင်းဖြစ်လာတဲ့ အမျိုးဖြစ်နေပြီ။ ငြင်းစရာ မလိုပါဘူး…။ DNA စစ်ကြည့်ရင် ကိုယ့်ဟာကို သိသွားပါမယ်။ ပြောချင်တာက ဒီလို အမျိုးရောစပ်တဲ့ဟာ သဘာဝတစ်ခုဖြစ်ပါတယ်။ ဘယ်လိုနည်းမှ ထိန်းနိုင်မှာ မဟုတ်ဘူး။ အမျိုးရောခြင်းဟာ အပြစ်မဟုတ်ဘူး။ တကယ်တော့ နောက်လူမျိုးစု တစ်စုဖြစ်လာ အောင် လမ်းဖွင့်ပေးနေတာပါပဲ။
မျိုးချစ်အမည်ခံပြီး မတူကွဲပြားတဲ့ ဘာသာ၊ လူမျိုးကို မုန်းတီးနေခြင်းက တို့တွေကို ဘာအကျိုးဆောင်ခဲ့တာလဲ။ တို့ပြည်မှာ ဘယ်လိုအကျိုးကို ခံစားနေရတာလဲ။ ခပ်ရှင်းရှင်းပြောရရင် အရာရာမှာ နောက်ကျနေတာက တစ်ခုတည်းပါပဲ။ အမုန်းတရားဟာ အမြစ်တွယ်လာပြီး အစွန်းရောက် အသီးကို သီးစေခဲ့တယ်။ ခေတ် အဆက်ဆက် သွေးထွက်သံယိုမှုတွေနဲ့ပဲ ရင်ဆိုင်ရတာ မဟုတ်လား။ မျိုးချစ်ခေါင်း ကြိုးကိုင် လှုံဆော်သူတွေ က နာမယ်ကြီကြီးနဲ့ ချမ်းသာရာ၊ နောက်လိုက် ဆင်းရဲသားပြည်သူတွေ ဘဝ ပျက်နေကြတာပါပဲ။ ၁၉၃၈ အရေးအခင်း၊ ၁၉၄၂ အရေးအခင်း၊ ၂၀၁၄ အရေးအခင်း၊ ၂၀၁၂ အရေးအခင်း စတဲ့ ကြောက်မက်ဖွယ်ရာ လူမျိုးစု ပဋိပက္ခ ပြဿနာများ ဖြတ်သန်းသွားတာပဲ။ နှစ်ဖက် လူမျိုးစု အနည်းနှင့် အများ နစ်နာ ဆုံးရှူံးခဲ့ကြတာပါပဲ။ ရာနဲ့ထောင်နဲ့ချီတဲ့ လူတွေ သေကြေပျက်စီးခံခဲ့ရတယ်။ ဒီအရေးအခင်းတွေ မတူကွဲပြား လူမျိုးဘာသာ မုန်းတီးရေးရဲ့ မဟာရလဒ်တွေပဲဖြစ်ပါတယ်။
တကယ်ဆိုရင် အာဇာနည်ခေါင်းဆောင် ဦးရာဇတ်လို ၊ ဗကသဥက္ကဋ္ဌ ဦးရာရှစ်လို လူမျိုးခြားတွေလဲ နိုင်ငံ့ အကျိုးဆောင်ခဲ့တာပါပဲ။ တိုင်းပြည်အတွက် အသက်တောင်လှူခဲ့ကြတယ်။ သို့သော် မျိုးချစ်ခေါင်းဆောင် ဂဠုန်ဦးစောက ဘာလုပ်လဲ…။ အားလုံးအသိပါ။ ရှက်ဆုပ်စရာ…။ အဲ့ဒီလို သာဓကတွေ ဗမာ့သမိုင်း ရာဇဝင်မှာ မရေမတွက်နိုင်အောင် ရှိတယ်။ တိုင်းပြည်အတွက် အသက်စွန့်ခဲ့တဲ့ အာဇာနည်ခေါင်းဆောင် တွေကို ကြည့်ရင် ပိုနားလည်လာလိမ့်မယ်။ လူမျိုးခြားတွေ ဘာသာခြားတွေ စုံစုံလင်လင် မဟုတ်ပါလော့။ မွတ်စလင်၊ ဗုဒ္ဓဘာသာဝင်၊ ခရစ်ယာန်၊ ဟိန္ဒူ စတဲ့ မစုံဘူးလား။ ဒီလို လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံရဲ့ ကြိုးပမ်းမှုမှ လွတ်လပ်ဆိုတဲ့ ချိုမြိန်တဲ့ အသီးကို ကျွန်ုပ်တို့စားနိုင်ခွင့်ရတာ။ ဗိုလ်ချုပ်အောင်ဆန်းသာ ယနေ့မျိုးချစ် သီအိုရီကို သုံးမယ်ဆိုရင် ဗမာပြည်လွတ်လပ်ရေး အလှမ်းဘယ်လောက်ဝေးမယ်လဲ စဉ်းစားကြည့်ပါ။
တိုးတက်တဲ့နိုင်ငံတွေကြည့်ရင်လည်း ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ ညီညီညွှတ်ညွှတ် လက်တွဲ ရှေ့ဆက် ချီနေကြတာပဲ။ အဲ့ဒါကြောင့် သူတို့ ဘက်စုံ အောင်မြင်နေတာကိုး။
