Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, October 22, 2017

မြန်မာမွတ်စလင် စံပြပုဂ္ဂိုလ် ဦးအေးလွင်




အလ်ဟာဂ်ျခလီဖာဦးအေးလွင်



မြန်မာပြည်အလွှာစုံက မွတ်စလင်မ်ကွန်မြူနတီမှာ ဆရာသမားတွေ ပညာရှင်တွေ အမြောက်အမြားရှိတဲ့ အထဲကပြည်တွင်းကော ပြည်ပမှာပါ ကျော်ကြားတဲ့ဆရာတစ်ယောက်ကတော့ အစ္စလာမ့် ဓမ္မဗိမာန်
ဦးဆောင်ဆော်သြရေးမှူးဆရာဦးအေးလွင်ပဲဖြစ်ပါတယ်။

တကယ်တော့ဆရာနဲ့ကိုယ်တွေကပြဒါးတလမ်း၊သံတလမ်းပါ။ဆရာက ဒရ်ဂါ၊မောင်လူးဒ်က ခလီဖာဆပ် တစ်ဦး၊ ကိုယ်က ငယ်ငယ်ကတည်းက သဗ်လီးဂ်နဲ့အာလင်မ်အိုလမာတွေကြားယောင်စိန်လုပ်ပြီး ကြီးလာ ခဲ့တာ။
၂၀၀၇/၂၀၀၈ ကစလို့ ဆရာဦးအေးလွင်ရဲ့ ဖန်ဆင်းရှင်နဲ့ပတ်သတ်တဲ့သက်သေလက္ခဏာများစာအုပ်
အပါအဝင်သူ့ရဲ့ ဘာသာခြားတွေနဲ့ ဒီဘိတ်မေး/ဖြေ စာအုပ်နဲ့ အခွေတချို့ ဖတ်မိ၊နားထောင်မိရာကနေ သူ့ကိုအနည်းငယ်စူးစမ်းချင်မိလာတယ်။ နောက်ပိုင်း သူ့ရဲ့ သောကြာနေ့တရားပွဲတခုကို သင်္ကန်းကျွန်း ပတ်ကားဗလီမှာ နားထောင်မိရာကနေ တိုက်ပုံဝတ် ဘာသာရေးဆရာတဦးကို ရင်ဘတ်ထဲကနေ ဆရာလို့ စခေါ်ဖြစ်တယ်။ ရဗီအွလ်အောင်ဝလ်လတွေမှာ ကိုယ်က မောင်လူးဒ်မဖတ်ပေမဲ့သူ့တရားပွဲရှိတဲ့ရက် သူဟောတာနားထောင်ဖို့ အာရ်ကာတီ၊ တောင်ဥက္ကလာ၊မြေနီကုန်း၊ဘက်တွေအထိ သူစကား ပြောတာကို လေ့လာနားထောင်ဖို့တခါတရံအချိန်ထုတ်ပြီး အဖော်တွေနဲ့ သွားဖြစ်တယ်။၂၀၁၂ ဦးရာရှစ် အခမ်းအနား တော်ဝင်နှင်းဆီမှာစပြီး သူနဲ့မိုလာကာသ်ဖြစ်စကား စပြောဖူးခဲ့တယ်။မောင်လာနာ အယားဇ်ဆပ်  (တခြမ်းပဲ့ဗလီ) ကိုယ်တိုင် ဦးအေးလွင်ရဲ့အဲ့နေ့က ဦးရာရှစ်နိုင်ငံအပေါ် သစ္စာရှိတာ၊နိုင်ငံ့အကျိုး သယ်ပိုးတာဟာ အစ္စလာမ့်သွန်သင်ဆုံးမမူတွေကြောင့်ဖြစ်တယ်လို့ ကုရ်အာန်၊ဟဒီးစ် အထောက်အထားနဲ့ တင်ပြခဲ့တာကို အင်တာနက်မှတဆင့်နားထောင်ပြီး ဆရာက ချီးကျူး စကား ဆိုခဲ့ပါတယ်။ငါတို့ကြားထားတဲ့ ကိုအေးလွင်ဆိုတာအမှားတွေပဲ။ သူက တကယ်ကို မွတ်စလင်မ်တွေအတွက် သောကရှိသူ၊ လူတော် တစ်ယောက်ပဲလို့ပြောခဲ့ပါတယ်။

