Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, December 14, 2015

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး လမ်းတွေ အများကြီး ပွင့်နေပြီ

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး လမ်းတွေ အများကြီး ပွင့်နေပြီ
**********************************************************************


နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီပါတီ တောင်ပြိုကမ်းပြို အနိုင်ရခဲ့တယ်။ အဲဒီအတွက် နိုင်ငံတွင်းမှာရှိတဲ့ ပြည်သူတွေအားလုံးနီးနီး ပြုံးပျော်ရွှင်ကြတယ်။ ဒါပေမဲ့ စိတ်လွတ်ကိုယ်လွတ် နောက်ဆံတင်းစရာမလိုတဲ့ ပျော်ရွှင်မှုမျိုးတော့ မဟုတ်ပါဘူး။ ၂ဝဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉(စ) ကြောင့် ပြည်သူတွေရဲ့အပျော်ဟာ တစ်ဝက်တစ်ပျက် အပျော်မျိုးဖြစ်နေခဲ့တယ်။

စစ်အစိုးရအုပ်ချုပ်ခဲ့တဲ့ နှစ်ပေါင်း၂ဝကျော်ကာလ အတွင်းမှာ ပြည်သူတွေရဲ့ ဘဝဟာ အားလုံးသိတဲ့အတိုင်းပါပဲ။ ကမ္ဘာ့အဆင်းရဲဆုံး LDC နိုင်ငံစာရင်းဝင်၊ကမ္ဘာ့လူ့အခွင့်အရေးမရှိဆုံးနိုင်ငံစာရင်းဝင်၊ ပညာရေး ကျန်းမာရေး အနိမ့်ကျဆုံး နိုင်ငံစာရင်းဝင်၊ အဂတိလိုက်စားမှုအများဆုံးနိုင်ငံစာရင်းဝင်၊ အိမ်နီးချင်းနိုင်ငံ တွေကို ရွှေ့ပြောင်းလုပ်သား သန်းကျော်ရောက်နေတဲ့ နိုင်ငံစာရင်းဝင် စတဲ့စတဲ့ ဂုဏ်သိက္ခာကျစရာ၊ စိတ်ပျက်စရာ အကြောင်းအရာပေါင်းများစွာနဲ့ မြန်မာနိုင်ငံ ဟာ အဖတ်ဆည်လို့မရတဲ့ အနေအထားအထိ ရောက်ခဲ့ရပါတယ်။

၂ဝ၁ဝပြည့်နှစ်မှာ အရပ်သားအစိုးရတက်လာပေမယ့် ဦးဆောင်သူတွေဟာ စစ်ဗိုလ်ချုပ်ဟောင်းတွေဖြစ်နေတဲ့ အချက်တစ်ခုတည်းနဲ့ ပြည်သူတွေရဲ့ ယုံကြည် မှုကို အပြည့်အဝ မရခဲ့ပြန်ပါဘူး။ ဒါကြောင့် ၂ဝ၁၅ရွေးကောက်ပွဲမှာ ပြည်သူတွေ ဟာ အတိုက်အခံ အင်န်အယ်လ်ဒီပါတီကို ပုံအောမဲပေးပြီး တိုင်းပြည်အပြောင်း အလဲအတွက် မျှော်လင့်ချက်အိပ်မက် အကြီးကြီးကို မက်ခဲ့ကြပါတယ်။ ဒီနေရာမှာ ပြည်သူတွေရဲ့မျှော်လင့်ချက်ဟာ အင်န်အယ်လ်ဒီပါတီ ဆိုတာထက် ဒေါ်အောင် ဆန်းစုကြည်လို့ပြောရင် ပိုမှန်ပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင် မှု၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီမံခန့်ခွဲမှု၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အုပ်ချုပ်မှုကို အားလုံးက လိုလားနေကြတယ်ဆိုတာ ငြင်းစရာမလိုပါဘူး။ တိတိကျကျပြောရရင် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရဲ့သမ္မတအဖြစ် တိုင်းပြည်ရဲ့ အထွတ်အထိပ် နေရာမျိုးမှာ ပြည်သူတွေက မြင်တွေ့ချင်နေကြတာပါ။

