Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, December 3, 2015

“အများပျော်လို့ လိုက်မပျော် နိုင်ကြသေးသူများ”

“အများပျော်လို့ လိုက်မပျော် နိုင်ကြသေးသူများ”



ကျင်းပပြီးစီးခဲ့သော ရွေးကောက်ပွဲတွင် NLD ပါတီ အောင်ပွဲခံနိုင်သည့်အတွက် ပြည်သူအများ ပျော်ရွှင်နေကြသော်လည်း လွတ်လွတ်လပ်လပ် မပျော်ရွှင်နိုင်သူများ ရှိနေပါသည်။ ၎င်းတို့ကတော့ အစ္စလာမ်ဘာသာဝင်များ ဖြစ်ကြသည်။
အကြောင်းမဲ့ စိုးရိမ်မှုတော့ မဟုတ်ပါ။ ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ပါတီမှ နေရာအားလုံး အနိုင်ရပြီးနောက် မြန်မာနိုင်ငံ“”အနှံ့အပြားတွင် ရုတ်တရက် ဖြစ်ပေါ်လာခဲ့သော အဓိကရုဏ်းများနှင့် အမျိုး ဘာသာ သာသနာဆိုသည့် အဖွဲ့အစည်းများ အားကောင်းလာကာ မွတ်စ်လင်မ်မုန်းတီးစိတ်များ ပေါ်ပေါက်လာစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေမှုများ စသည့် အကြောင်းခြင်းရာများကို အခြေခံကာ စိုးရိမ်နေကြခြင်း ဖြစ်သည်။
“ရွေးကောက်ပွဲမတိုင်ခင်မှာ ကောလာဟလတွေကလည်း အများကြီးကြားရတော့ အရမ်းစိုးရိမ်မိတယ်”ဟု ချမ်းမြသာစည်မြို့နယ်၊ ချမ်းရှေ့ရပ်နေ အစ္စလာမ်ဘာသာဝင်တဦးဖြစ်သူ ဦးခင်မောင်ထွေးကပြောသည်။ “ရွေးကောက်ပွဲမတိုင်ခင် တရက်အလိုလောက်မှာ လူတွေအမြဲစည်ကားနေတဲ့ လမ်းမကြီးတွေကို ခြောက်ကပ်ကုန်တယ်”ဟု သူကဆိုသည်။
ဘာသာရေးကို ဇောင်းပေးသည့် ပါတီများ ၂ဝ၁၅ ရွေးကောက်ပွဲတွင် ပေါ်ပေါက်လာသကဲ့သို့ ဘာသာရေး၊ လူမျိုးရေး ထိုးနှက်ချက်များဖြင့် မဲဆွယ်စည်းရုံးမှုများ ရှိခဲ့သည့်အတွက် အစ္စလာမ်ဘာသာဝင်များအနေဖြင့် ရွေးကောက်ပွဲကာလတွင် အဓိကရုဏ်းများ ဖြစ်လာလေဦးမလားဆိုသည့် ပူပန်မှုများရှိခဲ့ကြောင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးဖြစ်သည့် ဦးညီညီကျော်က ပြောသည်။
“အခုမှပဲ စိတ်တော်တော်အေးသွားတယ်။ ရွေးကောက်ပွဲမှာ မဲသွားပေးဖို့ကို စိုးရိမ်ကြပေမယ့် သီးခြားခွဲထွက်နေခြင်းမရှိဘဲ တာဝန်သိနိုင်ငံသားတယောက်အနေနဲ့ မဲရုံကို တန်းစီပြီး မဲသွားပေးခဲ့တဲ့ မွတ်စ်လင်မ်တွေကိုလည်း ဂုဏ်ယူမိပါတယ်”ဟု ဦးညီညီကျော်က ရွေးကောက်ပွဲကျင်းပပြီးနောက် ၅ ရက်အကြာတွင် ဧရာဝတီသို့ပြောသည်။
၂ဝ၁ဝ ရွေးကောက်ပွဲကာလတွင် ရွေးကောက်ပွဲခုံရုံးအနေဖြင့် နေပြည်တော်တခုတွင်သာ ရှိသော်လည်း ၂ဝ၁၅ ရွေးကောက်ပွဲတွင် တိုင်းနှင်ပြည်နယ် ၁၄ ခု စလုံး၌ ရွေးကောက်ပွဲခုံရုံးများ ထားရှိသောကြောင့် ရွေးကောက်ပွဲလွန်ကာလတွင် အငြင်းပွားမှုများ ပိုမိုကြုံတွေ့ရနိုင်သည်ဆိုသော ခန့်မှန်းချက်များ ထွက်ပေါ်ခဲ့သည်။ ထို့အတူပင် ရွေးကောက်ပွဲနောက်ပိုင်း မဲရလဒ် အငြင်းပွားမှုများမှ မြစ်ဖျားခံကာ တခြားသော ပြဿနာများ တက်လာလေမလားဆိုသည့် စိုးရိမ်မှုများလည်း အစ္စလာမ်ဘာသာဝင်များတွင် ရှိနေပေသေးသည်။
