Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, November 17, 2015

ဒေါ်အောင်ဆန်းစုကြည် ဖြစ်ရပ်နဲ့ ဆင်တူတဲ့ ကမ္ဘာ ဒီမိုကရေစီနိုင်ငံကြီးတစ်ခုက ပါတီဥက္ကဌ တစ်ဦးအကြောင်း



ဒေါ်အောင်ဆန်းစုကြည် ဖြစ်ရပ်နဲ့ ဆင်တူတဲ့ ကမ္ဘာ ဒီမိုကရေစီနိုင်ငံကြီးတစ်ခုက ပါတီဥက္ကဌ တစ်ဦးအကြောင်း

ဆိုနီယာဂန္ဒီ
=======


ငယ်ဘဝ
----------

သူမရဲ့ နာမည်အရင်းက အဲဘီးနား မရီနို Albina Màino ။

သူမကို စတီဖီနို နဲ့ ပါအိုလာ မရီနို တို့က အီတလီနိုင်ငံ လူရှာနာ Lusiana ရွာလေးမှာမွေးဖွားခဲ့တယ်။

အဲဒီရွာလေးမှာ မရီနို Màino မိသားစုများဟာ ဘိုးဘေးစဉ်ဆက်ထဲက နေထိုင်ခဲ့ပါတယ်။

သူမဟာ အဲဒီရွာကလေးမှာ မွေးဖွားပြီး တူရိနာ Turin မြို့ ရိုမင်ကက်သလစ်ကျောင်းမှာ ကြီးပြင်းခဲ့တယ်လို့ ဆိုကြပါတယ်။

သူမရဲ့ ဖခင်ဟာ ပန်းရံဆရာ တဦးဖြစ်ပြီး မူဆိုလီနီ ရဲ့ ဖက်ဆစ်ပါတီကို ထောက်ခံသူ တဦးပါ။ ဆိုဗီယက်ကို ဟစ်တလာရဲ့ တပ်နဲ့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ပါတယ်။ ၁၉၈၃ မှာ ကွယ်လွန်ပါတယ်။

၁၉၆၄ မှာ သူမဟာ ကိန်းဘရစ်မြို့ ဘဲလ်ဘာသာစကားကျောင်းမှာ အင်္ဂလိပ်ဘာသာရပ်ကို ဆည်းပူးပါတယ်။

၁၉၆၅ မှာ ဂရိစားသောက်ဆိုင် တဆိုင် (Varsity Restaurant ) မှာ စားပွဲထိုး အလုပ် လုပ်ပြီး ကျောင်းစားရိတ်ရှာရပါတယ်။

အဲဒီဆိုင်မှာ တြီနတီကောလိပ်က ခန့်ညားသန့်ပြန့်တဲ့ အင်ဂျင်နီယာကျောင်းသား ရာဂျစ်ဂန္ဒီနဲ့ တွေ့ဆုံပြီး ချစ်ကြိုက်သွားကြပါတယ်။

၁၉၆၈ မှာတော့ ဆိုနီယာ နဲ့ ရာဂျစ် တို့ နှစ်ဦးဟာ ဟင်ဒူဓလေ့ထုံးစံအတိုင်း လက်ထပ်ကြပြီး ယောက်ခမ အိမ်မှာ အတူတူ နေထိုင်ကြပါတယ်။

သူမရဲ့ ယောက်ခမက အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် အင်ဒရာဂန္ဒီပါ။

ဒီနေရာမှာ အင်ဒရာဂန္ဒီ အကြောင်း နည်းနည်း ပြောပါရစေ။ အင်ဒရာဂန္ဒီ ရဲ့ အဖေဟာ ဂျဝဟာလာ နေရူး ပါ။ အိန္ဒိယနိုင်ငံ လွတ်လပ်ရေး ဖခင်ကြီးပါ။ ပထမဆုံး ဝန်ကြီးချုပ်ပါ။ မဟတ္တမ ဂန္ဒီဟာ အိန္စ္ဒိယရဲ့ သခင်ကိုယ်တော်မှိုင်း ဆိုရင် နေရူးဟာ အိန္ဒိယရဲ့ သခင်အောင်ဆန်းပါ။ နေရူးလဲ တြီနတီကောလိပ်ဆင်း ပါပဲ။ အင်ဒရာဂန္ဒီက အောက်စဖို့ ဆင်းပါ။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ နေရူးဟာ အင်မတန် ခင်မင်ပါတယ်။ တူ နဲ့ ဦးလေးလို အသက်ချင်း ကွာဟတဲ့ နေရူးဟာ ကိုအောင်ဆန်းကို လွတ်လပ်ရေးရပြီး နောင်တချိန်မှာ အာရှခေါင်းဆောင် အဖြစ် မျှော်လင့်ခဲ့ပါတယ်။