တကယ်တော့ မြန်မာပြည်သူတွေဟာ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင် ဆန်းအပေါ်မှာ အြေ<ွကးတစ်ခု တင်ကျန်နေပါတယ်။ တိုင်းပြည်လွှတ်လပ်ရေးအတွက် ဗိုလ်ချုပ်က အသက်ပေးပြီး ရယူပေးခဲ့ပေမယ့် နှစ်ပေါင်း ၆ဝကျော်ကြာလာတဲ့ အထိ မြန်မာနိုင်ငံဟာ ဗိုလ်ချုပ်ဖြစ်စေချင်တဲ့နိုင်ငံမျိုး ဖြစ်မလာသေးပါဘူး။ ဒီ အချိန်မှာတော့ မြန်မာပြည်သူတွေဟာ အဲဒီအြေ<ွကးတွေကိုဆပ်ဖို့ အခွင့်အရေး ကောင်းကို ပိုင်ဆိုင်ထားပြီလို့ ဆိုနိုင်ပါတယ်။ အဲဒါက ဗိုလ်ချုပ်သမီးကို သမ္မတဖြစ် ခွင့်ပေးပြီး ဗိုလ်ချုပ်ဖြစ်စေချင်တဲ့နိုင်ငံကို တက်ညီလက်ညီ ဝိုင်းဝန်းတည်ဆောက် ကြဖို့ပါပဲ။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း သမ္မတဖြစ်ချင်ပါတယ်လို့ ပြော ဆိုထားတာ ရှိပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ရက်တုန်းက သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်၊ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒေါ်အောင် ဆန်းစုကြည်တို့ သီးခြားစီတွေ့ဆုံခဲ့ပါတယ်။ အဲဒီတွေ့ဆုံပွဲတွေမှာ သမ္မတဦးသိန်း စိန်က အာဏာကို ချောချောမွေ့ မွေ့  လွှဲပြောင်းပေးမယ်လို့ ကတိပြုခဲ့သလို၊ တပ် ချုပ်ကြီးကလည်း ကောင်းမွန်တဲ့ရလဒ်တွေ ရခဲ့ပါတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒီလို တိုင်းပြည်ရဲ့ အမြင့်ဆုံးခေါင်းဆောင်နှစ်ဦးရဲ့ ထုတ်ဖော်ပြောဆိုမှုတွေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူတို့နှစ်ဦး ပြုံးပြုံးရွှင်ရွှင် ပြောဆိုဆွေးနွေးနေတဲ့ ဓာတ် ပုံတွေဟာ တိုင်းပြည်ကို အကောင်းဘက် ဦးတည်နေစေပြီလို့ အားလုံးက ရှုမြင် ကြပါတယ်။ ပြီးခဲ့တဲ့ အစိုးရသက်တမ်း ငါးနှစ်တာကာလအတွင်း သမ္မတနဲ့တပ်ချုပ် အပေါ် ပြည်သူတွေက လက်ခုပ်သံအများဆုံးချီးမြှင့်တဲ့ ပုံရိပ်တစ်ခုအဖြစ် ပြောမယ် ဆိုလည်း ပြောလို့ရပါတယ်။

