Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, September 11, 2017

" မွတ်ဆလင်မ်တွေ ဘာလုပ်မိလို့မုန်း ? " (သို့) "အဖြေမရှိသော မေးခွန်းများ"


ရေးသား 🔴 ဆွေမွန်|

ပြောချင်တာက ဒီလူတွေကို ဒီမွတ်ဆလင်မ်တွေကို ဒီကုလားတွေကို အမုန်းကြီး မုန်းတယ်လို့ ပြောခံရလောက်အောင် ဘာလုပ်ဖူးသလဲ၊ ဘာလုပ်ခဲ့ကြသလဲ၊ ထောက်ပြ ပြောပြနိုင်သူတွေရှိရင် ပြောပြပေးကြပါ။ ဘုမသိ ဘမသိ သူများယောင်ခိုင်းတိုင်း လိုက်ယောင်၊ အလကားနေရင်း မုန်းနေမိမှာစိုးလို့ ငရဲတွေရနေမှာစိုးလို့ ဒီစာတိုလေးကို ရေးမိပါတယ်။ အဆုံးထိ ဖတ်ကာ မှားနေတဲ့နေရာကို တွေ့တာနဲ့ အားမနာတမ်း ထောက်ပြဖို့လည်း တိုက်တွန်းပါတယ်။

မွတ်ဆလင်မ် နဲ့ မြန်မာ့သမိုင်း

ဒီလူတွေ ဒီမွတ်ဆလင်မ်တွေ ဒီနိုင်ငံ ဒီထီးနန်းတွေ တည်တံ့ခိုင်ခံ့ဖို့ တစ်ခုမှ လုပ်မပေးဖူးဘူးလို့ ပြောပြနိုင်သူတွေရှိရင် ပြောပြပေးကြပါ။ မြန်မာဘုရင်တွေခေတ်ကစပြီး မြန်မာ့ လွတ်လပ်ရေးသမိုင်း၊ ကျောင်းသားသမဂ္ဂသမိုင်း၊ ၈၈ အရေးအခင်း၊ ဒီမိုကရေစီရရှိရေးစတဲ့ ခေတ်အဆက်ဆက်မှာ မြန်မာပြည် အတွက် မြန်မာလူမျိုးတိုင်းအတွက် အုတ်တစ်ချပ် သဲတစ်ပွင့် အခိုင်အမာ သစ္စာရှိရှိ ရပ်တည် ပါဝင်တာမျိုး လုံးဝမရှိဖူးဘူးလို့ ပြောနိုင်သူရှိရင် ထောက်ပြကြပါ။ နိုင်ငံ့အရေးတိုင်းမှာ ဘယ်သူ့ရဲ့ တိုက်တွန်းမှုမှ မပါဘဲ မွတ်ဆလင်မ်တွေ ရှေ့တန်းက မပါဖူးတဲ့ပွဲလေး တစ်ပွဲလောက်ရှိရင် ထောက်ပြပေးကြပါ။ မြန်မာဘုရင်တွေခေတ် အစ၊ လွတ်လပ်ရေးခေတ် ဦးရာဇတ်အလယ်၊ အခု ဦးကိုနီအဆုံး၊ အမုန်းခံပြီး မြန်မာနိုင်ငံသား အများစု အကျိုးအတွက် လုပ်ခဲ့ လုပ်ပေး လုပ်နေတာကို မကြိုက်တဲ့သူတွေဟာ မြန်မာနိုင်ငံကောင်းကျိုး မလိုလားသူ စစ်စစ် သေချာပေါက်ဖြစ်နေပါပြီ။
အပေးသာရှိခဲ့ပြီး အယူ မရှိခဲ့တာ မွတ်ဆလင်မ်တွေရဲ့ လှပခဲ့တဲ့သမိုင်း စာမျက်နှာပါ။ ဘယ်သူတွေ အရောင်ညစ်အောင်လုပ်လုပ်၊ ဘယ်သူတွေပဲ အသိအမှတ် မပြုပါစေ၊ အမြဲထွန်းပြောင်နေခဲ့၊ နေမယ့် မြန်မာပြည်က မွတ်ဆလင်မ်တွေရဲ့ ၀င်းပခဲ့တဲ့ သမိုင်း မှတ်တမ်းတွေပါ။ နှစ် ရာချီလင်းဝင်းခဲ့တဲ့ မွတ်ဆလင်မ်တွေရဲ့ သမိုင်းဟာ ဒီ တစ်နှစ် ဖျက်ရုံနဲ့ ပျက်လိမ့်မယ်လို့ တွေးထင်နေသူတွေက စူပါတန်းဝင် ငပိန်းတွေပါပဲ။