Unity For Peace အဖွဲ့ သတင်းစာရှင်းလင်းပွဲအတွက် ဆရာတွေအကြိုတွေ့ဆုံဆွေးနွေးစဉ်မှာလဲ သတင်းစာ ရှင်းလင်းပွဲမှာထုတ်ပြန်မဲ့ စာကို(ကိုရဲလှ အခမ်းအနားတွင်ဖတ်သည့်စာ)မွဖ်သီနူးရ်မိုဟာမက်၊မွဖ်သီဂျမီးလ်တို့အား ဦးဆောင်ရေးရန်၊တည်းဖြတ်ရန် ပြောခဲ့ရာ မွဖ်သီနူးရ်မိုဟာမက်မှ ဆရာဦးအေးလွင် အား ဦးဆောင်ရေးဖို့တာဝန်ပေးပါဟု ပြောခဲ့ပါသည်။

ထို့အတူ မွဖ်သီနူးရ်မှ နိုင်ငံရေး၊လူမူရေး အခမ်းအနား ဘာပဲလုပ်လုပ် ဦးအေးလွင် ပါ/မပါမေးပြီး ဆရာပါမှ
သူလာပါသည်။ဆရာဦးအေးလွင် မွတ်စလင်မ်အမျိုးသားခေါင်းဆောင်အဖြစ် ဆောင်ရွက်ပါက ရှေ့ဆုံးမှသူ
ထောက်ခံမည်ဟု ဆရာ့ကွယ်ရာကော၊ရှေ့တင်ပါအမြဲ ပြောလေ့ရှိပါသည်။ မဒါး အီမာမ်မွဖ်သီအင်ဒရီးစ်ဆပ်မှ သူအတွေ့ချင်ဆုံးထဲတွင်ဆရာဦးအေးလွင်ထိပ်ဆုံးမှပါကြောင်း၊ ဗိမာန် နှင့် မဒါး နီးလျက်နှင့် လူချင်း မဆုံဝေးနေရကြောင်း စသဖြင့် ချီးကျူးပြောဆိုခဲ့ဖူးပြီး ကြုံတိုင်း အမြဲ စလာမ်ဒိုအာပို့ လျက်ရှိကြောင်းသိရပါ တယ်။

ဆရာဦးအေးလွင်ရေးသားသော နေမျိုးဝေ ကုရ်အာန်အပေါ်စွပ်စွဲချက်များအားဖြေရှင်းချက်စာအုပ်ကို
အေသေကားဖ်ထိုင်ရင်း သေချာ၊အချိန်ယူတည်းဖြတ်ပေးပြီး အမှာစာရေးပေးခဲ့သည်ဟု သိရပါသည်။
မွဖ်သီဆပ် တည်းဖြတ်အမှားပြင်ခိုင်းသမျှကိုလည်း တချက်မှစောဒကမတက်ပဲ(အသုံးအနှုန်းကအစ)
အကုန်ပြင်ပေးခဲ့ပါသည်။

တပည့်တပန်းတွေနဲ့ တော်ရုံဆရာသမားတွေရေးတဲ့ စာအုပ်တွေကိုအမှာစာရေးပေးလေ့မရှိတဲ့ ဟဇ်ရသ် မောင်လာနာ ဟေဒယာသွလ္လာဆွာဟိဘ်ဆရာကြီးကိုယ်တိုင် ဆရာ ဦးအေးလွင်ရေးသောစာအုပ်ကို အမှာစာချီးမြှင့်ပေးခဲ့တဲ့အပေါ် ရန်ကုန်မြို့ က အာလင်မ်အသိုင်းအ၀ိုင်းမှာဂယက်ထခဲ့ဖူးပါတယ်။အဆိုပါစာအုပ်ကို အိုလမာအဖွဲ့  အထွေထွေအတွင်းရေးမှူးတာဝန်ကို ထမ်းဆောင်ခဲ့ဖူးသူ ဒါရွလ်အူလူးမ်မှ ဟဒီးစ်တန်းပြ ဆရာ မွဖ်သီဂျမီးလ်ဆွာဟိဘ်၊ဘင်္ဂါလီဗလီ ရှေ့ ဆောင်ဆရာကြီး မွဖ်သီဂျအ်ဖရ်ဆပ် အပါအ၀င် အာလင်မ် ၆ ပါးမှ ထပ်ဆင့်ထောက်ခံချက်လက်မှတ်ရေးထိုးပေးခဲ့ပြီး ဆရာ ဦးအေးလွင်အား ချီးကျူးခဲ့ကြောင်းအဆိုပါ စာအုပ်ဖတ်ဖူးသူတိုင်း မြင်ဖူးကြမှာဖြစ်ပါတယ်။

၂၀၁၄ သန်းခေါင်စာရင်းကာလတွင်လည်းအထက်ဗမာပြည်မှ အာလင်မ်ပညာရှင်များ၏ ဖိတ်ကြားချက်အရ
မန်းလေးသို့ မွဖ်သီနူးရ်၊မွဖ်သီအလီ၊ဆရာ ဦးမြင့်သိန်းတို့ နှင့်အတူ သွားရောက်ခဲ့ပြီးသန်းခေါင်စာရင်းအတွက် ရတက်မအေးမဖြစ်ဖို့ ၊အရမ်းသောကမဖြစ်ဖို့ အကြံဥာဏ်ကောင်းများပေးခဲ့ပြီး ဆရာ့အကြံဥာဏ်အတိုင်း၊ဆရာသုံးနှုံးပြောဆိုသောစကားလုံးများအတိုင်း အာလင်မ်ကြီးများမှ လူထုကိုပြန်အသိပေးခြင်း၊တရားပွဲများ တွင် ပြန်လည်တင်ပြခြင်း၊ကိုးကားခြင်းများ ပြုလုပ်ခဲ့ပါသည်။ ရန်ကုန်မြို့ မှ နံမည်ကြီး တရားဟော ဆရာ အချို့ ဆိုလျင်ဆရာ့ထံအိမ်တိုင်ရာရောက် သွားပြီးမသိနားမလည်သည်များကို မေးမြန်း၊အကြံရယူခြင်းများကို ပြုလုပ်ခဲ့ပါသည်။

ရန်ကုန် အိုလမာ အဖွဲ့ ချုပ်မှလည်း ၂၀၁၄ အစပိုင်းတွင်ပင်ဆရာ ဦးကိုနီ နှင့် ဆရာဦးအေးလွင်တို့အား ဖိတ်ခေါ် ဆွေးနွေးအကြံယူကာ သန်ခေါင်းစာရင်းနှင့်ပတ်သတ်ပြီး စာထုတ်ပြန်ခြင်းလူထုကို လမ်းညွှန်ခြင်း များပြုခဲ့ပါသည်။

ထို့ နောက်ပိုင်းတွင်လည်း ဘာသာပေါင်းစုံ တရားပွဲများ၊ UN အဖွဲ့ အစည်းများနှင့် နိုင်ငံခြား သံတမန်များပြုလုပ်သော အခမ်းအနားများနှင့် ဖိတ်ကြားခံရသော နိုင်ငံခြားခရီးစဉ်များတွင် ဆရာ ဦးအေးလွင်သည် အမြဲအစဉ် မွဖ်သီနူးရ်အစရှိသော အာလင်မ်များအား လက်တွဲခေါ်ကာ ဦးစားပေး ဆောင်ရွက်ခဲ့ပါသည်။၂ ဦးတပြိုင်တည်းတက်ရောက်သောအခမ်းအနားတွင် ၂ ဦးလုံး စကားပြောရန် စီစဉ်ပါကအမြဲမွဖ်သီနူးရ်ကိုဘာသာရေးခေါင်းဆောင်အဖြစ် အရင်ဆုံးစကားပေးပြောခဲ့ပြီး မိမိကို
ဗိမာန်(သို့ )ဘာသာပေါင်းစုံအဖွဲ့ အနေနဲ့သာမိတ်ဆက်စေပြီး နောက်မှ စကားပြောပါသည်။ အဖွဲ့ အစည်း အသီးသီးမှ ပြုလုပ်သော ဖိုရမ်များ၊၀ပ်ရှော့များတွင် မဒရ်စာကျောင်းများမှ အာလင်မ်များ၊ ဟာဖိဖ်များ ပါဝင်ပါကနားထောင်သူများက ကြမ်းပြင်မှာထိုင်နေလျင် ဆရာသည်ထိုင်ခုံပေါ်တွင်ထိုင်ပြီး စကားမပြောပဲ မတ်တပ်ရပ်သာစကားပြောပါသည်။တခါတလေ အချိန်အကြာကြီး ၂နာရီခန့် ပြောရန် တာဝန်ပေး ခံထားရလျင် အောက်မှ အာလင်မ်များကိုခွင့်ပြုချက်တောင်းခံပြီးမှ ထိုင်ခုံပေါ်
ထိုင်ပြီး စကားပြောပါသည်။

ငယ်ငယ်ကြီးကြီး တွေ့ တာနှင့် ဦးစွာ စလာမ်ဆိုတတ်ပြီး မိမိတပည့်၊မုရီးဒ်မဟုတ်လျင် မည်မျှပင် ရင်းနှီးနေပါစေ မြေးအရွယ်လောက်ရှိသူကိုပင် မင်း၊ငါ သုံးပြီးမပြောပါ။

အလှူအတန်းအတွက် ဘယ်တော့မှ ရှေ့ ထွက် ဓါတ်ပုံရိုက် အလှူမပေးပါ။ မိမိလှူသောငွေဖြစ်စေ၊ မိမိ တာဝန်ခံပြီး တောင်းပေးသော ငွေဖြစ်ပါစေ တပည့်တဦးဦး (သို့ ) လုပ်ဖော်ကိုင်ဖက်တဦးဦးနှင့်သာ အလှူငွေကို ပေးအပ်စေခဲ့ပါသည်။သံတွဲတွင် သီတဂူဆရာတော်၏ အခမဲ့ မျက်စိဆေးရုံ အတွက် ငွေလှူရာတွင် ကိုဇော်မင်းလတ်၊ ကိုသက်ဆွေဝင်းတို့ လက်ထဲ ငွေပေးကာ သွားရောက် လှူဒါန်းစေခဲ့ကြောင်း ထိုအချိန်က ဖတ်ခဲ့ဖူးပါသည်။

ထီလာ ရခိုင်စသော အရေးအခင်းများကြောင့် ဒုက္ခသည်စခန်းရောက်နေသူများအတွက် ကိုယ်တိုင်ကော၊
ပြည်တွင်းပြည်ပမှ တဆင့်ခံကော လှူဒါန်းလာမူများအတွက်ဘယ်တော့မှ မျက်နှာယူ ရှေ့ ထွက် ဓါတ်ပုံ ရိုက်ခံပြီးမလှူပါ။တိတ်တဆိတ်သာနောက်ကွယ်မှ လှူဒါန်းလေ့ရှိပါသည်။

ပြည်တွင်း၊ပြည်ပ အစိုးရများ၊အဖွဲ့ အစည်းများ၏ ဖိတ်ကြားမူကြောင့် တိုက်ကြီး ၆ တိုက်ရှိ နိုင်ငံပေါင်း ၁၀၀
ကျော်ကိုဆွေးနွေးပွဲများ၊စာတမ်းဖတ်ပွဲများ၊အစည်းအဝေးပွဲများတက်ရောက်ရန် ခရီးများထွက်ခဲ့၊ဦးဆောင်ဆွေးနွေးခဲ့ဖူးသော်လည်း မည်သည့်အခါမှ ကိုယ်တိုင် ဓါတ်ပုံတင်ခြင်း၊ကြွားဝါခြင်း မပြုခဲ့ပါ။ပြည်တွင်း၊ပြည်ပ ဘယ်ခရီးသွားသွား၊ဘယ်အခမ်းအနားတက်တက် ဓါတ်ပုံရိုက်ဖို့ ဘယ်သူ့ ကိုမှမမှာတတ်။ခေါ်မသွားတတ်ပါ။(တပည့်များနှင့်မိတ်ဆွေများကဆရာ့ အမည်နှင့် ပေ့ဂ်ျ (သို့ )အကောင့်တခုဖွင့်ပြီး ဆရာ့လုပ်ဆောင်ချက်များကို တင်ပရစေဆိုတာတောင် ခွင့်မပြုပါ။ ယနေ့ အချိန်ထိ အန်းဒရိုက်ဖုံးတောင် အသုံးမပြုပါ။ ကီးပတ်ဖုံးကိုသာ ကိုင်ဆောင်ပါသည်။ပြည်တွင်း၊ပြည်ပ အင်တာနက်သတင်း၊ဖေ့ဘုတ် သတင်းကိုတော့ ကွန်ပျူတာမှတဆင့်သော်လည်းကောင်း၊သားသမီး တပည့်များ သတင်းပေးမူမှသော် လည်းကောင်း လေ့လာဖတ်ရူပါသည်။