''ဒီဇင်ဘာ ၂ရက်မှာ တွေ့ခဲ့ရတဲ့ ဓာတ်ပုံတွေဟာ ကျွန်တော်တို့နိုင်ငံမှာ နှစ် ပေါင်းများစွာ ပြောပြောနေတဲ့ အမျိုးသားရင်ကြားစေ့ရေးဆိုတဲ့စကားလုံးရဲ့ အနှစ် သာရတစ်ခုပဲ''လို့ နေ့စဉ်ထုတ်သတင်းစာတစ်စောင်ရဲ့ အယ်ဒီတာချုပ်တစ်ဦးက မှတ်ချက်ပြုပါတယ်။ အထူးသဖြင့် ဆွေးနွေးပွဲကပြန်လည်ထွက်ခွာသွားတဲ့ ဒေါ်အောင် ဆန်းစုကြည်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လက်ပြနှုတ်ဆက်နေတဲ့ ဓာတ်ပုံဟာ တပ်မတော်အပေါ်မှာ နှစ်ပေါင်းများစွာ အမြင်စောင်းနေတဲ့ ပြည်သူ တွေရဲ့ အသည်းနှလုံးကို များစွာလှုပ်ခတ်စေခဲ့ပါတယ်။

တစ်ပြိုင်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သမ္မတဖြစ်ခွင့်ကို ပိတ်ပင် ထားသလို ဖြစ်နေတဲ့ ပုဒ်မ ၅၉(စ)ကို ပြင်ဆင်ရေးဟာ လမ်းကြောင်းမှန်တစ်ခုပေါ် ရောက်ဖို့ အခွင့်အလမ်းပေါ်နေပြီလို့ နိုင်ငံရေးအကဲခတ်တွေက ယုံကြည်ကြပါ တယ်။ ရွေးကောက်ပွဲမတိုင်ခင်က ဒေါ်အောင်ဆန်းစုကြည်ဟာ အနိုင်ရခဲ့ရင် သမ္မတအထက်ကနေပြီး တိုင်းပြည်ကို စီမံသွားမယ်လို့ အတိအလင်းပြောဆိုထား ပေမယ့် သူ့ကို သမ္မတအဖြစ်ပဲ ပြည်သူတွေကရော၊ နိုင်ငံတကာအသိုင်းအဝိုင်းက ပါ မြင်တွေ့ချင်နေတာပါ။ ဒါကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်လည်း ကောင်းကောင်းသိနေပါလိမ့်မယ်။
ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်အတွက် သမ္မတဖြစ်ခွင့် အရောက်သွား ဖို့ နည်းလမ်းနှစ်သွယ် ရှိပါတယ်။ ပထမနည်းလမ်းက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉(စ)ကို ပြင်ဆင်ဖို့နဲ့ ဒုတိယနည်းလမ်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားနှစ် ယောက်ကို မြန်မာနိုင်ငံသား ဖြစ်ခွင့်ပေးဖို့ပါပဲ။

''လွှတ်တော် စတဲ့အချိန်မှာ တပ်မတော်ရဲ့ထောက်ခံမှုနဲ့ ပုဒ်၅၉(စ)ကို ချက် ချင်း ပြင်လိုက်ရင် ဒေါ်အောင်ဆန်းစုကြည် သမ္မတလုပ်လို့ရပြီ။ ဒါမှမဟုတ်ရင်လဲ သူ့သားနှစ်ယောက်ကို မြန်မာနိုင်ငံသား ပြန်ပေးလိုက်ရင်လဲ ကိစ္စအားလုံး ပြီးပြတ် သွားမှာပါ''လို့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားနှစ်ယောက်ဟာ မွေးဖွားချိန်ကတည်းက မြန်မာနိုင်ငံသား လျှောက်ထားသူတွေဖြစ်ပြီး ၁၉၈၉ခုနှစ်မှ အစိုးရက သူတို့နှစ်ဦး ရဲ့ နိုင်ငံသားဖြစ်ခွင့်ကို တပ်မတော်အစိုးရက ပယ်ဖျက်လိုက်ပါတယ်။ အဲဒီလို မြန်မာနိုင်ငံသားအဖြစ် ပယ်ဖျက်ခံရပြီးမှ သူတို့နှစ်ဦးရဲ့ဖခင် မိုက်ကယ်အဲရစ်ရဲ့ မူရင်းနိုင်ငံ(ဗြိတိသျှနိုင်ငံသား)အဖြစ် ခံယူခဲ့ကြတာပါ။ တကယ်တော့ သားသမီး တွေဟာ ဖခင်ရဲ့ကိုယ်စားပြုနိုင်ငံမှာ နိုင်ငံသားအဖြစ် အလိုအလျောက် ရယူပိုင် ခွင့် ရှိပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သားနှစ်ယောက်ကို မွေး ကတည်းက မြန်မာနိုင်ငံသားဖြစ်စေချင်လို့ မြန်မာနိုင်ငံသားအဖြစ် လျှောက်ထား ခဲ့တယ်လို့ ဦးကိုနီကပြောပါတယ်။

