Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, May 31, 2019

ဖားတီးယား [Fatiya]


ဖားတီးယား [Fatiya]


ရေးသား- ရိုဟင်လေး|

ရိုဟင်ဂျာ ရိုးရာ လူမှုလုပ်ငန်းဆောင်တာများ၊ ပွဲလမ်းသဘင်များတွင် အများတွေ့ရလေ့ရှိသော၊ ဆင်းရဲချမ်းသား မခွဲခြားဘဲ ပြုလုပ်လေ့ရှိသည့် ပွဲတစ်ပွဲကား ဖားတီးယားအလှူပွဲပင်ဖြစ်သည်။ ထို ဖားတီးယားသည် ကုသိုလ်ကောင်းမှုကို ရည်စူးလျက် မရှိဆင်းရဲသားများအား အလှူဒါနပြုသည့် ရှေးအစဉ်အလာ ဓလေ့တစ်ခုဖြစ်ပေသည်။

ကောင်းမှုကုသိုလ်အဖို့ ရိုဟင်ဂျာ ဓလေ့ထုံးစံအရ ပြုလုပ်ကျင်းပသော်လည်း အစ္စလာမ်သာသနာတော်၏ မဖြစ်မနေပြုလုပ်ရသော ဖရစ်တာဝန် ဝတ္တရားတစ်ခု မဟုတ်ကြောင်း ကြိုတင်အသိပေးလိုပါသည်။

ဖာတီးယားအလှူပွဲသည် အစ္စလာမ်သာသနာတွင် ဆန်းသစ် တာဝန်ဝတ္တရားတစ်ခု ဖန်တီးလိုက်ခြင်း မဟုတ်ဘဲ အပေးအကမ်း ထက်သန်သော၊ ရက်ရက်ရောရော လှူဒါန်းတတ်သော  ရိုဟင်ဂျာ အမျိုးသားတို့၏ မွန်မြတ်သော စိတ်ဓာတ်ကို ပေါ်လွင်စေခြင်းဖြစ်သည်ဟုသာ ယုံကြည်ရသည်။ အချို့ပညာရှင်အချို့ကမူ အိစ္စလာမ်သာသနာ အဆုံးအမ ပေါင်မဝင်၊ ဆန်းသစ်ဖန်တီးခြင်း (ဗီဒါဟ်) ဟုသာ ယူဆကာ စောဒက တက်ကြသည်။ အထင်လွှဲ တားမြစ်ကြသည်။ 

စင်စစ်အားဖြင့် အလှူပွဲသည် ကုသိုလ်ကောင်းမှုအဖို့ ရှေးအစဉ်အလာအရ ပြုလုပ်ခြင်းပင်ဖြစ်သည်။  သာသနာ့ပေါင်တွင် တမင် ထည့်သွင်းပေးနေသည်ဟူသော သံသယမှာ လုံးဝမမှန်ကန်ပါ။ မိမိတို့ အမျိုးသားတို့၏ ကုသိုလ်ကောင်းမှုပြုလုပ်သည့်  ရှေးလုပ်ထုံးလုပ်နည်း တစ်ခုကို လက်ဆင့်ကမ်း ယူဆောင်လာခြင်းပင် ဖြစ်ပေသည်။  

ဤပို့စ်ရေးရခြင်းမှာ ဖားတီးယားအလှူပွဲကို ထောက်ခံခြင်း၊ ကန့်ကွက်ခြင်း အလျှင်းမဟုတ်ဘဲ မျိုးစေ့သစ်လူငယ်တို့၏ အမျိုးသားရေး ဗဟုသုတ တိုးပွားကြွယ်ဝစေရန် ရိုဟင်ဂျာအမျိုးသားတို့၏ ဓလေ့ထုံးစံ တစ်ခုကို ဖော်ပြပေးခြင်း သက်သက်သာ ဖြစ်ပေသည်။ 