မွတ်ဆလင်မ် နဲ့ ဂုတ်သွေးစုပ် စီးပွားရေးသမားများ

ဒီမွတ်ဆလင်မ်တွေထဲမှာ မြန်မာပြည်သူတွေ စီးပွားရေး လူမှုရေးထိခိုက်အောင်၊ မြို့ရပ်ကွက်တွေကိုရွှေ့ပစ်၊ ဘုန်းကြီးကျောင်းတွေပြောင်း၊ ဘုန်းကြီးတွေကို သေနတ်နဲ့ပစ်၊ ဆန္ဒဖော်ထုတ်သူတွေကို မီးခိုးဗုံး(မီးဗုံး)နဲ့ထု စတဲ့ ဆုံးဖြတ်ချက်တွေပေးတဲ့ အစိုးရအဖွဲ့ဝင် အာဏာပိုင် မွတ်ဆလင်မ်ဝန်ကြီး ရှိဖူးပါသလား၊ မြန်မာပြည်ကို ဘယ်လိုနည်းနဲ့ဖြစ်စေ နည်းနည်းလေးဖြစ်ဖြစ် ထိခိုက်စေခဲ့ဖူးတဲ့ သစ္စာဖောက်ဖူးတဲ့ မွတ်ဆလင်မ် အာဏာပိုင် ရှိခဲ့ရင် ထောက်ပြကြပါ။ ဒီမွတ်ဆလင်မ်တွေက မြန်မာပြည်စီးပွားရေးထိခိုက်အောင် ဒီနိုင်ငံက လယ်ယာမြေတွေသိမ်း၊ မြေကွက်တွေဝယ်၊ ရွှေ ဒေါ်လာ ဈေးကစား၊ သစ်တွေခိုးခုတ်၊ gas တွေရောင်းပစ်သလား၊ လယ်သမားတွေ နိုင်ငံသားတွေကို ဒုက္ခပေးဖူးတဲ့ မွတ်ဆလင်မ် ခရိုနီတစ်ဦးလောက်ရှိရင် ထောက်ပြကြပါ။

ဒီမွတ်ဆလင်မ်တွေက မြန်မာပြည်သူတွေ စီးပွားရေးထိခိုက်အောင် သာမန်လူသုံးပစ္စည်းတွေကို အမြတ်ကြီးတင် ရောင်းနေသလား၊ အပြိုင်အဆိုင်လုပ်နေရတဲ့ ဒီခေတ်ထဲမှာ အမြတ်ကြီးစားဆိုင်မှာ နှစ်ခါ သုံးခါဝယ်မိလောက်အောင် တုံးတဲ့လူ ရှိရင်ပြကြပါ။

ဒီမွတ်ဆလင်မ်တွေက မြန်မာပြည်သူတွေ စီးပွားရေးထိခိုက်အောင် စီးပွားရေး ဂုတ်သွေးစုပ်၊ စတီးချိုင့်ကအစ ထမိန်အဆုံး၊ ရွှေငွေ စက်ဘီး အိမ်ခြံမြေ အားလုံးအပေါင်ခံတဲ့ ချစ်တီးအပေါင်ဆိုင်တွေဖွင့်ပြီး အတိုးကြီးကြီးစားနေသလား၊ မွတ်ဆလင်မ်တွေ ဖွင့်ထားတဲ့ အပေါင်ဆိုင်တစ်ဆိုင်ရှိရင် ထောက်ပြကြပါ။

မွတ်ဆလင်မ် နဲ့ ကိုယ်ကျင့်တရား

ဒီမွတ်ဆလင်မ်တွေ မြန်မာပြည်သူတွေအကျင့်စာရိတ္တပျက်အောင် အရက်ဆိုင် KTV ဖွင့်နေသလား၊ ရန်ကုန်တစ်မြို့တည်းမှာ အရက်ဆိုင်၊ မာဆတ်ခန်းအရေအတွက်က ဘုန်းကြီးကျောင်း အရေအတွက်၊ ဗလီအရေအတွက်၊ ချခ်ျအရေအတွက်ထက် ပိုများတာ မသိချင်ယောင်ဆောင်နေကြတာလား။ 

မြန်မာပြည်မြို့တိုင်းက တည်းခိုခန်းတွေမှာ ကျောင်းစိမ်းကျောင်းဖြူဝတ်အရွယ်ကစပြီး အသက် ၅၀၊ ၆၀ တွေ ထိ ၀င်လာမစဲ၊ စနေ တနင်္ဂနွေနေ့ တွေမှာ အတွဲတွေ အခန်းအလှည့်ရဖို့ ထိုင်စောင့်နေရလောက်အောင် အမျိုးကောင်းသားသမီးတွေ များလာတာ ဘယ်သူ့ကြောင့်လဲ။ ဒီမွတ်ဆလင်မ်တွေလုပ်လိုက်လို့လား၊
ညပိုင်းမြို့ကြီးတိုင်းမှာ နိုက်ကလပ်၊ ဒေးကလပ်တွေဖွင့်ခွင့်ပေး၊ သာမန်လူတန်းစား နေ့စားတွေ ကလပ်နား ကပ်နိုင်သလား၊ ဘယ်လူတန်းစားတွေပဲ လာနိုင်တယ်ဆိုတာ လူတိုင်းသိ။ ညနက်ပိုင်းတွေထိ မူးကြ ဈေးညှိကြ၊ ရန်ဖြစ်ကြ၊ မသိသူမရှိ။ မသိယောင်ဆောင်နေရင်တော့ မတတ်နိုင်။ 

