ရိုဟင်ဂျာတွေကို လူမျိူးပြုန်းကြံစည်နေကြောင်း အထောက်အထားအပြည့်အစုံ
Oct 30Get Notifications
ရိုဟင်ဂျာတွေကို လူမျိုးပြုန်းကြံစည်နေကြောင်း အထောက်အထားအပြည့်အစုံ ယေးလ်က ထုတ်တဲ့ ရိုဟင်ဂျာဂျီနိုဆိုက် ဟာ ကိုကိုကြီးပြောသလို တာဝန်မဲ့စာတမ်းလား
====================================အယ်လ်ဂျဇီးရား သတင်းဌာန နဲ့ အမေရိကန်ပြည်ထောင်စုက ကမ္ဘာကျော် ယေးလ် တက္ကသိုလ်၊ ဥပဒေပညာကျောင်းတို့က မကြာခင်က ထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ လူနည်းစုတွေကို ရည်ရွယ်ချက်ရှိရှိ မျိူးပြုန်းအောင် ကြံဆောင်မှု (Genocide) ဖြစ်အင်တွေ ရှိခဲ့တယ်၊ ရှိနေတယ် ဆိုတာနဲ့ ပတ်သက်ပြီး မြန်မာ့နိုင်ငံရေးလောက က ထင်ရှားတဲ့သူ အချိူ့နဲ့ အာရ်အက်ဖ်အေ အင်တာဗျူးထားတာကို နားထောင်ပြီးနောက်မှာ ဒါလေးကို ရေးဖြစ်တာပါ။
တစ်ချိန်က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မ.ဆ.လ) တစ်ဖြစ်လဲ တိုင်းရင်းသား စည်းလုံးညီ ညွတ်ရေးပါတီရဲ့ခေါင်းဆောင် ဦးဟန်ရွှေ က ပြောသွားပုံက " ဒါမျိူးတွေ မရှိပါဘူး။ ရှိတယ်ဆိုတဲ့ အထောက်အထားတွေ ရှိရင် ထုတ်ပြပေါ့ဗျာ " လို့ သဘောမျိုးပြောသွားပါတယ်။
အမျိူးသား ဒီမိုကရေစီအဖွဲ့ချူပ်ရဲ့ နာယက၊ ဗိုလ်ချူပ်ကြီးဟောင်းနဲ့ ကာကွယ်ရေးဦးစီးချူပ်ဟောင်း သူရဦးတင်ဦးကလည်း မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် ဂျီနိုဆိုက် ဆိုတာ လုံးဝ မရှိနေဘူးလို့ ယတိပြတ်ပြောသွားတာ သတိထားမိလိုက်ပါတယ်။
အမျိူးသား ဒီမိုကရေစီ အင်အားစု (NDF) ခေါင်းဆောင် ဦးခင်မောင်ဆွေ ကလည်း ဒါမျိုး ရှိတယ်ဆိုရင် သက်သေသာဓကပြပြီး ရှင်းလင်းချက်ထုတ်လိုက်ပေါ့ဗျာ ဆိုပြီး ပြောသွားတာတွေ့ရပါတယ်။
ရှစ်ဆယ့်ရှစ် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးကတော့ ယေးလ်တက္ကသိုလ်ရဲ့ အချိန်ရှစ်လကြာယူပြီး အသေးစိတ်ပြုစုထားတဲ့ ထုတ်ပြန်ချက်ကို ရည်ညွှန်းပြီး "တာဝန်မဲ့စကားတွေ ပြောနေတာပါ " ဆိုတာမျိုး သုံးနှုန်းသွားတာတွေ့ရပါတယ်။ ပြည်ပကနေ လက်လွတ်စပယ် ပြောနေဆိုနေကြတယ် ဆိုတဲ့ အသုံးအနှုန်းသုံးသွားတယ်။
အသေအချာသုံးသပ်ကြည့်လိုက်တော့ အခုအဲ့ဒီ စကားမျိူးတွေ ပြောသွားတဲ့ မြန်မာ့နိုင်ငံရေး လောကမှာ ထင်ရှားကြသူတွေ အားလုံးဟာ ဘာ့ကြောင့်ဘယ်သူတွေက ဘယ်လို ဘာအထောက်အထားတွေနဲ့ ဒီလိုအတိအကျစွပ်စွဲသလဲ ဆိုတာတောင် သိထားကြပုံ မပေါ်တာတွေ့ရတယ်။ ဒီလိုပဲ မီဒီယာက မေးလို့ လူအများကြားမှာ ကြားကောင်းရုံ ဗလုံး ဗထွေး ဖြေသွားတယ်လို့ပဲ ကျွန်တော်ယူဆပါတယ်။ အတိုင်းအဆ အတိမ်အနက် အတိအကျ ကို သူတို့ လုံးဝသိမထားကြပါဘူး။ ဒါ့ကြောင့် အပေါ်ကလို စကားအသုံးအနှုန်းတွေ သုံးသွားကြတာဖြစ်ပါတယ်။
အထောက်အထားတွေရှိရင် ထုတ်ပြပေါ့ဗျာ ဆိုသူအတွက် အခု အထောက်အထားလေး တွေကို ထုတ်ပြတာပါ။ သူမသိထားသေးဘူးဆိုတာ သိပ်ကျိန်းသေလို့ ဒီမှာ ဓါတ်ပုံတွေနဲ့ တင်ပေး လိုက်တာပါ။ လက်ဆင့်ကမ်းနိုင်ကြပါတယ်။ တကယ်တော့ ဒီအထောက်အထားတွေကို ကမ္ဘာ သိထုတ်ပြန်ထားတာကို သူလုံးဝ မသိထားပါဘူး။
သက်သေပြပြီး ရှင်းလင်းချက်ထုတ်ပေါ့ဗျာ ဆိုတဲ့ ဦးခင်မောင်ဆွေလို လူစားမျိူးတွေအတွက်ကလည်း သက်သေဘယ်လိုပြထားပြီး ဘယ်လောက်တောင် အသေးစိတ်ရှင်းလင်းထားတယ် ဆိုတာ အခုတင်ပြလိုက်တဲ့ ပုံတွေကို အစအဆုံဖတ်ပြီး လေ့လာပါလို့ဆိုချင်ပါတယ်။
"တာဝန်မဲ့စကားတွေ၊ လက်လွတ်စပယ် ပြောစကားတွေ" စတဲ့ လူပြိန်းများကြိုက်စကားပြောပြီး လူကြိုက်များရေး show-off လုပ်ပြနေတဲ့ ဦးကိုကိုကြီးလို လူကိုလည်း ဒါမျိူးလေးပြောချင်ပါတယ်။
အခု ယေးလ်တက္ကသိုလ်၊ ဥပဒေပညာကျောင်း Allard K. Lowenstein International Human Rights Clinic, Yale Law School က သုတေသနပြုပြီး၊ ပြုစုထုတ်ပြန်လိုက်တဲ့ အစအဆုံး (မျက်နှာဖုံးကနေ နောက်ကျောဖုံးအထိ) စာမျက်နှာပေါင်း ၇၈ မျက်နှာပါတဲ့ "PERSECUTION OF THE ROHINGYA MUSLIMS : Is Genocide Occurring in Myanmar's Rakhine State ? A Legal Analysis " ဆိုတဲ့ စာတမ်းငယ်ကို ဖတ်ကြည့် ပြီးပြီလား ဆိုတဲ့ မေးခွန်းကို ဦးကိုကိုကြီးကို မေးချင်ပါတယ်။ မဖတ်ရသေးဘဲနဲ့တော့ ရမ်းတုတ် မနေပါနဲ့လို့သာ ဆိုချင်ပါတယ်။ ဒီလိုဖြင့်ရင်တော့ တာဝန်မဲ့စကား လက်လွတ်စပယ် စကားကို တကယ်ပြောသူဟာ ဦးကိုကိုကြီးသာ ဖြစ်ပါလိမ့်တယ်။
ဒီ ၇၈ မျက်နှာပါ စာတမ်းငယ်ထဲမှာ ပါတဲ့ နိုင်ငံတကာရှုထောင့်၊ ဥပဒေရှုထောင့်၊ နိုင်ငံသားရပိုင် ခွင့်ရှုထောင့် စတဲ့ ရှုထောင့်ပေါင်းစုံကနေ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်နဲ့ ချဉ်းကပ်ပြီးရေးထားတာလား၊ လက်လွတ်စပယ်ရေးထားတာလားဆိုတာ ဒါကို ဦးကိုကိုကြီး အရင်ဖတ်ရှုလေ့လာပြီးမှ ထပ်မံပြောကြားစေလိုပါတယ်။ ဦးကိုကိုကြီးဟာ နိုင်ငံတကာဆက်ဆံရေးပညာနဲ့ မဟာတန်းအထိ ပညာသင်ကြားခဲ့ဖူးသူတစ်ဦးဖြစ်လို့ ဒါကို နားလည်နိုင်စွမ်းရှိမယ့်လူလို့တော့ ယုံကြည်ပါတယ်။ ဒါ့ကြောင့်ပြောပါရစေ ဦးကိုကိုကြီး တာဝန်မဲ့စကားတွေ ၊ လက်လွတ်စပယ် စကားမျိူးတွေ နောက်ထပ်မပြောပါနဲ့တော့။
Allard K. Lowenstein International Human Rights Clinic ဆိုတာဟာ ယေးလ် တက္ကသိုလ် ၊ ဥပဒေပညာသင်ကျောင်းက လူ့အခွင့်အရေးဥပဒေ ဘာသာရပ်သင်ကြားနေသူ ကျောင်းသားများအတွက် သင်ရိုးညွှန်းတမ်းအဖြစ် သတ်မှတ်ထားတဲ့ Course တစ်ခု ဖြစ်ပါတယ်။ ဒီနေရာမှာ ဦးကိုကိုကြီးတို့ပြောနေသလို တာဝန်မဲ့ပြီး လက်လွတ်စပယ် အပေါ်စားဆန်ဆန်မျိူး ရေးချင်ရာရေးထားတာတွေကို သင်ရိုးအဖြစ်ပြဋ္ဌာန်းလေ့လာလို့မရ ဆိုတာကို သဘောပေါက်စေချင်ပါတယ်။ အတိုင်းအဆကို နားလည်ပါစေကြောင်း ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
ယေးလ်တက္ကသိုလ်၏ စာတမ်းအပြည့်အစုံ ပီဒီအက်စ် အနေနှင့် ယခု လင့်- http://www.law.yale.edu/docume…/…/Clinics/FortifyRights.pdf… တွင် သွားရောက် ဖတ်ရှုနိုင်သည်။)
ထင်ကျော်
၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်။
Htin Kyaw ဖဘ စာမျက်နှာမှ ကူးယူဖော်ပြသည်။
Myanmar Muslim Media
https://www.facebook.com/MyanmarMuslimMedia2
No comments:
Post a Comment