Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, December 6, 2015

"We got him By Paul Bremer"

"We got him By Paul Bremer"

--------------------------------------
ဆတ်ဒမ်ဟူစိန်ဆီမှာ ကမ္ဘာဖျက်လက်နက်တွေ ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အမေရိကန်တပ်တွေ အီရတ်ကို ကျူးကျော်ပြီး ဒီဇင်ဘာလ(၁၄) ရက်၊ ၂၀၀၃ ခုနှစ်မှာ ဘဂ္ဂဒက်မြို့တော်ကနေ "Ladies and Gentlemen: We got him!! "ဆတ်ဒမ်ဟူစိန်ကို မိပြီ" လို့ ကမ္ဘာကိုစတင် ကြေညာသူမှာ ယနေ့ Al Jazeera သတင်းဋ္ဌာန Head to Head အစီ အစဉ်မှာ Mehdi Hasan က "ISIS (သို့) ISIL တို့ရဲ့ ဖခင် ဟာ ခင်ဗျားလို့" အစွပ်စွဲခံခဲ့ရတဲ့ အမေရိကန် သံအမတ် Paul Bremer သာ ဖြစ်ပါတယ်။

Mehdi Hasan နဲ့ Paul Bremer တို့ရဲ့စကားစစ်ထိုးပွဲကို မိတ်ဆွေများ၏ အလိုဆန္ဒအရ ၏သည်မရွေး တင်ပြတာထက် အီရတ်မှာ သံအမတ်ဖြစ်စဉ်ကာလ သူဘာလုပ်ခဲ့သလဲဆိုတာကို နားလည်မှသာ
Mehdi Hasan ရဲ့ စွပ်စွဲချက်ကို ရှင်းရှင်းလင်းလင်း သဘောပေါက်မယ် ယူဆတာကြောင့် အမေရိကန်
အစိုးရရဲ့ အီရတ်နိုင်ငံအပေါ် ကျွမ်းကျင် နားလည်မှုမရှိဘဲ ထင်တစ်လုံးနဲ့ရမ်းသမ်း လုပ်ဆောင်ချက်တွေ
ကြောင့် ဒီကနေ့တကမ္ဘာလုံးက ဖိန့်ဖိန့်တုန်အောင်ကြောက်လန့် ခြောက်ခြားနေရတဲ့ "ISIL" အဖွဲ့ကို
မွေးထုတ်မိခြင်း ကိစ္စမှာ အဓိက အခန်းကဏ္ဏက ပါဝင်ခဲ့တဲ့ Bremer ရဲ့ လုပ်ဆောင်ချက်တွေကိုသာ မျှဝေချင်ပါတယ်။

အီရတ်ကို သိမ်းပိုက်ပြီး ဆတ်ဒမ်ကို မမိသေးခင်ကာလမှာ နိုင်ငံကို တည်ငြိမ်အောင်အုပ်ချုပ်ဖို့ အမေရိကန် အရပ်သား အစိုးရ အုပ်ချုပ်ရေးမှူး Jay Garner အီရတ်ကို ၂၁ ဧပြီ ၂၀၀၃ ခုနှစ်မှာ ရောက်ရှိ လာပါတယ်။ ၎င်းသည် အမေရိကန်စစ်ဗိုလ်ချုပ်ဟောင်း တစ်ဦးလည်း ဖြစ်ပါတယ်။ အဲဒီအချိန် အီရတ်ရဲ့ အခြေအနေဟာ အဆိုးရွားကြီးမဟုတ်သေးဘဲ ဆွန်နီ မွတ်စလင် အချို့ရဲ့ ကြိုကြားခုခံ တိုက်ခိုက် မှုလောက်သာ ရှိပါသေးတယ်။ Garner ရဲ့ တာဝန်ကတော့ အီရတ်မှာ ရွေးကောက်ပွဲ ပြုလုပ်ပြီး ဒီမိုကရက်တစ်အစိုးရ တစ်ရပ် ပေါ်ပေါက်အောင် လုပ်ဆောင်ပေးဖို့ပဲ ဖြစ်ပါတယ်။အီရတ်ကို ရောက်ရှိပြီး နောက်တနေ့မှာ ကာဒ်လူမျိုးတွေရှိရာ မြောက်ပိုင်းကိုသွားပြီး ကာဒ်သူပုန်ခေါင်းဆောင်တွေနဲ့ အီရတ်ရဲ့ အနာဂတ်ကို ပုံဖော်နိုင်ရန် ဆွေးနွေးကြည့်ပါတယ်။