ဒီဖာခန်း တည်းခိုခန်း လိုင်စင်တွေကို မွတ်ဆလင်မ်တွေ ထုတ်ပေးနေတာလား။ မြန်မာပြည်သူတွေ အကျင့် စာရိတ္တ ပျက်ပြားအောင်လုပ်နေတဲ့ မွတ်ဆလင်မ်ပိုင် ကလပ်၊ ဖာခန်း၊ အရက်ဆိုင် KTV ရှိရင်ထောက်ပြ ကြပါ။

ဒီမွတ်ဆလင်မ်တွေရဲ့ ပင်ကိုယ် အကျင့်သိက္ခာ လုံးဝမကောင်းဘူး၊ မြန်မာတွေရဲ့ ပင်ကိုယ် အကျင့် စရိုက်ကောင်းတွေ ပျက်အောင်လုပ်နေတယ်လို့ ပြောနိုင်လောက်အောင် မွတ်ဆလင်မ်ရိုက်တဲ့ သရုပ်ဆောင်ထားတဲ့ blue 18+ အပြာ အဖော်အချွတ် အပူးအခွ အတိုအပြတ် ဗီဒီယို၊ ဓါတ်ပုံမြင်ဖူး ပါသလား။ မွတ်ဆလင်မ်စုံတွဲတွေ ကိုယ်တိုင်ပါဝင် လိင်ဆက်ဆံနေကြတဲ့ အင်တာနက် အခွေတိုတွေ ဘယ်နှစ်ခု မြင်ဖူးပါသလဲ။ မွတ်ဆလင်မ်တွေ လုံလုံခြုံခြုံဝတ်ဆင်တာကို တမင်မနှစ်သက်ဘဲ မြန်မာ့ယဉ်ကျေးမှုနဲ့ (လုံးဝ) မသက်ဆိုင်တဲ့ အဖော်အချွတ်၊ အတိုအပြတ်၊ အဟိုက်အငိုက်တွေကို ကြိုက်တတ်နေရင်တော့ မြန်မာစစ်စစ် မဟုတ်ဘူးလို့တောင် ပြောနိုင်ပါတယ်။

မွတ်ဆလင်မ် နဲ့ ခိုးဝင်ခြင်းကိစ္စ

ဒီမွတ်ဆလင်မ်တွေ မြန်မာပြည်ထဲကို ခိုးဝင်တယ်ပြောခြင်း ကိုယ်တိုင်က အစိုးရဘယ်လောက်ညံ့ဖျင်းတယ် ထောက်ပြနေတာနဲ့ အတူတူပါပဲ။

ခိုင်မာတဲ့ အထောက်အထားမရှိရင် နိုင်ကဒ်မပြောနဲ့ white card တောင်မရပါဘူး။ နိုင်ကဒ်ကိုင်ထားသူ အားလုံးဟာ တင်းကျပ်လှတဲ့ လ၀က ဥပဒေနဲ့ အကြိမ်ကြိမ်စစ်ဆေးပြီးမှ ရလာတဲ့ နိုင်ငံသား အစစ်တွေ ချည်းပါပဲ။ ရပ်ကွက်ထဲမှာ ဧည့်မတိုင်ဘဲ မှတ်ပုံတင်အထောက်အထားမပါဘဲ ခိုးဝင် ခိုးတည်းလို့ရတဲ့ ရပ်ကွက်၊ လမ်း၊ ခရီးသွားလို့ ရတဲ့မြို့ရှိရင် ပြောပြကြပါ။ သံသယနဲ့ကြည့်ရင် တစ်နိုင်ငံလုံးခိုးဝင်သူတွေပဲ ဖြစ်နေပါလိမ့်မယ်။