ဒီနေရာမှာ "ဂန္ဒီ" နာမည်ကြောင့် နေရူး နဲ့ မဟတ္တမ ဂန္ဒီကြီး နဲ့ ဆွေမျိုးတော်သလားလို့ ထင်ကြပါတယ်။ မဟုတ်ပါဘူး။ အင်ဒရာ လက်ထပ်တဲ့ ခင်ပွန်းနာမည်က ဖီရိုဇီ ဂန္ဒီ ဖြစ်နေလို့ပါ။ ;-D

အင်ဒရာဂန္ဒီ က မွေးတဲ့ သားက ရာဂျစ်ဂန္ဒီ။ ရာဂျစ်ဂန္ဒီ နဲ့ လက်ထပ်တဲ့ ဆိုနီယာက ဆိုနီယာ ဂန္ဒီ ဖြစ်လာတာပါတဲ့။

ရှင်းအောင် ပြောရရင် ဆိုနီယာ ဂန္ဒီ ဟာ နေရူးရဲ့ မြေးချွေးမ ပါ။

အိမ်ရှင်မ
----------

အိန္ဒိယနိုင်ငံကို လွတ်လပ်ရေးရယူပေးတဲ့ အိန္ဒိယအမျိုးသား ကွန်ကရက်ပါတီ( ဗမာပြည်မှာဆိုရင် ဖဆပလ ) မှာ နေရူးမိသားစုက ကြီးစိုးပါတယ်။ အိန္ဒိယနိုင်ငံမှာ ဩဇာအလွန်ကြီးမားတဲ့ မျိုးနွယ်ပါ။ အိန္ဒိယနိုင်ငံ အခြေခံဥပဒေက ဗမာပြည် လွတ်လပ်ရေးခေတ်မှာလို ဝန်ကြီးချုပ်က အာဏာအရှိဆုံးပါ။ ဦးနု လိုပေါ့။ အဲဒီ အာဏာအရှိဆုံး နေရာမှာ - သမီးဖြစ်သူ အင်ဒရာဂန္ဒီ က ၁၉၆၆မှာ တတိယမြောက် ဝန်ကြီးချုပ် ဖြစ်လာပါတယ်။ နောက်ထပ် ၁၉၈၀ မှာ ပဉ္စမမြောက် ဝန်ကြီးချုပ် အဖြစ် ရွေးကောက်ခံရပါတယ်။

ဆိုနီယာ ဂန္ဒီ သမိုင်းကို ပြန်ဆက်ရရင် သူတို့ဇနီးမောင်နှံဟာ ယောက္ခမ အိမ်တက်ပြီး ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်လာကြတာ
သား ရာဟု ဂန္ဒီ၊ သမီး ပရိယန္က ဂန္ဒီ တို့ မွေးဖွားခဲ့ပါတယ်။ ရာဂျစ် နဲ့ ဆိုနီယာ တို့ဟာ ဩဇာတတ္ကမ ကြီးမားတဲ့ နေရူး-ဂန္ဒီမျိုးနွယ်ကြီးက ဖြစ်ပေမယ့်၊ နိုင်ငံရေးမှာ ဝင်ရောက်ပါဝင်ခြင်း မရှိခဲ့ပါဘူး။ ရာဂျစ်ဟာ လေယဉ်မှူး လုပ်တယ်။ ဆိုနီယာက အိမ်ရှင်မ အဖြစ် မိသားစုကို စောင့်ရှောက်တယ်။