ရွေးကောက်ပွဲဆိုင်ရာ မဲရလဒ် အငြင်းပွားမှုများမှတဆင့် ပထမအနိုင်ရရှိသူ ကိုယ်စားလှယ်လောင်းအား အကြောင်းတစုံတခုရှာကာ ပယ်ချလိုက်ပြီး ဒုတိယလူကို တင်မြှောက်လိုက်သည့်ဖြစ်စဉ်မျိုး ဖြစ်လာခဲ့ပါက လူထုအနေဖြင့် လမ်းပေါ်ကိုတက်လာနိုင်ကြောင်း၊ ထိုအချိန်တွင် မိမိတို့ အစ္စလာမ်ဘာသာဝင်များမှာ အဖွဲ့အစည်းတစုံတခု၏ နိုင်ငံရေးကစားကွက်ထဲ ကျရောက်သွားလေမလားဆိုသည့် စိုးရိမ်မှုများတော့ ကျန်ရှိနေဆဲဖြစ်ကြောင်း ဦးညီညီကျော်က ပြောသည်။
ရွေးကောက်ပွဲ မကျင်းပခင်ကလည်း လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများ ပေါ်ပေါက်လာမည်ကို လွန်စွာစိုးရိမ်ခဲ့ပြီး ရွေးကောက်ပွဲလွန် ကာလကိုလည်း ပိုမို၍စိတ်ပူမိကြောင်း မန္တလေးမြို့၊ စကြာနွယ်စင်ရပ်ကွက်နေ အစ္စလာမ်ဘာသာဝင်တဦးက ပြောသည်။
စကြာနွယ်စင်ရပ်ကွက်မှာ အစ္စလာမ်ဘာသာဝင်အများစုနေထိုင်သော ရပ်ကွက်ကြီးတခုဖြစ်ပြီး လွန်ခဲ့သောတနှစ်ကျော်က စကြာနွယ်စင်ရပ်ကွက်၊ ၇၅ လမ်း၊ ၃၅ လမ်းထောင့်၌ ယာဉ်မတော်တဆမှု အသေးစားတခု ဖြစ်ပေါ်ပြီး ထိုမှတဆင့် လူစုလူဝေးဖြစ်လာကာ ဘာသာရေးပဋိပက္ခဖြစ်စေရန် လှုံ့ဆော်သူများ ပေါ်ပေါက်လာခဲ့သည်။ သို့သော်လည်း ထိုစဉ်အချိန်က သံဃာတော်များ၊ မြို့မိမြို့ဖများ၊ လုံခြုံရေးတာဝန်ရှိသူများမှ အချိန်မီ ဝိုင်းဝန်းထိန်းသိမ်းနိုင်လိုက်သောကြောင့် ပြဿနာ ကြီးကြီးကျယ်ကျယ် မတက်ခဲ့ခြင်းဖြစ်သည်။
ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုအနေဖြင့် အမှုအသေးအဖွဲ အနည်းငယ်သာရှိသေးပြီး မဲရလဒ်နှင့် ပတ်သက်၍ ကိုယ်စားလှယ်လောင်း အချင်းချင်း ကန့်ကွက်သည့်အမှုမျိုး ယနေ့အထိ လုံးဝမရှိသေးကြောင်း မန္တလေးတိုင်းဒေသကြီး၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၊ ဒုညွှန်မှူး ဦးကျော်ကျော်စိုးက နိုဝင်ဘာ ၁၂ ရက်နေ့က ဧရာဝတီသို့ပြောသည်။ ခရိုင်အစီရင်ခံစာ မိမိတို့ထံ တက်လာမှ အမှုအရေအတွက်ကို အတိအကျ ပြောနိုင်မည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။
အမှန်တကယ်အားဖြင့် မန္တလေးမြို့ခံ အစ္စလာမ်ဘာသာဝင်များ စိုးရိမ်စိတ်ပေါ်လာသည်မှာ ရွေးကောက်ပွဲ နီးမှမဟုတ်ပါ။ မိတ္ထီလာ အဓိကရုဏ်း နောက်ပိုင်းကတည်းက အစ္စလာမ်ဘာသာဝင် အများစုနေထိုင်ရာ စကြာနွယ်စင်၊ ကုလားပျို၊ ဂျွန်းတန်း၊ ၄၁ ပန်းဆတ်၊ သိုးခြံ အစရှိသည့် မန္တလေးရပ်ကွက်ကြီးများတွင် ညစဉ်ညတိုင်း အစ္စလာမ်လူငယ်များမှာ အလှည့်ကျ ကင်းစောင့် တာဝန်ယူခဲ့ရသည်ကို တွေ့မြင်နေရသည်။