မွတ်ဆလင်မ် နဲ့ နိုင်ငံအပေါ် သစ္စာစောင့်သိစိတ်

ကျောင်းတက်ဖူးတဲ့လူတွေကိုပဲ ထပ်မေးပါမယ်၊ မွတ်ဆလင်သူငယ်ချင်းတွေထဲမှာ နိုင်ငံတော်အလံ ကိုအလေးမပြုတဲ့လူ ရှိဖူးရင် ထောက်ပြကြပါ။ နိုင်ငံတော်အလံ ကိုအလေးပြု/ မပြု သာမက ကြိုက်တဲ့ ဘာသာရေးဗလီဆရာတွေကို မေးကြည့်ပါ။ ရှင်းပြပါလိမ့်မယ်။ မိမိနေထိုင်ရာ ဇာတိမြေကို ချစ်မြတ်နိုးခြင်းသည် အစ္စလာမ်အား ယုံကြည်သက်ဝင်ခြင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ မွတ်ဆလင်မ်တွေ လက်ခံတဲ့ ဗုခါရီကျမ်းထဲမှာ ခေါင်းစဉ်တစ်ခုအနေနဲ့ တင်ထားတာတောင်ရှိပါတယ်။ နိုင်ငံဇာတိမြေကို မချစ်ရင် မွတ်ဆလင်မ်တစ်ဦး ဖြစ်မလာပါဘူး။ မြန်မာ့သမိုင်းမှာ မြန်မာနိုင်ငံ ကောင်းကျိုးဆောင်ခဲ့တဲ့ မွတ်ဆလင်မ်တွေပဲရှိပါတယ်။ နိုင်ငံဂုဏ်ယုတ်စေခဲ့တဲ့ မွတ်ဆလင်မ်၊ နိုင်ငံတော်သစ္စာကို ဖောက်ဖျက်ဖူးတဲ့ မွတ်ဆလင်မ်တစ်ယောက် ရှိခဲ့ရင် ပြပေးကြပါ။ ငပိန်းတွေ နားလည်နိုင်စွမ်းမရှိတာတော့ မတတ်နိုင်ပါဘူး။

မွတ်ဆလင်မ် နဲ့ ကိုးကွယ်မှု ပြန့်ပွားစေခြင်း

ဒီမွတ်ဆလင်မ်တွေ မြန်မာပြည်သူတွေ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာ ဗုဒ္ဓသာသနာပျက်အောင် အိမ်တိုင် ယာရောက် အုပ်စုလိုက် အဖွဲ့လိုက်ဘာသာရေးစာရွက် စာစောင်တွေ ကျမ်းစာတွေ အခမဲ့လိုက်ဝေတာ၊ ဆွဲဆောင်တာလုပ်နေသလား၊ အလ္လာဟ်ကိုသာ ကိုးကွယ်ကြပါ၊ အလ္လာဟ်သာလျှင် အပြစ်အားလုံးကို ခွင့်လွှတ်နိုင်တယ်။ ကောင်းကင်နိုင်ငံတော်ကို အလ္လာဟ်အားဖြင့်သာရောက်နိုင်တယ် စသည်ဖြင့် ပြောခံ ဆွယ်ခံရဖူးတဲ့ ဗုဒ္ဓဘာသာဝင်တစ်ဦးရှိခဲ့ဖူးရင် ပြောကြပါ။ မြင်ဖူးချင်လွန်းလို့ပါ။

ဝင်ချင်ရင်တောင် ၀င်ဖို့ အခက်ဆုံးဘာသာတရားထဲမှာ အစ္စလာမ် ထိပ်ဆုံးက ပါပါတယ်။
ဒီမွတ်ဆလင်မ်တွေ မြန်မာပြည်သူတွေ လူမျိုးပျောက်အောင်၊ မြန်မာတိုင်းရင်းသူတွေကို အတင်းအဓမ္မ လက်ထပ်တာကို ခံရလောက်အောင် တုံးတဲ့ မြန်မာတိုင်းရင်းသူ ငပိန်းမတွေ (sorry စော်ကားတာမဟုတ်ပါ) ရှိရင်လည်း တစ်ယောက်လောက် မြင်ဖူးအောင်ပြကြပါ။ ဖိုမ သဘာဝအရ ကျားမနီးစပ်မှုကြောင့် လက်ထပ် သွားကြသူတွေ ရှိကြလိမ့်မယ်။ ဗုဒ္ဓဘာသာနောက်ကို ကောက်ကောက်ပါအောင်လိုက်သွားပြီး ဗုဒ္ဓဘာသာဝင် ဖြစ်သွားတဲ့ မွတ်ဆလင်မ်တွေ အများကြီးရှိသလို မွတ်ဆလင်မ်ဖြစ်လာတဲ့ ဗုဒ္ဓဘာသာဝင်တွေ၊ ခရစ်ယာန်တွေလည်းရှိတာပါပဲ။ မိမိသာ တကယ်ယုံကြည်တာ ပြင်းထန်ရင် ဘယ်အရာနဲ့မှ ဘာသာတရား ကို မလဲကြပါဘူး။ ဘုရား နဲ့ ဖင် လဲစရာ အကြောင်း ဘယ်နည်းနဲ့မှ မရှိပါဘူး၊ ဦးနှောက်ပါတဲ့ ခေါင်းလေးနဲ့သာ စဉ်းစားကြည့်ကြပါ။

ဗုဒ္ဓဘာသာဝင်အမျိုးသမီးတစ်ဦးကိုမှ တကူးတက ရည်ရွယ်ချက်ရှိရှိ ရအောင်လိုက်၊ အတင်းလိုက်ဖျက်ဆီးတဲ့ မွတ်ဆလင်မ်ရှိဖူးရင် အထက်တန်းကျောင်း၊ တက္ကသိုလ်တွေတက်ဖူးသူတွေ ဒီလိုအဖြစ်အပျက်တွေကို သေချာပေါက် မြင်ဖူးရမှာပါ။ တရားဥပဒေမရှိတဲ့ နိုင်ငံလားဗျာ၊ မွတ်ဆလင်မ် လုပ်တိုင်း ငြိမ်ခံနေရတယ်လို့ ယုံရအောင်၊ မပိန်းစမ်းပါနဲ့။ ဦးနှောက်ပါတဲ့ ခေါင်းကြီးနဲ့ တွေးကြစမ်းပါ။ အထက်တန်းကျောင်းသားဘ၀မှာ မွတ်ဆလင်မ်ကျောင်းသားက ဗုဒ္ဓဘာသာဝင်ကျောင်းသူကို အတင်း မရမက လိုက်နှောင့်ယှက် စာပေး စကားပြောတာ၊ အထက်တန်းကျောင်းသူကို လက်ထပ်ယူပြီး ခေါင်းမြီးခြုံခိုင်းပစ်တာ၊ တက္ကသိုလ် ကျောင်းသားဘ၀မှာ မွတ်ဆလင်မ်ကျောင်းသူက ဗုဒ္ဓဘာသာဝင်ကျောင်းသားကို အတင်း မရမက လိုက်ကြိုက် အတင်းအဓမ္မ လက်ထပ်ယူပစ်ပြီး မွတ်ဆလင်မ်လုပ်ပစ်၊ မုတ်ဆိတ်ဖွားဖွားကြီးတတ်ပစ်တာ မြင်ဖူးကြပါသလားဗျာတို့။

ကျောင်းသားဘ၀မှာ၊ အရပ်သားဘ၀မှာ မမြင်ဖူးရင် သူတို့တွေ ဒီလိုမလုပ်လို့ပါပဲ။ ဒီမွတ်ဆလင်မ်တွေက ဒီလိုပဲ ၀ါးလုံးချီးသုပ်ရမ်းရင်တော့ မတတ်နိုင်ပါ။

တစ်သက်လုံး ဗုဒ္ဓဘာသာဝင်ဖြစ်လာခဲ့တဲ့ အမျိုးသမီးတစ်ယောက်ဟာ မွတ်ဆလင်မ်နဲ့ ယူသွားလို့ အနှစ်ပါတဲ့ အချစ်ပါတဲ့ အသက်ပါတဲ့ မွတ်ဆလင်မ်တစ်ဦး ဖြစ်လာမယ် ဆိုတာ ဖြစ်နိုင်ဖို့ ခဲယဉ်းလှပါတယ်။ ဘုရားစေတီတွေ့ရင် ရင်ထဲကဖြစ်စေ ဦးမချဘဲမနေပါဘူး။ ကိုယ့်ကိုကိုယ်သာ နှိုင်းယှဉ်ကြည့်ကြပါ။ ကိုယ်ပတ်ဝန်းကျင်မှာ မဖြစ်တာကို မမြင်ဖူးတာကို တစ်ခြားနေရာမှာ ဖြစ်တယ် ဖြစ်နေတယ် ယုံတဲ့လူကတော့ အံ့သြစရာပါ။ ကိုယ့်ဒုက္ခ နဲ့ ကိုယ်ပါပဲ။

ချွင်းချက်တစ်ခုကတော့ လူမျိုးတိုင်း ဘာသာတိုင်းမှာ စုန်းပြူးဆိုတာတော့ရှိတတ်ပါတယ်။ သူတို့ကိုကြည့်ပြီး ဒီကောင်တွေက ဒီလိုပဲကွလို့ ယူဆနေရင်တော့ မတတ်နိုင်ပါ။

မွတ်ဆလင်မ်နဲ့ ယူရင် ရွှေတိဂုံစေတီပုံတော်၊ ဘုရားပုံတော်တွေကို ခြေထောက်နဲ့နင်း ရိုက်ခွဲရတယ်တို့၊ ဗုဒ္ဓဘာသာဝင်အမျိုးသမီးတစ်ဦးကို ရအောင်ယူနိုင်ရင် သွေးထည့်ပေးနိုင်ရင် ဗလီက ငွေဘယ်လောက် ပေးမယ်၊ ၁၀ တန်းအောင်ရင် ဘယ်လောက်၊ ဘွဲ့ရဆိုရင် ဘယ်လောက် စသည်ဖြင့် အပုပ်ချ သိက္ခချတာကို ယုံတယ်ဆိုရင် နိုင်ငံတကာတန်းဝင် ကမ္ဘာ့အဆင့်မီ ငပိန်းဖြစ်သွားပါပြီ။