၁၉၈၀ မှာ ရာဂျစ်ရဲ့ ညီငယ် ဆန်ဂျေးဂန္ဒီ လေယဉ်ပျက်ကျ ကွယ်လွန်သွားပါတယ်။ ဆန်ဂျေးဟာ နေရူး-ဂန္ဒီမျိုးဆက်ရဲ့ နိုင်ငံရေးအမွေကို ဆက်ခံမယ့် နိုင်ငံရေးသမား ပါလီမန်အမတ်ပါ။ ဆန်ဂျေး ကွယ်လွန်ပြီး ၂ နှစ် အကြာ ၁၉၈၂မှာ ရာဂျစ်ဟာ နိုင်ငံရေးထဲ ဝင်ရောက်သွားပါတော့တယ်။ အိန္ဒိယအမျိုးသား ကွန်ကရက်ပါတီမှာ အထွေထွေအတွင်းရေးမှူး၊ ပါလီမန်မှာ အောက်လွှတ်တော်အမတ် ဖြစ်လာပါတယ်။ ဆိုနီယာကတော့ အဲဒီအချိန်အထိ နိုင်ငံရေးနဲ့ ကင်းကင်းရှင်းရှင်း နေတုံးပါပဲ။

နေရူး-ဂန္ဒီမိသားစုကြီးဟာ အောင်ဆန်းမိသားစုကြီးလိုပဲ နိုင်ငံရေးအတွက် အသက်ပေးရသူတွေ မနည်းပါဘူး။ အောင်ဆန်း မိသားစုကြီးမှာ ဗိုလ်မင်းရောင် (အဘိုး)၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးဘဝင်း (အကို)၊ သခင်သန်းထွန်း (မယားညီအကို) တို့ လုပ်ကြံသတ်ဖြတ်ခံရသလိုပဲ နေရူး-ဂန္ဒီမိသားစုကြီးမှာ အန္တရာယ်တွေ ဝန်းရံနေပါတယ်။

၁၉၈၄ အောက်တိုဘာမှာ ဝန်ကြီးချုပ် နေအိမ် ပန်းခြံထဲမှာ အင်ဒရာဂန္ဒီကို သက်တော်စောင့် နှစ်ယောက်က သေနတ်နဲ့ ပစ်ခတ်လုပ်ကြံသတ်ဖြတ်ပါတယ်။ ကျည်ဆံ အချက် ၃၀ ခန္ဓာကိုယ်ထဲ ဝင်ရောက်ပြီး အိန္ဒိယအမျိုးသားခေါင်းဆောင်ကြီး နေရူးရဲ့ သမီးဟာ ကွယ်လွန်သွားပါတယ်။

နိုင်ငံရေးသမား
-----------------

အင်ဒရာဂန္ဒီ ကွယ်လွန်တော့ သားဖြစ်သူ ရာဂျစ်ဂန္ဒီကို ဝန်ကြီးချုပ် အဖြစ် တင်မြှောက်ကြတယ်။ အိန္ဒိယအမျိုးသား ကွန်ကရက်ပါတီ ဥက္ကဌ ဖြစ်လာတယ်။ ဆိုနီယာက ဆန်ဂျေးရဲ့ မဲဆန္ဒနယ်က ဝင်ရောက်ယှဉ်ပြိုင်ပါတယ်။ ( ဆန်ဂျေးရဲ့ ဇနီး မနီခဂန္ဒီ ဟာ အတိုက်အခံပါတီကနေ ယှဉ်ပြိုင်ပါတယ်။ ) ဆိုနီယာဟာ ပါလီမန် လွှတ်တော်အမတ် အဖြစ် ၁၉၈၁ မှာ ရွေးကောက်တင်မြောက်ခံရပါတယ်။

၁၉၈၄ ဒီဇင်ဘာ ရွေးကောက်ပွဲ ကျင်းပတော့ အိန္ဒိယ တနိုင်ငံလုံးက ရာဂျစ်ဂန္ဒီကို တောင်ပြို ကမ်းပြို မဲပေးကြပါတယ်။ ၇၅% ကျော် အနိုင်ရပါတယ်။ ဆိုနီယာ ဟာ ခင်ပွန်းသည် ဝန်ကြီးချုပ်ရဲ့ ဧည့်ခံရေး တာဝန်ပေးခြင်း ခံရပါတယ်။ ခင်ပွန်းသည်နှင့် အတူ နိုင်ငံတကာခရီးတွေ လိုက်ပါရပါတယ်။