ဒီနေရာမှာ ကာဒ်သူပုန်လို့ ဆတ်ဒမ်က သတ်မှတ်ထားတဲ့"Kurds" လူမျိုးတွေက ၎င်းတို့နေထိုင်ရာ မြောက်ပိုင်း အီရတ်ကို ကိုယ်ပိုင် အုပ်ချုပ်ခွင့် တောင်းဆိုတာကြောင့် ဒီကိစ္စ နှင့်အတူ အခြားခေါင်းဆောင်များနှင့် တွေ့ဆုံပြီး အစိုးရတစ်ရပ် ဖွဲ့စည်းရန် ဘဂ္ဂဒက်မှာ ပြုလုပ်မည့် အစည်းအဝေး
ကို ဖိတ်ခေါ်ခဲ့တာကို ၎င်းတို့ကလည်း သဘောတူညီခဲ့ပါတယ်။ဝါးအစည်းပြေသလို ဖြစ်နေတဲ့ အီရတ်မှာ ဆတ်ဒမ်လက်ထက် အနှိမ်ခံခဲ့ရတဲ့ ပြည်တွင်း လူမျိုးငယ်စုတွေနဲ့ နိုင်ငံက ထွက်ပြေးနေတဲ့ ပြည်ပြေးေ ခေါင်းဆောင်တွေရဲ့အာဏာငတ်မွတ် လုယက်ချင်မှုနဲ့ ဂလဲ့စားချေချင်နေတဲ့ အာဃာတ တွေအကြားမှာ Garner တစ်ယောက် ရွာလည်နေမယ်ဆိုတာ မှန်းဆ ကြည့်နိုင်ပါတယ်။

အဲဒီအချိန်မှာပဲ နောင်သိပ်မကြာခင်မှာ အီရတ် ဝန်ကြီးချုပ်ဖြစ်လာပြီး (၈) နှစ်ကြာ အီရတ်ကို ကပြောင်း ကပြန် လုပ်မဲ့ရှီအာမွတ်စလင် Nouri al-Maliki တစ်ယောက်လည်း ပြည်ပြေး ဘဝ ကနေ အီရတ်ကို ပြန်လည် ရောက်ရှိလာသလို အခြား အတိုက်အခံ ခေါင်းဆောင်တွေလည်း တစ်ဖွဲဖွဲ ပြန်လည် ရောက် ရှိလာပါတယ်။ ဆတ်ဒမ်ရဲ့ မတရား ပိုင်ဆိုင်မှုတွေကို နေရာတိုင်းမှာ လုယက်မှုရှိနေပြီး အမေရိကန် တပ်သားတွေအနေနဲ့လူတိုင်းကို မဖမ်းဆီးနိုင်တာကြောင့် ခွင့်ပြုပေးထားရပြီး လူတိုင်းကိုယ်စီ ကိုယ့်ရပ် ကိုယ့်ရွာကို ကိုယ်တိုင်လက်နက်ကိုင် စောင့်ရှောက်နေရချိန်လည်း ဖြစ်ပါတယ်။

ဒီလို ဗရုတ်ဗရက် ကာလမှာပဲ လန်ဒန်မှာ ဒေါက်တာဘွဲ့ယူထားတဲ့ ရှီယာ အစ္စလာမ်မစ် ခေါင်းဆောင် DR. MO-WAFFAK al RBAIE နဲ့ အီရတ် ပြည်ပြေး ခေါင်းဆောင်တစ်ယောက်လည်း ဖြစ်သလို ဘွတ်ရှ် အစိုးရ လက်ထက်မှာ အမေရိကန်နိုင်ငံဆိုင်ရာ ကုလကိုယ်စားလှယ် တာဝန် ထမ်းဆောင်ခဲ့ဖူးတဲ့ Zalmay Khalilzad ကို အီရတ်နှင့်အာဖဂန်နိုင်ငံ ဆိုင်ရာ သံအမတ်အဖြစ် ရောက်ရှိလာပြန်ပါတယ်။