‘မုန်းစကို တိုစေ၊ ချစ်စကို ရှည်စေ’ ရှေး မြန်မာစကားပုံရှိမြဲမဟုတ်ပါလော့။ ထို့ပြင် လူကိုလူလိုမြင်ကြဖို့၊ အသားအရောင်၊ အဆင့်အတန်းနဲ့ လူကို မခွဲကြဖို့ မြတ်ဗုဒ္ဓဟောတော်မူခဲ့တာလည်း တောင်လို ပုံနိုင် လောက်အောင် ရှိတယ်မလား။ ဘာသာ သာသနာကို ချစ်ရင် ဘာသာ သာသနာ့ လမ်းညွှန်ချက်တွေကို မုချ လိုက်နာရပါမယ်။ ဒါမှ အောင်မြင်မှုရရှိမယ်။ ဗုဒ္ဓမြတ်စွာ ဟောတော်မူသည်မှာ-
“အသင်သည် တိရစ္ဆာန်ကို ၎င်း၏ အသားအရောင်၊ သွင်ပြင်လက္ခဏာနှင့် ခွဲခြား သိရှိနိုင် လိမ့်မည်။ လူတစ်ဦး ကောင်း မကောင်းကို ဖော်ပြသော ရုပ်ပိုင်းဆိုင်ရာ အမှတ်အသား လက္ခဏာ မရှိပါ။ အဆိုပါ စံနှုန်းကို လူသား အပေါ် မသက်ရောက်နိုင်ချေ။ လူတစ်ဦး ယုံကြည်စိတ်ချ ထိုက်မထိုက် ဖော်ပြသော ရုပ်ပိုင်းဆိုင်ရာ လက္ခဏာ မရှိချေ။ အကယ်၍ အသင်သည် လူကို သူတို့၏ ရုပ်ရည်သွင်ပြင်နှင့် ကောင်းမကောင်း စီရင် ဆုံးဖြတ်လျှင် သင်သည် လူသား (သင်)အား လျော့ချပြီး တိရိစ္ဆာန်သို့ ပြောင်းလိုက်ခြင်းဖြစ်သည်။”-ဝသတ္ထ သုတ် (၃.၉)
“မည်သူမဆို မိမိကိုယ်ကိုမိမိ ချီးကျူးဂုဏ်မြင့်ရန် သို့မဟုတ် သူတပါးကို ကဲ့ရဲ့ရှုတ်ချရန် အသားအရောင်ကို အခြေခံ၍ စဉ်းစားလျှင် ယင်းသည် မျက်မမြင်မှုသာ မဟုတ်ပါလား။”-Victory (1.11)
တို့တွေ ကပြား၊ ဘာသာခြား၊ လူမျိုးခြား စသည်ကို အကြောင်းခံပြီး မုန်းတီးနေသရွေ့ကာလ ပတ်လုံး တိုးတက် အောင်မြင်မှုရဲ့ လမ်းက ကန့်လန့်ကာနေမှာပဲ။ ဒီလို ဖွံဖြိုးမှုရဲ့ အဟန့်အတားဆိုး တွေကို အမြစ်မှ ပယ်ချရမယ်။ လူသား ဟာ လူသားပါပဲ။ လူသားဝါဒကိုပဲ ကျင့်သုံးကြပါ။ လူကို လူလိုဆက်ဆံကြပါ။ ယနေ့ လူငယ်ဟာ ရှေးခေတ်လို မဆင်မခြင်ဘဲ ပြောသမျှရုံယုံ၊ ခိုင်းသမျှလိုက်လုပ် မရှိတော့ဘူး။ အသိဥာဏ် ဖွံ့ဖြိုးသွားပြီ။ တို့လူငယ်ဟာ အနာဂတ် နိုင်ငံရှေ့ဆောင်တွေပါပဲ။ တို့နိုင်ငံကို တို့လိုချင်တဲ့ ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့နိုင်ငံအဖြစ် မိမိတို့ကိုယ်တိုင် ပုံသွန်းရပါမယ်။ တစ်ယူသန်ဝါဒ၊ အစွန်းရောက်ဝါဒတွေကို ဝေးဝေးမှ ဆင်ခြင်ရပါမယ်။ အသား၊ အရောင်၊ ယုံကြည်မှု၊ မျိုးမည် မခွဲခြားပဲ စုပေါင်းညီညွတ် လက်တွဲကာ မိမိတိုင်းပြည်ကို ကမ္ဘာ့အလယ် ကြယ်လိုလလို တောက်ပစေနိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြစို့။
No comments:
Post a Comment