ရာဂျစ်ဂန္ဒီ ဝန်ကြီးချုပ် ၅ နှစ်သက်တမ်း ကုန်ခါနီးမှာ ဖြစ်ပွါးတဲ့ ဘိုဖောစ် အရှုပ်တော်ပုံမှာ ပါဝင်တယ်လို့ ယုံကြည်ရတဲ့ အီတလီလုပ်ငန်းရှင်တယောက်ဟာ ဆိုနီယာရဲ့ မိတ်ဆွေဖြစ်ပြီး ဝန်ကြီးချုပ် အိမ်တော်ထိ ဝင်ခွင့်ရတယ်လို့ ဆိုကြတယ်။ ပြိုင်ဘက် BJP ပါတီက ဆိုနီယာဟာ အိန္ဒိယနိုင်ငံသားကဒ် မရခင် မဲပေးသူစာရင်းမှာ ပါဝင်ခဲ့တယ်လို့ စွပ်စွဲပါတယ်။ အမျိုးသားကွန်ကရက်ခေါင်းဆောင် (ယခု အိန္ဒိယ သမ္မတကြီး) က ဆိုနီယာဟာ (၂၇ ဧပြီ ၁၉၈၃) မှာ အီတလီပတ်စပို့ကို အီတလီသံရုံးမှာ တရားဝင် စွန့်လွှတ်ပြီးကြောင်း၊ အီတလီဥပဒေအရ နှစ်နိုင်ငံသား ( dual nationality ) ဖြစ်ခွင့်မရှိကြောင်း၊ ထို့ကြောင့် ဆိုနီယာဟာ အိန္ဒိယနိုင်ငံသားကဒ် လက်ဝယ်ရပြီးသည်နှင့် တပြိုင်နက် အီတလီနိုင်ငံသားအဖြစ်က အလိုအလျောက် ရပ်စဲသွားပြီ ဖြစ်ကြောင်း ရှင်းလင်းခဲ့ပါတယ်။

၁၉၈၉ ရွေးကောက်ပွဲမှာတော့ ရာဂျစ်ဂန္ဒီဦးဆောင်တဲ့ အိန္ဒိယအမျိုးသားကွန်ကရက်ပါတီဟာ ရှုံးနိမ့်သွားပါတယ်။ ရာဂျစ်ဂန္ဒီ ဝန်ကြီးချုပ်ကာလမှာ သီရိလင်္ကာနိုင်ငံမှာ တမီးလ်ကျား လွတ်မြောက်ရေးအဖွဲ့က ပုန်ကန်နေပါတယ်။ ရာဂျစ်ဂန္ဒီက သီရိလင်္ကာအစိုးရထံ အိန္ဒိယငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့ကို စေလွှတ်ကူညီခဲ့ပါတယ်။

၁၉၉၁ မှာ ရွေးကောက်ပွဲ ကျင်းပတော့ အိန္ဒိယအမျိုးသားကွန်ကရက်ပါတီ ဥက္ကဌ ရာဂျစ်ဂန္ဒီဟာ နိုင်ငံအနှံ့အပြားကို မဲဆွယ်စည်းရုံးရေး ထွက်ပါတယ်။ အိန္ဒိယ တောင်ပိုင်း ( သီရိလင်္ကာ တဖက်ကမ်း) တမီးလ်လူမျိုးတွေ နေတဲ့ အရပ်မှာ ရာဂျစ်ဂန္ဒီဟာ တမီးလ်ကျား လွတ်မြောက်ရေးအဖွဲ့ဝင် တစ်ဦးက အသေခံဗုံးခွဲ တိုက်ခိုက်မှုကြောင့် ပွဲချင်းပီး သေဆုံးသွားပါတော့တယ်။ တမီးလ်ကျား သူပုန်တွေက ရာဂျစ် အာဏာပြန်ရရင် သီရိလင်္ကာ အစိုးရကို ထပ်မံကူညီမှာ မလိုလားလို့ လုပ်ကြံတာပါ။

အိန္ဒိယအမျိုးသားကွန်ကရက်က ဒီဖြစ်ရပ်ဟာ တမီးလ်ကျား သူပုန် လက်ချက်တင် မကပဲ အာဏာရအိန္ဒိအစိုးရက ပြိုင်ဘက်ပါတီဥက္ကဌအတွက် ပေးထားတဲ့ လုံခြုံရေးစည်းဟာ လျော့ရဲကျိုးပေါက် နေတယ်လို့ စွပ်စွဲပါတယ်။