စစ်အစိုးရတက်လာပြီးနောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ကန့်သတ် ချက်အမျိုးမျိုး ပြုလုပ်ခဲ့ပါတယ်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ခင်ပွန်း ဗြိတိသျှနိုင်ငံသား ဖြစ်နေတဲ့ အကြောင်းတရားတစ်ခုအပေါ်မှာ နိုင်ငံရေးအရ တိုက်ခိုက်မှုတွေ များစွာပြုလုပ်ခဲ့ပါတယ်။ နောက်ဆုံး ၂ဝဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲတဲ့နေရာမှာ ''ခင်ပွန်း ၊ သားသမီး ၊ တစ်စုံတစ်ယောက်ဟာ နိုင်ငံခြားသား ခံယူထားရင် သမ္မတဖြစ်ခွင့်မရှိစေရ''ဆိုတဲ့ ပြဋ္ဌာန်းချက်မျိုးဟာ ဒေါ်အောင်ဆန်း စုကြည်အတွက် ရည်ရွယ်ရေးဆွဲထားတယ်ဆိုပြီး ဝေဖန်ခံရတဲ့အထိပါပဲ။ ဒါပေမဲ့ အစိုးရဘက်ကတော့ ပုဒ်မ ၅၉(စ)ဟာ တစ်စုံတစ်ဦးကို ရည်ရွယ်ရေးဆွဲထားတာ မဟုတ်ဘူးလို့ အကြိမ်ကြိမ် ငြင်းဆိုခဲ့ပါတယ်။

၁၉၈၂ခုနှစ် နိုင်ငံသားဥပဒေမှာတော့ မြန်မာနိုင်ငံသားတွေကို Dual Citizenship (နိုင်ငံသားနှစ်ခု) ကိုင်ဆောင်ခွင့်မရှိဘူးလို့ ပြဋ္ဌာန်းထားပါတယ်။ ဒါ ကြောင့် ဗြိတိန်မှာမွေးဖွားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားနှစ်ဦးဟာ မြန်မာ နိုင်ငံသားဖြစ်ခဲ့လား မဖြစ်ခဲ့လားဆိုတာ ပြောဖို့ခက်ခဲပြီး မိသားစုဝင်တွေနဲ့ ဝန်ကြီး ဌာနကပဲ သိနိုင်မယ်လို့ မြန်မာ့အရေး လေ့လာသုံးသပ်သူ ကိုကျော်လင်းဦးက ဆိုပါတယ်။ ဒီလို Dual Citizenship ကိုင်ဆောင်ခွင့်မပြုလို့ ပြီးခဲ့တဲ့ ၂ဝ၁၂ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ နိုင်ငံတော်သမ္မတအကြံပေး ဒေါက်တာဇော်ဦး ပြဿနာ တစ်ခုနဲ့ ကြုံတွေ့ခဲ့ဖူးပါတယ်။ အဲဒီတုန်းက ဒေါက်တာဇော်ဦးဟာ ပါရီကလပ်မှာ လုပ်တဲ့ ဥရောပသမဂ္ဂြေ<ွကးမြီလျှော်ရေး အစည်းအဝေးတက်ဖို့ ပြင်သစ်နိုင်ငံကို သွားဖို့ အကြောင်းဖန်လာပါတယ်။ ဒေါက်တာဇော်ဦးဟာ မြန်မာပြည်ရဲ့ သမ္မတ အကြံပေးတစ်ဦး ဖြစ်နေပေမယ့် အမေရိကန်နိုင်ငံသား ပတ်ပို့စ်ကိုင်ဆောင်ထားတဲ့ အတွက် မြန်မာနိုင်ငံကို ကိုယ်စားပြုဖို့ အခက်အခဲတချို့ ကြုံတွေ့ခဲ့ပါတယ်။ ဒါ ကြောင့် သမ္မတရဲ့ အထူးအခွင့်အာဏာနဲ့ သူ့ကို မြန်မာနိုင်ငံသားအဖြစ် အမြန်ဆုံး ပေးအပ်ပြီး ပါရီမှာ အခမ်းအနားတက်ရောက်စေခဲ့ပါတယ်။ ဒါကြောင့် အခုချိန် မှာ ဗြိတိသျှနိုင်ငံသား ကိုင်ဆောင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားနှစ် ယောက်ကို မြန်မာနိုင်ငံသားကတ် ပူးတွဲပေးဖို့ဆိုတာ ကက်ဘိနက်ရဲ့ လုပ်ပိုင်ခွင့် ပေါ်မှာပဲ အခြေခံနိုင်တယ်လို့ ဦးကျော်လင်းဦးက သုံးသပ်ပါတယ်။

''ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားနှစ်ယောက်ကို ကက်ဘိနက်ရဲ့ အထူးလုပ် ပိုင်ခွင့်နဲ့ မြန်မာနိုင်ငံသားပေးလိုက်ရင် ဖြစ်တယ်။ လုပ်ထုံးလုပ်နည်းအရတော့ သိပ် မလွယ်ဘူးပေါ့။ အပြင်မှာရှိနေတဲ့ ကိုမိုးသီးဇွန်တို့ကို အောင်သူငြိမ်းတို့လို အဲဒါ နဲ့ပဲ ငြိနေလို့ ပြန်ဝင်လာလို့မရတဲ့ဖြစ်စဉ်မျိုးတော့ရှိတယ်''လို့ ဆိုပါတယ်။
ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း ရဲ့ သမီး၊ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်၊ ပြည်သူအားလုံးကထောက်ခံနေတဲ့ နိုင်ငံ့ခေါင်း ဆောင်တစ်ဦးဆိုတဲ့ ဂုဏ်ပုဒ်တွေကြောင့် သူ့သားနှစ်ယောက်ကို မြန်မာနိုင်ငံသား ပေးဖို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ချက်ချင်းဆောင် ရွက်ပေးမယ်ဆိုရင်တောင် အခက်အခဲတွေ သိပ်အများကြီးရှိမှာ မဟုတ်ပါဘူး။ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ မြေးနှစ်ဦးကို မြန်မာနိုင်ငံသားအဖြစ် ဆုလာဘ်ပေးမယ့်ကိစ္စကို ပြည်သူတွေက လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြမှာပါ။ တကယ် လို့ သားနှစ်ယောက်ဟာ မြန်မာနိုင်ငံသားဖြစ်သွားပြီးတာနဲ့ တစ်ပြိုင်နက် ဒေါ်အောင် ဆန်းစုကြည်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉(စ)နဲ့ လုံးဝငြိစွန်းခြင်းမရှိတော့ ဘဲ နိုင်ငံတော်သမ္မတရာထူးကို အချိန်မ ဆိုင်း ထမ်းဆောင်ခွင့်ရရှိမှာဖြစ်ပါတယ်။