၁၉၉၈ ခုနှစ်ကမြန်မာမဲဟာဂျီများ၏ ခေါင်းဆောင်အဖြစ် ဦးဆောင်ပြီး ဟဂ်ျခေါ်သွားစဉ် အချို့ သော် အယူအဆမတူသူများက တလမ်းလုံးပြသနာလုပ်ပြီး နောက်ဆုံး ဆရာ့၏ လည်ပင်းကို ဆွဲစောင့်ပြီး ရန်ပြုခဲ့သည်ကိုပင် ဟဂ်ျခရီးစဉ်တွင်လည်းပြန်မတုံ့ ပြန်ခဲ့သလို မြန်မာပြည် ပြန်ရောက်ချိန် အစိုးရခန့် အပ်ပေးလိုက်သော ခေါင်းဆောင်တဦးအား ကိုယ်ထိလက်ရောက်စော်ကားမူအတွက် အမူဖွင့်ရန် တိုက်တွန်းခဲ့ကြသော်လည်း ဆရာကငါ လောကီအတွက်ကော အာခေရသ်အတွက်ပါခွင့်လွှတ်တယ်ကွာလို့ သာ ပြန်ပြောခဲ့ပါတယ်။ထိုခရီးစဉ်တွင်ကျူလီယာ မကာမီမှ ဟာဂျီအဇ်ဂဲရ်(Vanillaဖာလူဒါ)လည်း ပါဝင်ပါသည်။ထိုသူအပါအ၀င် သဗ်လီးဂ်သမားမိတ်ဆွေအချို့ ဆရာ ဦးအေးလွင်ဘက်မှ ရပ်တည် ကာကွယ်ပေးခဲ့ပါသည်။

မည်သည့်ဟောပြောပွဲ၊ အခမ်းအနားဖိတ်ဖိတ်နီးနီး ဝေးဝေးတကူးတက သွားကြိုစရာမလိုပဲ ကိုယ်တိုင်ကား မောင်းပြီးလာပါသည်။ ရင်းနှီးသူဖြစ်ပါက ဖုန်းဆက်ဖိတ်လျင်တောင်ဖိတ်ကြားမူကို လက်ခံပါသည်။အခမ်းအနားများ တက်ရောက်ဟောပြောပို့ ချသည့်အတွက် လက်ဆောင်ငွေသား (သို့ ) လက်ဆောင် ပစည်း တခုခု ပေးလျင်လည်း ငြင်းဆန်သည်ကများပါသည်။ အထူးသဖြင့် ဘာသာရေးနှင့် အမျိုးသားရေး အခမ်းအနားများ အတွက် မည်သည့်အခါကမှ လက်ဆောင်ပဏ္ဍာလက်မခံပါ။ အခမဲ့ (တခါတလေ) အိတ်စိုက်ပါ လုပ်ပြီးပါဝင်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် လူချင်းရင်းနှီးဆက်နွယ်မူသည်မနေ့ တနေ့ အကျယ်ချုပ်လွတ်ချိန်ကမှမဟုတ်ပါ။
စစ်အစိုးရလက်ထက် နေအိမ်အကျယ်ချုပ်ကျချိန် ဒေါ်စုကိုခဏထား၊သာမာန် NLD ပါတီဝင်တဦးနှင့်ဝင်ထွက် သွားလာဆက်ဆံလျင်ပင် ခြိမ်းခြောက်ခံနေရ သတိပေးခဲရစဉ်ကတည်းက ဒေါ်အောင်ဆန်းစုကြည်ဟာ သူမမိခင်နှင့်ဖခင် ကွယ်လွန်သည့်နေ့ တိုင်း အိမ်တွင် ဘာသာပေါင်းစုံ ဆုတောင်းပွဲလုပ်လိုကြောင်း၊အစ္စလာမ်ဘာသာကိုယ်စားပြုလာရောက်ဆုတောင်းပေးရန် ကမ်းလှမ်းမူကို ဟိုးအကျယ်ချုပ်ကျနေစဉ် ကတည်းက ပင်မကြောက်မရွံသွားရောက် ၀န်းရံပေးခဲ့သူဖြစ်ပါတယ်။