ပါတီဥက္ကဌ
------------

ရာဂျစ်ဂန္ဒီ ကွယ်လွန်ပြီးနောက် အိန္ဒိယအမျိုးသားကွန်ကရက်ဟာ ရွေးကောက်ပွဲမှာ အနိုင်ရပါတယ်။ ဆိုနီယာကို ဝန်ကြီးချုပ်အဖြစ် ကမ်းလှမ်းပါတယ်။ သူမက လက်မခံတဲ့ အတွက် နရဆင်ဟရအို ကို ပါတီဥက္ကဌ ခန့်ပြီး တဆက်ထဲမှာပဲ ဝန်ကြီးချုပ် ဖြစ်လာပါတယ်။ နရဆင်ဟရအို လက်ထက်မှာ ဝန်ကြီး ၇ ယောက် နုတ်ထွက်ပြီး ကိုယ်တိုင်လဲ လာဘ်စားမှု ပြဿနာကို ရင်ဆိုင်ရပါတယ်။ အိန္ဒိယအမျိုးသားကွန်ကရက်ပါတီဟာ အစိတ်စိတ်အမြွှာမြွှာကွဲပါတယ်။ ပါတီက ထင်ရှားသူတွေ ထွက်ကုန်ပါတယ်။

၁၉၉၆ ရွေးကောက်ပွဲ မှာတော့ ကွန်ကရက်ပါတီ ရှုံးနိမ့်ပြီး နောက် ဆိုနီယာဂန္ဒီဟာ ပါတီကို ကယ်တင်ဖို့ ၁၉၉၇ အိန္ဒိယအမျိုးသားကွန်ကရက်မှာ ဗဟိုအဖွဲ့ဝင် အဖြစ် ပါဝင်လာပြီး ၁၉၉၈ မှာ ပါတီဥက္ကဌ ဖြစ်လာပါတယ်။

၁၉၉၉ မှာ ပါတီထိပ်တန်းခေါင်းဆောင် ၃ ယောက်က ဆိုနီယာဂန္ဒီဟာ နိုင်ငံခြားမှာ မွေးဖွားသူဖြစ်လို့ ဝန်ကြီးချုပ်ရာထူး နဲ့ မထိုက်တန်သူဖြစ်ကြောင်း ထိုးနှက်ပါတော့တယ်။ သူမက ပါတီဥက္ကဌ ရာထူးက နုတ်ထွက်ပေးလိုက်ပါတယ်။ ဒါပေမယ့် သူမကို ထောက်ခံသူတွေရဲ့ အဆက်မပြတ် ပေါက်ကွဲအုံကြွလာမှုကြောင့် သူမကို ပါတီဥက္ကဌ ပြန်လည်ခန့်အပ်ရပြီး ၃ ဦးဂိုဏ်းဟာ မျိုးချစ်ကွန်ကရက်ပါတီအသစ်ကို တည်ထောင်ကြပါတယ်။

၁၉၉၉ ရွေးကောက်ပွဲမှာ အိန္ဒိယအမျိုးသားကွန်ကရက်ဟာ ပြန်လည် ဦးမော့လာပါတယ်။ သူမဟာ ပြိုင်ဘက် BJP ခေါင်းဆောင်ရဲ့ မဲဆန္ဒနယ်မှာ အနိုင်ရရှိပြီး ပါလီမန်မှာ အတိုက်အခံခေါင်းဆောင် ဖြစ်လာပါတယ်။ BJP ပါတီ ဦးဆောင်တဲ့ အာဏာရ ၃၄ ပါတီ NDA ညွန့်ပေါင်းအဖွဲ့ကို သူမရဲ့ ပါတီက အယုံအကြည်မရှိ အဆိုကို တင်သွင်းပါတယ်။ NDA ညွန့်ပေါင်းအဖွဲ့က လက်ယာပါတီတွေ ဖြစ်ပါတယ်။

ဥပဒေ
--------
၂၀၀၄ အထွေထွေ ရွေးကောက်ပွဲမှာ သူမက " သာမန်ပြည်သူတွေ အတွက်" ကြွေးကြော်ပြီး မဲဆွယ်ပါတယ်။ BJP ပါတီ ဦးဆောင်တဲ့ အာဏာရ ၃၄ ပါတီ NDA ညွန့်ပေါင်းအဖွဲ့က " အိန္ဒိယကို တောက်ပစေဖို့" လို့ မဲဆွယ်ပါတယ်။ သူမက " အိန္ဒိယကို တောက်ပစေမှာ ဘယ်သူတွေလဲ" လို့ ပြန်လည်မေးခွန်းထုတ်လိုက်ပါတယ်။ မဲရလာဒ်ကတော့ သူမရဲ့ အိန္ဒိယအမျိုးသားကွန်ကရက်က အနိုင်ရရှိသွားပါတော့တယ်။

