Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, November 15, 2015

ရိုဟင်ဂျာ... လူမျိုးရေးလား၊ ဘာသာရေးလား...




ရိုဟင်ဂျာ... လူမျိုးရေးလား၊ ဘာသာရေးလား...

 
ရေးသူ- ဆွေမွန်
၁၂ နိုဝင်ဘာလ၊ ၂၀၁၄။


ဘင်္ဂလားဒေ့ရ်ှနိုင်ငံသားကို "ဘင်္ဂလီ" လို့ ခေါ်ပါတယ်။ မြန်မာနိုင်ငံသားကို "မြန်မာ"လို့ပဲ ခေါ်ပါတယ်။ မြန်မာနိုင်ငံသားကို ဘင်္ဂလီလို့ ဘာအကြောင်းနဲ့မှ ခေါ်လို့မရသလို ဘင်္ဂလီလို့ အတင်းသမုတ်လို့လည်း ဘင်္ဂလီ မဖြစ်သွားပါဘူး။


မြန်မာတွေကလည်း ဘင်္ဂလီဖြစ်ချင်စရာ အကြောင်းမရှိသလိုပဲ ဘင်္ဂလားဒေ့ရ်ှနိုင်ငံသား ဘင်္ဂလီအစစ်တွေကလည်း မြန်မာနိုင်ငံသား ဖြစ်ချင်စရာအကြောင်းမရှိပါဘူး။ နားလည်သင့်တာက မြန်မာတွေကလည်း မြန်မာအမည်ကို ဂုဏ်ယူသလို ဘင်္ဂလီအစစ်တွေကလည်း ဘင်္ဂလီအမည်ကို နှစ်သက်စွာ ဂုဏ်ယူသုံးစွဲကြပါတယ်။ မြန်မာတွေ မျိုးချစ်စိတ် ရှိသလောက် ဘယ်နိုင်ငံသားမဆို သူ့နိုင်ငံအပေါ် မျိုးချစ်စိတ်ထားကြတာဟာလည်း သဘာဝပါပဲ။ ဒါကြောင့် ဘင်္ဂလီအစစ်တွေကလည်း သူတို့ ဘင်္ဂလားဒေ့ရ်ှကို ချစ်မြတ်နိုးကြမှာ အမှန်ပါပဲ။ 

ဘင်္ဂလားဒေ့ရ်ှဟာ လူ့အခွင့်အရေးကို တန်ဖိုးထားလေးစားတဲ့ ဒီမိုကရေစီနိုင်ငံဖြစ်ပါတယ်။ သူ့နိုင်ငံသားမှန်သမျှကို ဘာသာတူတူ မတူတူ ကျောသားရင်သား မခွဲခြားပါဘူး။ အစွန်းရောက်စိတ်ရှိသူ၊ ခွဲခြားချင်တဲ့လူ ရှိရင်တောင် အစွန်းမရောက်ရအောင် ဥပဒေနဲ့ ကွပ်ညှပ်၊ ခွဲခြားခွင့်မရှိရအောင် ဥပဒေနဲ့အညီ တားဆီးပိတ်ပင်ပါတယ်။ အစ္စလာမ်အများစုဖြစ်ပေမယ့် ဘယ်ဘာသာဝင်မဆို တန်းတူအခွင့်အရေးရပါတယ်။ တစ်နှစ်က ဗုဒ္ဓဘာသာဝင် လူငယ်တစ်ဦး ဖေ့စ်ဘုတ်ကတဆင့် အစ္စလာမ်ကို စော်ကားရေးသားရာကနေ စဖြစ်ခဲ့တဲ့ အဓိကရုဏ်းမှာ အစွန်းရောက် မွတ်ဆလင်တွေလက်ချက်နဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေ ပျက်စီးခဲ့ရပါတယ်။ မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ဘုန်းကြီးကျောင်းတွေကို အစိုးရငွေတွေနဲ့ မူလအနေအထားထက် ပိုကောင်းအောင် မွတ်ဆလင်အစိုးရက စစ်တပ်အင်ဂျင်နီယာတွေ အကူအညီနဲ့ ပြန်လည်တည်ဆောက်ကာ မွတ်ဆလင်ဝန်ကြီးချုပ် ကိုယ်တိုင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ပါတယ်။ ၀န်ကြီးတွေ ကိုယ်တိုင် လမ်းပေါ်ထွက် ဆန္ဒပြပြီး အစွန်းရောက်မှုကို ဆန့်ကျင်ပြကာ နစ်နာတဲ့ ဗုဒ္ဓဘာသာဝင်နိုင်ငံသားတွေဖက်က စာနာရပ်တည်ပြခဲ့ပါတယ်။ အဲဒီလောက်ထိ ဘာသာမတူပါစေ၊ နိုင်ငံသားအခွင့်အရေးကို မွတ်ဆလင်အများစုအစိုးရက ဗုဒ္ဓဘာသာလူနည်းစုအပေါ် အပြည့်အ၀ အကာအကွယ်ပေးစောင့်ရှောက်ခဲ့ပါတယ်။ ဘုန်းကြီးကျောင်းတွေကို ဖျက်ဆီးမီးရှို့ခဲ့တဲ့ မွတ်ဆလင်တွေကိုလည်း အတိအကျအရေးယူအပြစ်ပေးခဲ့ပါတယ်။ အစိုးရကိုယ်တိုင်က ပြည်သူတွေရင်ထဲက ဒဏ်ရာတွေကို အလျှင်အမြန်မေ့ပျောက်စေခဲ့သလို ဘာသာရေးကို နိုင်ငံရေးမှာ အသုံးချခြင်း လုံးဝ မရှိခဲ့ပါဘူး။

လူ့အခွင့်အရေး၊ ဘာသာရေးလွတ်လပ်မှု၊ လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့်စတဲ့ ဒီမိုကရက်တစ်ယဉ်ကျေးမှု ထွန်းကားပြီးဖြစ်တဲ့အပြင် နိုင်ငံတိုးတက်မှုအဆင့်အရရော၊ GDP၊ ဆေးဝါးကျန်းမာရေးစောင့်ရှောက်မှု၊ ကြိုက်တဲ့ ညွန်းကိန်းကို ယှဉ်ကြည့်ကြည့် မြန်မာက အောက်မှာ ဘင်္ဂလားဒေ့ရ်ှက အထက်မှာ ဖြစ်ပါတယ်။ ဒီအချက်ကို လူတိုင်း သိပြီးသားလည်း ဖြစ်ပါတယ်။

ဒီလို အခြေအနေမှာ ဒီမိုကရက်ယဉ်ကျေးမှုထွန်းကားပြီးလွတ်လွတ်လပ်လပ်နေနိုင်တဲ့ နိုင်ငံက လူတွေက အာဏာရှင်ဆန်ဆန် ဒီမိုကရေစီအမည်ခံနိုင်ငံကို ခိုးဝင်ဖို့ ကြိုးစားကြတယ်ဆိုတာ တိုက်ပေါ်ကလူတွေက တဲထဲကို ခိုးဝင်နေပါတယ်လို့ စွပ်စွဲနေသလို ကိုယ့်ဟာကိုယ်ကလိထိုးရီမောနိုင်တဲ့ ဟာသကြီး ဖြစ်နေပါတော့တယ်။ မြန်မာနိုင်ငံကို ခိုးဝင်ဘင်္ဂလီ ရိုဟင်ဂျာတွေက သိမ်းပိုက်တော့မယ်၊ ရိုဟင်ဂျာတွေ တရားမ၀င် ကျူးကျော်နေတယ် ပြောရင်လည်း နောက်ခံသမိုင်းကြောင်းဗဟုသုတမရှိသေးဘူး လို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ 