ထိုစဉ်ကတည်းက ဒေါ်စုဟာကမ္ဘာနိုင်ငံတွေကို သတင်းစကားသူမပြောလိုသတင်းပို့လိုတာတွေအတွက် သူမဆီ ၀င်ထွက်ခွင့်ရတဲ့ လူရင်းတွေမှတဆင့် ပြုလုပ်ခဲ့ရာမှာ အင်္ဂလိပ်စကားကျွမ်းကျင်ပြီး နိုင်ငံတကာ သံရုံးမှ သံအရာရှိကလေးများတက်သောစာသင်ကျောင်းတွင် တာဝန်ထမ်းဆောင်နေသော ဆရာဦးအေးလွင်မှာ သံတမန်အသိုင်းအ၀ိုင်းနှင့် နီးစပ်သဖြင့်ဒေါ်စု အားအကိုးရဆုံးသူတစ်ဦးဖြစ်ခဲ့တယ်ဟု သိခဲ့ရပါတယ်။

လူသားသဘာဝ လူတိုင်းမလွတ်ကင်းနိုင်သော အားနည်းချက်၊ချွတ်ယွင်းချက်အချို့ ရှိကောင်းရှိနိုင်ပါသည်။ချို့ ယွင်းချက်၊အပြစ်အနာအဆာ ဆိုတာ နဗီသခင်များမှအပ မည်သူမျှမလွတ်ကင်းနိုင်ပါ။နဗီရစူလ်များပင်လျင် မိမိတို့ ကိုယ်စွမ်းကိုယ်စကြောင့်မဟုတ်။အရှင်မြတ်ထိန်းသိမ်းမူကြောင့် ကာယကံ၊၀စီကံ၊မနောကံအပြစ်များမှ
ရှောင်ကြဉ်နိုင်ခြင်းဖြစ်ပါသည်။ထို့ ကြောင့်ချုပ်လိုက်လျင် မပြည့်စုံသောလူ့ လောက အထူးသဖြင့်
(မြန်မာမွတ်စလင်မ် လူ့ အဖွဲ့ အစည်း)တွင်တော့ စံပြုထိုက်သော လေးစားဖွယ်ရာ အရည်အချင်းကောင်း
မြောက်မြားစွာကို ပိုင်ဆိုင်ထားသူ တဦးဖြစ်သည်ကိုတော့ မည်သူမှ ငြင်းဆိုနိုင်မည်မဟုတ်ပါ။

သာဓကတခုအနေဖြင့်ဆရာ ဦးအေးလွင် အပါအ၀င် ဗိမာန်မှမိတ်ဆွေများနှင့် ဆရာ့မုရီးဒ်များသည် မြန်မာ
ပြည်ရှိမွတ်စလင်မ်အများစုထက်ယခုနှစ်တွင် ရမ်ဇာန် တရက်စောဝင်ပြီး အီးဒ်တရက်စောပါသည်။(ကမာ၏
မည်သည့်နေရာမှာပင် လမြင်သည်ဖြစ်ပါစေ၀ါဝင်၊ ၀ါထွက် အစဉ်အလာကို နှစ်၃၀ ကတည်းက ကျင့်သုံး ခဲ့ကြောင်း သိရပါသည်။)

သို့ သော် (၂၅.၆.၂၀၁၇)တွင် ဆရာတို့ ဝါမထားပေမဲ့ ညီညွှတ်ရေးအကြောင်းပြုကာ အီးဒ်မလုပ်ပါ။လူကြားထဲ မစားမသောက်ပြပါ။နောက်ဆုံးကောင်စီကဖိတ်သည့် ၀ါဖြေပွဲတွင်ပင်လာရောက်ပြီး တရားဟောကာ ၀ါဖြေချိန် အတူတူစားသောက်သွားခဲ့ပါသည်။မိမိယုံကြည်ရာကိုလည်း လက်မလွှတ်သလို အများယုံကြည်ရာကိုလည်း အသိအမှတ်ပြုသည့် လက္ခဏာတရပ်ပင်ဖြစ်ပါသည်။

အလ္လာဟ်အရှင်မြတ်သခင် မတူကွဲပြားမူများကြားမှပင် အချင်းချင်းလေးစားခြင်း၊ချစ်ကြည်ခြင်း၊အမုန်းမပွားခြင်းများဖြင့်မြန်မာမွတ်စလင်မ်ကွန်မြူနတီကို ရှေ့ ဆက်စေတော်မူပါ။
(အချက်အလက်/အကြောင်းအရာများ မှားယွင်းနေပါက အမှားထောက်ပြပေးပါ။ပြန်လည် ပြင်ဆင်ပါမည်။)
Credit - Ko Min Thet Naing

No comments:

Post a Comment