ရေးသား ⏩ ဆွေမွန်
ဓားတွေ ဂျင်ကလိတွေ ကြုံရာ ကျပန်းလက်နက်တွေကို ထုတ်ပြပြီး အကြမ်းဖက် မဟုတ်သူတွေကို အကြမ်း ဖက်ရယ်လို့ စွပ်စွဲပြီး အနိုင်ကျင့် မောင်းထုတ်တာကို ၀မ်းသာနေကြသူတွေအတွက် တကယ့် အကြမ်းဖက်သမားအစစ်တွေ ၀င်လာတဲ့ နေ့မှာ ဘာလုပ်ကြမလဲ ဒီအချိန်မှာ စ စဉ်းစားသင့်ကြပြီ။
တကယ့် အစွန်းရောက်တဲ့လူဟာ ဘာသာတရားတိုင်းမှာ ရှိတယ်။ နေရာတိုင်းမှာ ရှိတယ်။ နေရာတိုင်းကို ရောက်နိုင်တယ်။ သူတို့ဟာ ဘာသာရေးကို အမည်ခံပေမယ့် ဘာသာတရားတစ်ခုခုကို နှစ်နှစ်ကာကာ လိုက်နာလက်ခံရင် လူသတ်စရာအကြောင်းကို မရှိ။
ကျွန်တော်တို့ မြန်မာနိုင်ငံသား မွတ်စ်လင်မ် ၉၉.၉၉% က အကြမ်းဖက်တာကို အရင်ကလည်း လက်မခံဘူး၊ ခုလည်း လက်မခံဘူး၊ နောင်လည်း လက်ခံမှာ မဟုတ်ဘူး။ ဒီတချက်ကို သေချာပေါက် အရင်ကလည်း ပြောနိုင်ခဲ့တယ်။ ခုလည်း ပြောနိုင်သေးတယ်၊ နောင်လည်း ပြောနိုင်ဦးမယ်။
ဒါပေမယ့် အကြမ်းမဖက်ဖက်တတ်အောင် အစွန်းမရောက်ရောက်အောင် တွန်းထုတ်တဲ့ ပေါ်လစီကို ကျင့်သုံးနေတာ ၂၀၁၂ ကတည်းက။ ခုထိ ပြန်ပြီး အကြမ်းဖက်သံ ပြန်တုန့်ပြန်သံ ပြင်းပြင်းထန်ထန် မကြားမိသေး။ မြန်မာ သိပ်ဆန်လွန်းတဲ့ အမူအကျင့်တွေကြောင့် မြန်မာမွတ်စ်လင်မ်ဆီမှာ သည်းခံစိတ်က အပြည့်၊
တစ်မြို့ပြီး တစ်မြို့ မီးရှို့မောင်းထုတ်ခံရ ဒုက္ခသည်စခန်းဖန်တီးပြီး အတင်းအဓမ္မမောင်းထုတ်ခံရ၊ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရတာတောင် လက်တုန့်မပြန်ခဲ့ကြ၊ ဘာကိုမှ ဘယ်နည်းနဲ့မှ မတုန့်ပြန် အသံမထွက်ကြတာ ဒီနေ့ထိ ...
ရိုဟင်ဂျာအကြောင်းကို လုံးဝ ဖယ်ပြောရရင် ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်က၊ ကျောက်ဖြူမြို့နယ်က တိုင်းရင်းသား ကမန်တွေကို အစ္စလာမ် ကိုးကွယ်ယုံသက်သက်နဲ့ အကြောင်းမဲ့ (၁၀၀% အကြောင်းမဲ့) မီးရှို့သတ်ဖြတ်မောင်းထုတ်ခဲ့မှုတွေ၊ သံတွဲကို သမ္မတဦးသိန်းစိန်ရှိနေတဲ့ ညမှာတောင် မြို့လုံးကျွတ်နီးပါး မီးတိုက် မီးရှို့ခွင့်တောင်းပြီး တစ်ရွာပြီး တစ်ရွာ မီးပတ်ရှို့ခဲ့တာတွေ၊ မိတ္ထီလာကိစ္စ၊ လားရှိုးကိစ္စ၊ ပဲခူးရိုးမ တကြောက ဇီးကုန်း၊ သာယာဝတီ၊ မိုးညို ကနေ နောက်ဆုံး ဥက္ကံထိ ရွာလုံးကျွတ် မီးရှို့ ဖျက်ဆီး ဘူဒိုဇာနဲ့ ထိုးဖျက်ခဲ့တာတွေဟာ လူမျိုးရေး လုံးဝ မဟုတ်ခဲ့။ ရိုဟင်ဂျာနဲ့ ၁% တောင် မပတ်သက်တဲ့ မြန်မာနိုင်ငံသား မွတ်စ်လင်မ်တွေကို အကြောင်းမဲ့ (၁၀၀% အကြောင်းမဲ့) အမုန်းတရား မပွားပွားအောင် လမ်းတိုင်း ရပ်ကွက်တိုင်း ၉၆၉ တရားပွဲတွေ ဖန်တီးခွင့်ပြုခဲ့ရာကတဆင့် မြစ်ဖျားခံခဲ့တယ်ဆိုတာ ဘယ်သူမှ ငြင်းမရ။ ကိုယ့်အမျိုးကို ကာကွယ်ဖို့ အကြောင်းပြ ဖျက်နှာဖုံးစွပ်ပေးပြီး ပြည်သူအချင်းချင်း လှည့်တိုက်ပေး ပြည်သူတွေ ဘာနည်းနဲ့ ဖြစ်ဖြစ် ရန်ဖြစ်နေကြ ချနေကြရင် ရပြီ။ ကျေနပ်တဲ့ အဖွဲ့အစည်းက တစ်ခုတည်း။
ပြသနာဖန်တီးသူနဲ့ နောက်လိုက်သူ ၊ မှိုင်းတိုက်သူနဲ့ မှိုင်းစွဲသူတွေကြားမှာ ဘာသာတူနေတဲ့အတွက် အသံတူတာ မတူတာတွေ ရှိပေမယ့် နောက်ဆုံး အသံထွက်တွေ တူကို တူလာခဲ့ရတယ်။ နောက်ဆုံး ရန်သူလို့ လက်ညှိုးထိုးပြခဲ့သူတိုင်းဟာ မြန်မာနိုင်ငံသားတွေချည်း။ အိုးမည်းသုတ်ခံရတော့ မှိုင်းဝနေသူတွေက သည်းသည်းမည်းမည်း ခွပ်ကြ ချကြ၊ မှိုင်းတိုက်နေသူတွေက သူ့အလုပ်ကလေး သူလုပ်ရင်း ဘေးရပ်ကြည့်ကာ ကျေနပ်နေကြ၊ ၂၀၁၂ ကတည်းက ကုလား ကုလားနဲ့ တကုလားတည်း ကုလားခဲ့တာ ဒီနေ့ ဒီစက္ကန့်ပိုင်းထိ၊ ကုလားတွေလည်း အိမ်ကုန်၊ စီးပွားကုန်၊ အသက်ကုန်ခဲ့သလို မြန်မာအမည်ဟာလည်း နိုင်ငံတကာမှာ ကောင်းသက်ရနံ့ ကုန်ခဲ့ပြီ။
အစိုးရကိုယ်တိုင်က ဒီနေ့ထိ ပြည်သူအချင်းချင်း ချစ်ခင်ကြဖို့ မစည်းလုံးနိုင်သေး၊ ဘယ်တုန်းကမှလည်း ပြည်သူအချင်းချင်း ချစ်ခင်လေးစားကြဖို့ တိုက်တွန်းနှိုးဆော်ပြောကြားတာ မကြားဖူးသေး။ အစိုးရအကြီးအကဲတွေကိုယ်တိုင်လည်း ဘာသာတရားပေါင်းစုံကို ကျောသားရင်သားမခွဲခြားဘဲ ဆက်ဆံပြတာ မကြုံရသေး။
ပြသနာက ခုမှ စလာတယ်။ ခုရက်ပိုင်း ရခိုင်ကိစ္စနဲ့ နွယ်ပြီး #အယ်လ်ခိုင်ဒါ အသံစကြားရတယ်။ ကျွန်တော့်အမြင်က မဖြစ်နိုင်သေးပေမယ့် မဖြစ်ဘူးလို့ တထစ်ချ စိတ်မချတော့ပါ။ နိုင်ငံတကာ စံချိန်မီ ဗုံးတွေ မြို့ပြီး ပြကြီးတွေ လူစည်ကားရာနေရာတွေမှာ တအုံးအုံးကွဲတဲ့နေ့ ဘယ်သူက ဘယ်သူ့ကို အပြစ်တင်ကြမလဲ၊ နိုင်ငံတကာ စံချိန်မီ ဗုံးခွဲကြတာက အရင်က မြင်ဖူးကြားဖူးတဲ့ အမှိုက်ပုံမှာ မြောင်းထဲမှာ ကွဲတဲ့ ပေါ်ပင် အသံဗုံးလေးတွေ မဟုတ်။ လူများလေ သူတို့ ကြိုက်လေ။ သွေးသံရဲလေ သူတို့ ကျေနပ်လေ။
ထုံးစံအတိုင်း မွတ်စ် နဲ့ အကြမ်းဖက် အမည်က ၀မ်းဆက်ဖြစ်နေဦးမှာ သေချာပေမယ့် ဒါဟာ အဖြေမဟုတ်သေး။ အမုန်းတရားကို စနစ်တကျ လှုံ့ဆော်ခဲ့သူတွေက မွတ်စ်တွေ #လုံးဝမဟုတ်ခဲ့ကြ။ ဒါကိုတော့ မျှမျှတတ မြင်တတ်ကြသူတိုင်း လက်ခံကြရလိမ့်မယ်။
အကြမ်းဖက်မှုကို ဘယ်အရာက စတင်စေပါသလဲ……?
ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းကြီးကတော့ ...
‘အာဏာသုံးပြီးတော့ တရားလက်လွတ်အုပ်ချုပ်မှုနှင့် ဖိနှိပ်ချုပ်ချယ်မှုတွေကို မခံမရပ်နိုင်တဲ့အတွက် လူတွေက နောက်ဆုံးအဆင့် ဆန့်ကျင် ပုန်ကန်တဲ့အဆင့်ကို ရောက်သွားနိုင်ပါတယ်၊ ဒါကြောင့် လူ့အခွင့်အရေးကို တရားဥပဒေစိုးမိုးမှုနဲ့ ကာကွယ်ပေးဖို့ မဖြစ်မနေ လိုအပ်ပါတယ်’လို့ ရေးပါတယ်။
ဘယ်သူက ဘယ်လိုပဲ လက်မခံပါစေ ... အဆင့်အတန်းရှိရှိ လူပီသသူတိုင်းက ဒီ လူ့အခွင့်အရေး ကြေညာစာတမ်းကြီးကို လေးစားအတုယူကြတယ်၊ စံချိန်ယူ မှတ်ကျောက်တင်ကြပါတယ်။
စာနားသတ်ပါ့မယ်။
အကြမ်းဖက်မှုအတွက် အဖြေကို အစိုးရကသာလျှင် ပေးနိုင်ပါတယ်။ တရားဥပဒေစိုးမိုးမှုနဲ့ မျှတပြီး ကျောသားရင်သားမခွဲခြားတဲ့ အုပ်ချုပ်ရေးစနစ်တစ်ရပ်ကသာလျှင် အကြမ်းဖက် ပုန်ကန် ဆန့်ကျင်မှုကို #ဖိတ်ခေါ် တာမျိုး မဖြစ်စေပါဘူး။
ဒါကြောင့် မြန်မာနိုင်ငံအတွက် အနာ နဲ့ ဆေး အချိန်မီ တည့်ပါစေ၊ မဖြစ်လာသေးတဲ့ ရောဂါတွေအတွက် အမြန်ဆုံး ကြိုတင်ကာကွယ်နိုင်ပါစေ၊ ရောဂါ မကျွမ်းခင် ထိရောက်လုံလောက်တဲ့ ဆေး အမြန်ဆုံး တွေ့ကြပါစေ၊ အမုန်းတွေ ပျောက်ပြီး အစိုးရအဖွဲ့ထဲမှာ အချစ်တွေ မေတ္တာတွေ အရင် ထွန်းကားပါစေ၊
မြန်မာနိုင်ငံကြီး အဖက်ဖက်က ကျန်းမာပါစေခင်ဗျာ။ လူမှန်သမျှ ချစ်ခင်တန်ဖိုးထားလျှက်ပါ။
#SweMon
.
.
ps
မြန်မာနိုင်ငံကို ဘယ်သူပဲ လာတိုက်တိုက်၊ ဘယ်အကြမ်းဖက်မှုပဲလာလာ ကိုရွှေကုလားတွေ ဆန့်ကျင်ပြီးသားပါ။ နိုင်ငံခြားသား ကျူးကျော်သူမှန်ရင် ဗလီတိုင်းမှာ ကြော်ငြာကလေးသာကပ်လိုက်ပါ။ ကိုရွှေကုလားတွေ ခင်ဗျားတို့ထက် တပြားမှ မလျော့တဲ့ အချစ်နဲ့ မြန်မာနိုင်ငံအတွက် ဦးထုတ်လေးဆောင်း မုတ်ဆိတ်ကလေးပွတ်ပြီး ထွက်မတိုက်ရဲစရာ အကြောင်း မရှိဘူး။ မြန်မာမွတ်စ်တွေဟာ မြန်မာနိုင်ငံအတွက် ဘယ်တုန်းကမှ သွေးမကြောင်ခဲ့ဘူးဆိုတာကို မေးလာမယ့် မေးခွန်းအတွက် အဖြေကြိုပေးခဲ့ပါတယ်။
အိုးမည်းသုတ်ပြီး ခွပ်ခိုင်းတဲ့ ကိစ္စတွေကို ဘယ်ရွှေကုလားမှ စိတ်မ၀င်စားကြတာကိုတော့ ခွင့်လွှတ်ပေးကြပါခင်ဗျာ။ :-)
အိုးမည်းသုတ်ထားတဲ့ ကိစ္စဆိုရင်လည်း ကုလားတွေက အနံ့ခံတဲ့ နေရာမှာ တော်လွန်းလှတဲ့အတွက် လှစ်လှစ်ထနေအောင် အရင်ဆုံး ကြိုသိကြပါတယ်လို့သာ ... မှာခဲ့ပါရစေ။
No comments:
Post a Comment