ရိုဟင်ဂျာဆန့်ကျင်သူတွေကို မေးချင်တာက တတိယနိုင်ငံသားပေးမယ်။ သြဆီသွားရမယ်၊ အမေရိကားကို၊ ဂျာမနီကိုရောက်မယ်။ အဲဒီအခွင့်အရေးယူမလား ဒါမှမဟုတ် မြန်မာပြည်မှာ ဆက်နေချင်သလား နှစ်ခုတစ်ခု ရွေးကြရမယ်ဆို ဘာကို ရွေးကြမလဲ။ အဖြေက ရှင်းနေပါတယ်။ မြန်မာနိုင်ငံသားတွေပဲ ဒိ့ပြင်နိုင်ငံသားခံယူတာရှိပါတယ်။ ဟိုတုန်းကလည်း ခံယူကြတယ်။ ခုလည်း အခွင့်အရေးသာပေးကြည့်ပါ။ ပြေးမယ့်လူ ဒုနဲ့ဒေးဖြစ်နေဆဲပါ။ ဘယ်နိုင်ငံခြားသားမှ မြန်မာနိုင်ငံသား ခံယူချင်လှချည်ရဲ့ မရှိသေးပါဘူး။ 

အရင်က မြန်မာထက် တိုးတက်မှု နိမ့်တဲ့စင်္ကာပူလို နိုင်ငံကိုတောင် မြန်မာတွေ အလုအယက် အောက်ကျို့ခံပြီး သွားအလုပ်လုပ်နေရတာ၊ ထိုင်းလိုနေရာမှာ မြန်မာတွေ သန်းချီပြီး အောက်ကျခံ အလုပ်လုပ်နေရတဲ့ အခြေအနေကို မြင်ကြမှာပါ။ မြန်မာပြည်မှာ မဖြစ်မနေ စီးပွားလာရှာမယ့်လူတွေနဲ့ မြန်မာတွေအပေါ် ဂုတ်သွေးလာစုတ်နိုင်မယ့်လူကလွဲရင် မြန်မာပြည်ကို ဒီအတိုင်းလာနေချင်သူတွေ အရေအတွက်နည်းပါးနေဆဲပါ။ လာချင်အောင်လည်းအခွင့်အရေးက နည်းလွန်းလှပါသေးတယ်။ 

မြန်မာနိုင်ငံသားအစစ်တွေတောင် သန်း ၁၀ ဂဏန်းလောက် နိုင်ငံ့ပြင်ပမှာ အကြောင်းအမျိုးမျိုးကြောင့် ထွက်နေရပါတယ်။ မြန်မာပြည်ဟာ မြန်မာအစစ်တွေအတွက်တောင် နေဖို့ သေဖို့ ရှင်သန်နေထိုင်ဖို့ ခက်ခဲတဲ့နေရာ ဖြစ်လာနေတဲ့အတွက် မြန်မာအစစ်တွေတောင် မြန်မာပြည်က တဖွဲဖွဲထွက်ခွာနေချိန်မှာ ရိုဟင်ဂျာတွေက မြန်မာနိုင်ငံမှာပဲ နေချင်နေကြတာဟာ အလွန်အံ့သြစရာကောင်းတဲ့ အချက်တစ်ခုအဖြစ် စဉ်းစားကြည့်သင့်လှပါတယ်။


ဒီလိုအနေအထားကို မြင်တတ်ရင် ရိုဟင်ဂျာဆိုသူတွေကို ခိုးဝင်ဘင်္ဂလီလို့ အမည်တပ်တာကိုက အင်မတန်ဆိုးဝါးတဲ့ လွဲချော်မှု ဖြစ်နေပါပြီ။ "ရိုဟင်ဂျာတွေသာ ဘင်္ဂလီမှန်ရင် မြန်မာတွေတောင် စီးပွားမထွန်းကား ဒုက္ခပေါင်းစုံရောက်နေတဲ့ မြန်မာပြည်ကို ဖက်တွယ်စရာ အကြောင်း မရှိပါဘူး။" ((ဘင်္ဂလီအမည်ကိုပဲ ဂုဏ်ယူဝင့်ကြွားစွာ ကိုင်ဆောင်ချိတ်ဆွဲကာ ကမ္ဘာပတ်ပြီး သုံးစွဲနေကြမှာပါ။)) မြန်မာတွေလည်း ကိုယ့်အမည်ကို မြန်မာလို့ပဲ ကမ္ဘာပေါ်မှာ သိပ်ပြီးတော့ ဂုဏ်ယူချင်သလိုပဲပေါ့ဗျာ။ 

အများ မမြင်တဲ့ အံ့သြစရာအကောင်းဆုံးအချက်က ဒီလောက် အဖက်ဖက်ကသာနေတဲ့ ဘင်္ဂလားဒေ့ရ်ှကို မရွေးချယ်ဘဲ မြန်မာပြည်သားဘ၀ကိုပဲ ခံယူချင်ကြလွန်းတဲ့ ရိုဟင်ဂျာတွေရဲ့ သဘောထားကိုပါ။ 

ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရ်ှကလည်း သူ့နိုင်ငံသားမဟုတ်ဘူးလို့ အပြတ်ပြောပြီးသားဖြစ်သလို ရိုဟင်ဂျာတွေကလည်း မြန်မာနိုင်ငံသားပဲ ဖြစ်ချင်နေကြတာပါ။ 

ဒီလိုအနေအထားကို မြန်မာအစိုးရကလည်း သိပါတယ်။ ကိုယ့်နိုင်ငံသားဟုတ်မဟုတ်ကို ၈၂ ဥပဒေမကလို့ ကြိုက်တဲ့ဥပဒေနဲ့မဆို စစ်၊ ဟုတ်ရင် ဆွဲခေါ်၊ မဟုတ်ရင် ရှင်းပစ်လို့ရတဲ့ အနေအထားကို ဘာလို့ မရှင်းဘဲ တမင်ဆွဲထားနေရပါသလဲ။ 

ပြီးခဲ့တဲ့လကမှ မြေပုံတစ်မြို့တည်းက ရိုဟင်ဂျာတွေကိုခိုးဝင်ဘင်္ဂလီတွေလို့ အတင်းသမုတ်ပြီး ၈၂ ဥပဒေနဲ့ စစ်ချတာတောင် ၁၂ ဦးတည်းပဲ လိုအပ်တဲ့ အထောက်အထားမပြနိုင်လို့ နိုင်ငံသား မဟုတ်နိုင်ဘူးလို့ သတ်မှတ်ရပါတယ်။ ကျန်တဲ့လူတွေအကုန်လုံး ((ခိုးဝင်ဘင်္ဂလီ မဟုတ်တဲ့အတွက်)) နိုင်ငံသားကဒ်ပြား ပေးကိုပေးလိုက်ရတဲ့ အဖြစ်အပျက်ကို ကြည့်ရုံနဲ့ ရိုဟင်ဂျာတွေဟာ ခိုးဝင်တွေ မဟုတ်ဘူးဆိုတာ ရှင်းနေပါတယ်။

ဒီအစိုးရမလုပ်နိုင်တဲ့ မလုပ်တတ်တဲ့ကိစ္စ မရှိပါဘဲလျှက် ဒီရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုမှ ဘာကြောင့် တကူးတကငြင်းဆန်ကာ ပြသနာမရှည်ရှည်အောင် မီးမွှေးပြီး တစ်နိုင်ငံလုံး မမုန်းမုန်းအောင် ဆွဲဆန့်နေရပါသလဲ။ ရိုဟင်ဂျာတွေဟာ အစိုးရအဆက်ဆက်ကစားခဲ့တဲ့ ကစားပွဲတွေမှာ ချကျွေးခံရတဲ့သားကောင် ဖြစ်နေခဲ့တာ ကြာလှနေခဲ့ပါပြီ။