အလှူပွဲကို ရိုဟင်ဂျာဘာသာစကားတွင် ဖားတီးယား ဟုခေါ်သည်။ အာရဗီ ဘာသာစကားမှ ဆင်းသက်လာသော မွေးစား စကားလုံးဖြစ်သည်။ အဓိပ္ပာယ်မှာ ဖွင့်လှစ်ခြင်း၊ အစပြုခြင်း၊ နိဒါန်းသွယ်ခြင်း စသည်ဖြင့် ဖြစ်သည်။ ဖားတီးယားအလှူပွဲတွင် ဆင်းရဲသားများအား အစားအသောက် ကျွေးမွေးခြင်း၊ တရားနာပွဲများပြုလုပ်ခြင်းများ ပြုလုပ်လေ့ရှိကြသည်။  

ရိုဟင်ဂျာတို့သည် အချိန်ကာလနှင့် အဖြစ်အပျက် ဖြစ်ရပ်အပေေါ်မူတည်၍ ဖားတီးယားအလှူပွဲ အမျိုးမျိုး ပြုလုပ်ကြသည်။ ဘာသာရေး ရက်ကြီးခါကြီးအလိုက် အလှူပွဲများပြုလုပ်သည့်အပြင် တစ်စုံတစ်ခုသော အကြောင်းအရာကြောင့်လည်း အလှူပွဲများ ပြုလုပ်သည့်ဓလေ့ရှိသည်။ အချို့ကို အောက်တွင်ဖော်ပြပေးပါမည်။ 

ဘာသာရေးရက်ကြီးခါကြီးအလိုက် ပြုလုပ်သည့် ဖားတီးယားများမှာ- 
အရှူရစ္စာန် ဟုခေါ်သော ရိုဟင်ဂျာပထမလတွင် မော်ရောမ်ဖားတီယား၊
နဗီစ္စာန်လတွင် ယိုမူန်နဗီဖားတီယား၊
လူရီစ္စာန်လတွင် လူရီဖားတီးယား၊
ရူဇာစ္စာန်လတွင် အာ့တိုက်ဖားသီယား
စသည်ဖြင့် ရက်မြတ်နေ့မြတ်များတွင် အလှူပွဲများပြုလုပ်လေ့ရှိသည်။

သာမညအလှူပွဲများမှာ ရာသီအလိုက် အသီးအနှံများ အစထွက်လျှင်လည်း ဖားတီးယားများ ပြုလုပ်ကြသည်။ ယာခင်းမှ အဦးဆုံး သီးနှံများ ထွက်သောအခါ၊ အောင်အောင်မြင်မြင် ကောက်ပဲရိတ်သိမ်းပြီးသော အခါ ထိုသီးနှံနှင့် အလှူပွဲများ ပြုလုပ်၍ ဆင်းရဲသားပြည်သူများအား  ကျွေးမွေးလှူဒါန်းကြသည်။ 

အသစ်စက်စက် လုပ်ငန်းသစ်များ စတင်ခြင်း၊ အိမ်သစ်ပြောင်းခြင်း၊ အိမ်သစ်ဆောက်ခြင်း၊ ဆိုင်သစ်ဖွင့်လှစ်ခြင်း၊ စီးပွားရေးသစ် အစပြုခြင်း  စသည်တို့မှာလည်း အလှူပွဲများ ပြုလုပ်ကြသည်။ 

တောင်တက်သမားများ တောင်တက်သည့်အခါ၊ ခရီးလွန်ထွက်သည့်အခါ၊ ခရီးမှပြန်ရောက်သည့်အခါ ဖားတီးယားများပြုလုပ်ကြသည်။ တောင်တက်သမားများ အိမ်ပြန်ရောက်လာသောအခါ စုပေါင်းဖာတီးယားပွဲ ပြုလုပ်ကြသည်။ 

တစ်စုံတစ်ယောက် ဆုံးပါးကွယ်လွန်ခဲ့လျှင် ၎င်းသူအား ရည်စူး၍ ဖားတီးယား အလှူပွဲများ အဆင့်ဆင့် ပြုလုပ်ကြသည်။ (၄) ရက်မြောက် ဖားတီးယား၊ (၄၀) ရက်မြောက် ဖားတီးယား၊ တစ်နှစ်ပြည့်ဖားတီးယား စသည်ဖြင့် ပြုလုပ်ကာ ကွယ်လွန်သူအတွက် ကုသိုလ်စဝါပ် မေတ္တာပို့ပေးကြသည်။ 