ဗလီတွေက ဒီလိုသာ တကယ်သတ်မှတ်ခဲ့ရင် ကမ္ဘာမှာ ကိုးကွယ်တဲ့ဘာသာဝင် လူသန်းပေါင်း ၁၇၀၀ လောက် ကိုယ်တိုင်က ဒီအစ္စလာမ်ဘာသာကို ရွံ့ရှာလွန်းလို့ ကမ္ဘာမှာ ကိုးကွယ်သူတစ်ဦးမှ ကျန်တော့မှာ မဟုတ်တာ သေချာပါတယ်။

ဒီလောက်စာရိတ္တပျက်ယွင်းနေတဲ့ ဘာသာကို ကိုးကွယ်စရာအကြောင်းလည်း (လုံးဝ) မရှိပါဘူး။ ဒီလို သတ်မှတ်စေတဲ့ ဘုရားကိုလည်း သာမန်ပညာတတ်၊ တွေးတတ်တဲ့ ဘယ်သူမဆိုလည်း ဦးချစရာ အကြောင်း လုံးဝ မရှိပါဘူး။

မွတ်ဆလင်မ် နဲ့ ယူလိုက်တာနဲ့ မွတ်ဆလင်မ် ဖြစ်သွားရောလား


အရေးကြီးဆုံးမေးခွန်းဖြစ်ပါတယ်။
♥ ♥ အများသူငါ သေချာ လုံးဝမသိသေးတဲ့ အချက်တစ်ခုက မွတ်ဆလင်မ်ကို ယူလိုက်လို့ မွတ်ဆလင်မ် (လုံးဝ) ဖြစ်မလာပါဘူး။ မွတ်ဆလင်မ်ဖြစ်လာခြင်း၊ ဖြစ်မလာခြင်းဟာ ဖန်ဆင်းရှင်နဲ့သာ ဆိုင်တယ်လို့ အစ္စလာမ်က ကျမ်းမြတ်ကုရ်အာန်မှာ အတိအလင်းပြောထားတဲ့ နေရာတွေ အများကြီးပါ။ လူတစ်ယောက်က နေချင်တိုင်းနေပြီး မွတ်ဆလင်မ်လို့ (လုံးဝ) မခေါ်နိုင်ပါဘူး။ အစ္စလာမ်က ပြဌာန်းသတ်မှတ်ထားတဲ့ဘောင် အတိုင်း ကွက်တိနေမှသာ မွတ်ဆလင်မ်လို့ ခေါ်နိုင်ပါတယ်။ လူတစ်ယောက်ကို အမြဲတမ်း မွတ်ဆလင်မ် ဖြစ်နေမယ်လို့ ဘယ်သူမှ အာမခံမထားပါဘူး။

မနက်ပိုင်း မွတ်ဆလင်မ်ဖြစ်နေပေးမယ့် အစ္စလာမ်က ချမှတ်တဲ့ဘောင်ပြင်ပကို ထွက်လိုက်မိတာနဲ့ ညနေတောင်မရောက်ပါဘူး၊ နေ့လည်မှာတင် ဒီလူကို မွတ်ဆလင်မ်လို့ ပြောလို့မရတော့ပါဘူး။
ကြိုက်တဲ့ မွတ်ဆလင်မ်ကိုမေးကြည့်ပါ။ အပြင်လူတွေ ဘယ်လိုမှ နားမလည်သေးတာက မွတ်ဆလင်မ်တွေကိုယ်တိုင် မွတ်ဆလင်မ်ဘ၀နဲ့ ဆက်လက်ရပ်တည်နေနိုင်ဖို့၊ သေရင်တောင် မွတ်ဆလင်မ်ဘ၀နဲ့ သေဆုံးဖို့ (အချိန်ပြည့်) ကြိုးစား ဆုတောင်း အားထုတ်နေရပါတယ်။
ဘာတစ်ခုမှ မကြိုးစားဘဲ ရင်ထဲက မပါဘဲ သူ့အလိုလို မွတ်ဆလင်မ် (ဘယ်တော့မှ) ဖြစ်မလာပါဘူး။ ဖြစ်မနေပါဘူး၊ ဖန်ဆင်းရှင် နှစ်သက်တဲ့ မွတ်ဆလင်မ်အဆင့်မှာ (လုံးဝ) ရှိမနေပါဘူး။ ဒီအချက်ကို သေချာသိရင် ဘယ်သူ့ကိုယူလိုက်လို့ မွတ်ဆလင်မ်ဖြစ်လာတယ်ဆိုရင် (လုံးဝ) ဟာသအကြီးစားပါပဲ။ ဒီလိုစွပ်စွဲ ပြောဆိုနေသူတစ်ဦးဟာ အစ္စလာမ်ကို လုံးဝမသိဘဲ ချီးသုတ်ရမ်းကားနေသူ အန္ဓ ဗာလ တစ်ဦးမျှသာပါပဲ။ 