ဆိုလိုချင်တာက ဘွတ်ရှ်နဲ့ ပတ်သက်ပြီး သူစေလွှတ်သူနဲ့ အီရတ်ကို ပြန်လည် ရောက်ရှိလာသူ အားလုံး နီးပါးဟာ "ရှီအာ (Shia) မွတ်စလင်" တွေချည်းပဲဆိုတာကိုသတိပြုမိဖို့ လိုပါတယ်။ ဘွတ်ရှ်နဲ့ သူ့အစိုးရ အဖွဲ့ဝင်တွေရဲ့ ခပ်ကြောင်ကြောင်အတွေးလား၊ ဒါမှမဟုတ် ယနေ့ကြုံတွေ့နေရတဲ့ မဆုံးနိုင်မဲ့ စစ်ပွဲတွေ ဖန်တီးချင်တဲ့ ဆန္ဒတွေကြောင့်လား၊သို့တည်းမဟုတ် ထိုနှစ်ရပ်လုံးကြောင့်လားမသိ ဆတ်ဒမ်က "ဆွန်နီ မွတ်စလင်" ဖြစ်တာကြောင့် အီရတ်မှာ"ရှီအာ" အစိုးရ တစ်ရပ်ကိုသာအကောင်အထည်ဖော်ပေါ်ပေါက်စေ ချင်တဲ့ မျက်စိတစ်ဆုံး မမြင်တတ်တဲ့ ဉဏ်တိမ်တိမ် အတွေးကြောင့် မိမိတို့ ကမ္ဘာကြီး အမှောင်ထဲ
ကျရောက်နေရတယ်လို့ သုံးသပ်ရင်လည်း မမှားနိုင်ပါ။

တစ်ကမ္ဘာလုံးမှာ "ဆွန်နီ မွတ်စလင်" လူဦးရေက ၁.၇ ဘီလီယံ (သန်းပေါင်း ၁,၇၀၀၊ 1.7 billion)၊ ရာခိုင်နှုန်းအားဖြင့် Sunni (85-86%) နှင့် Shia (12–13%) ရှိတာ၎င်းတို့ မေ့နေဟန် တူပါတယ်။

မေလ (၁) ရက်နေ့ ၂၀၀၃ ခုနှစ်မှာ ဘွတ်ရှ်ကိုယ်တိုင် ဂျက်လေယာဉ်မောင်းပြီး လေယာဉ်တင် သင်္ဘောပေါ်"Tom Cruise တွမ်ကရုစ်" ရဲ့ Top Gun ရုပ်ရှင် ဇတ်ကားထဲကလို ဟန်ပါပါ ဆင်းလာပြီး အီရတ်ကို တိုက်ခိုက်မှု အောင်မြင်ပြီးစီးကြောင်း "Mission Accomplished" လို့ ပြောခဲ့တာ မှတ်မိကြ မယ် ထင်ပါတယ်။ တကယ်က အီရတ်စစ်ပွဲ အစစ်က အဲဒီတော့မှ စတာပါ။Garner ထင်ခဲ့တာက (၃) လ အတွင်း သူ့လုပ်ငန်း ပြီးစီးမယ်လို့ မှန်းဆခဲ့ပေမဲ့ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ခဲ့ပါ။ ဒီလိုနဲ့ပဲ Garner နေရာမှာ ယနေ့ ISIL တို့ရဲ့ ဖခင်ရင်းကြီး ဖြစ်လာမယ့် Paul Bremer ကို လုပ်ပိုင်ခွင့် အာဏာကုန်ပေးပြီး ဘွတ်ရှ် အစိုးရက မေလ (၁၂) ရက်၊ ၂၀၀၃ ခုနှစ်မှာ စေလွှတ်ခဲ့ပါတော့တယ်။ Bremer နဲ့ Bush ဘာသာမဲ့အဖြစ် အသွင်တူတာထက်နှစ်ဦးစလုံး အာရပ်ကမ္ဘာကို သေချာ နားမလည်ပါ။ အထူးသဖြင့် အီရတ်ရဲ့ ဆတ်ဒမ်နောက်ပိုင်း အခြေအနေမှန်နှင့်အီရတ်ရဲ့ သားအရင်း ဆွန်နီလူမျိုးကို မှန်ကန်စွာ မသုံးသပ်နိုင်ခဲ့ပါ။

ဆတ်ဒမ်ရဲ့ရီပတ်ပလင်ကင် နန်းတော်ဟောင်းမှာ ဋ္ဌာနချုပ်ပြုလုပ်ပြီး ဘုရင်ခံလို ရုံးထိုင်နေတဲ့ Bremer တစ်ယောက် အီရတ်မှာ ဒီမိုကရက်တစ် အစိုးရတစ်ရပ် ပေါ်ပေါက်အောင် စိတ်ကူး စိတ်သန်းပေါက်ရာ၊ ထင်ရာ မြင်ရာဖြင့် အားသွန် ကြိုးပမ်း ဆောင်ရွက်နေပါတယ်။သို့သော်လည်း အာဏာလိုချင်တဲ့ ဆွန်နီ၊ ရှီအာ၊ ကာဒ်တို့ပါဝင်တဲ့ (၇) ဖွဲ့ခေါင်းဆောင်တွေအကြားမှာ ခမျာ ထင်တိုင်းမပေါက်ပဲ ဖြစ်နေရှာပါတယ်။
အစိုးရတစ်ရပ် မပေါ်ပေါက်ခင် ဆွေးနွေးနေဆဲ ကာလတစ်ခုမှာ အီရတ်ဟာ Bremer ရဲ့ လက်ထဲမှာ ရှိနေပြီး နောင်အခါ ဘယ်လိုမှ ပြင်မရနိုင်တဲ့ အမှားကြီး တစ်ရပ်ကို ၎င်းကိုယ်တိုင် ကျူးလွန်ခဲ့ပါတော့ တယ်။ ဒါကတော့ ဆတ်ဒမ်ရဲ့ အီရတ် စစ်သားတွေကို လစာတစ်ပြားတစ်ချပ်မှ မပေးဘဲ တစ်ယောက်ကို အမေရိကန် ဒေါ်လာ (၂၀) ဆီပေးပြီး လမ်းပေါ် မောင်းထုတ်ပေလလျာကံ ပြုလိုက်ကြပါတယ်။

အီရတ်စစ်ပွဲ စတင်စဉ်က ဘွတ်ရှ်အစိုးရရဲ့ထုတ်ပြန်ချက်အရ အမေရိကန်ကို ခုခံခြင်း မပြုရန်နှင့် ထိုသို့ လိုက်နာလျှင် "အမျိုးသား ပြန်လည် တည်ဆောက်ရေး တပ်ဖွဲ့"အဖြစ် နောက်ပိုင်းတွင် ပါဝင်ခွင့်ပြုမည် ဆိုသော ကတိကဝတ်ကြောင့် အီရတ် အမြဲတမ်း စစ်သား (၄၀၀,၀၀၀)နီးပါးဟာ အားတက်သရော ခုခံမှု မပြုဘဲ လက်နက်ချခဲ့ကြပါတယ်။ ထွက်ပြေးခဲ့ကြပါတယ်။ အိမ်ပြန်ခဲ့ကြပါတယ်။ ဆတ်ဒမ်ရဲ့ ကိုယ်ပိုင် တပ်ဖြစ်တဲ့ ရီပတ်ပလင်ကင်တပ်သာ အသေခံ ပြန်တိုက်ပါတယ်။ယခုတော့ လက်နက်ချခဲ့ကြတဲ့ အီရတ် စစ်သား (၄၀၀,၀၀၀) ဟာ အမေရိကန်တွေရဲ့ သဘောထားအမှန်ကိုသိရှိပြီး သစ္စာဖောက်ခံရတာကြောင့် မခံမရပ်နိုင် ဖြစ်ကြရပါပြီ။ သစ္စဖောက်တွေ ပြန်လည် သစ္စာဖောက်ခံရတာ လောက နီတိ ဖြစ်သလို သွေးကြွေးနှင့် ပေးဆပ်ရုံမှအပ အခြားလမ်း မရှိတော့ပါ။ ဆတ်ဒမ်ရဲ့ ဗိုလ်မှူး၊ ဗိုလ်ချုပ်ဟောင်းတွေက Bremer နဲ့တိုးတိုးတိတ်တိတ် ဆက်သွယ်ပြီး ဒီလို မလုပ်သင့်ကြောင်းနှင့် ဒီတပ်သားတွေကို လစာဟောင်းတွေလည်း မပေးသလို ပြန်လည်တည်ဆောက်ရေးတပ်ဖွဲ့ထဲ မထည့်ဘဲ ထားမယ်ဆိုရင် တစ်နေ့အကြီးအကျယ်အန္တရယ်ပေးနိုင်ကြောင်းနားချသော်လည်း ငြင်းပယ်ခဲ့ပါတယ်။