အချို့က တစ်စုံတစ်ခုသော ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေချိန်တွင် ရုန်းထွက်နိုင်ခဲ့လျှင် အလှူပွဲများ ပြုလုပ်မည်ဟု ရည်စူးကြသည်။ ၎င်းမာနချီဖားတီးယား ဟု ခေါ်ကြသည်။ သားကောင်းသမီးကောင်း ရတနာဖွားမြင်လျှင် အလှူပွဲလုပ်မည်ဟု ရည်စူးကြသည်။ ရောဂါခံစားနေသာ မိသားစုဝင် အတွက်လည်း ရောဂါသက်သာလာစေရန် အလှူပွဲများပြုလုပ်ပေးကြသည်။ 

အလှူပွဲတွင် အဓိကအစားအစာအဖြစ် ရိုဟင်ဂျာ ရိုးရာမုန့် ဖြစ်သော လူရီဖီရာ့နှင့် ဆီန္ဒီးကို ကျွေးမွေးဧည့်ခံကြသည်။ သောကြာနေ့ ဗလီကျောင်းတွင် ဆီန္ဒီး ရိုဟင်ဂျာထမနဲလည်း ကျွေးမွေး အလှူပြုကြသည်။ အခြားအစားအစာများလည်း ကျွေးမွေးကြသည်။ စဦးထွက် သီးနှံနှင့် အလှူပွဲ ပြုလုပ်ကြလျှင် ထိုသီးနှံများကို ဧည့်ခံကျွေးမွေး လှူဒါန်းကြသည်။ အရူရစ္စာန်တွင် ပြုလုပ်သော အလှူပွဲတွင် ဟောတ္တောရ်ဒါနာဘာသ် ခေါ် စေ့မျိုးစုံ ပြောင်းထမင်းတစ်မျိုးကို ထူးထူးခြားခြား ပြုလုပ်ကျွေးမွေးကြသည်။ 

ဖားတီးယား အလှူပွဲတွင် ဘာသာရေး အထွတ်အမြတ် ပုဂ္ဂိုလ်များ၊ ဆင်းရဲသားပြည်သူများ၊ သက်ကြီးအိုကြီးများ၊ ရပ်လူကြီးများ၊ ဆွေကြီးမျိုးကြီးများ စသည်ဖြင့် ဖိတ်ခေါ်ကြသည်။ ကျမ်းမြတ်ကုရ်အာန်ကို သရွတ်ဇယ် (ဟသမ် အေ ကုရ်အာန်) ကြသည်။ တရားနာပွဲလည်း ပြုလုပ်ကြသည်။ တရားနာပွဲကို များသောအားဖြင့် လသာသော ညအချိန်တွင် ကျင်းပကြသည်။ တရားနာပွဲ ပြီးဆုံးလျှင် ဆီန္ဒီး၊ ဖျော်ရည် စသည်ဖြင့် ကျွေးမွေးဧည့်ခံသည်။  မိမိတို့ လိုအင်ဆန္ဒ ပြည့်ဝစေရေး စုပေါင်း ဒိုအာ ဆုတောင်းကြသည်။ 

ဤသို့ဖြင့် ရက်ရောလှူဒါန်းခြင်း၊ သဒ္ဓါတရား ထက်သန်သော ရိုဟင်ဂျာတို့သည် ကိစ္စတိုင်းကို အကြောင်းပြု၍ ဆင်းရဲသားပြည်သူတို့အား လှူဒါန်းကျွေးမွေးကြသည်။ ဤသည်မှာ ရိုဟင်ဂျာ အမျိုးသားတို့၏ မွန်မြတ်သော စိတ်စေတနာပင်ဖြစ်ပေသည်။ ရိုဟင်ဂျာ ဓလေ့ထုံးစံ၊ ယဉ်ကျေးမှုများကို မကွယ်မပျောက်အောင် ဝိုင်းဝန်း ထိန်းသိမ်းကြရမည့်တာဝန်မှာ ရိုဟင်ဂျာအမျိုးသားတိုင်း၏ တာဝန်ပင်ဖြစ်ပေသတည်း။ 

÷÷÷÷÷÷÷÷÷÷÷÷×÷÷÷÷÷÷÷÷÷÷÷÷


No comments:

Post a Comment