ပညာမဲ့တစ်ဦးနဲ့ ယှဉ်ကိုက်စရာ အကြောင်းမရှိပါ။ ♥ ♥

မွတ်ဆလင်မ် နဲ့ စစ်သွေးကြွခြင်း

ကမ္ဘာ့သမိုင်းမှာ အဆိုးဆုံးကမ္ဘာ့စစ်ကြီးတွေကို စတင်တာရော၊ ၀င်ချခဲ့တဲ့ နိုင်ငံတွေဖြစ်ခဲ့ကြတဲ့ ၀င်ရိုး အုပ်စုတွေ (ဂျာမနီ၊ အီတလီ၊ ဂျပန်၊ သြစထြီးယား၊ ဖင်လန်၊ ဟန်ဂေရီ၊ ရိုမေးနီးယားစတဲ့နိုင်ငံတွေ) ရော၊ မဟာမိတ်နိုင်ငံတွေ ( သြစတြေးလျ၊ ဘယ်လဂျီယံ၊ ဘရာဇီး၊ ကနေဒါ၊ တရုတ်၊ ချက်၊ ဒိန်းမတ်၊ အက်စတိုးနီးယား၊ ပြင်သစ်၊ ဂရိ၊ အိန္ဒိယ၊ လတ်ဗီးယား၊ လစ်သူယေးနီးယား၊ နယ်သာလန်၊ နယူးဇီလန်၊ နော်ဝေ၊ ပိုလန်၊ တောင်အာဖရိက၊ အင်္ဂလန်၊ အမေရိကန်၊ ရုရှ၊ ယူဂိုဆလပ်စတဲ့နိုင်ငံတွေ) ရော မွတ်ဆလင်မ် တစ်နိုင်ငံမှ မပါပါဘူး။ 

ကမ္ဘာသမိုင်းမှာ ဘယ်ဘာသာဝင်တွေက စစ်ဖြစ်ဖို့ အလိုလားဆုံးလဲ၊ စစ်သွေးအကြွဆုံးတွေလဲ ဆိုတာ မျက်လုံးကို ဖြဲသာကြည့်ကြပါတော့။

ငြိမ်းချမ်းရေး၊ စစ်ကိုအကြောင်းပြပြီး လူ့သမိုင်းတစ်လျှောက် တစ်ချိန်တည်း လူအများဆုံးသေစေတဲ့ နယူးကလီးယားဗုံးကြဲပြီး လူသန်းနဲ့ချီသတ်တဲ့ အမေရိကန်ခရစ်ယာန်တွေပါ။ 

ကမ္ဘာ့သမိုင်းတလျှောက် လူအသတ်ဆုံးဖြစ်တဲ့၊ အိုစမာဘင်လာဒင်ထက် အဆတစ်သိန်း ဆိုးတဲ့၊ ဂျူး ၆ သန်းကျော်ကို သတ်ပစ်ခဲ့တဲ့ ကမ္ဘာ့အဆိုးဆုံး အကြမ်းဖက်ခေါင်းဆောင် ဟစ်တလာနဲ့ အပေါင်းပါတွေဟာလည်း ခရစ်ယာန်အစစ်တွေပါ။ 

လက်ရှိလည်း ၁၀ နိုင်ငံလောက်မှာ နေ့စဉ် ဒုံးကျည်နဲ့ပစ်၊ မောင်းသူမဲ့လေယာဉ်က ပစ်သတ်လို့ တစ်နေ့ကို အပြစ်မဲ့ လူကြီး ကလေး ၄၀၊ ၅၀ သေစေတာ အမေရိကန် ခရစ်ယာန်တွေပါ။ သတင်းစာကို မျက်စိဖြဲဖတ်တဲ့ အကျင့်ရှိရင် မြင်တတ်မှာပါ။

ကမ္ဘာမှာ နေ့စဉ်တိုင်း ဘာသာခြားသတ်လို့ သေတဲ့ မွတ်ဆလင်မ် အရေအတွက်နဲ့ မွတ်ဆလင်မ် သတ်လို့သေတဲ့ ဘာသာခြားအရေအတွက်ကို ယှဉ်ကြည့်တတ်သူတွေပါရင် ယှဉ်ကြည့်ကြပါ။
တွေးစရာ ထပ်ပေးပါ့မယ်။

မြန်မာပြည် အဆင်းရဲဆုံးနိုင်ငံစာရင်းဝင်သွားအောင် စီမံအုပ်ချုပ် မင်းလုပ်သူ အစိုးရအဆက်ဆက်မှာ မွတ်ဆလင်မ်( လုံးဝ) မပါပါဘူး။