Bremer က ဝါရှင်တန်ရှိ ဘွတ်ရှ်နဲ့ ဗီဒီယိုနှင့် တွေ့ဆုံပြီး ဆတ်ဒမ်ရဲ့ စစ်သားတွေကို ပြန်လည် အသုံးပြု မည် မဟုတ်လို့အကြောင်းကြားတဲ့အခါ ဘွတ်ရှ်က (၁၀) စက္ကန့်လောက်ခေတ္တမှင်သက် ဆွံ့အသွားပြီး "အင်းလေ...ခင်ဗျားက လက်ရှိ အဲဒီမှာမို့ ခင်ဗျားလုပ်တာ အမှန်ဆုံးသာ ဖြစ်မယ်" လို့နားမလည် ပါးမလည် မီးစိမ်းပြလိုက်ပါတယ်။ တကယ်သာ အမျှော်အမြင်ရှိတဲ့ သမ္မတနဲ့အခြေနေအမှန်ကို သုံးသပ်တတ်တဲ့ သံအမတ်ဆို ဒီလို လွယ်လင့်တကူ ဆုံးဖြတ်လိမ့်မည် မထင်ပါ။ ဘာဖြစ်လို့လည်း ဆိုတော့ လူသတ်လက်နက်တွေကို ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြုတတ်ပြီး လက်ထဲမှာလည်း သေနတ်တွေ ဖုံးဝှက်ထားသလို လက်နက်ကြီး သိုလှောင်ရုံတွေလည်း ဘယ်နေရာမှာရှိပြီး ဘယ်လို
ထုတ်ယူ အသုံးပြုရမလဲ အတတ်သိနေတဲ့ ဒီစစ်သားဟောင်းတွေကို ဒီလို ဥပက္ခာ ပြုလိုက်ရင် နောက်ပိုင်း
ဆိုးဆိုးဝါးဝါး အခြေအနေတွေ ဖြစ်ပေါ်လာနိုင်တယ်ဆိုတာ ဘုန်းကြီးကျောင်းသားတောင် ခန့်မှန်းနိုင်ပေ
မဲ့ Bush နဲ့ Bremer မမြင်တာ အတော်ကြီးကို ညံ့ဖျင်းလွန်းပါတယ်။

