Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, January 3, 2016

ငါတို့_သန္နိဌာန်‬ (ရိုဟင်းသား)


RB ကဗျာ
3.1.2015
နှစ်သစ်ဝင်၍ (၃)ရက်မြောက်ဟာ
ရိုဟင်ဂျာတို့ရဲ့ အမျိုးသားနေ့ပါ ...
နေ့ထူးနေ့မြတ် အခမ်းအနား
ချုပ်ချယ်မှုလှိုင်း ထန်နေတဲ့ကြားက
အစဉ်မပျက် တို့တွေကျင်းပ ...။
ခမ်းခမ်းနားနား မဖြစ်ခဲ့လည်း
ရည်ရွယ်ချက်က ထည်ထည်ဝါဝါ ...
ရောက်နေရတဲ့ ကျွန်ဘဝက
လွှတ်မြောက်ဖို့ရာ ဝိုင်းဝန်းကြံဆ ...။
လူအလွှာစုံ တက်တက်ကြွကြွ
ပါဝင်ဆင်နွှဲ ဆွေးနွေးချိန်ခါ
သန္နိဌာန်တွေ အခိုင်အမာ
ချမှတ်နိုင်တာ ဂုဏ်ယူစရာ ...။
ညှဉ်းပန်းဖိနှိပ် ခွဲခြားဆက်ဆံ
ခံရလွန်းလို့ ခြေကုန်လက်ပန်း
ဒုက္ခသံသရာ ဤဘဝက
အပြီးအပိုင် ကျွတ်နိုင်ခြင်းငှာ
အမျိုးသားမာန် ဝိညာဉ်ထဲသို့
ကိုယ်စီသွင်းလို့ အားတွေဖွားကြ ...။
အမာရွက်နှင့် စိတ်နှလုံးရှင်များ
မတူအတွေး တစ်ကိုယ်အတ္တ
ဆက်မထားဘဲ ဘေးဖယ်ထားကြ ...။
မှေးမှိန်သွားတဲ့ စိတ်ဓာတ်ခွန်အား
ဤနေ့မြတ်ကို အစွဲပြု၍
ဝင်းဝင်းလက်လက် ထွန်းပြောင်ဖို့ရာ
အာဇာနည်စိတ် ဖန်တီးယူကြ ...။
စိတ်ဝမ်းကွဲစိတ် ခန္ဓာထဲက
တစ်စက်မကျန် အပြီးဖယ်ရှား ...
မေတ္တာမျှလို့ တစ်စိတ်ပမာ
တူရာစိတ်ဖြင့် ရင်ချင်းထိကြ ...။
ပန်းတိုင်တည်ရာ ခရီးလမ်းမှာ
ငရဲမင်းပမာ အုပ်ချုပ်သူများက
နှိပ်စက်မှုဖြင့် ကာဆီးနေကာ
ခေါင်းငုံ့မခံ မယိုင်ခြေလှမ်း
ဇာတိပြင်းစိတ် နှလုံးသွင်းလို့
ချီတက်ဖို့ရာ သစ္စာဆိုကြ ...။
ဘုံပန်းတိုင်သို့ တူတူလျှောက်ချိန်
တရားမျှတမှု ဥပေက္ခာပြုခံရတဲ့ခါ
အမှောင်ရင့်လို့ လမ်းတွေပျောက်သွားလည်း
မျှော်လင့်ချက်မပျက် မာန်ခဲဝင့်လျက်
ရိုဟင်ဂျာများရဲ့ အခွင့်အရေးရတနာ
တိုက်ပွဲဝင်၍ အရယူသွားမှာ
အမျိုးသားနေ့မှာ ချမှတ်ခဲ့တဲ့
ငါတို့ရဲ့ ထူးခြားတဲ့သန္နိဌာန်ပါ ...။
*** ဇန်နဝါရီလ (၃)ရက်နေ့တွင် ကျရောက်သော ရိုဟင်ဂျာအမျိုးသားနေ့ကို ဂုဏ်ပြု၍ ရေးသားခြင်းဖြစ်ပါသည်။
===============
ယျာတင်(ရိုဟင်းသား)
===============

No comments:

Post a Comment