💫 သုညဘဝ 💦
(၁)မနုကမ္ဘာ၊ ကြွရောက်လူပမာ
တိုတာခရီး၊ တလှမ်းစီဆက်ရင်း
ရှေ့မီနောက်စွန့်၊ ကျော်ဖြတ်သန်း၍
ပင်ပန်းကြောက်မက်၊ တဝက်မြန်းခဲ့
လူရာမဝင်၊ လူကျိုးမနပ်ချေ
ငါ့ဘဝလေး။
(၂)
မွေးငယ်နုပျို၊ ခန်းဝါချိုလည်း
ဖြုန်းမျိုပျောက်ကွယ်၊ ရှေ့တွယ်ဆက်တိုင်း
ဓာတ်တိုင်းပမာ၊ လမ်းဘေးနားက
ချန်ထားလာခဲ့၊ ရွံ့နစ်ကားဖွယ်
ငါ့ဘဝလေး။
(၃)
ချုံနွယ်ရစ်ပတ်၊ ရုန်းကန်တောက
အတော်မသတ်၊ ဒုက္ခနက်နှင့်
နှောက်ယှက်သောက၊ ထိုးဖောက်မနိုင်
ကမ်းကုန်ပြေးလဲ၊ ထိုဌာနေဝယ်
ငါ့ဘဝလေး။
(၄)
မှန်းချက်ကြီးကြီး၊ ဘဝင်မြင့်နဲ့
လူ့တောထဲမှာ၊ ငါလဲတယောက်
အများကျိုးဆောင်၊ ထင်ပေါ်စောဟု
ငယ်ဆန္ဒလဲ၊ အိပ်မက်ထဲသာ
ငိုက်မျဉ်းလျက်၊ စက်တော်ခေါ်နေ
လမ်းကမ်းဝါးဝါး၊ မြူဝဲဆောင်းနှယ်
ငါ့ဘဝလေး။
(၅)
ရတနာခွင့်ကောင်း၊ ဘဝတစ်ခါ
ကြုံခဲမုချ၊ ကဝိစကား
နှလုံးသွင်းယူ၊ စောင့်လျက်သာနဲ့
ရန်သူဘေးပတ်၊ မျိုးခြားတစ်ချီ
အရေးပိုင်တလှည့်၊ ပြိုင်ဖိနှိပ်လဲ
ဒုက္ခအစုံ၊ ထိုကွင်းဆက်ကို
ရင်နာခံရင်း၊ တနေ့တခါ
ရွှေချသလို၊ ပြောင်လိမ့်မယ်ဟု
ကိုးရာမဲ့ငါ၊ မျှော်စောင့်ရာ
လမ်းပျောက်လှေပမာ၊ သမုဒ္ဒရာလှိုင်းလယ်
ငါ့ဘဝလေး။
(၆)
ပြက္ခဒိန် နေ့ရက်၊ ရွက်ကြွေတစေ
ရက်ကိုလကျော်၊ လကိုနှစ်ဖြတ်
ကြွေရင်းဖြတ်ရင်း၊ ကမ်းပါးပြိုသလို
အတိတ်ရေစီးနဲ့၊ ‘ဘ’ကို တိုက်စား
‘ဝ’ သာကျန်တော့၊ သုညကျိုးနပ်ကယ်
ငါ့ဘဝလေး။
🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥
RK
နိုဝင်ဘာ ၁၃၊ ၂၀၁၇၊ ၆း ၅၃ PM (တနင်္လာ)
ကဗျာဆရာရဲ့မွေးနေ့ အထူးကဗျာ
No comments:
Post a Comment