ဒါကြောင့်လည်း အမေရိကန် သမ္မတ အဆက်ဆက်သမိုင်းမှာ ဘွတ်ရှ်တစ်ယောက် အညံ့ဖျင်းဆုံး သမ္မတ
အဖြစ် "ပထမဆု" ချိတ်တာ မဆန်းလှပါ။ ဆတ်ဒမ်ရဲ့တပ်မတော်သား အဟောင်းတွေကို အီရတ်ပြန်လည် တည်ဆောက်ရေးမှာ ပြန်လည်ပါဝင်ခွင့် ပြုမည်မဟုတ်ဟု မကြေညာခင် တစ်ပတ် အလိုထိ အီရတ်မှာ
ရန်လို၍ အပြင်းအထန် ဆန့်ကျင်သော "Hostile" ပုံစံမျိုး လုံးဝ မရှိသေးပါ။ ထိုသို့ ကြေညာပြီးနောက်ပိုင်း မှသာ အမေရိကန်တပ်တွေ တိုက်ခိုက်ခံရခြင်း ဖြစ်တယ်။ စစ်သားဟောင်းတွေနဲ့ပြည်သူတွေ ဒေါသတွေ ထွက်နေကြတယ်။ လမ်းမပေါ်ထွက် ဆန္ဒပြလာတယ်။ အမေရိကန်တွေက ပစ်သတ်တယ်၊ တစ်ဖက်က အုတ်ခဲကျိုးတွေနဲ့ပစ်တယ် စသဖြင့် ဇတ်လမ်းက အစပြုလာပြီ။ လက်ဖြစ်ဗုံးတွေနဲ့ တိုက်ခိုက်လာပြီ။ နောက်ပိုင်းမှာ အမေရိကန် စစ်သား ၄,၅၀၀ နီးပါးဟာ Improvised Explosive Device (IED)လို့ခေါ်တဲ့ ဒီလက်ဖြစ်ဗုံးတွေကြောင့် ဇီဝိန်ကြွေခဲ့ကြရတော့တယ်။ အမေရိကန်အစိုးရရဲ့အသိဉဏ်မဲ့ ပေါ်လစီ အမှားကြောင့် ဒီ စစ်သားတွေ အချောင်သေရခြင်း ဖြစ်တယ်။ ဒီအချိန်ကျမှ Bremer က စစ်သားဟောင်းတွေကို လစာပြန်ပေးပါမည်၊ ပါဝင်ခွင့် ပြုပါမည်ဟု နှင့်သိမ့်သော်လည်း လက်မခံတော့ပါ။ မယုံကြည်ကြတော့ပါ။ ဒါပေမယ့် ဒါဟာမပြောပလောက်သော မီးပွါးစလေးသာလျှင် ဖြစ်ပါသေးတယ်။
တကယ့် ဂလဲ့စားချေမှု၊ ရက်ရက်စက်စက် သတ်ဖြတ်မှုတွေနှင့် အတူ အမေရိကန်ကို ဆန့်ကျင်မည့် တပ်ဖွဲ့တွေ နောက်ပိုင်းမှာ ပေါ်လာပါတော့မယ်။ဒီအချိန်မှာ Bremer မှာသာ အရည်အချင်းပြည့်ဝပြီး
ပါးနပ်မယ်ဆိုရင် ထိမ်းသိမ်းနိုင်သေးတဲ့ အခြေအနေမှာ ရှိနေပါသေးတယ်။
ဆွန်နီတွေသာမက ရှီအာတွေလည်း အမေရိကန်တပ်ဖွဲ့တွေကို ပူးပေါင်း ဆန့်ကျင်နေဆဲ ကာလမို့
တစ်ဖက်ဖက်ကို လုံးလုံး အာဏာမလွှဲဘဲ မြွေမသေတုတ်မကျိုး၊ ပျားစွဲ ရှဥ့်လျှောက် အခြေအနေကို
ဖန်တီးနိုင်ခြင်း မရှိဘဲ တစ်စုံတစ်ဦး တစ်ဖွဲ့တစ်စည်းတစ်ရပ်ကို အမြန်ဆုံး အာဏာလွှဲပေးရန် ကြိုးစား
ခြင်းဖြင့် နောက်ထပ်အမှားတစ်ခုကို Bremer ကျူးလွန် မိပါတော့တယ်။
ဒီလိုမကျူးလွန်ခင်ကြားထဲမှာ ပြသာနာတစ်ခု ဖြစ်လာတာက ဘရာဇီးလ်လူမျိုး ကုလ အထူး ကိုယ်စား လှယ် Sérgio de Mello အီရတ်ကို ရောက်ရှိလာပြီး Bremer နှင့် ပူးပေါင်း၍ အစိုးရတစ်ရပ်ပေါ်ပေါက်ရန် ဝိုင်းဝန်းကြိုးစားပါတယ်။

Najaf မှ ရှီအာ ဘာသာရေးခေါင်းဆောင် Ali al-Sistaniက ရှီအာ ရွှေကြောင်းပလီကနေ အီရတ်မှာ အစိုးရ မဖွဲ့ခင် လူထုပါဝင်တဲ့ (တိုင်းပြည်၏) ဖွဲ့စည်းပုံအခြေခံဥပဒေ"Constitution" ကို အရင်ပထမ တည်ဆောက်ဖို့ လိုမည်ဖြစ်ကြောင်း"ဖတ်တဝါ (Fatwa)" လို့ခေါ်တဲ့တရားဝင် ပြန်တမ်း ထုတ်ပြန် ပါတယ်။

Fatwa ဆိုတာ ဘာသာရေး ခေါင်းဆောင်ရဲ့ ဥပဒေဆိုတာကို နားမလည်ခဲ့ကြသလို ဒီလိုလူတွေနဲ့ဆွေး
နွေးရန် စိတ်မပါလှတဲ့ ကုလ ကိုယ်စားလှယ်နဲ့ ဘာသာမဲ့ Bremer တို့က ဒီကိစ္စကိုအရေးမကြီးလေဟန်
လစ်လျုရှုခဲ့ ကြပါတယ်။ အီရတ်ပြည်သူတွေ မပါဝင်ဘဲ လက်သင့်ရာ စားတော်ခေါ် ၎င်းတို့နှင့် ပတ်သက်သူတွေကိုသာ ခေါ်ပြီး အခြေခံ ဥပဒေကို ကုလကိုယ်စားလှယ် ဆာဂျီယိုနှင့် ဘရာမာ ဦးစီးပြီး ရေးဆွဲလိုက်ကြပါတယ်။