၃၄ ပါတီ NDA ညွန့်ပေါင်းအဖွဲ့ မမျှော်လင့်ပဲ ရှုံးနိမ့်သွားပြီးနောက်၊ သူမကို တနိုင်ငံလုံးက ဝန်ကြီးချုပ် ဖြစ်လာဖို့ မျှော်လင့်ကြပါတယ်။ သူမဟာ အနိုင်ရ လက်ဝဲပါတီ ၁၅ ခုကို ဖိတ်ခေါ် စုပေါင်းပြီး UPA မဟာမိတ် အဖွဲ့ကို ဖွဲ့စည်းပါတယ်။

ရှုံးနိမ့်သွားတဲ့ NDA ညွန့်ပေါင်းအဖွဲ့ က " နိုင်ငံခြားမှာ မွေးတဲ့သူကို ဆန့်ကျင်ကြ" လို့ ကန့်ကွက်ပါတယ်။ NDA ခေါင်းဆောင် တယောက်က "သူမ ခေါင်းကို ဖြတ်ပစ်မယ်" လို့ ခြိမ်းခြောက်ပါတယ်။ " သူမသာ ဝန်ကြီးချုပ် ဖြစ်ရင် ဒို့တိုင်းပြည်က လူတွေဟာ ခွေးတွေနဲ့ အတူ မြေကြီးပေါ်မှာ အိပ်ကြရလိမ့်မယ်"လို့ ဝါဒ ဖြန့်ပါတယ်။

NDA ညွန့်ပေါင်းအဖွဲ့ က ဆိုနီယာဂန္ဒီဟာ ဥပဒေအရ ဝန်ကြီးချုပ် မဖြစ်သင့်ကြောင်း စွပ်စွဲပါတယ်။ အဲဒီ စွဲဆိုမှုကို အိန္ဒိယနိုင်ငံ ဗဟိုတရားရုံးချုပ် က ပယ်ချလိုက်ပါတယ်။

အိန္ဒိယအခြေခံဥပဒေအရ ဝန်ကြီးချုပ်သည် -

(၁) အိန္ဒိယနိုင်ငံသားဖြစ်ရမည်

(၂) အထက်/အောက် လွှတ်တော်တစ်ရပ်ရပ်မှာ ရွေးကောက်ခံအမတ်ဖြစ်ရမည်

(၃) အောက်လွှတ်တော်အမတ် ဖြစ်လျှင် အသက် ၂၅ နှစ် ပြည့်ပြီးသူ ၊ အထက်လွှတ်တော်အမတ် ဖြစ်လျှင် အသက် ၃၀ နှစ် ပြည့်ပြီးသူ ဖြစ်ရမည်

(၄) ဗဟို / ပြည်နယ်အစိုးရ၊ ၎င်းတို့နှင့် ဆက်စပ်သော အာဏာပိုင် အဖွဲ့အစည်းများ၏ တာဝန်တစ်ခုခုကို ချုပ်ကိုင်ထားသူ မဖြစ်ရ - ဟု ပြဒါန်းထားပါတယ်။

ဒါပေမယ့် သူမက ဝန်ကြီးချုပ်ရာထူးကို လက်မခံပါဘူး။ တတိုင်းပြည်လုံး မှင်သက်အံ့အားသင့်းပြီး သတင်းစာတွေက ဒါဟာ ရှေးဟောင်း အိန္ဒိယညီညွတ်ရေးထုံးလမ်းစဉ်လာဖြစ်ပြီး စွန်လွှတ်မှုကြောင့် သူမရဲ့ အရှိန်အဝါဟာ ပိုပြီး ကြီးမြင့်လာတယ်လို့ ချီးကျူးဂုဏ်ပြုကြပါတယ်။