ဘာသာစကားနဲ့ ရုပ်ရည်ဆင်တိုင်းသာ သူ့နိုင်ငံသားဖြစ်ရကြေးဆိုရင် ကိုးကန့်တွေ၊ ၀တွေကို ထောက်ပြပါမယ်။ တရုတ်နဲ့ ရုပ်ရည်မဆင်ဘူးလား။ တရုတ်စကားမတတ်ဘူးလား။ တရုတ်စာကို မသုံးဘူးလား။ ကိုးကန့်နယ်က ဆိုင်းဘုတ်တွေအားလုံး တရုတ်စာကိုပဲ သုံးပါတယ်။ တရုတ်နယ်စပ်မှာနေတဲ့ တိုင်းရင်းသားအားလုံး တရုတ်စကား ပြောတတ်ကြပါတယ်။ ထိုင်းနယ်စပ်က ကရင်တွေ၊ ထားဝယ်တွေ ထိုင်းလူမျိုးနဲ့ ရုပ်ရည်ဆင်တူသလို
ထိုင်းစကားလည်း မွတ်နေအောင်ပြောတတ်ပါတယ်။ ရုပ်ဆင်တိုင်း ထိုင်းစကားပြောတတ်တိုင်းသာ ထိုင်းလူမျိုး ဖြစ်ရရင် ကရင် မွန် ထားဝယ်တွေ ဘိတ်သားတွေ ထိုင်းလူမျိုးဖြစ်သွားတာ ကြာလှနေပါပြီ။ နယ်စပ်က ရခိုင်မှန်သမျှ ဘင်္ဂလီကို မုန်းတယ်လို့ ဘယ်လောက်ပဲအော်နေကြပါစေ၊ ဘင်္ဂလီစကားကို မွတ်နေအောင် ပြောတတ်ကြပါတယ်။ အနီးစပ်ဆုံး လွှတ်တော်တက်နေတဲ့ "အ၀သား" ဒေါက်တာအေးမောင်ကို ဘင်္ဂလီစကားပြောတတ်သလား မေးကြည့်နိုင်ပါတယ်။ သတင်းကြည့်တာတောင် ဘင်္ဂလီဝက်ဘ်ဆိုဒ်တွေကိုပဲ ကြည့်တတ်တဲ့ ရခိုင်အစစ်တွေ အများကြီးပါ။ ရခိုင်ပြည်နယ်မှာ ကြာကြာနေကြည့်ဖူးသူတိုင်း ဒီကိစ္စကို သိကြပါတယ်။ 

မြန်မာတွေရဲ့ စိတ်ထဲမှာလည်း ဘင်္ဂလီဆိုတာနဲ့ မသတီစရာ ရွံရှာစရာလူမျိုး၊ ဘင်္ဂလီလို့ပြောရင် မွတ်ဆလင်တစ်မျိုးတည်း ရှိတယ်လို့ ပုံသေကားချပ်သတ်မှတ်တာကလည်း မှားနေပြန်ပါတယ်။ ဘင်္ဂလားဒေ့ရ်ှဟာ ((ကမ္ဘာ့အတော်ဆုံးအဆင့်)) world-class ဘင်္ဂလီ စီးပွားရေးပညာရှင်တွေ၊ ဘင်္ဂလီ နိုဘယ်လ်ဆုရသူတွေ၊ ဘင်္ဂလီ ကဗျာဆရာတွေ အများကြီးထွန်းကားတဲ့ သမိုင်းကြောင်းထွန်းပြောင်တဲ့ နိုင်ငံတစ်ခုဖြစ်သလို ဘင်္ဂလားဒေ့ရ်ှမှာ ဘင်္ဂလီဗုဒ္ဓဘာသာဝင်တွေ၊ ဘင်္ဂလီခရစ်ယာန်တွေ၊ ဘင်္ဂလီဟိန္ဒူတွေမှ အများကြီး နေထိုင်ကြပါတယ်။ 