ရလာဒ်အဖြေကတော့ ၂၂ ဩဂုတ် ၂၀၀၃ ခုနှစ်မှာ ဘဂ္ဂဒက်မှာရှိတဲ့ ကုလရုံးချုပ်ကို အသေခံ ဗုံးခွဲခံရပြီး
ဝန်ထမ်း (၂၁) ယောက် သေဆုံးခဲ့ပါတယ်။ ကုလ အထူးကိုယ်စားလှယ် Sérgio de Mello ခမျာ
အခေါင်းနှင့် အိမ်ပြန်ရရှာသလို ကုလ မစ်ရှင်လည်း အောင်ဖျာလိပ် ရုတ်သိမ်းခဲ့ရပါတော့တယ်။Al-Qaeda က သူတို့ လက်ချက်ဖြစ်ကြောင်း ထုတ်ပြန်ပြီး ပထမဆုံး အသံထွက်လာပါတော့တယ်။
ကုလအဖွဲ့မပါဘဲ ဘရာမာက ဆက်လက်အကောင်အထည် ဖော်မည်ဟု ကြိမ်းဝါးသော်လည်း သူကိုယ်
၌ သေချာ ကျွမ်းကျင်ခြင်းမရှိသော အလုပ်ကို မှားပြီးရင်း ဆက်မှားပါတော့တယ်။

ဒါကြောင့် Head to Head အစီ အစဉ်မှာ Mehdi Hasan က "ခင်ဗျား အာရဘစ်လိုဘာတတ်လဲ
 မေးတော့ " "As-salamu alaykum" တစ်လုံးတတ်ကြောင်း ရင်ကော့ ဖြေရှာပါတယ်။
ပြည်သူတစ်ရပ်လုံးပါဝင်မဲ့ အခြေခံ ဥပဒေဆွဲ၊ပြည်သူ့ဆန္ဒခံယူပွဲလုပ်၊ ပြီးနောက် ရွေးကောက်
တင်မြောက်ခြင်းလုပ် စသဖြင့် ဒီမိုကရက်တစ်ဆိုင်ရာ ဗျူရိုကရေစီ ယန္တရားတွေကြာတယ်၊ ဟန်ဆောင်
ပန်ဆောင် တို့တိုင်းပြည်လိုတောင် မလုပ်တော့ဘဲ ၂၈ ဇွန်လ ၂၀၀၄ ခုနှစ်မှာ လန်ဒန်ကို ထွက်ပြေးခဲ့ရ
တဲ့ ရှီအာ ပြည်ပြေး Ayad Allawi ကို ဝန်ကြီးချုပ်ခန့်ခဲ့ပါတော့တယ်။ Allawi ဝန်ကြီးချုပ်ဖြစ်ကာစမှာပဲ ရှီအာ ဘာသာရေးခေါင်းဆောင် Ali al-Sistani ဆေးကုသရန် ၆ ဩဂုတ်၂၀၀၄ ခုနှစ်မှာ လန်ဒန်ကို ထွက်ခွါသွားပါတယ်။ သူမရှိတဲ့အခိုက်မှာ Najaf မှ ရှီအာ ခေါင်းဆောင် Muqtada al-Sadr
တစ်စခန်းထပြီး ရှီအာ ရွှေကျောင်းကို ဋ္ဌာနချုပ် လုပ်ပြီး မြို့ကို ထိန်းချုပ် လိုက်ပါတယ်။ Allawi အစိုးရ လသားအရွယ်မှာပဲ ရှီအာ အဖွဲ့နဲ့ထိပ်တိုက်တိုးပါတယ်။ သို့သော် Najaf ကို တပ်စေလွှတ်ပြီး တကယ် တိုက်ခဲ့တာက အမေရိကန် စစ်တပ်သာဖြစ်ပါတယ်။ မဟီဒီ ရှီအာတပ်ဖွဲ့နှင့်အတူ ဆွန်နီလက်နက်ကိုင်
တပ်ဖွဲ့ ပူးပေါင်းပြီး အမေရိကန် ကျူးကျော်သူတွေကို စည်းလုံးစွာ ခုခံကြပါတယ်။လေကြောင်းမှ Muqtada ကို လုပ်ကြံသော်လည်း မပြောပလောက်တဲ့ လက်ဒဏ်ရာနဲ့ လွတ်မြောက်ခဲ့ပါတယ်။ အခြေအနေ မထိမ်းနိုင် မသိမ်းနိုင် ဖြစ်မှာမို့ ရွှေကျောင်းကို အမေရိကန်တွေနှင့် Allawi အစိုးရ မထိရဲပါ။