သူမက မာမူဟန်ဆင်းကို ဝန်ကြီးချုပ် ရာထူး အတွက် ထောက်ခံပေးလိုက်ပါတော့တယ်။

အာဏာက ဘယ်သူ့ဆီမှာ
-------------------------

၂၀၀၉ ရွေးကောက်ပွဲ မှာ သူမရဲ့ ခေါင်းဆောင်မှုအောက်မှာ အိန္ဒိယအမျိုးသားကွန်ကရက်ဦးဆောင်တဲ့ UPA မဟာမိတ် အဖွဲ့ ဟာ တောင်ပြူ ကမ်းပြို အနိုင်ရပြီး မာမူဟန်ဆင်း ဝန်ကြီးချုပ် ဖြစ်လာပြန်တယ်။ ကွန်ကရက်ပါတီ တစ်ခုထဲပင် ၂၀၆ အမတ်နေရာ ရရှိပြီး (၁၉၉၁ နောက်ပိုင်း) သမိုင်းမှာ အမြင့်ဆုံး ရလာဒ် ဖြစ်လာခဲ့တယ်။

ဆစ်လူမျိုး မာမူဟန်ဆင်းဟာ ဝန်ကြီးချုပ်အဖြစ် (၂၀၀၄ - ၂၀၁၄) ဆယ်နှစ်တိုင်တိုင် ရှိနေပြီး ပါတီဥက္ကဌကြီး ဆိုနီယာဂန္ဒီက လွှတ်တော်အမတ် အဖြစ်ဖြင့် အစိုးရကို ဦးဆောင်နေပါတယ်။ မာမူဟန်ဆင်းဟာ ဆိုနီယာဂန္ဒီရဲ့ ရုပ်သေးရုပ်ပဲ ဖြစ်ပါတယ်။

၂၀၁၁ မှာ အသက် ၆၄ နှစ်ရှိပြီ ဖြစ်တဲ့ သူမဟာ အမျိုးအမည် မသိတဲ့ ရောဂါကြောင့် နယူးယောက် ကင်ဆာကုသရေးဌာန တစ်ခုမှာ ခွဲစိတ်ကုသခံပြီး ပြန်လည်ကျန်းမာလာပါတယ်။

၂၀၁၂ မှာ သူ့သား ရာဟုဂန္ဒီက ပါတီမှာ အဓိကတာဝန်များကို ထမ်းဆောင်နေပြီ ဖြစ်ကြောင်း ပြောဆိုပါတယ်။

၂၀၁၃ မှာ ဆိုနီယာဂန္ဒီဟာ အိန္ဒိယအမျိုးသားကွန်ကရက်မှာ ၁၅ နှစ်တိုင်တိုင် တင်မြှောက်ခံရတဲ့ ပထမဆုံးသော ပါတီဥက္ကဌ ဖြစ်လာပါတယ်။

၂၀၁၄ အထွေထွေ ရွေးကောက်ပွဲမှာတော့ သူမရဲ့ UPA မဟာမိတ် အဖွဲ့ ဟာ ရှုံးနိမ့်သွားပြန်တယ်။

ဂါးဒီးယန်းသတင်းစာကြီးက သူမ နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ဝတ်စားဆင်ယင်မှုကို "ငါးဆယ်ကျော် အကောင်းဆုံး" စာရင်းမှာ ထည့်သွင်းလိုက်ပါတယ်။

သူမကို Forbes မဂ္ဂဇင်းက လွှမ်းမိုးမှု အရှိဆုံး ပါဝါအကြီးဆုံး ပုဂ္ဂိုလ်များ စာရင်းမှာ အကြိမ်ကြိမ် ဖော်ပြခဲ့ပါတယ်။ တိုင်းမ်မဂ္ဂဇင်းက လွှမ်းမိုးမှု အရှိဆုံး ၁၀၀ စာရင်း၊ New Statesman က ကမ္ဘာ့ လွှမ်းမိုးမှု အရှိဆုံး ၅၀ စာရင်း၊မှာ ဖော်ပြခဲ့ပါတယ်။

ရိုမန်ကက်သလစ် ဘာသာဝင် ဘဲလ်ဘာသာစကားကျောင်းဆင်း ဆိုနီယာဂန္ဒီကို ၂၀၀၆ မှာ ဘရပ်ဆဲလ်တက္ကသိုလ်က ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့၊ ဘယ်ဂျီယံအစိုးရက လီယိုပိုဘုရင့်အမိန့်တော်တံဆိပ်၊ ၂၀၀၈မှာ မဒရပ်တက္ကသိုလ်က ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့များ ချီးမြင့်ပါတယ် ။

မှီငြမ်း - ဝီကီပီဒီယာ နှင့် အခြားသတင်းအချက်အလက်များ

[Min Soe Naing]

No comments:

Post a Comment