ဗိုလ်ချုပ်အောင်ဆန်းကို ကာယကံမြောက်သတ်သွားသူတွေဟာ မွတ်ဆလင်မ်( လုံးဝ) မဟုတ်ပါဘူး၊ ဗုဒ္ဓဘာသာဝင်တွေပါ။

မဟတ္တမဂန္ဒီကို ကာယကံမြောက်သတ်သွားတာ မွတ်ဆလင်မ်( လုံးဝ) မဟုတ်ပါဘူး၊ ဟိန္ဒူဘာသာဝင်ပါ။
အင်ဒီရာဂန္ဒီကို ကာယကံမြောက်သတ်သွားတာ မွတ်ဆလင်မ်( လုံးဝ) မဟုတ်ပါဘူး၊ ဆစ်ခ်ဘာသာဝင်တွေပါ။

ဒါတွေဟာ နိုင်ငံရေးတွေသာဖြစ်ပြီး ဘာသာရေးနဲ့ ဘယ်လိုမှမပတ်သက်ပါ။ ဘာသာနာမည်တပ်ပြောရင် ဘယ်တော့မှမပြီးတော့ပါဘူး။ဘာသာအမည်တပ်ပြောစရာလည်း မလိုပါ။ ပုဂ္ဂလဓိဋ္ဌာန် နဲ့ ဓမ္မဓိဋ္ဌာန် ကွဲဖို့သာလိုပါတယ်။ တစ်ဦး တစ်ဖွဲ့ကို အကြောင်းမဲ့ (သို့) အကြောင်းအမျိုးမျိုးပြ မုန်းတီးနေသူဟာ အမှန်ကို ဘယ်တော့မှမမြင်နိုင်သူ မောဟ ဒေါသဖုံးနေသူသာ ဖြစ်ပါတယ်။ သတင်းမှား တွေ အခြေခံပြီး လူမုန်းအောင်လုပ်၊ အမုန်းအခြေခံထားသူတစ်ယောက်ဟာလည်း မောဟ ဒေါသတွေ အချိန်ပြည့်ရှိနေတဲ့ အတွက် ဘယ်တော့မှ ငြိမ်းချမ်းတဲ့သုခနိဗ္ဂ္ဗာန်ကို မတက်လှမ်းနိုင်တော့ပါဘူး။

ရည်ရွယ်ချက်အမျိုးမျိုးနဲ့ လူသတ်ဖို့၊ ခွဲခြားဖို့၊ မဆက်ဆံဖို့၊ အမုန်းမှိုင်းတိုက်နေတာတွေကို ဘာသာရေး နာမည်တပ်နေသူတွေဟာ အင်မတန်နူးညံ့သိမ်မွေ့တဲ့ ဘာသာတရားတိုင်း (ဘာသာတရားတိုင်း) နဲ့ လုံးဝ (လုံးဝ) မပတ်သက်ကြဘဲ ညစ်ပတ်တဲ့ နိုင်ငံရေး နဲ့ မွန်မြတ်တဲ့ ဘာသာရေးကို ရောသမမွှေတဲ့ လူတွေသာလျှင် အင်မတန် စိတ်ဓါတ်အောက်တန်းကျ ညစ်ပတ်စုတ်ပြတ်တဲ့ လူ့အောက်တန်းစားတွေဖြစ်ကြပါတယ်။

အဆုံးသတ်ပါမယ်…
လောကမှာ ပန်းရောင်စုံရှိပါတယ်။ လူရောင်စုံရှိပါတယ်။ အတွေးရောင်စုံရှိသလို ကိုယ့်ကျင့်တရားရောင်စုံရှိပါတယ်။
ငါနဲ့မတူ ငါ့ရန်သူ၊ ငါနဲ့ ငါသာနှိုင်းစရာ၊ အမုန်းတရားကို အခြေခံထားသူအတွက် အမှား အမှန်ဆိုတာ ဘယ်လိုမှ မမြင်နိုင်တော့ပါဘူး။ ဒီလိုလူတွေအတွက် ဘ၀အဆက်ဆက်မှာ အရှုံးတွေသာ သက်ရောက်တော့မှာ အမှန်ပဲ ဖြစ်ပါတယ်။ မေတ္တာသည်သာ အရာရာ အောင်မြင်ရာ ဖြစ်ပါတယ်။ လွတ်လပ်စွာ ကွဲလွဲနိုင်ပါသည်။
✨✨✨✨✨✨✨✨✨✨✨✨✨✨✨

ဆွေမွန်ရေးသည်။
၁၇၊ သြဂုတ် ၂၀၁၃ ကရေးခဲ့တဲ့ ပို့စ်ဟောင်းတစ်ခုကို 
၉ ၊ သြဂုတ် ၂၀၁၄ မှာ တည်းဖြတ်ကာ ပြန်တင်ပါတယ်။

No comments:

Post a Comment