ဒီလို လိပ်ခဲတည်းတည်း အခြေအနေမှာ လန်ဒန်မှာ ဆေးကုသခံနေတဲ့ Sistani ပြန်ရောက်လာပါတယ်။Najaf ကိုသွားရောက်ပြီး စစ်ပွဲကို တားဆီးပါတယ်။ အမေရိကန်တပ်တွေ မထိရဲကြပါ။နှစ်ဖက် ညှိနှိုင်းပြီး စစ်ရပ်စဲလိုက်ကြပါတယ်။ အမေရိကန်က Muqtada ကို ဒေါ်လာ သန်း (၅၀၀)ကျော်ပေးပြီး ဝယ်လိုက် ရတယ်ဆို ပိုမှန်ပါမယ်။နောက်ပိုင်းမှာမှ ရှီအာနှင့် ဆွန်နီ သတ်ဖြတ်ပွဲတွေဖြစ်လာပါတယ်။ "Baghdad Is Hell" ဆိုတာကအဲဒီတော့မှ စပါတယ်။

၎င်းတို့ အကွဲအပြဲကို အသေးစိတ်ရေးရရင် စာအရမ်းရှည်နေမှာမို့ အဓိက ကွဲပြဲကြတာကတော့ အီရတ်အစိုးရက ရှီအာ ဖြစ်နေတာရယ်၊ ဆတ်ဒမ် လက်ထက်မှာလည်း အနှိမ်ခံခဲ့ရတာကြောင့် ၎င်းတို့ အာဏာရှိစဉ်မှာ ဆွန်နီကို ပစ်မှတ်ထား ဆန့်ကျင်ပြီး မလိုလားအပ်ဘဲ စိတ်ထင်တိုင်း သတ်ဖြတ်ရာကနေ မဆုံးနိုင်တဲ့ အပြန်အလှန် သတ်ဖြတ်မှုတွေယနေ့အထိ ဖြစ်လာရတယ်လို့ ပြောနိုင်ပါတယ်။အမေရိကန် ကျူးကျော်မှုနှင့် Bush , Bremer အသုံးမကျမှုလို့လည်း တိုက်ရိုက်ဆိုနိုင်ပါတယ်။

ရွှေကျောင်းအရေးအခင်းနဲ့ Allawi အစိုးရ ပြုတ်ကျသွားပြီး ၃ မေ ၂၀၀၅ မှာ Ibrahim al-Jaafari အစိုး
ရ တက်လာသော်လည်း အာရပ်ကမ္ဘာနှင့် အဆင်မပြေတာကြောင့် နောက်ဆုံးမှာ ဘွတ်ရှ်ကိုယ်တိုင်
မျက်စိကျ ရွေးချယ်လိုက်တဲ့ Nouri al-Maliki ဝန်ကြီးချုပ် တာဝန်ကို ၂၀မေ ၂၀၀၆ ခုနှစ်မှာ ရရှိခဲ့ပါတော့ တယ်။ Bremer ရဲ့ အပယ်ခံ ဆတ်ဒမ် စစ်သားဟောင်းတွေကနေ ISIS အဖွဲ့ ပေါ်ပေါက်လာကြောင်း ဒီလောက်ဆို ရိပ်မိလောက်ပြီလို့ ယူဆပါတယ်။

Bremer အစပြုခဲ့တဲ့ မွန်းစတားကြီးကို သွေးဆာအောင် ဆက်လက်ဖိအားပေးခဲ့တဲ့ Maliki အစိုးရ
လက်ထက်မှာ ဆွန်နီတွေ သွေးချောင်းစီးခဲ့ကြရတာမို့ ISIS မွန်းစတားကြီး ပိုအကောင်ကြီးခဲ့ရ
ကြောင်းကိုတော့ ယခင်ရေးခဲ့ဖူးသော "ISIS တွေအကြောင်း တစေ့တစောင်း" ဆောင်းပါး (၁) နှင့်
(၂) ကို ဆက်လက် ဖတ်ရှုကြပါရန် တိုက်တွန်းရင်း ISIS ဖခင်ရင်း Bremer အကြောင်း နိဂုံးချုပ်လိုက်
ရပါလေတော့သတည်း။
Andrew Soe
၅ ဒီဇင်ဘာ ၂၀၁၅။

No comments:

Post a Comment