နောက်နည်းလမ်းတစ်ခုဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉(စ)ကို ပြင် ဆင်ပြီးမှ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတတင်မြှောက်မယ့် နည်းလမ်းကတော့ အချိန်ယူရမယ့်သဘောမှာ ရှိပါတယ်။ ၂ဝ၁၆ခုနှစ် ဇန်နဝါရီ ၃၁ရက်မှာ ဒုတိယ အကြိမ် လွှတ်တော်သက်တမ်း ပြန်စပါမယ်။ တစ်ဆက်တည်းမှာပဲ လွှတ်တော်ဥက္ကဋ္ဌ တင်မြှောက်ဖို့၊ လွှတ်တော်အမတ်တွေ ကျမ်းကျိန်ဖို့၊ ဒုသမ္မတ ရွေးချယ်တင်မြှောက် ဖို့၊ အစိုးရအဖွဲ့ ဖွဲ့ဖို့ စတဲ့ လုပ်ငန်းစဉ်တွေအတွက် အနည်းဆုံးခြောက်လလောက် အချိန်ယူရမှာပါ။ အဲဒီလို လွှတ်တော်ရော၊ အစိုးရအဖွဲ့ပါ အခြေကျပြီးမှ ပုဒ်မ၅၉ (စ)ကို ပြင်ဖို့ကြိုးစားမယ်ဆိုရင် ၂ဝ၁၆ခုနှစ် နှစ်လယ်ပိုင်းထိ ရောက်သွားနိုင်ပါ တယ်။ ဘာကြောင့်လဲဆိုတော့ ပုဒ်မ ၅၉(စ)ပြင်ဖို့အတွက် လွှတ်တော်အမတ် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှုရဖို့လည်း လိုအပ်နေပါသေးတယ်။ အဲဒီလို တပ်ကိုယ် စားလှယ်တွေ ထောက်ခံမှုရဖို့ဆိုတဲ့နေရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ နှစ်ဦးကြားမှာ အပေးအယူနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ အချိန်ယူလုပ်ရမယ့်အနေအထားမှာ ရှိပါ တယ်။

အခြားတစ်ဖက်မှာတော့ အစိုးရနဲ့ လွှတ်တော်ရဲ့ လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး ပုဒ်မ ၅၉(စ)ကို ယာယီရပ်ဆိုင်းကြောင်း အရေးပေါ်ဥပဒေ ပြဋ္ဌာန်းနိုင်မယ်ဆိုရင် တော့ အချိန်တိုအတွင်း ကိစ္စတွေ ပြီးပြတ်သွားနိုင်ပါတယ်။ တရားလွှတ်တော် ဦးကိုနီကတော့..
''နိုင်ငံရေးအခြေအနေအရ အခြေခံဥပဒေပုဒ်မ ၅၉(စ)ကို ယာယီရပ်ဆိုင်း ကြောင်း လွှတ်တော်မှာ အထူးဥပဒေတစ်ခု ပြဋ္ဌာန်းလိုက်မယ်ဆိုရင် ဒေါ်အောင် ဆန်းစုကြည်အတွက် သမ္မတဖြစ်ခွင့် လမ်းပွင့်သွားမယ်''လို့ ဆိုပါတယ်။
အင်န်အယ်လ်ဒီပါတီဟာ အခုချိန်အထိ ဘယ်သူ့ကို သမ္မတအဖြစ်တင်မြှောက် မယ်လို့ တိတိကျကျ ထုတ်ဖော်ပြောဆိုထားခြင်း မရှိသေးပါဘူး။ လက်ရှိနိုင်ငံရေး အခင်းအကျင်းအရ အင်န်အယ်လ်ဒီပါတီမှာ တပ်မတော်ကရော၊ ပြည်သူကပါ လက်ခံပေးဖို့ အဆင်သင့်ဖြစ်တဲ့ပုဂ္ဂိုလ် နှစ်ဦးပဲရှိတယ်လို့ နိုင်ငံရေးအကဲခတ်တွေ က ဆိုပါတယ်။ အဲဒီနှစ်ဦးကတော့ အင်န်အယ်လ်ဒီပါတီနာယက တပ်မတော် ကာကွယ်ရေးဦးစီးချုပ်(ဟောင်း) ဗိုလ်ချုပ်ကြီး(ဟောင်း) သူရဦးတင်ဦးနဲ့ အင်န် အယ်လ်ဒီပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ပါပဲ။

