“အကုသိုလ် (၄၀)”•••••••••••••••••••••••••••
"အကုသိုလ်" နဲ့ ပတ်သက်ပြီး အရင်က ရေးသားတင်ပြဖူးခဲ့ပေမဲ့.. အကြောင်းစပ်လာတဲ့အတွက် ထပ်မံ ရေးသား တင်ပြလိုက်ရခြင်းဖြစ်ပါတယ်။ "ကုသိုလ်" တရားတွေလုပ်လေ့ရှိတဲ့ မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်တို့ အတွက် "အကုသိုလ်" အကြောင်း သိကောင်းစရာလေးတွေ မျှဝေပါရစေ။"အကုသိုလ်" ဆိုတာ သေသေခြာခြာ နားမလည်ရင် ဘယ်လောက် ကုသိုလ်တရားတွေ လုပ်လုပ် ကောင်းမှုကုသိုလ် မဖြစ်တဲ့ အတွက်"ကုသိုလ်" လုပ်ရင်း "အကုသိုလ်" ဖြစ်နေရတော့နစ်နာလှပါတယ်။
ဒီလို့ ဖေါ်ပြရတဲ့ အကြောင်းဟာ ဘယ်သူ့ ကို နစ်နာစေလို၍ ဆိုပြီး ထောက်ပြတဲ့ စာစု မဟုတ်ပါဘူး။ အမှားအမှန်သက်သက်တင်ပြခြင်းသာဖြစ်တယ်။ ဓမ္မမိတ်ဆွေတွေ ထဲက ဒီစာစုဖတ်ရှုရလို့ စိတ် အနှောက်ယှက်ဖြစ်သွားရင်တော့ ကြိုတင်တောင်းပန်ပါရစေ။
ယနေ့ မြန်မာနိုင်ငံမှာ အမျိုးဘာသာ၊ သာသနာ စောက့်ရှောက်ကြတာတွေ၊ လူမျိုးရေး ဘာသာရေး ပြဿနာတွေ နဲ့  တရားစွဲဆိုကြ ၊အင်တာနက်စာမျက်နှာတွေမှာလည်း ပုတ်ခတ် ရန်ဖြစ်နေကြတာတွေ နေ့ စဉ် နဲ့ အမျှ ဖတ်မိကြမှာပါ။ မြတ်စွာဘုရားရဲ့ ဆုံးမသြဝါဒ နဲ့ အညီ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့ အနေနဲ့  သာမန်ပုထုဇဉ်ပဲ ဖြစ်ဖြစ်၊ ရဟန်းသံဃာ တွေ ပဲ ဖြစ်ဖြစ် မိမိ တို့ သာသနာ ကို စောင့်ရှောက်တဲ့ နေရာမှ သူများဘာသာကို အပြစ်ပြောဆို ထောက်ပြပြီး မှ မိမိသာသနာ မပျက်စီးအောင် ထိန်းသိမ်းတယ် ဆိုတာဟာ သာသနာ ကို စောက်ရှောက်တယ် လို့ မခေါ်ပါဘူး။ သာသနာကို စောင့်ရှောက်နေတာလည်း မဟုတ်ပါဘူး။ မိမိ ကိုယ်တိုင် ကိုယ်က မြတ်စွာဘုရားရှင် ဆုံးမခဲ့တဲ့ တရားတွေ ကို လိုက်နာစောင့်ထိန်း ပြီး ကျင့်ကြံအားထုတ်နေမှသာလျှင် သာသနာ ကို စောင့်ထိန်းရာရောက်ပါတယ်။ ကိုယ်တိုင်က မစောင့်ထိန်း နိုင်တဲ့ အပြင် စောင့်ထိန်းနေပါတယ် ဆိုပြီး အကြောင်းပြ ၊ တစ်ခြားသူတွေ ကို လည်း ကိုယ့်နောက်ပါအောင်ဆွယ်၊ ဒီလို အကုသိုလ်မျိုးဟာ အင်မတန်မှ ကြောက်စရာကောင်းလှပါတယ်။
သူများအသက်ကို ကိုယ်တိုင်ကိုယ်ကျ မသတ်လို့  "ပါဏာတိပါတာကံ" မကျူးလွန်ပါဘူး ဆိုပေမဲ့၊ ကျူးလွန်အောင် အားပေးအား မြောက်လုပ်တာ၊ ကျူးလွန်တဲ့ လူကို ချီးမြှောက်တာ၊ သူများအသက်ဆုံးရှုံးတာကို ဝမ်းသာကျေနပ်တာဟာ လူဖြစ်စေ၊ ရဟန်းဖြစ်စေ အပြစ်ဖြစ်စေပါတယ်။
ဒီရဟန်း ဟာ မှားနေတယ်ဆိုတာ သိနေရက်နဲ့ ၊ ရဟန်း ဖြစ်နေလို့ ဆိုပြီး သူ့ နောက်က မားမားမတ်မတ်ရပ်ပြီး ကာကွယ်နေတာမျိုး ဟာ "သူခိုး ဓါးရိုးကမ်း" ဆိုတာမျိုးဖြစ်တဲ့ အပြင် မိမိတို့ အတွက်လည်း "အကုသိုလ် " ဖြစ်စေပါတယ်။
သူများ ရဲ့ အကုသိုလ် လုပ်ရပ်ကို မိမိ တို့ အနေနဲ့ မျှဝေမခံစားမိစေရန် အတွက် " အကုသိုလ် လေးဆယ် " ဆိုတဲ့ စာစု ကို တင်ပြလိုက်ပါတယ်။
အဂ္ဂမဟာပဏ္ဍိတ ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး ရေးသားပြုစုတဲ့ " သာသနသမ္ပတ္တိဒီပနီကျမ်း" ကို ဘဒ္ဒန္တကေလာသ( နဝမပဓာန နာယကဆရာတော် )မဟာလယ်တီတိုက်၊ မုံရွာ၊ က ပြန်လည်ဖေါ်ပြရေးသားတဲ့ ဒီကျမ်းမှာ...
" ကိုယ်တိုင်သတ်မှု၊ သတ်စေမှုနှင့် ၊ သတ်မှုနှစ်သက်၊ ကျေးဇူးမြွတ်၊ လေးချက်အစွန်းလာ"ဆိုတဲ့ ခေါင်းစဉ် အောက် က ရေးသားထားတာ ကို ကိုးကားပြီးတင်ပြရရင်...
ဒသဂုင်္တ္တရပါဋ္ဌိတော် မှာ အစွန်းလေးပါးမှ စင်ကြယ်သော ကိုယ်အမှုအရာ၊ နှုတ်အမှုအရာ၊ စိတ်အမူအရာ တိုကိုလည်း မြတ်စွာဘုရား ဟောကြားတော်မူ၏.. တဲ့။
ဟောကြားတော်မူသော တရားတော်ကား ဦးခေါင်း၌ ရွက်ထားအပ်သော ဝန်ထုပ်သည် အောက်သို့ ချခြင်းငှာ မြဲသကဲ့သို့ ၊ ထို့ အတူ ဆိုလတ္တံသော လေးဆယ်သောတရားတို့ နှင့် ပြည့်စုံသော သူသည် ငရဲသို့ ကျရန် မြဲ၏.. လို့ ဖေါ်ပြထားပါတယ်။ ဆက်လက်ပြီး တရားလေးဆယ်တို့ ကို ဖေါ်ပြထားပါတယ်။
ဒီဝိပဿနာဘာဝနာ သည်သာလျှင် အပါယ်ဘဝမှ လွတ်မြောက်ဖို့ စိတ်ချရ၏...တဲ့။
အပါယ်လွတ်မြောက်ဖို့ ဝိပဿနာအားထုတ်နည်းတွေကို ဘယ်လောက်ကြိုးစားအားထုတ်နေပေမဲ့ မိမိတို့ ရဲ့ သဏ္ဍာန်မှာ အကုသိုလ်တရားတွေ ဖြစ်နေသ၍ကတော့ အပါယ် ကလွတ်မြောက်ဖို့ ထက် အပါယ်ကို သွားဖို့ ပိုပြီး နီးစပ်မှုရှိတယ်လို့ ပြောလို့ ရပါတယ်။
မကောင်းတဲ့ အလုပ်မှန်သမျှ ကြိုးစားအားထုတ်ရင် "အပါယ်" ကို ကျပါတယ်။ "အပါယ်"ကျတယ် ဆိုတာကို အခြေခံဗုဒ္ဓသာသနာဝင် အားလုံးသိပြီးသားဖြစ်ကြမှာပါ။ဒီနေရာမှာတော့ ကုသိုလ်၊ အကုသိုလ်တွေ ကိုနားလည်ဖို့ တော့လိုအပ်ပါတယ်။
ပုထုဇဉ် လူသား အားလုံး နေ့စဉ်သွားလာ လှုပ်ရှားနေကြတဲ့ အခါ ကုသိုလ်လုပ်လျှင် ကုသိုလ် ဖြစ်ပြီးတော့၊ ကုသိုလ် မဖြစ်တဲ့ အချိန်မှာ "အကုသိုလ်" ဖြစ်ပါတယ်။ ကုသိုလ် မလုပ်နိုင်တဲ့ ပုဂ္ဂိုလ်ဟာ အကုသိုလ် အလုပ်ကို လုပ်မှာ သေချာပါတယ်။ ကုသိုလ် အကုသိုလ် မဖြစ်ရင်တော့ "ဘဝင်စိတ်" ဆိုတာ ဖြစ်ပါတယ်။ ဘဝင်စိတ် ဆိုတာဟာ အိပ်ပျော်နေချိန် ဖြစ်သောစိတ် ဖြစ်ပါတယ် လို့ အကြမ်းဖျင်း နားလည်ပေးပါ။
အကုသိုလ်ဒုစရိုက်၊ ကုသိုလ် သုစရိုက် တို့ မှာ..
" ဒု "ဆိုတာ ....
မကောင်းတဲ့ အပြစ်နှင့်တစ်ကွဖြစ်သော၊ အပါယ်(၄)ပါးကို ကျရောက်နိုင်သော လို့အဓိပ္ပါယ်ရပါတယ်။
"စရိုက်" ဆိုတာကတော့ အကျင့်ဖြစ်ပါတယ်။
ဒီတော့..
ဒုစရိုက်ဆိုတာ မကောင်းသော၊ အပါယ်(၄)ပါးသို့ ကျရောက်နိုင်သော၊ အပြစ်ကိုဖြစ်စေသော အကျင့် ပဲဖြစ်ပါတယ်။
သုစရိုက် ဆိုတာက တော့ ဒုစရိုက် ရဲ့ ဆန့်ကျင်ဘက်ပါ။ မကောင်းတဲ့အကျင့်ရဲ့ ဆန့်ကျက်ဖက် ဆိုတော့...
" ကောင်းမြတ်တဲ့ အကျင့်" ပေါ့နော်။
အကုသိုလ်အကြောင်းကို ရှင်းပြရင်း နဲ့ ဒီနေရာမှာ ကြုံတုန်း "ဟိရီ နဲ့ ဩတ္တပ္ပ" ဆိုတဲ့ တရားနှစ်ပါး အကြောင်း ထည့်ပြီး ရေးသား တင်ပြခွင့်ပြုပါ။
"ဟိရီ" ဆိုတဲ့ စကားဟာ "ရှက်ခြင်း" လို့ အဓိပ္ပါယ်ရပါတယ်။
"သြတ္တပ္ပ" ဆိုတာကတော့ " ကြောက်ခြင်း" လို့ အဓိပ္ပါယ်ရပါတယ်။
တကယ်တန်း အဓိပ္ပါယ်ဖွင့်ရရင်....
မကောင်းမှု ဒုစရိုက် ကိုပြုလုပ်တာကို ရှက်တဲ့ ..ရှက်ခြင်း ကို " ဟိရီ" လို့ ခေါ်ပြီး၊ မကောင်းမှု ဒုစရိုက် ပြုလုပ်ရမှာကို ကြောက်တဲ့ ...ကြောက်ခြင်း သဘောကို " သြတ္တပ္ပ" လို့ ခေါ်ပါတယ်။
ဒီ တရားနှစ်ပါး ကို " လောကပါလ" ( လောက ကို စောင့်ရှောက်တဲ့ ) တရားလို့ လည်း ခေါ်ပါတယ်။ လောကရဲ့ အကွပ်တရားနှစ်ပါး လို့လည်းခေါ်ပါတယ်။
တကယ်လို့ များ အဲဒီ တရားနှစ်ပါးမရှိဘူး ဆိုရင်တော့...
♦ သူဥစ္စာကိုခိုးယူခြင်း၊
♦ သူတစ်ပါးအိမ်ယာ ကိုကျူးလွန်းခြင်း၊
♦ သူ့သမီးပျိုကို အတင်းယူခြင်း၊
♦ အရက်သေစာ သောက်စားခြင်း၊
♦ မဟုတ်မမှန်လိမ်ညာပြောဆိုခြင်း၊
♦ ဆွေမျိုးအရင်းချာ စတဲ့ကိုးကွယ်ထိုက်တဲ့ယောက်ကျား၊ မိန်းမတွေ ကို သော်လည်းကောင်း လင်၊ မယား ပြုလုပ်ပြီး တိရိစ္ဆာန် လို ကျင့်ပြီး နေထိုင်လာနိုင်တဲ့အတွက် လောက ပျက်စီးနိုင်ပါတယ်။
"အစည်းမရှိသောဝါး၊ အကွပ်မရှိသော ကြမ်း ဟာ ပရမ်းပတာ" ဆိုတဲ့အတိုင်းပျက်စီးသကဲ့သို့ ပျက်စီးမှာပဲ ဖြစ်ပါတယ်။ဒါကြောင့် ဒီတရားနှစ်ပါး လက်ကိုင်ထားသူကို နတ်တို့ ဟာ အလွန်ချစ်သောကြောင့် ( ဒေဝဓမ္မ) တရားလို့ လည်းခေါ်ပါတယ်။
ဒီတရားနှစ်ပါးကိုအများနားလည်အောင်ပြောပြရရင်...
♦ မိမိ ရဲ့ ဂုဏ်သိက္ခာကို စောင့်ရှောက်အ လေးထား၊ တန်ဘိုးထားသူတို့ဟာ အကုသိုလ် ဒုစရိုက်ပြုလုပ်ခြင်းမှ ရှက်ခြင်းဆိုတဲ့ (ဟိရီ) တရားဟာ ထင်ရှားသလိုပဲ ၊
♦ ဆရာ၊မိဘ၊ဆွေမျိုး စတဲ့ ပုဂ္ဂိုလ်တို့ နဲ့ အြ ခားသူတွေ ကို လေးစားတတ်တဲ့သူမှာ "သြတ္တပ္ပ " တရားထင်ရှားဖြစ်ပါတယ်။
ဆိုလိုတာက...
ဒုစရိုက်( မကောင်းမှု )တစ်ခုခုကိုပြု လုပ်ဖို့ကြုံလာတယ်ဆိုကြပါစို့ ။ မိမိရဲ့ ဂုဏ်သိက္ခာ တန်ဘိုးထားတဲ့သူ တစ်ယောက် အနေနဲ့ ..
"ငါသည် အမျိုးကောင်းသားတစ်ယောက်ဖြစ်၏။ ငါလိုအမျိုးကောင်းသားက မကောင်းတာလုပ်ရင် ( ဥပမာ-သူတစ်ပါးအသက်ကိုသက်နေရင် )"ရှက်စရာဖြစ်လိမ့်မယ်"လို့ မိမိအမျိုးဂုဏ်ကို စောင့်ထိန်းသော အားဖြင့် မကောင်းမှုကိုပြုရမည်မှ..ရှက်၏..တဲ့။
♦ တဖန် .ပညာတတ်သူကလည်း...
"ငါလိုပညာတတ်တဲ့ သူတစ်ယောက်က အောက်ကျတဲ့ မကောင်းတာ ကို ပြုလုပ်ရင် ( ဥပမာ- သူ့ဥစ္စာ မတရားယူလျှင် ) ရှက်စရာဖြစ်တော့မှာပဲ။
ထိုအတူ " အသက်ကြီးသူကလည်း "ငါလို အသက်ကြီးသူတစ်ယောက်က မကောင်းတာ ကို ပြုနေရင် ( လိမ်နေရင် ) ရှက်စရာကြီးဖြစ်တော့မယ်"အဲဒီလို အစရှိတဲ့ မိမိမှာရှိတဲ့ ဂုဏ်တစ်ခုခုကို လေးစားသူ၊တန်ဘိုးထားသူဟာ အကုသိုလ် ဒုစရိုက်ကို ပြုလုပ်ခြင်း မှ ရှက်ခြင်းလို့ ဆိုတဲ့ "ဟိရီ " တရား ထင်ရှားဖြစ် ပါတယ်။
♦နောက် ဆရာ၊ မိဘ ၊ဆွေမျိုး စတဲ့ အခြားပုဂ္ဂိုလ်တွေ ကိုလေးစားသူဟာ " သြတ္တပ္ပ"တရားထင်ရှားဖြစ်တယ် ဆိုတဲ့သဘောက...
ငါ တစ်ယောက်ထဲက မကောင်းတာကို လုပ်လိုက်ရင် ငါ့မိဘ၊ ငါ့ဆွေမျိုး၊ငါ့ ဆရာ သူတစ်ပါးတို့ အကဲ့ရဲ့ကို ခံရပြီး "တံတွေးခွက် ပက်လက်မျော"ကာ ငါးခုံးမတစ်ကောင်ကြောင့်တစ်လှေလုံးပုပ်" ဆိုတဲ့ စကားလို ဖြစ်တော့မှာပဲ။ အဲဒီလို စပ်ဆိုင်သူတွေ ကို ငဲ့ညှာတတ်သူ မှာ ဒုစရိုက် ကို ကြောက်လန့် တတ်တဲ့ "သြတ္တပ္ပတရား" ဖြစ်ပါတယ်။
မိမိဂုဏ်သိက္ခာကို လည်းမငဲ့၊ ဆရာသမား မိဘဆွေမျိုး များကိုလည်း မငဲ့၊ ရွဲ့ချင်တိုင်းရွဲ့သူ အဖို့ ကတော့" ဟိရီ သြတ္တပ္ပ "(၂)မျိုးလုံးကင်ပြီး ဒုစရိုက်မှုတွေနဲ့ ပြည့်တင်းနေတော့မှာပါ။
♦ရှက်မှု၊ ကြောက်မှု ကို "ဟိရီ သြတ္တပ္ပ " လို့ ဆိုသော်လည်း တွေ့ကရာ ရှက်ကြောက်မှု တွေကို "ဟိရီသြတ္တပ္ပ"အစစ် လို့ မမှတ်ရပါဘူး။
"ဒုစရိုက်မကောင်းမှု" ကို ပြုရခြင်း က ရှက်ခြင်း၊ကြောက်ခြင်းကိုသာ "ဟိရီ သြတ္တပ္ပ "အစစ် လို့ မှတ်ရတာပါ။
အဲဒီလို "ဟိရီ သြတ္တပ္ပ " တရားနှစ်ပါးကို လက်ကိုင်ထားရင်တော့ ဒုစရိုက် ဆိုတာ မလုပ်ဖြစ်တော့ပဲ အကုသိုလ်ကင်း လို့ ကုသိုလ် တွေ ပဲ ဖြစ်နေတော့မှာပါ တင်ပြချင်တဲ့အတွက် အဲဒီ "ဟိရီ သြတ္တပ္ပ " အကြောင်း အရင်ပြောပြတာပါ။ရှည်သွားတဲ့အတွက်ခွင့်လွှတ်ပါ။
ရေးလက်စ အထက်က စကားကို ပြန်ဆက်ရရင် ...
သုစရိုက် ဆိုတာက တော့ ဒုစရိုက် ရဲ့ ဆန့်ကျင်ဘက်ပါ။ မကောင်းတဲ့အကျင့်ရဲ့ ဆန့်ကျက်ဖက် ဆိုတော့...
" ကောင်းမြတ်တဲ့ အကျင့်" ပေါ့နော်။
အကုသိုလ် ဖြစ်စေဖို့  "မကောင်းတဲ့ အကျင့်" ဒုစရိုက် ကို ကျူးလွန်ကြတဲ့ နေရာမှာ...
ဒုစရိုက် တရား ( ၁ဝ ) ဆိုပြီး အုပ်စုအနေ နဲ့  ( ၃ )အုပ်စု ရှိပါတယ်။
( က ) ကာယ ဒုစရိုက်( ၃ )ပါး၊
( ခ ) ဝစီ ဒုစရိုက်( ၄ )ပါး၊
( ဂ ) မနော ဒုစရိုက်( ၃ )ပါးဖြစ်ပြီး
( က ) ပထမအုပ်စု ဖြစ်တဲ့ ကာယဒုစရိုက်( ၃ )ပါးက တော့ "သတ်ခြင်း၊ ခိုးခြင်း၊ ဖောက်ပြန်ခြင်း" တို့ ပါပဲ။
( ခ ) ဒုတိယအုပ်စုဖြစ်တဲ့ ဝစီဒုစရိုက် ( ၄ ) ပါး ကတော့ လိမ်ခြင်း၊ ကုန်းတိုက်ခြင်း၊ ကြမ်းတမ်းတဲ့ စကားပြောခြင်း၊ အချည်းနှီး သိမ်ဖျင်းသော စကားပြောခြင်း ဖြစ်ပါတယ်။
( ဂ ) တတိယ အုပ်စု မနောဒုစရိုက် မှာ တော့ ...
အဘိဇ္ဈာ ဆိုတဲ့.. သူတစ်ပါးပစ္စည်းကို မတရားလိုချင်ခြင်း၊
ဗျာပါဒ ဆိုတဲ့... သူတစ်ပါးကို နှိပ်စက်ညှင်းဆဲ သတ်ဖြတ်လိုခြင်း၊
မိစ္ဆာဒိဠိ ဆိုတဲ့...အယူမှား၊အမှတ်မှားခြင်း တို့ ပဲ ဖြစ်ပါတယ်။
အဲဒီ ဒုစရိုက် ( ၁ဝ ) ပါးရှိတဲ့ အနက် အဆိုးဆုံးဟာ "မိစ္ဆာဒိဠိ" ဖြစ်ပါတယ်။ "မိစ္ဆာဒိဠိ" တစ်ခုထဲ ကြောင့်သာ ကျန်တဲ့ ဒုစရိုက် ( ၉ )မျိုး ကို ကျူးလွန်ခြင်းဖြစ်ပါတယ်။
အဲဒါကြောင့် မိစ္ဆာဒိဠိ ကြောက်စရာကောင်းပုံကို မြတ်စွာဘုရားရှင် ဆုံးမတော်မူထားတာရှိပါတယ်...
"ဦးခေါင်းမီးလောင်၊ ရင်ဝ လှံစူးလျှင် ခဏထား၍ရသည်။ မိစ္ဆာဒိဌိ ကို အရင်ဆုံးပယ် သတ်နိုင်အောင် ကျင့်ကြံကြပါရန်" တိုက်တွန်းတော်မူထားပါတယ်။
"ဦးခေါင်းမီးလောင်၊ ရင်ဝ လှံစူးလျှင် တစ်ဘဝ ပဲသေပြီး မိစ္ဆာဒိဌိ နဲ့ သာဆိုရင် တစ်သံသရာလုံး အိုလို့မဆုံး၊ သေလို့ မဆုံး ဖြစ်နေမယ်" လို့ ဆုံးမတော်မူခဲ့ပါတယ်။
အကုသိုလ် ဖြစ်ဖို့ ဒုစရိုက်တရားဟာ မှာ အခြေခံအားဖြင့် ( ၁ဝ ) ပါးဖြစ်ပြီး ပွားလိုက်လျှင် လေးဆယ် ရပါတယ်။ ဒီ ဒုစရိုက် ဟာ ဘယ်လို့ ပွားသလဲ ဆိုတော့ အုပ်စုအားဖြင့် ( ၄ )အုပ်စု ဖြစ်သည်။
ပုထုဇဉ်တို့ဟာ အဲဒီ မကောင်းမှု ဒုစရိုက် ကို ပုံစံ ( ၄ ) မျိုး နဲ့ ကျူးလွန်ကြပါတယ်။
( ၁ )ပထမအုပ်စု က ကိုယ်တိုင်ကိုယ်ကျ ကျူးလွန်ပါတယ်။
( ၂ )ဒုတိယအုပ်စု က မိမိ က တစ်ခြား တစ်ယောက်ကို စေခိုင်းပြီး ကျူးလွန်ပါတယ်။
( ၃ )တတိယအုပ်စုက တစ်ခြားပုဂ္ဂိုလ် တစ်ယောက်ယောက်ကို သွယ်ဝိုက်တဲ့နည်း နဲ့ ကျူးလွန်ဖို့ အားပေးပါတယ်( ဥပမာ- မြှောက်ပေးတဲ့သဘောမျိုး)
( ၄ )၊ စတုတ္ထအုပ်စု ကတော့ တစ်ယောက်ယောက်က ဒုစရိုက် ကျူးလွန်နေချိန်မှာ မိမိရဲ့ စိတ်ထဲမှာ ဝမ်း မြောက်နေခြင်း ပဲ ဖြစ်ပါတယ်။
အဲဒီ လေးမျိုး နဲ့  ဒုစရိုက် (၁ဝ)ပါး ကို တစ်ပါးစီ ကျူးလွန်တော့ ပွားလိုက်ရင်း ဒုစရိုက် အပွား ( ၄ဝ ) ပဲ ဖြစ်ပါတယ်။
ခုလို့  ဖေ့စဘုတ် စာမျက်နှာတွေမှာ ရေးကြ ဆိုကြ ဆဲကြ တာတွေဟာ အဲဒီ အပွား(၄ဝ) ရှိတဲ့အနက် ဘယ်ထဲမှာ အကြုံးဝင်နေတယ် ဆိုတာ ကိုယ်ကိုတိုင်ပဲ အသိဆုံး ဖြစ်ကြမှာပါ။
လုပ်တဲ့လူကလည်း လုပ်ပြီးပြီ၊ ခံရတဲ့ လူကလည်း သူရဲ့ အတိတ်က ပြုခဲ့တဲ့ ကံကြောင့် ခံ လည်း ခံပြီးနေပြီ။ အဲဒီ နှစ်ဦး တို့ ပြီးသွားတဲ့အကြောင်းရာ အပေါ်၊ ဘာမှမဆိုင်တဲ့ မိမိ က ဆက်ပြီး အကုသိုလ် တရားတွေ ပွားစရာအကြောင်းမရှိပါဘူး။
အဲဒီလို ဒုစရိုက် တရား လေးဆယ် ရှိသလိုဘဲ၊ ပြောင်းပြန်ပြန်ပြီး သုစရိုက်ဆယ်ပါးကို ပွားရင် လည်း အပွား( ၄ဝ )ရပါတယ်။
ဒုစရိုက်ဆယ်ပါး၊ အပွားလေးဆယ်ကို ကျူးလွန်တဲ့ ပုဂ္ဂိုလ်တွေ အားလုံးဟာအပါယ်ကျမှာ ဖြစ်ပါတယ်
အပါယ်( ၄ )ပါး မှာ " ပြိတ္တာ၊ ငရဲ၊ တိရစ္ဆာန်၊ အသူရကာယ်" တို့ ဟာ အကျိုးတရားလေးပါးဖြစ်ပြီး အကြောင်းတရားလည်း လေးပါးရှိပါတယ်။
လောဘကြောင့် ပြိတ္တာဖြစ်တယ်။
ဒေါသကြောင့် ငရဲရောက်တယ်။
မောဟ ကြောင့် တိရစ္ဆာန်ဖြစ်တယ်။
မာနကြောင့် အသူရကာယ်ဖြစ်ရပါတယ်။
အဲဒီလို အထက်ကပြောတဲ့ အကြောင်းတရားတွေ လုပ်နေသမျှကာလပတ်လုံး အပါယ်ဘေးက လွတ်မှာ မဟုတ်ပါဘူး။ အဲဒီအကြောင်းတရားတွေကို ပယ်သတ် ဖို့ အတွက် ကောင်းမှုကုသိုလ်တွေပဲ ဖြစ်တဲ့ ဒါန၊ သီလ၊ သမထလောက် နဲ့ မဖြစ်နိုင်ပါဘူး။ ကံအကျိုးပေးကိုရပြီး ကံလမ်းသာလျှင် ဖြစ်ပါတယ်။
ဝိပဿနာ ဘဝနာကတော့ ဉာဏ်လမ်းဖြစ်ပြီး လုပ်သလောက် တက်ပါ သည်။ ယနေ့ ဗုဒ္ဓဘာသာဝင် အများစုသည် ဝိပဿနာ တရား အားထုတ်ကြခြင်းထက် ဒါန၊ သီလ၊ ပြုကြတာက ပိုပြီးများကြပါတယ်။
အကျဉ်းချုပ်ရရင်တော့ အကြောင်းကြောင်းတွေကြောင့် တရားအားမထုတ်ဖြစ်ကြသေးရင်တောင် မှ...
လက်ရှိမျက်မှောက်ကာလ မှာ အကုသိုလ် မဖြစ်စေဖို့ အတွက် ဒုစရိုက် အပွား (၄ဝ) ကို ဆင်ခြင်ရင်း ကုသိုလ်တရား တွေ ပွားများနိုင်ကြပါစေလို့  ဆန္ဒပြုရင်း ကုသိုလ်ဖြစ်ဖို့ ဒီစာစု နဲ့ ဓမ္မဒါန ပြု လိုက်ပါတယ်။
( ခန္ဓာ- ၅ပါးတစ်ဦး )
••••••••••••••••••••••••••••••••••
လက်ကိုင်ဖုန်း ဖြင့် စာစီရခြင်းဖြစ်သည့်အတွက် သတ်ပုံမှားယွင်းမှုများ တွေ့ ရှိပါက သည်းခံခွင့်လွှတ်ပြီး ပြင်ဆင်ဖတ်ရှုပေးပါရန် မေတ္တာရပ်ခံပါသည်။(ခန္ဓာ-၅ပါးတစ်ဦး)
ကိုးကား-အရှင်ဇနကာဘိဝံသ (ကိုယ်ကျင့်အဘိဓမ္မာကျမ်း) နှင့် Ashin Mu Nain Da (အရှင်မုနိန္ဒ)ရေးသားချက်များမှ ကောက်နှုတ်ပါသည်။
No comments:
Post a Comment