Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, December 31, 2015

တက္ကသိုလ်ဝင်တန်း မြန်မာစာ ဖြေဆိုမည် ဆိုလျှင်

တက္ကသိုလ်ဝင်တန်း မြန်မာစာ ဖြေဆိုမည် ဆိုလျှင်

 Written by ဦးကျော်မိုးမြင့် (မြန်မာစာ) 




တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီး မကြာမီ ဖြေဆိုကြ ရပါတော့မယ်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီးက နတ်ကြီး လှပါတယ်။ အဖေ၊ အမေ မနေနိုင် အဘိုး၊ အဘွား မနေနိုင်နဲ့ တစ်အိမ်လုံး၊ တစ်မြို့လုံး၊ တစ်နိုင်ငံလုံး ဆိုတာလို အုန်းခြိမ့်ခြိမ့်ညံထဲကပါ။

မြန်မာနိုင်ငံတွင်း ကျင်းပတဲ့ စာမေးပွဲတွေ အထဲမှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲက အထင်ရှားဆုံး၊ အကြီးကျယ် အခမ်းနားဆုံးလို့ ဆိုရ လောက်ပေတယ်။

ဒါ ... ဘာ့ကြောင့်လဲဆိုတော့ ဒီတက္ကသိုလ်ဝင်တန်း စာမေးပွဲကြီးရဲ့ စုစုပေါင်း ရမှတ်တွေက လူတစ်ယောက်ရဲ့ ဘဝကို တစ်ဆစ်ချိုး ပြောင်းလဲ သွားစေလို့ပါ။ Institute လို့ ခေါ်တဲ့ အဆင့်မြင့် အသက်မွေးဝမ်းကျောင်း တက္ကသိုလ်ကြီးတွေ ဝင်ဖို့ဆိုတာ တက္ကသိုလ်ဝင်တန်း စာမေးပွဲရဲ့ စုစုပေါင်း ရမှတ်တွေက ခွဲခြား သတ်မှတ် ကန့်သတ်လိုက်လို့ပါပဲ။

တော်ကြ၊ ထက်ကြ၊ ထူးချွန်ကြတဲ့ ကျောင်းသား၊ ကျောင်းသူတို့ အဖို့ ဒီအမှတ် ပြိုင်ပွဲကြီးမှာ ပထမဦးဆုံး ဖြေဆိုရမယ့် မြန်မာစာက အရေးအကြီးဆုံး စီးချင်းထိုးရမယ့် ဘာသာရပ်ပါ။ အထက်တန်းစား ဦးနှောက်ပိုင်ရှင်တွေ ဖြစ်ကြလို့ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒဆိုတဲ့ ဘာသာ ရပ်တွေက ဘယ်သူဝင်ဖြေဖြေ အမှတ် ၈၀ ကျော် ၉၀ ရနေကျပါ။ တချို့များ အမှတ် ၁၀၀ ပြည့်တောင် ရအောင် လက်စွမ်းပြနိုင်ကြပေရဲ့။ အင်္ဂလိပ်စာလည်း အမှတ် ၈၀ ဝန်းကျင်နဲ့ ဂုဏ်ထူး ထွက်နေကြတာပါပဲ။

ကိုယ့်မိခင် ဘာသာဖြစ်တဲ့ မြန်မာစာမှ ဂုဏ်ထူးမထွက်ဘဲ ပြုတ်ကျန်ခဲ့တာ၊ ဂုဏ်ထူး ထွက်ပြန်တော့လည်း ၇၅ မှတ်နဲ့ ကပ်ထွက်တာ ဆိုတာမျိုးတွေ ဖြစ်ကုန်ကြရော။ ဒီတော့ အထက်က ဆိုခဲ့သလို တခြား ဘာသာရပ်တွေက ၉၀ ကျော် ၁၀၀ ရထားခဲ့ရင် မထောင်းသာပေမယ့် ၈၀ ကျော် လောက် ကလေးတွေနဲ့ ဂုဏ်ထူး ကပ်ထွက်ထားရင်တော့ ဘာသာစုံဂုဏ်ထူး ထွက်နေရင်လည်း မြန်မာစာအမှတ် နိမ့်ကျနေရင် ရည်မှန်းထားတဲ့ Institute အသက်မွေးဝမ်းကျောင်း တက္ကသိုလ်ကြီးတွေ မဝင်ရောက် နိုင်တော့ပါဘူး။

လွမ်းစရာလေးတွေတော့ ဖြစ်ကုန်ပါပြီ။
ဒီတော့ မြန်မာစာ ဘာသာရပ်ကို ဘယ်လို လေ့လာရမယ်။ ဘယ်ပုံ ကျက်မှတ်ရမယ်။ ဘယ်နည်း ဖြေဆိုရမယ် ဆိုတာကို ဆွေးနွေး တင်ပြသွားပါမယ်။ မြန်မာစာ အမှတ် မြင့်မြင့်မားမား ရစေချင်လို့ပါ။ ရည်မှန်းထားတဲ့ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်တွေကို ဝင်စေဖို့ပါ။
မေးခွန်းနံပါတ် ၁။(က) မှာ မူရင်း အရေးအသားလို့ ခေါ်တဲ့ စာရှစ်မျိုး၊ စကားသံဖြစ် အင်္ဂါရှစ်မျိုး၊ ဝါစင်္ဂရှစ်မျိုး၊ သဏ္ဌာန်ပြောင်း အက္ခရာ ၁၃ လုံးနဲ့ တခြားတစ်မျိုးမျိုး စုစုပေါင်း ငါးမျိုး မေးလေ့ရှိပါတယ်။ တစ်မျိုးကိုသာ ဖြေဆိုရပါမယ်။ ၅ မှတ် အပြည့်ရနိုင်တဲ့ မေးခွန်းပါ။

မေးခွန်းနံပါတ် ၁။(ခ) သဒ္ဒါဆိုင်ရာ နားလည်မှု ၄ မှတ်နဲ့ မေးခွန်းနံပါတ် ၁။(ဂ) သဒ္ဒါဆိုင်ရာ တတ်ကျွမ်းမှု ၆ မှတ်၊ စုစုပေါင်း ၁၅ မှတ်ဖိုး မေးထားပါတယ်။ (ခ)၊ (ဂ) မေးခွန်းတွေက ဝါစင်္ဂဆိုင်ရာ မေးခွန်းတွေ ဖြစ်လို့ နဝမတန်း သင်ခန်းစာ ကျေညက်ခဲ့ရင် ပြန်ကြည့်စရာတောင် မလိုတဲ့ ပြဋ္ဌာန်းစာ တွေပါ။ ဒါကြောင့်လည်း မြန်မာစာ မေးခွန်း နံပါတ် (၁) ကို အမှတ်ပြည့် ရနေကြတာပါ။

မေးခွန်း ၂။ (က) ဝေါဟာရတွေက ကဗျာ၊ စကားပြေ၊ ပြဇာတ် ပြဋ္ဌာန်းစာတွေထဲက စုစုပေါင်း ရှစ်မျိုး အချိုးကျ ပါဝင်အောင် မေးပါတယ်။ ဒီနေ့ ခေတ်သုံးစကား မဟုတ်တဲ့ ပေါရာဏလို့ ခေါ်တဲ့ ရှေးဟောင်း စကား၊ ပါဠိသက်၊ မွေးစား စကားလုံးတွေကို မေးလေ့ရှိပါတယ်။ ငါးလုံး ရွေးချယ်ပြီး ဖြေဆိုရပါမယ်။ အမှတ်ပြည့် ရကြပါတယ်။

မေးခွန်း ၂။(ခ) ဝေါဟာရ ဝါကျဖွဲ့ထုံး မေးခွန်းတွေကိုလည်းပဲ ကဗျာ၊ စကားပြေ၊ ပြဇာတ် ပြဋ္ဌာန်း စာတွေထဲက ရှစ်မျိုး အချိုးကျ ပါဝင်အောင် မေးပါတယ်။ ဒီနေ့ခေတ်သုံး စကားများကိုသာ ဝါကျဖွဲ့ ခိုင်း လေ့ရှိပါတယ်။ ဒါမှလည်း ဝါကျဖွဲ့ ဖြေဆိုလို့ အဆင်ပြေမှာပါ။ မေးထားတဲ့ ဝေါဟာရက နာမ်လား၊ နာမဝိသေသနလား၊ ကြိယာလား၊ ကြိယဝိသေသနလား သိဖို့ လိုအပ်သလို နေရာအထားအသို မှန်ကန်ဖို့၊ သဒ္ဒါ မှန်ဖို့လည်း အရေးကြီးပါတယ်။ ဒီဝါကျ ငါးခုကလည်း အမှတ်ပြည့် ရကြတာပါပဲ။

မေးခွန်း ၂။(ဂ) အလင်္ကာ မေးခွန်းကို ကဗျာ၊ စကားပြေ၊ ပြဇာတ် ပြဋ္ဌာန်းစာတွေထဲက အရေအတွက် အချိုးကျ ပါဝင်အောင် ရှစ်လုံး မေးပါမယ်။ အလင်္ကာ ၅ မျိုးလုံး စုံအောင်လည်း ထည့်မေးလေ့ရှိပါ တယ်။ သုံးလုံးသာ ရွေးချယ် ဖြေဆိုရပါမယ်။ အလင်္ကာကို နှစ်ဆင့် ဖြေဆိုရပါတယ်။ ဘယ်ပြဋ္ဌာန်းစာထဲက မေးထားတာ၊ ဘယ်သူက ပြောတာ (ရေးဖွဲ့တာ)၊ ဘာအဓိပ္ပာယ်နဲ့ ပတ်သက်ပြီး ဆက်စပ် သုံးစွဲထားတာ ဖြေဆိုနိုင်ရင် တစ်မှတ်၊ အလင်္ကာ မြောက်ကြောင်း ရေးဖွဲ့နိုင်ရင် တစ်မှတ်ဆိုပြီး အလင်္ကာ တစ်လုံးကို နှစ်မှတ် ပေးထားပါတယ်။ ငါးမျိုးမှန်တော့ ၁၀ မှတ်။ မေးခွန်း အမှတ် (၂) တစ်ခုလုံးရဲ့ ပေးမှတ် ၂၀ ကို အပြည့် ရနေကြတာ တွေ့နေရပါတယ်။

မေးခွန်း ၃။(က) ကဗျာ ဓမ္မဒိဋ္ဌာန်လို့ ခေါ်တဲ့ ကဗျာမှတ်စုတို တွေပါ။ ပြဋ္ဌာန်း စာကဗျာ (၁၆) ပုဒ်ထဲက ကဗျာ စာဆိုတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ၊ ကဗျာစာပေနဲ့ ပတ်သက်တာတွေကို ရှစ်မျိုးမေး ပါတယ်။ နှစ်သက်ရာ ငါးမျိုး ရွေးချယ် ဖြေဆိုရပါမယ်။ အမှတ်ပြည့် ၅ မှတ် ရနေကြပါတယ်။

မေးခွန်း ၃။(ခ) ကဗျာ မေးခွန်းရှည် နှစ်ပုဒ်မေးပြီး နှစ်သက်ရာ တစ်ပုဒ် ရွေးချယ် ဖြေရမှာပါ။ ဂုဏ်ထူး ထွက်စေဖို့ အခရာကျတဲ့ မေးခွန်း ဖြစ်ပါတယ်။ နိဒါန်း စာပိုဒ်မှာ စာရေးသူ၊ ရေးသော ခေတ်၊ ကဗျာ အမျိုးအစား၊ ကောက်နုတ်ချက်၊ ရည်ရွယ်ချက် စတာတွေ ပြီးပြည့်စုံအောင် ဖော်ပြရပါတယ်။ တစ်မျိုးမျိုး ပြုတ်ကျန်ခဲ့ရင်၊ မှားယွင်း ဖြေဆိုမိရင် စာဆိုရဲ့နာမည်၊ ကဗျာအမျိုးအစားတွေကို ဖော်ပြရာမှာ စာလုံးပေါင်း မှားရင်တော့ အောင်မှတ် မပေးပါဘူး။ နိဂုံးမချုပ်ရင်လည်း အောင်မှတ် မပေးပါဘူး။ စာဆိုရဲ့ ရှုထောင့်က မေးထားတာလား၊ အရေးအဖွဲ့ကို မေးတာလား၊ အကြောင်းအရာကို မေးတာလား မေးခွန်းကို အသေအချာ ဖတ်ပြီးမှ ဖြေဆိုရမှာပါ။ ပို့ချချက်တွေကို အလွတ်ကျက်ပြီး ဖြေတာမျိုးထက် မူရင်း ကဗျာကို အပိုင်ကျက်ထားပြီး၊ မေးထားတဲ့ မေးခွန်းရဲ့ အာဘော်ကို အံဝင်ခွင်ကျ ဖြေဆိုနိုင်သူတွေသာ ဂုဏ်ထူးမှတ် ရကြပါတယ်။ ၂၈ မိနစ် နာရီဝက်ခန့် အချိန်ယူပြီး ဖြေရပါတယ်။

မေးခွန်း ၄။(က) စကားပြေ ဓမ္မဒိဋ္ဌာန်လို့ ခေါ်တဲ့ စကားပြေမှတ်စုကို ရှစ်မျိုး မေးပါတယ်။ ငါးခု ရွေးချယ် ဖြေဆိုရပါတယ်။ မေးခွန်း ၃။(က) နဲ့ ၄။(ဂ) က ကဗျာနဲ့ စကားပြေပဲ ကွာသွားတာပါ။ မေးခွန်းပုံစံ လုံးဝနီးပါး တူပါတယ်။ စကားပြေ ပြဋ္ဌာန်းစာ ၁၈ ပုဒ်ထဲကပဲ ထောင့်စုံအောင် မေးမှာပါ။ အမှတ်ပြည့် ရကြတာပါပဲ။

မေးခွန်း ၄။(ခ) စကားပြေ မေးခွန်းရှည် (၂) ပုဒ် မေးပြီး တစ်ပုဒ် ရွေးချယ် ဖြေဆိုရပါမယ်။ မြန်မာစာ ဂုဏ်ထူးထွက်ဖို့အတွက် အလွန်အရေးကြီးတဲ့ မေးခွန်းဆိုတာ သတိပြုဖွယ်ပါ။ အကြမ်းဖျင်းအားဖြင့် သုတစာပေ တစ်ပုဒ်၊ ရသစာပေ တစ်ပုဒ် အဲသလို ခွဲခြား မေးတတ်ပါတယ်။ နိဒါန်းပိုင်းမှာ စာရေးသူ၊ ရေးသော ခေတ်၊ စာအမျိုးအစား၊ ကောက်နုတ်ချက်၊ ရည်ရွယ်ချက်တွေကို ပြည့်စုံအောင် ဖော်ပြရပါမယ်။ မူရင်း ပြဋ္ဌာန်းစာတွေကို အသေအချာ ဖတ်ရှုထားရပါ့မယ်။ မေးခွန်းကို သေချာစွာ မဖတ်ဘဲ ကျက်ထားတာတွေကို ရမ်းမဖြေသင့်ပါဘူး။ ၃။(ခ) ကဗျာ မေးခွန်းရှည်မှာတော့ ကဗျာစာကိုးတွေနဲ့ ဖြေရလို့ အမှတ်ရဖို့ အထောက်အပံ့ ဖြစ်တာပေါ့။ ဟောဒီစကားပြေ မေးခွန်းရှည်က အမှတ်ရဖို့ လက်ဝင်ပါတယ်။ ကဗျာရှည်ထက်ပိုပြီးလည်း ရေးရ ဖြေရပါတယ်။ မိနစ် ၃၀ ကျော်၊ ၃၅ မိနစ်ခန့်ကို အချိန်ယူပြီး ဖြေရပါတယ်။ ဒီထက် အချိန်ပို ယူရင်တော့ရမယ့် အမှတ်နဲ့ မတန်ဘူးလို့ ဆိုရမှာပါ။ သတိပြုဖွယ်ပါ။

မေးခွန်း ၅။(က) ရေသည်ပြဇာတ် စကားစပ်မေးခွန်းပါ။ မေးခွန်းထဲမှာ စာပိုဒ်တစ်ပိုဒ် ထည့်ပေးထားပါတယ်။ ဒါကို ဖတ်ရှုပြီး ရေသည်ပြဇာတ် ဘယ်အခန်းက ထုတ်နုတ်ထားတယ်ဆိုတာ ဖြေရပါမယ်။ ဘယ်သူက ပြောနေတာ၊ ဘယ်သူ့ကို ပြောနေတာ၊ ဘယ်အချိန်၊ ဘယ်နေရာမှာ၊ ဘာအကြောင်း နဲ့ စပ်လျဉ်းပြီးပြောတယ်၊ ဘယ်ပုံပြောတယ် ဆိုတာတွေကို ဖြေရတာပါ။ ၇ မှတ်ပေးမှာ ပါ။ အမှတ်ပြည့်ရနိုင်တဲ့ အလွယ်ဆုံး မေးခွန်းလို့ ဆိုရင်တောင်ရမှာပါ။ ဖြေဆိုချိန်ကလည်း အလွန်ကြာလှမှ ၁၀ မိနစ်ပါပဲ။

မေးခွန်း ၅။(ခ) ရေသည်ပြဇာတ် ဇာတ်ကောင်စရိုက်လို့ ခေါ်တဲ့ မေးခွန်းရှည်ပါ။ နှစ်ပုဒ်မေးပြီး နှစ်သက်ရာ တစ်ပုဒ် ရွေးချယ် ဖြေဆိုရမှာပါ။ ရေသည်ပြဇာတ် စကားစပ်ကို အပိုင်ရထားတဲ့ ကျောင်းသား၊ ကျောင်းသူတို့အဖို့ ကျက်စရာ မလိုတဲ့ မေးခွန်းပါ။ သတိပြုရမှာက ၈ မှတ်တန် မေးခွန်းပါ။ ၁၀ မှတ်တန် မဟုတ်ဘူး။ အချိန်ကို တန်သင့်ရုံသာ အသုံးပြုပါ။

ကလေးတို့ ရေသည်ပြဇာတ်မေးခွန်း ၅(က) (ခ)ကို ဖြေဆိုပြီးချိန်ဟာ နံနက် ၁၁ နာရီ ကွက်တိ ဖြစ်နေသင့်ပါတယ်။ ဒါမှ မေးခွန်း ၆ စာစီစာကုံး ဖြေဆိုချိန် မိနစ် ၅၀၊ ပြန်စစ်ချိန် ၁၀ မိနစ်၊ စုစုပေါင်း တစ်နာရီစာ အချိန် ကျန်ရမှာပါ။ တက္ကသိုလ်ဝင်တန်း စာစီစာကုံးဟာ မိနစ် ၅၀ ခန့်မှ အချိန်ယူ မရေးနိုင်ဘူးဆိုရင် ဘယ်လိုမှ ဂုဏ်ထူးမဖြစ် နိုင်တော့ပါဘူး။ မေးခွန်း ၆ မှာ စာစီစာကုံး သုံးပုဒ် မေးပါတယ်။ သုံးပုဒ်လုံးမှာ အောက်လိုင်းလို့ခေါ်တဲ့ အချက်အလက်တွေ ပေးထားပါတယ်။ မိမိနှစ်သက်ရာ၊ မိမိ ကျွမ်းကျင်ရာ တစ်ပုဒ်ကို ရွေးချယ် ဖြေရမှာပါ။ မေးခွန်း တစ်ခုလုံးရဲ့ အမှတ်အများဆုံး ပေးထားတဲ့ မေးခွန်းပါ။ အမှတ် ၂၀ ပေး ထားတာမို့ ၁၂ မှတ်၊ ၁၄ မှတ်စသည် ရ သင့်ပါတယ်။ ပေးထားတဲ့ ပုံကြမ်းအတိုင်း အစီအစဉ်တကျ ရေးရမှာပါ။ ကလေးတို့ အရည်အချင်းကို အစစ်အမှန် သိစေနိုင်တာ ဒီစာစီစာကုံးပဲလေ။ ဆန့်ထွက်၊ ဖြန့်ကြက်ပြီး အစွမ်းကုန် လက်စွမ်းပြဖို့ မေးခွန်းပါ။ ပေးထားတဲ့ အချက်အလက်တွေချည်း အာရုံစိုက်မနေ ပါနဲ့။ ရဲရဲတွေးပြီး ရဲရဲရေးချ ပစ်လိုက်စမ်းပါ။

အရေးကြီးတဲ့ အချက်ကလေးတွေ ရှိပါသေးတယ်။ မြန်မာစာကို ဖြေဆိုရာမှာ ‘ပင့် ရစ် ဆွဲ ထိုး’ မြန်မာစာ အရေးအသား မှန်ဖို့ မြန်မာစာရေးချ နှစ်မျိုးရှိရာမှ ဝိုက်ချ၊ မောက်ချ မှန်ကန်စွာ သုံးတတ်ဖို့၊ မြန်မာ အက္ခရာတွေကို လက်ရာရစ်ပဲ ရေးသားဖို့၊ (အင်္ဂလိပ် အက္ခရာများကို ရေးသကဲ့သို့ လက်ဝဲရစ် လုံးဝမရေးရပါ။) ရရစ်ရေးလျှင် တစ်ကြိမ်တည်း အပြီး ရေးပါ။ နှစ်ကြိမ်၊ နှစ်ဆင့် မရေးသားရပါဘူး။ လက်ရေး လက်သား သန့်ရှင်းသပ်ရပ်ဖို့လည်း အရေးကြီးပါတယ်။ ဂုဏ်ထူးရှင်တွေအတွက် ဆွေးနွေးတာမို့ သဒ္ဒါ အထားအသို၊ ကတ္တား၊ ဝါစက၊ ကံမှန်ဖို့လည်း အထူးဂရုပြုဖြေဆိုဖို့ လိုပေသပေါ့။

ထူးချွန်ထက်မြက်တဲ့ မြန်မာစာ ဂုဏ်ထူးရှင်များ ဖြစ်ကြပါစေ။

No comments:

Post a Comment