စစ်တပ်က နိုင်ငံရေးထဲ ထဲထဲဝင်ဝင်ရှိနေတဲ့ မြန်မာ့နိုင်ငံရေးမှာ နိုင်ငံတော် သမ္မတဟာ တပ်မတော်သားအသိုင်းအဝိုင်းက လက်ခံလေးစားတဲ့လူမျိုးဖြစ်ဖို့ မဖြစ် မနေ လိုအပ်နေဦးမှာပါပဲ။ ဒီနေရာမှာ သူရဦးတင်ဦးဟာ တစ်ခေတ်တစ်ခါက ပြည်ချစ်တပ်မတော်သားတစ်ဦးဖြစ်ခဲ့တဲ့အတွက် စစ်ဘက်၊ အရပ်ဘက် ဆက်ဆံရေး အတွက် အသင့်တော်ဆုံးလူတစ်ဦးလို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ အသက်အရွယ် အရ သူရဦးတင်ဦးဟာ တာဝန်တွေကိုထမ်းဆောင်ဖို့ အခက်အခဲတွေရှိနေလို့ သမ္မတအမည်စာ ရင်းမှာ သူ့ကိုထည့်စဉ်းစားဖို့မဖြစ်နိုင်တော့ ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ကတော့ တပ်မတော်ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်း သမီး ဖြစ်နေတဲ့ အချက်တစ်ခုတည်းနဲ့တင် စစ်ဘက်၊ အရပ်ဘက် ဆက်ဆံရေး အတွက် အကောင်းဆုံး ပေါင်းကူးတံတားတစ်စင်း ဖြစ်နေပါပြီ။ ဒေါ်အောင်ဆန်း စုကြည်ကိုယ်တိုင်ကလည်း ''ဖေဖေဟာ တပ်မတော်ရဲ့ဖခင်ပါ။ ကျွန်မက ဖေဖေ့ သမီးဆိုတော့ တပ်မတော်နဲ့ကျွန်မဟာ မောင်နှမအရင်းတွေပေါ့''လို့ အခိုင်အမာ ပြောဆိုတာရှိပါတယ်။

ပြီးခဲ့တဲ့ ဒေါ်အောင် ဆန်းစုကြည်နဲ့ တပ်ချုပ် ကြီးတို့ တွေ့ဆုံပွဲ ပုံရိပ် ဟာ မြန်မာ့နိုင်ငံရေးမှာ တပ်မတော်ကို ပြည်ချစ် တပ်မတော်တစ်ခုအဖြစ် ပြန်လည်အသက်သွင်းဖို့ ပထမခြေလှမ်းလို့ ဆို နိုင်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်တိုင် လေးလေး စားစားနဲ့ ကြိုဆိုနှုတ် ဆက်တဲ့ အနေအထား ကို ကြည့်ခြင်းအားဖြင့် တပ်မတော်ဟာ ဒေါ် အောင်ဆန်းစုကြည်အ ပေါ် သဘောထားပျော့ ပြောင်းလာတဲ့ လက္ခ ဏာလို့ ဆိုနိုင်ပါတယ်။ ဒါ့ပြင် ယခုရက်ပိုင်းအ တွင်းမှာ သူရဦးရွှေမန်း ရဲ့ ချိတ်ဆက်ပေးမှုနဲ့ လက်ရှိ တပ်မတော်ရဲ့ ခေါင်းကိုင်ပုဂ္ဂိုလ်ဖြစ်နေ တဲ့ ဗိုလ်ချုပ်မှူးကြီးသန်း ရွှေ(ငြိမ်း)နဲ့ ဒေါ်အောင် ဆန်းစုကြည်တို့ တွေ့ ဆုံခဲ့တဲ့ ဖြစ်စဉ်ကြောင့် မြန်မာ့နိုင်ငံရေးမှာ မဖြစ် နိုင်တာ မရှိတော့ဘူးလို့ ဆိုရတော့မှာပါ။ အဲဒီ တွေ့ဆုံပွဲမှာ ဗိုလ်ချုပ် မှူးကြီး(ငြိမ်း) ဦးသန်း ရွှေက မြန်မာ့နိုင်ငံရဲ့ အနာဂတ်ခေါင်းဆောင် ဟာ ဒေါ်အောင်ဆန်း စုကြည်ပါပဲလို့ အခိုင် အမာ ထုတ်ဖော် ပြော ကြားခဲ့တဲ့ အချက်ဟာ ဒေါ်အောင်ဆန်းစုကြည် အတွက် သမ္မတဖြစ်ဖို့ လမ်းပွင့်သွားပြီလို့ ဆိုနိုင်ပါတယ်။

လက်ရှိတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်ဟာ ယခင်တပ်ချုပ်(ဟောင်း) ဦးသန်းရွှေရဲ့တာဝန်ပေးချက်အရ လက်ရှိရာ ထူးကို ပိုင်ဆိုင်ခွင့်ရရှိထားသူပါ။ တပ်မတော်ရဲ့ စီနီယာ၊ ဂျူနီယာ ဆက်ဆံရေး သဘောသဘာဝအရ လက်ရှိတပ်ချုပ်ဟာ ယခင်တပ်ချုပ်ပေါ်မှာ သစ္စာစောင့်သိမှု၊ လမ်းညွှန်မှုတောင်းခံတာမျိုးက မဖြစ်မနေ ရှိနေခဲ့မှာပါ။ အခုလို ယခင်တပ်ချုပ် ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပြီဆိုတော့ လက်ရှိတပ်ချုပ်ကြီးဟာလည်း ဒေါ်အောင်ဆန်းစုကြည်အ တွက် နိုင်ငံရေးလမ်းဖွင့်ပေးဖို့ အခက်အခဲရှိတော့မှာ မဟုတ်ပါဘူး။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင်ကလည်း အစိုးရသစ်နဲ့ လက်တွဲလုပ်ဆောင်သွားမယ် လို့ အတိအလင်း ထုတ်ဖော်ပြောဆိုထားတဲ့အတွက် အင်န်အယ်လ်ဒီပါတီအတွက် ရော ဒေါ်အောင်ဆန်းစုကြည်အတွက်ပါ အကောင်းဘက်ကို ဦးတည်မယ်လို့ အကဲ ခတ်တွေက ဆိုကြပါတယ်။

နေ့စဉ်ထုတ်သတင်းစာတစ်စောင်မှ အယ်ဒီတာချုပ်တစ်ဦးကတော့..
''မြန်မာနိုင်ငံမှာ သမ္မတလုပ်မယ့်သူဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က အလေးပြုနိုင်တဲ့လူမျိုးဖြစ်ဖို့ လိုတယ်။ အဲဒီဂုဏ်ပုဒ်နဲ့ အဘက်ဘက်က ပြည့်စုံ တာ လက်ရှိအချိန်မှာ ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်ပဲရှိတယ်။ ပုဒ်မ ၅၉(စ)ပြင်တဲ့ လမ်းပဲသွားသွား၊ သူ့သားနှစ်ယောက်ကို မြန်မာနိုင်ငံသားပေးတဲ့ လမ်းနဲ့ပဲ သွားသွား၊ အစိုးရသစ်မှာ သမ္မတဖြစ်မယ့်သူဟာ ဒေါ်အောင်ဆန်းစုကြည် ပဲ ဖြစ်သင့်ပါတယ်''လို့ အခိုင်အမာပြောဆိုခဲ့ပါတယ်။

(Yangon Times Journal, 11-48)

No comments:

Post a Comment