ဘင်္ဂလားဒေ့ရ်ှမှာတင် နိုင်ငံသားခံယူပြီး နေကြတဲ့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံသား ရခိုင်တွေ သိန်းနဲ့ချီ တရားဝင်နေထိုင်ကြပါတယ်။ ရခိုင်စကားကိုပြောတတ်သလို ဘင်္ဂလီစကားကိုလည်း မွတ်နေအောင်ပြောတတ်ကြတဲ့ ဗုဒ္ဓဘာသာ ရခိုင်လူမျိုး ဘင်္ဂလားဒေ့ရ်ှနိုင်ငံသားတွေကို ဘာသာမတူလို့ ဘင်္ဂလားဒေ့ရ်ှအစိုးရက ဘာဒုက္ခမှ မပေးပါဘူး။ သူ့နိုင်ငံသားဖြစ်နေတဲ့ ရခိုင်တွေကို ဘာသာမတူပေမယ့် နိုင်ငံသားဖြစ်နေတဲ့အတွက် နိုင်ငံသားအခွင့်အရေး အပြည့်ပေးနေပြီးသားဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရ်ှကိုရောက်နေတဲ့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံသား ဗုဒ္ဓဘာသာဝင် ရခိုင်တွေက ဘာဒုက္ခမှမရောက်ဘဲ ကြားထဲက ရိုဟင်ဂျာလို့ ခံယူနေသူတွေကသာ နှစ်နိုင်ငံနယ်စပ်က ဒုက္ခသည်စခန်းတွေမှာ ဒုက္ခရောက်နေတာက အလွန်အံ့သြစရာပါ။

ရိုဟင်ဂျာတစ်မျိုးတည်းကသာ သူတို့ကိုယ် သူတို့ ဘင်္ဂလီမဟုတ်ဘူးလို့ ငြင်းနေတာ ဖြစ်ပါတယ်။ ဘင်္ဂလီဗုဒ္ဓဘာသာတွေကလည်း သူတို့ကိုယ်တိုင် ဘင်္ဂလီဆိုတာကို မငြင်းဆန်ကြတာကို ရန်ကုန်မှာတင်ရှိတဲ့ "ဘင်္ဂလီကျောင်းတိုက်"လို့ အမည်ခံထားတဲ့ ဘုန်းကြီးကျောင်းတွေကို လေ့လာနိုင်ပါတယ်။ ပြီးတော့ ရိုဟင်ဂျာစကားဟာ ဘင်္ဂလီစကားနဲ့ မတူပါဘူး။ မြန်မာမှာ ဘိတ်စကားနဲ့ ထားဝယ်စကား မတူသလိုပါပဲ။ ကွဲပြားတာကို ဘိတ်တွေရော၊ ထားဝယ်တွေရော သိကြပါတယ်။ ရခိုင်မှာ တိုင်းရင်းသားလို့ သတ်မှတ်ထားတဲ့ မြိုတွေ၊ သက်တွေဟာ ရခိုင်ဒေသိယစကားတစ်မျိုးမှ မပြောတတ်ကြပါဘူး။ အားလုံး ဗုဒ္ဓဘာသာဝင်တွေဖြစ်ကြတဲ့အတွက် အစိုးရရဲ့မူဝါဒအရ ဘာသာတူရင် ငါ့လူ၊ ဘာသာမတူရင် သူ့လူအလိုလို ဖြစ်ကုန်ကြပါတယ်။ ကိုးကန့်တွေ ဗုဒ္ဓဘာသာဖြစ်တဲ့အတွက် ၁၃၅ မျိုးသော တိုင်းရင်းသားစာရင်းမှာ "ဟပ်ချလောင်း" ဆိုပြီး ထိုးထည့်ခဲ့တာ ဘယ်လောက်မှ မကြာသေးပါဘူး။

အနားသတ်ပါမယ်။ အကယ်၍များဗျာ....

ရိုဟင်ဂျာတွေဟာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်နေရင် ဒီအစိုးရက ရိုဟင်ဂျာတွေကို ဒီလောက်ထိ ကြီးကြီးကျယ်ကျယ် ပြသနာရှာနေဦးမယ် ထင်ပါသလား။ ရိုဟင်ဂျာဆန့်ကျင်သူ၊ ရိုဟင်ဂျာ မရှိဘူး အော်နေသူတွေ ဒီတစ်ခွန်းတည်း ဖြေပေးစေချင်တယ်။ 

မရှင်းသေးရင် နောက်ထပ်မေးပါဦးမယ်။ 

အကယ်၍ ((ရိုဟင်ဂျာတွေသာ ဗုဒ္ဓဘာသာဝင်တွေဆိုရင်)) ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို လက်ခံမှာလား၊ လက်မခံဘူးလား။ ဒီမေးခွန်းတစ်ခုတည်းကို ဖြေကြည့်ပေးပါ။

ဒါကြောင့် ရိုဟင်ဂျာပြသနာဟာ လူမျိုးရေးပြသနာလို့ ပြောရင် ၁၀၀% ကျွန်တော် ငြင်းပါမယ်။ ရိုဟင်ဂျာ အသုံးအနှုန်းကို ဘာကြောင့် လက်မခံချင်နေရတာလဲ ဆိုတာက ရှင်းနေပါတယ်။


(( ရိုဟင်ဂျာတွေဟာ အစ္စလာမ်ဘာသာဝင်တွေ ဖြစ်နေလို့ပါလို့ပဲ)) ဆိုတဲ့ ကောက်ချက်ဆွဲစရာတစ်ခုတည်းပဲ ကျန်ပါတော့တယ်။

မြန်မာ အများစုရဲ့ ရင်ထဲမှာ မွတ်ဆလင်ဆို အလိုလို မကြိုက်အောင် မုန်းတီးနေအောင် အစိုးရအဆက်ဆက် တမင်ရည်ရွယ်ချက်ရှိရှိ ရိုက်သွင်းထားတဲ့အတွက် မွတ်ဆလင်ဖြစ်တဲ့ ရိုဟင်ဂျာတွေကို လက်မခံအောင် တူးတူးခါးခါး မဖြစ်ဖြစ်အောင် လုပ်နေတာလို့ပဲ မြင်မိပါတယ်။ 

ရိုဟင်ဂျာတွေသာ ဗုဒ္ဓဘာသာဝင်တွေဆိုရင် တိုင်းရင်းသား ဖြစ်နေတာ ကြာလှပြီလို့ပဲ ပြောချင်တယ်။ ဘာလို့လဲဆိုတော့ ဆာရီခြုံ၊ ဒိုတီဝတ်၊ ပူတူးထိုးပြီး ပူဂျာရုံသွားတဲ့ မရမာဘရူဝါတွေ၊ ဘင်္ဂလီစကားတစ်မျိုးတည်းပဲ ပြောတတ်တဲ့ မြိုတွေ၊ သက်တွေတောင် ဗုဒ္ဓဘာသာလို့ အမည်ခံလိုက်တာနဲ့ တိုင်းရင်းသားစစ်စစ်ကြီးတွေ အော်တိုဖြစ်သွားတာကို မျက်ဝါးထင်ထင် မြင်ဖူးနေခဲ့လို့ပါပဲ။ အကြောင်းရင်း မသိဘဲ အကြောင်းမဲ့ ငြင်းချင်နေသေးရင် ရခိုင်ပြည်နယ်ကို တစ်နှစ်လောက် နှံ့စပ်နေအောင် သွားကြည့်ပြီးမှ လာငြင်းပါလို့ပဲပြောပါရစေ... 

အပြီးသတ်အဖြေက ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းဟာ သတ္တိရှိရှိ ရိုးရိုးသားသား ဖြေရှင်းလိုက်ရင် လွယ်လွယ်လေးပြီးနိုင်တဲ့ ပြသနာဖြစ်ပါလျှက် အစိုးရအဆက်ဆက်က မွတ်ဆလင်မုန်းတီးရေးဓာတ်စာအဖြစ် နိုင်ငံရေးဓာတ်စာအနေနဲ့ ခိုးဝင်ဘင်္ဂလီလို့ အတင်းစွပ်စွဲသမုတ်ကာ ပြသနာ မဟုတ်တာကို ပြသနာလို့ မမြင်မြင်အောင် မွေးထားလို့သာ ဒီလောက်ကြာနေတာလို့ပဲ ရိုးရိုးရှင်းရှင်း မြင်မိပါတယ်။


စာရေးသူ ဆွေမွန်၏ပုံ။




No comments:

Post a Comment