ထို့အတူပင် သင်္ကြန်၊ သီတင်းကျွတ် စသည့် မြန်မာ့ရိုးရာပွဲတော်ကြီးများတွင် ယခင်တုန်းက မန္တလေးမြို့ခံ မွတ်စ်လင်မ်လူငယ် များ ဝင်ရောက်ဆင်နွှဲလေ့ရှိသော်လည်း ၂ဝ၁၂ နောက်ပိုင်းတွင်မူ မြင်တွေ့ရခြင်း မရှိတော့ပါ။
မိမိတို့ဘက်မှလည်း မွတ်စ်လင်မ်လူငယ်များအား လူအများအပြား ဆင်နွှဲသော ပွဲတော်များတွင် ဝင်ရောက်ဆင်နွှဲခြင်းမပြုရန် ပြောဆိုထိန်းသိမ်းထားကြောင်း အမျိုးသားညီညွတ်ရေးကွန်ဂရက်ပါတီမှ ဒုဥက္ကဋ္ဌ(၄) ဦးခင်မောင်သိန်းက ပြောသည်။ ဦးခင်မောင်သိန်းသည် ချမ်းအေးသာစံ မဲဆန္ဒနယ်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အထက်မြန်မာပြည်၏ တဦးတည်းသော မွတ်စ်လင်မ်ကိုယ်စားလှယ်လောင်းဖြစ်သည်။
“မြန်မာ့ရိုးရာပွဲတော်တွေထဲမှာ ဆင်နွှဲရင်း လူငယ်သဘာဝ ရန်တွေဘာတွေဖြစ်ခဲ့ရင် မုတ်ဆိတ်တွေနဲ့ဆိုပြီး ပြဿနာက ပိုကြီးသွားနိုင်လို့ အတတ်နိုင်ဆုံး ထိန်းသိမ်းရတာပါ”ဟု ၎င်းက ရှင်းပြသည်။
နိုင်ငံတော်သည်လည်း အသွင်ကူးပြောင်းကာလကို အေးအေးဆေးဆေးနှင့် သွားနေသည်ဟု ယုံကြည်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်သည်လည်း လွန်စွာ အမြော်အမြင်ကြီးသော ခေါင်းဆောင်တဦးဖြစ်သကဲ့သို့ နိုင်ငံတကာမှလည်း စောင့်ကြည့်နေခြင်းကြောင့် ပြဿနာအသေးအမွှားမှတပါး တခြားကိစ္စများ ဖြစ်လာနိုင်စရာမရှိဟု ဦးခင်မောင်သိန်းက ယူဆသည်။
မိမိတို့ ရွေးကောက်ပွဲကော်မရှင်တွင် အားနည်းချက်၊ ချို့ယွင်းချက်များ ရှိသော်လည်း တတ်နိုင်သမျှ အကောင်းဆုံး လုပ်ဆောင်ပေးခဲ့ကြောင်း၊ ထွက်ပေါ်လာသည့် ရလဒ်ကို ရှုံးတဲ့လူကလည်း ကျေနပ်ပါ။ နိုင်တဲ့သူကလည်း အေးအေးဆေးဆေးနေပါဟု အကြံပြုလိုကြောင်း မန္တလေးတိုင်းဒေသကြီး၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၊ ဒုညွှန်မှူး ဦးကျော်ကျော်စိုးက ဧရာဝတီသို့ပြောသည်။
ရွေးကောက်ပွဲလွန်ကာလတွင် စိုးရိမ်စိတ်များ လျော့နည်းလာပြီဖြစ်သော်လည်း အစိုးရသစ် မဖွဲ့နိုင်မချင်း စိုးရိမ်မှုများတော့ ကျန်ရှိနေဦးမည်ဖြစ်ကြောင်း မန္တလေးမြို့ခံ မွတ်စ်လင်မ်တဦးဖြစ်သူ ဦးနေဝင်းက ပြေသည်။
“အသိစိတ်ထဲမှာတော့ သိပ်မစိုးရိမ်တော့ဘူး။ မသိစိတ်ထဲတော့ စိုးရိမ်နေတုန်းပဲ”ဟု ၎င်းက မှတ်ချက်ပြုသည်။
ဖိုးစမ်းချောင်း (GG)
The Irrawaddy, Vol.2, No.47, November 29, 2015, Page 10 မှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment