#မင်္ဂလာအမြှာက်တပ်မှူးကြီး မြန်မာမွတ်စလင် ဦးဘိုးကာ သမိုင်း(သမိုင်းဝင်မှတ်တမ်းအပြည့်အစုံ)
သီပေါမင်းလက်ထက် မင်္ဂလာအမြောက်တပ်မှ တပ်မှူး ဦးဘိုးကာ
(သီပေါမင်းလက်ထက် မင်္ဂလာအမြောက်တပ်မှ တပ်မှူး ဦးဘိုးကာ
ရွှေဘို ဦးဘဦး ပြုစုစီရင်ရေးသားသော ရွှေမန်းအနှစ်တရာပြည့် ဗမာမွတ်စလင်တို့၏အထုပ္ပတ္တိ စာအုပ် မျက်နှာဖုံး)
မင်္ဂလာအမြှောက်တပ်မှူးကြီး ဗိုလ်ဘိုးကာမှ ဘကြီးကြွယ်၊ ဦးလေးဗိုလ်ဖိုးမောင်၊ ဘဒွေးသွေးသောက်ကြီး ဦးကြာရုံတပ်မှူးတို့နှင့် မင်းလှခံတပ်မှ အမြောက်တပ်သား (၂၀၀)ကျော်နှင့် တိုက်ခိုက်ခဲ့သည်။ ၀မ်းဗိုက်ကျည်သင့်၍ ၀မ်းဗိုက်ကို ခေါင်းမှပုဝါဖြင့် စည်းပြီး ဆင်ဖြူကျွန်း ဘုန်းကြီးကျောင်း၌ ဆေးကုသခဲ့ရသည်။ အင်္ဂလိပ်သင်္ဘောသုံးစင်းပေါက်သွားသည်။ ဗိုလ်ဘိုးကာမှာ အစ္စလာမ်ဘာသာဝင်ဖြစ်သည်။ အင်္ဂလိပ် သင်္ဘောသုံးစင်းမှာ ဗိုလ်ဘိုးကာ၏ အမြှောက်တပ် လက်ချက်ကြောင့် မရှုမလှ အထိနာသွားခဲ့သည်။ သူကား မေမြို့ (ပြင်ဦးလွင်)မှ ပါလီမန်အမတ် ဦးသိန်းညွှန်၏ ဖခင်ဖြစ်သည်။
တတိယအင်္ဂလိပ်-မြန်မာစစ်ပွဲတွင် တိုက်ပွဲနှင့် တူသော တိုက်ပွဲမှာ မင်းလှခံတပ်တိုက်ပွဲသာဖြစ်သည်။ မြန်မာတပ်များသည် မယိမ်းမယိုင်သော ဇွဲသတ္တိအဓိဌာန်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း ယုံမှားသံသရှိဖို့ မလိုပါ။ (ဗြိတိသျှသမိုင်းဆရာ စတီးဝပ်)
အလားတူပင် အစ္စလာမ်ဘာသာဝင် ရွေးလက်ျာတပ်သား (၃၉၅)ဦးကလည်း အင်္ဂလိပ်နှင့် တိုက်ရန် အင်းဝက စောင့်ရသည်။ နန်းတော်ဘက်လှည့် မောင်းသံညံလျက် ချီတက်ခဲ့ရ၏။ စစ်ရှုံးအပြိးတွင် အင်္ဂလိပ်က ရာထူးပေးစည်းရုံးခဲ့သည်ကို လက်မခံခဲ့ပေ။ သူကျွန်လဲ မခံခဲ့ပေ။
အစ္စလာမ်သာသနာဝင် ရွေးလကျာ်ဗိုလ်မင်းတို့မှာ နေမျိုးမင်းလှရာဇသူနှင့် မင်းထင်သိဒို့ရာဇာတို့ဖြစ်ကြသည်။
(မြန်မာနိုင်ငံနှင့် အစ္စလာမ်သာသနာ ပသီဦးကိုကိုလေး စာကူးစက်မှု-စာ-၃၇)
မင်းလှခံတပ်မှ ရဲစွမ်းသတ္တိပြခဲ့သော အစ္စလာမ်ဘာသာဝင်
မင်္ဂလာအမြောက်တပ်မှူး ဟာဂျီ ဗိုလ်ဘိုးကာ
(၁၈၅၆-၁၉၅၆)
ဇာတိမာန် စစ်ဟိန်းသံ“ခုတ်လိုက်ပိုင်းခဲ့ ရန်သူပုန်သဲစုံအူစုံ အကုန်စားလို့ဂုတ်ကိုဝါးတဲ့ နတ်ကုမ္ဘာန်အာဠာဝကန် ဒို့မဟုတ်လား”
(mmsy.org)
မန္တလေးတိုင်း၊ အမရပူရမြို့နယ် (ယခုပြည်ကြီးတံခွန်မြို့နယ်) တောင်မြင့်ကျေးရွာတွင် ၁၈၅၆ ခုနှစ်၌ အဘ ဦးဟန်တာ (မင်းတုန်းမင်း၊ သီပေါမင်းတို့၏ စာတော်ဖတ်၊ လွှတ်တော်ရှေ့နေ၊ သေနတ်စာရေး၊ အမြောက်ဗိုလ်) နှင့် ဒေါ်လှိုင် (တောင်သူ) တို့မှ မွေးဖွားသန့်စင်သည်။
အထက်အဆက်အနွယ်ဇာတိများ
ကျောက်ဆည်(ခရိုင်) စဉ့်ကိုင်မြို့နယ်၊ ဟင်းငူကျေးရွာအုပ်စု၊ ရွှေကာ၊ ရသာ၊ မဲစာ ကျေးရွာ ဇာတိဖြစ်သည်။ ကုန်းဘောင်မင်းဆက်၊ မင်းမှုထမ်းရင်း မင်းနေပြည်တော်ပြောင်းရွှေ့ရာမှ ရွှေဘို၊ ရတနာသိင်္ဃမှ ရွှေ့ပြောင်းလာသည့် မျိုးနွယ်ဆက်များ ဖြစ်သည်။
တိုင်းပြည်တာဝန်ထမ်းဆောင်မှုများ
(က) ကုန်းဘောင်မင်းဆက်၊ မင်းတုန်းမင်းမှ သီပေါမင်းထိ သွေးသောက်ရဲဘော်အဆင့်မှ
မင်္ဂလာအမြောက်ဗိုလ်အဆင့်ထိ
(ခ) ကိုလိုနီနယ်ချဲ့ အင်္ဂလိပ်ဆန့်ကျင်ရေး (၁၈၈၆-၁၉၄၈)
(ဂ) ဖဆပလခေတ် (ပြည်တွင်းသောင်းကျန်းမှု ဆန့်ကျင်ရေး)
ပါဝင်တိုက်ခိုက်ခဲ့သည့် နယ်ချဲ့ဆန့်ကျင်ရေး ကျူးကျော်စစ်တိုက်ပွဲများ
(က) ဗန်းမော်ကောင်းတုံခံတပ်အရေး
၁၈၈၄ ခုနှစ်၌ ဗန်းမော်မြို့နယ်အား တရုတ်လူမျိုး ငစက်ကျင်နှင့် တရုတ်လူမျိုး ၂၀၀၀ ကျော်တို့သည် ဗန်းမော်မြို့ကို ၀င်ရောက်တိုက်ခိုက်ပြီး ဘဏ္ဍာပစ္စည်းများသိမ်းယူ၍ ဗန်းမော်မြို့၊ ကျေးစန္ဒီတိုက် အတွင်း ၀င်ရောက်ခိုအောင်းခုခံလျက်ရှိကြောင်း ဗန်းမော်ဝန်စစ်ကဲလျှောက်ထားချက်အရ မန္တလေးမြို့ နေပြည်တော်မှ သီပေါမင်းတရားသည် ၁၂၄၆ ခုနှစ်၊ ၀ါဆိုလပြည့်ကျော် (၁၀)ရက်နေ့၊ (၁-၈-၁၈၈၄)နေ့ တွင် မဟာမင်းလှသီဟသူ ဦးစီးသည့် လှေတပ်၊ တောင်မရဘင်ဗိုလ်နှင့် အမှုထမ်းတစ်တပ်၊ လင်းစင်းစာရေးနှင့် လင်းစင်အမှုထမ်းတစ်တပ်၊ စက်ဝန်ယွန်း စုဝန်မင်းရဲညွန့်တစ်တပ်၊ ယွန်းအစု အမှုထမ်း(၅၀)၊ စက်ရုံအမှုထမ်း(၅၀)၊ ဗိုလ်ဘိုးကာဦးစီးသည့် အမြောက်အမှုထမ်း (၅၀) နှင့် ကျည်ဝ “၄” လက်မရှိ အမြောက်ငါးလုံးတပ်နှင့် ဘုန်းတော်ပြည့် ဗိုလ်မင်းထင်ရဲလှကျော်ခေါင် ဦးစီးသည့် ရဲမက်လက် နက်ကိုင်သူ (၁၅၀၀)ကို ဗန်းမော်မြို့သို့ စေလွှတ်တော်မူခဲ့သည်။ ဗန်းမော်မြို့သို့ ရောက်လျှင် အထက်ချီ နှင့်ရင်း မြို့ဝန်ရွှေလှံဗိုလ်ကောလင်း မြို့စားတပ်စုနှင့် ပေါင်းစပ်၍ ကျေးစန္ဒီတိုက်အတွင်းသို့ အမြောက် သေနတ်ဖြင့် မစဲအောင် ပစ်ခတ်တိုက်ခိုက်ပြီး ရက်ပေါင်း(၃၀)ကြာမှ သိမ်းယူနိုင်ခဲ့သည်။ တရုတ်စက် ကျင်ကို သတ်ဖြတ်ပြီး အရေးတော်ပုံပြီးခဲ့သည်။ (ကုန်းဘောင်ခေတ် မဟာရာဇ၀င်တော်ကြီး အတွဲ ၃ ၊ စာ၅၀-၅၁ )
(ခ) မင်းလှခံတပ်ခုခံရေးတိုက်ပွဲ
၁၈၈၅ ခုနှစ်၊ နိုဝင်ဘာလ (၁၁)ရက်နေ့တွင်စခဲ့သည့် အင်္ဂလိပ်ကို ကိုလိုနီနယ်ချဲ့တို့ ကျူးကျော် မင်းလှခံတပ်တိုက်ပွဲတွင် မင်္ဂလာအမြောက်တပ် ဗိုလ်ဘိုးကာနှင့် ဆွေမျိုးအုပ်စုဖြစ်ကြသည့် ဗိုလ်ကြယ်၊ ဗိုလ်ဖိုးမှိုင်း၊ ဗိုလ်ကြာရုံ၊ ဗိုလ်ဦးမောင်၊ ဗိုလ်ညိုဦးနှင့် မွတ်စလင်ရဲဘက် (၂၀၀)တို့သည် မင်းလှခံတပ်တွင် ရဲရင့်ခိုင်မြဲသော ဆုံးဖြတ်ချက်ဖြင့် အသက်စွန့်တိုက်ခိုက်ခဲ့သည်။ အင်္ဂလိပ်ရေတပ်အား ဗိုလ်မှူးချုပ် ဖိုဒ့် မှ ဦးဆောင်ပြီး ကက်သလင်းနှင့် ဧရာဝတီတိုက် သဘောင်္များတွင် ၂၀ ပေါင်ဒါ၊ ၉ ပေါင်ဒါအမြောက်များ၊ နော်ဒင်ဖီလ်ဒ်နှင့် ဂတ်ဒနာစက်သေနတ်များ တပ်ဆင်ထားပြီး မင်းလှခံတပ်ဆီသို့ ဦးဆောင်ခုတ်မောင်း ချင်းကပ်လာသည်။ တစ်ဘက်ကုန်းကြောင်းမှလည်း ဗိုလ်မှူးချုပ်နော်မန် ခေါင်းဆောင်သော အင်္ဂလိပ် တပ်မဟာ (၁)သည် ဧရာဝတီအနောက်ဘက်ကမ်း မလွန်မြို့အနီးမှ တောလမ်းအတိုင်း မင်းလှခံတပ်ဆီ သို့ ရှေ့ရှုချီတက်လာကြသည်။ မင်းလှခံတပ်ကို ဦးစီးဦးဆောင်လျက် အင်္ဂလိပ်တို့အား ခုခံတိုက်ခိုက်ရန် တာဝန်ပေးအပ်ခြင်းခံရသူမှာ (လက်ရွေးကြီးလှေသင်းတိုက်၊ မင်းထင်၊ မင်းလှ၊ ရဲခေါင်၊ သူရိန်) ဖြစ်သည်။ မင်းလှခံတပ်တွင် မြန်မာစစ်သည် အင်အားမှာ (၃၀၀၀)မှ (၆၀၀၀)ခန့် အနည်းဆုံးရှိလိမ့်မည်ဟု အင်္ဂလိပ်တို့ဘက်မှ ခန့်မှန်းသည်။
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် အင်္ဂလိပ်စစ်သင်္ဘောများအား ဗိုလ်ဘိုးကာမှ စတင်အမြောက်ဖြင့် ပစ်ခတ်ခဲ့သည်။ ရန်သူ့သင်္ဘောများသည် ရှေ့မတိုးနိုင်ဘဲ ကျွံလာသည့် သဘောင်္များသည် ဦးမဲ့မကျန် ထိမှန်သဖြင့် ကမ်းသို့ပြန်ကပ်ကာ အင်္ဂလိပ်နှင့် ကုလားမဲစစ်သားများ ကုန်းပေါ်သို့ တက်ရောက်သွားသည်ကို တွေ့ရသည်ဟု မှတ်တမ်းတွင် တွေ့ရှိရပါသည်။
မင်းလှခံတပ်မှာ ဧရာဝတီမြစ်ကြောင်းမှ ချီတက်လာသော ကုန်းတပ်များသည် အမြောက်များ၊ ဒုံးကျည်များ၊ စက်သေနတ်များဖြင့် ၀ိုင်းဝန်းပစ်ခတ်တိုက်ခိုက်ကြသည်။ ဧရာဝတီစစ်သင်္ဘောများကလည်း အမြောက်ကြီးများ၊ စက်သေနတ်ကြီးများဖြင့် ခံတပ်အား ဖြိုခွဲနေသည်။ ခံတပ်ကြီးမှာ ကမ္ဘာပျက်လုနီးပါး ကျည်ဆန်၊ ဗုံးဆံများ မိုးသီးမိုးပေါက်ပမာကျနေသော်လည်း မြန်မာရဲမက် စစ်သည်တို့သည် မင်းလှခံတပ်အတွင်းမှ အမြောက်ကြီးများ၊ သေနတ်များဖြင့်လည်း ကောင်း၊ ခံတပ်ပတ်ဝန်းကျင်ရှိ မြေကတုတ်များ၊ ကျင်းများမှလည်းကောင်း ရဲရင့်စွာ အသက်စွန့်အသေခံ တိုက်ခိုက်ခဲ့ကြသည်။
မင်းလှခံတပ်အတွင်း ကျွံဝင်လာသော အင်္ဂလိပ်နှင့် ကုလားမဲစစ်သားများအား မြန်မာမွတ်စလင် ရဲမက်များ အပါအ၀င် မြန်မာရဲမက်စစ်သည်တို့သည် ရရာလက်နက်ဓါး၊ လှံများ ကိုင်ဆွဲကာ သူသေ-ကိုယ်သေ လုံးထွေး ရင်ဆိုင်တိုက်ပွဲများ ဆင်နွှဲခဲ့သည်။ ဗိုလ်ဘိုးကာ သည် အင်္ဂလိပ်စစ်ဗိုလ်တစ်ဦးအား ဓားဖြင့် ပိုင်းဖြတ်ကာ အခြားစစ်ဗိုလ်တစ်ဦး၏ လည်ပင်းကိုလည်း ပိုင်းဖြတ်ခဲ့သည်။ အခြား ကုလားစစ်သည် (၆)ဦးကိုလည်း ဓားဖြင့် ပိုင်းဖြတ်ပြီး ဗိုလ်ဘိုးကာ ကိုယ်တိုင်မှာလည်း ၀မ်းဗိုက်နှင့် ခါးတွင် ကျည်သင့်ခဲ့သည်။ မင်းလှခံတပ်အား နယ်ချဲ့အင်္ဂလိပ်တို့သည် (၁၆-၁၁-၁၈၈၅)ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့သည်။
အင်္ဂလိပ်နှင့် မြန်မာတို့အဖို့ အခက်အခဲဆုံး၊ အပြင်းအထန်ဆုံး တိုက်ပွဲဝင်ခဲ့ရသည့် စစ်တလင်း တစ်ခု ဖြစ်ခဲ့လေသည်။ မင်းလှခံတပ်မှ မြန်မာတို့က ရဲရဲဝံ့ဝံ့၊ သတိ်္တရှိရှိ၊ သဲကြီးမဲကြီး ခုခံတိုက်ခိုက်ခဲ့ပုံကို အင်္ဂလိပ်စာရေးဆရာ စတီဝပ်က သူ၏ The Pagoda War စေတီပုထိုးစစ်ပွဲ စာမျက်နှာ (၈၆၊ ၈၇)တွင် အောက်ပါအတိုင်း ဖော်ပြခဲ့ပေသည်။
“ မင်းလှခံတပ်တိုက်ပွဲသည် အင်္ဂလိပ်နှင့်မြန်မာတို့သည် တတိယအကြိမ်ဖြစ်ပွားသည့် စစ်ပွဲတွင် တိုက်တိုက်ဆိုင်ဆိုင် မဆုတ်တမ်း ရင်ဆိုင်တိုက်ကြသော လှံစွပ်နှင့် ဓားလှံတို့ မျက်နှာချင်းဆိုင် ထိတွေ့ ထိုးနှက်ကြသော တကယ့် တိုက်ပွဲဖြစ်လေသည်။ ထို့ကြောင့်ပင်လျှင် အင်္ဂလိပ်တို့အဆိုအရ မင်းလှခံတပ် အတွင်းပင်လျှင် မြန်မာစစ်သည်တော်အလောင်းပေါင်း(၁၀၀)ကျော် တွေ့ရှိရပြီး မြောက်များစွာ ဒဏ်ရာ နှင့် ဖမ်းမိသည်။ မြန်မာစစ်သည်အချို့တို့သည် အင်္ဂလိပ်တို့အား ခုခံရင်း နောက်ဆုံးတွင် လွတ်မြောက် အောင် ရှောင်တိမ်းဆုတ်ခွာနိုင်ခြင်းမရှိသဖြင့် ဧရာဝတီမြစ်အတွင်းသို့ ခုခံလွတ်မြောက်သွားကြသည်ဟု ဖော်ပြထားလေသည်။ ထိုတိုက်ပွဲတွင် အင်္ဂလိပ်တို့ဘက်ကလည်း ကျဆုံးဒဏ်ရာရသူ မြောက်များစွာရှိ၍ စစ်သားများသာမက အင်္ဂလိပ်နှင့် အိနိ်္ဒယစစ်ဖက်အရာရှိ တော်တော်များများလည်း သေဆုံးဒဏ်ရာရခဲ့သည်။”
အထက်အင်္ဂလိပ်စာရေးဆရာ၏ ဖော်ပြချက်နှင့် ဗိုလ်ဘိုးကာ ပြန်လည်ပြောကြားချက်အရ နှိုင်းယှဉ်ပါက အင်္ဂလိပ်စစ်ဗိုလ်များအား ဓားဖြင့် ပိုင်းဖြတ်ခုတ်သတ်မှုနှင့်လည်းကောင်း၊ ကိုယ်တိုင်ဒဏ်ရာဖြင့် ဧရာဝတီမြစ်အတွင်း ခုန်ချဆုတ်ခွာခဲ့ရသည်မှာ မှန်ကန်ကြောင်း သက်သေထူနေခဲ့ပါသည်။ ဗိုလ်ဘိုးကာသည် ဒဏ်ရာဖြင့် ဧရာဝတီမြစ်အတွင်း မျောပါခဲ့ရာမှ ဆင်ဖြူကျွန်းကျေးရွာတွင် သောင်တင်ခဲ့သည်။
ဆင်ဖြူကျွန်းဆရာတော် ဘုန်းကြီးကျောင်းတွင် ခိုလှုံကာ ဆေးကုသမှု ယူခဲ့ရသည်။ ဒဏ်ရာပျောက်ပြီး မန္တလေးနေပြည်တော်သို့ ပြန်လာခဲ့ရာ သီပေါမင်းတရားကြီး ပါတော်မူသွားသည်ကို သိရှိရသဖြင့် လက်နက်ချအဖမ်းမခံဘဲ အင်္ဂလိပ်နယ်ချဲ့ကို ဆန့်ကျင်တိုက်ခိုက်နေသည့် မြင်စိုင်းမင်းသား(ခ) မိုးကြိုးမင်းသား (မင်းတုန်းမင်းနှင့် လက်ပန်ဇင်မင်းသမီး ၏သားတော်) ထံ ခိုလှုံသည်။
ဗိုလ်ဘိုးကာ၏ ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကြီးကျေးရွာမှ အခြေပြုတော်လှန်မှုများ
မြင်စိုင်းမင်းသားသည် သီပေါမင်းပါတော်မူပြီးနောက် မန္တလေးနေပြည်တော်ကို စွန့်ကာ ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကျေးရွာတွင် ဗဟိုပြုရုံးစိုက်ပြီး အင်္ဂလိပ်နယ်ချဲ့အား ပျောက်ကြားစနစ်ဖြင့် တော်လှန်ခဲ့သည်။ မြင်စိုင်းမင်းသားသည် မြန်မာပြည် ပြန်လည်လွတ်မြောက်ရေးအတွက် မက္ခရာမင်းသား၏ သားတော် လင်းပင်မင်းသားနှင့် ပူးပေါင်းပြီး ချောင်းခွကျေးရွာမှ ခုခံတိုက်ရိုက်ခဲ့သည်။ ဗိုလ်ဘိုးကာသည် မြင်းစိုင်းမင်းသားထံ ခိုလှုံပြီးနောက် မန္တလေးနေပြည်တော်ရှိ ဆွေမျိုးအုပ်စုဝင်များအား ရှမ်းကုန်းပြင်မြင့်ပေါ်ရှိ ဇီးပင်ကျေးရွာ၊ ပြင်ဦးလွင်ကျေးရွာ၊ ၀က်ဝံကျေးရွာ၊ နောင်ချိုမြို့ နယ်အတွင်းရှိ သုံးဆယ်ကျေးရွာ၊ ကျောက်မဲနယ် နောင်ပိန်ကျေးရွာများသို့ နယ်ချဲ့အင်္ဂလိပ်လက် အောက်မှ ကင်းဝေးရန်နှင့် တော်လှန်ရေးတွင် လိုအပ်ပါက ပါဝင်လှုပ်ရှားနိုင်ရန် ပြောင်းရွှေ့နေထိုင် စေခဲ့သည်။ မြင်စိုင်းမင်းသားနှင့်အတူ သူ့ကျွန်မခံလိုသူ(၂၀၀)ခန့်တွင် ဗိုလ်ဘိုးကာနှင့် မြန်မာ မွတ်စလင်စစ်သည်များ ပါဝင်ခဲ့သည်။
၁၈၈၆ ခုနှစ်၊ ဇန်န၀ါရီလတွင် ဘုံဘေဘားမားကုမ္ပဏီမှ မစ္စတာဂရေးနှင့် မျက်နှာဖြူ(၄)ဦး တို့သည် လက်နက်ကိုင်အစောင့်အရှောက်မျာနှင့်သစ်ထုတ်လုပ်ရေးစခန်းတစ်ခုသို့ လုပ်ငန်းလုပ်ရန် ၀င်အလာ၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့၊ တရုတ်စုအနီးတွင် ဗိုလ်ဘိုးကာနှင့် သူ့ကျွန်မခံတပ်များက ချုံခိုတိုက်ခိုက်သည်။ တိုက်ပွဲတွင် (၄)နာရီ ကြာပြီးနောက် မစ္စတာဂရေးမှအပ အပေါင်းပါအားလုံး အား သုတ်သင်နိုင်ခဲ့သည်။ မစ္စတာ ဂရေးကိုမူ သုံ့ပန်းအဖြစ် ဇီးပင်ကြီးကျေးရွာစခန်းသို့ ဖမ်းဆီးခေါ် ဆောင်ခဲ့ပြီး မြင်စိုင်းမင်းသားထံ အပ်နှံသည်။
မန္တလေးနေပြည်တော်အး သိမ်းပိုက်ခဲ့သည့် အင်္ဂလိပ်များသည် မစ္စတာဂရေးကို ကယ်တင်နိုင် ရေးအတွက် ဟမ်းရှားယားတပ်ရင်းကြီး (Hampshire Regiment) ကို ဇီးပင်ကြီးသို့ ချီတက်စေခဲ့ သည်။ ဗိုလ်ဘိုးကာအပါအ၀င် သူ့ကျွန်မခံတပ်များက ၂၁ မိုင်အောက် တောင်ခြေရှိ ထုံးဘိုကျေးရွာမှ ဆီးကြိုတိုက်ခိုက်ခဲ့သည်။ ဟမ်းရှားယားတပ်မှ ကက်ပတိန်လွိုင်ဒ် Captain Loid နှင့် တပ်သား (၂)ဦး ငြင်းထန်စွာဒဏ်ရာရစေခဲ့သည်။ သူ့ကျွန်မခံတပ်များသည် လက်နက်ချင်းမယှဉ်သာသဖြင့် အောင်မြင်စွာ နောက်ဆုတ်ခဲ့ရသည်။
၁၈၈၆ ခုနှစ်၊ ဇန်န၀ါရီလ (၁၀)ရက်နေ့တွင် နယ်ချဲ့အင်္ဂလိပ်တို့သည် ဇီးပင်ကြီးစခန်းကို သိမ်းပိုက်နိုင်ကြသည်။ သို့သော် ဇီးပင်ကြီးစခန်းမကျဆုံးမီကပင် သုံ့ပန်းမစ္စတာ ဂရေးအား သုတ်သင်ပြီးဖြစ်သည်။ ဇီးပင်ကြီးစခန်းကျဆုံးပြီးနောက် ကျောက်ဆည်နယ်အတွင်းရှိ တစ်ချိန်က မင်းနေပြည် တော်ဖြစ်ခဲ့သည့် မြင်စိုင်းအရပ်တွင် မြင်စိုင်းမင်းသားနှင့် နောက်လိုက် နောက်ပါများ ခိုလှုံပြီး နယ်ချဲ့တို့အား ပြန်လည်တိုက်ခိုက်ရန် စ်ီစဉ်ခဲ့သည်။
၁၈၈၆ ခုနှစ်၊ မတ်လ၊ ဧပြီလများတွင် သီပေါစော်ဘွားလက်အောက်ခံ ဆမ္မဆယ်မြို့စား ဘော်ကြိုဟိန်း သည် ပြင်ဦးလွင်ရွာသည် သီပေါပိုင်နက်မြေဖြစ်သည်ဆိုကာ ပြင်ဦးလွင်ရွာကို ၀င်ရောက် တိုက်ခိုက်ပြီး တစ်ရွာလုံး မီးရှို့ဖျက်ဆီးခဲ့ကြသည်။
မြင်စိုင်းမင်းသားသည် ဗိုလ်ဘိုးကာနှင့် လင်္ကျာမြောက်ရွာစားတောင်နယ်တို့အား ဦးဆောင်စေပြီး ပြင်ဦးလွင်ရွာကို ပြန်လည်ရရှိရေးအတွက် ဇွတ်အတင်းပြန်လည် တိုက်ခိုက်စေခဲ့သည်။ တိုက်ပွဲမှာ ပြင်းထန်ပြီး အောင်နိုင်မှု ရရှိခဲ့သည်။ နှစ်ဖက်စလုံးမှ လူပေါင်း(၄၀)ကျော် အသက်ဆုံးရှုံးခဲ့သည်။
မြင်စိုင်းမင်းသားဦးဆောင်သည့် မြန်မာသူ့ကျွန်မခံတပ်များတွင် ဗိုလ်ဘိုးကာနှင့် မွတ်စလင်စစ် သည်များသာမက သီပေါမင်း(၂၉-၁၁-၁၈၈၅)အမိန့်ဖြင့် အင်းဝ၊ စစ်ကိုင်းခံတပ်များကို အင်္ဂလိပ်လက် အပ်လိုက်ရသော်လည်း ခံတပ်ရှိ မြန်မာမွတ်စလင် မင်းမှုထမ်းများသည်လည်း လက်နက်မချဘဲ ပူးပေါင်းလာကြသည်။
ထို့အပြင် ချောင်းဂွမင်းသား၊ မက္ခရာမင်းသား၏ သားတော်များဖြစ်သည့် စောရန်ပိုင်၊ စောရန်နိုင် တို့နှင့်လည်း မြန်မာမွတ်စလင် သူ့ကျွန်မခံများသည် ပူးပေါင်းကြသည်။ ချောင်းဂွစခန်းသည် အင်းဝနယ်မြေအတွင်း တည်ရှိခဲ့သည်။
ချောင်းဂွမင်းသားနှင့် မြင်စိုင်းမင်းသားတို့သည် ပူးပေါင်းပြီး မန္တလေး၊ အမရပူရ၊ အင်းဝ၊ စစ်ကိုင်းမြို့များ အင်္ဂလိပ်လက်မှ ပြန်လည်သိမ်းပိုက်နိုင်ရန် ကြိုးစားခဲ့သည်။
မြင်စိုင်းမင်းသား ရှမ်းပြည်နယ်တောင်ပိုင်းရွာငံဒေသသို့ တိမ်းရှောင်ရင်း၊ ငှက်ဖျားရောဂါဖြင့် ကွယ်လွန်ရှာသည်။ ထိုအချိန်တွင် အင်္ဂလိပ်နယ်ချဲ့တို့သည် ပြင်ဦးလွင်ကို အထင်သေး၍မဖြစ် ကြာလျှင် သူ့ကျွန်မခံတော်လှန်ရေးသမားများ ပိုမိုအင်အားကြီးပြီး မန္တလေးနေပြည်တော်အတွင်းလည်း စိုးရိမ်စရာဖြစ်လာသည်။
၁၈၈၆ ခုနှစ်၊ ဇွန်လတွင် အင်္ဂလိပ်လူမျိုးလက်ထောက် ပုလိပ်မင်းကြီး မစ္စတာ ကီယာနန်ဒါ Kiernandar ဦးစီးသော စစ်ပုလိပ် (၅၆၁)ဦးအား ကျွဲနဖားတွင် စစ်ဆင်ရေးအတွက် ပြင်ဆင်စေ လွှတ်လိုက်သည်။ ၁၈၈၆ ခုနှစ်၊ အောက်တိုဘာလအတွင်း ဗိုလ်ဘိုးကာ အပါအ၀င် သူ့ကျွန်မခံများမှ (၃)ရက်တိုင်တိုင် ၀ိုင်းဝန်းတိုက်ခိုက်ခဲ့ပြီး ဆာဂျော့ဝှိုက် ( Sir George White) ဦးစီးသည့် စစ်ကူများ ရောက်လာသဖြင့် မြန်မာတို့သည် လက်နက်အင်အား၊ လူအင်အားချင်း မယှဉ်နိုင်တော့ဘဲ အောင်မြင်စွာ ဆုတ်ခွာခဲ့ရသည်။
ဗိုလ်မှူးကြီး စတက်မင် Colonel Stedman ဦးစီးသည့် တောင်ပေါ်ဒေသတိုက်ပွဲများတွင် ကျွမ်းကျင်သည့် အမှတ်(၃) ဂေါရခါးသေနတ်ကိုင် တပ်ရင်း 3rd Gurkha Rifles နှင့် ၂၃ မတ်ဒရပ်စ် ခြေလျင်တပ်ရင်းမှ တပ်ခွဲတစ်ခွဲပါဝင်စေပြီး ပြင်ဦးလွင်သိမ်းပိုက်နိုင်ရန် အုန်းနှဲတောင်ကြားအတိုင်း ချီတက်လာသည်။ ဗိုလ်ဘိုးကာနှင့် သူ့ကျွန်မခံများသည် ယခု ၂၁ မိုင်အထက် ပေမင်ကျေးရွာနှင့် ညောင်ဘောကျေးရွာအကြားများတွင် ချုံခိုတိုက်ခိုက်ခဲ့သည်။
ပြင်ဦးလွင်နယ်ချဲ့ဆန့်ကျင်ရေး၊ တော်လှန်ရေးဆင်နွဲနိုင်ရန် ချောင်းခွမင်းသား၊ စင်္ကြာမင်းသားနှင့် အင်အား ၃၀၀ တို့ ရောက်ရှိလာပြီး ပြင်ဦးလွင်ရှိ ဗိုလ်ဘိုးကာတို့အုပ်စုနှင့် ပူးပေါင်းကာ ဆက်လက်တော်လှန်မှု ပြုခဲ့သည်။ အင်္ဂလိပ်တို့သည် ပြင်ဦးလွင်အား ၁၈၈၆ ခုနှစ်၊ နိုဝင်ဘာလတွင် သိမ်းပိုက်လိုက်သည်။
အင်္ဂလိပ်နယ်ချဲ့တို့သည် စစ်သည်အင်အား၊ အလုံးအရင်းခေတ်မီလက်နက်များ သုံးခဲ့သဖြင့် သူ့ကျွန်မခံများ ရှုံးနိမ့်ပြီး ဗိုလ်ဘိုးကာသည် ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်အတွင်းရှိ နောင်ပိန်ကျေးရွာတွင် တိမ်းရှောင်နေထိုင်ခဲ့ရသည်။
ကိုလိုနီနယ်ချဲ့အင်္ဂလိပ်ခေတ် (၁၈၉၆-၁၉၄၀)
ဗိုလ်ဘိုးကာသည် ပြင်ဦးလွင်ကျေးရွာနယ်မြေအား နယ်ချဲ့အင်္ဂလိပ်တို့မှ ၁၈၈၆ ခုနှစ်၊ နိုဝင်ဘာလတွင် သိမ်းယူခဲ့ရာ ရှမ်းပြည်မြောက်ပိုင်း နောင်ပိန်မြို့နယ်အတွင်း ခိုလှုံနေရာမှာ ဒုတ္ထ၀တီ မြစ်ရိုးအတိုင်း ဆင်းလာပြီး ဆွေးမျိုးအုပ်စုများရှိရာ ကျောက်ဆည်၊ စဉ့်ကိုင်မြို့နယ်၊ ဟင်းငူ၊ ဗလန်ဖို၊ ရွှေကာ၊ ရသာ၊ မဲဇာအရပ်၌ ခိုလှုံသည်။ ဇနီးဖြစ်သူ ဒေါ်သန့် သည် ရွှေကာ၊ ရသာ၊ မဲဇာ ဇာတိဖြစ် သည်။ တစ်ဖက်မှာလည်း ပြင်ဦးလွင်၊ ဇီးပင်ကြီးနှင့် နောင်ချို သုံးဆယ်ကျေးရွာများတွင် ကျန်ရစ်သည့် ညီအစ်ကိုများ၊ ဆွေမျိုးများ၊ သွေးသောက်ရဲဘော်များ အခြေအနေများကို စဉ်ဆက်မပြတ် လေ့လာနေခဲ့သည်။ ပြင်ဦးလွင်မြို့နယ် အခြေအနေတည်ငြိမ်လာသောအခါတွင် ပြင်ဦးလွင်သို့ ပြန်လာသည်။ အင်္ဂလိပ်စစ်ဘက်အစိုးရက ဗိုဘ်ဘိုးကာအား ၎င်းတို့နှင့် ပူးပေါင်းပြီး လက်တွဲဆောင်ရွက်ရန် ရာထူးဖြင့် ကမ်းလှမ်းခဲ့သည်။ ဗိုလ်ဘိုးကာ သည် တစ်ဖက်နားပေါက် သွေးသောက်ရဲဘော်၊ မြန်မာဘုရင် သစ္စာခံတစ်ဦးဖြစ်သည့်အားလျော်စွာ လုံးဝ လက်မခံခဲ့ပေ။ အင်္ဂလိပ်အစိုးရသည် စည်းရုံးမရသောအခါ အင်္ဂလိပ်စစ်တပ်နှင့်ပါလာသောအိနိ်္ဒယ မျုိးနွယ်ဝင်များ၊ အင်္ဂလိပ်အစိုးရအား အကြောင်းခံပြီး အင်္ဂလိပ်အလိုတော်ရိကုန်သည်လူတန်းစား များအား ဗိုလ်ဘိုးကာ၊ ဗိုလ်ဟာရှင်မ်နှင့် ဗမာမွတ်စလင်အုပ်စု၏ လှုပ်ရှားမှုအား စောင့်ကြည့်သတင်း ရယူစေခဲ့ရသည်။ အင်္ဂလိပ်အလိုတော်ရိများကလည်း နည်းမျိုးစုံ ဒုက္ခပေးခဲ့ကြသည်။
မေမြို့ပါလီမန်အမတ်ဟောင်း ဦးသန်းညွန့်၏ ဖခင် ဗိုလ်ဘိုးကာတွင် သားသမီး (၃၃)ဦး ရှိခဲ့သည်။ ၎င်းင်းပိုင် စဥ့်ကိုင်မြို့နယ်၊ ဟင်းငူကျေးရွာအုပ်စုတွင်းမှ လယ်များ၊ အမရပူရမြို့နယ်၊ တောင်မြင့်ကျေးရွာတွင်းရှိ လယ်မြေများ၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ပတ်ဝန်း ကျင်ရှိ လယ်မြေများ၊ နွားမွေးမြူရေးလုပ်ငန်းဖြင့် မိသားစုများအား အထောက်အကူပြုခဲ့သည်။ သားသမီးများမှာလည်း အရွယ်ရောက်လျှင် ကိုယ့်ခြေထောက်ပေါ် ကိုယ်လျှောက်ရသည်။
ကိုလိုနီနယ်ချဲ့အင်္ဂလိပ်အစိုးရအား ရွံ့ရှာမုန်းတီးသည့်အားလျော်စွာ မည်သည့်သားသမီးကိုမှ အင်္ဂလိပ်စာသင်ကြားခြင်း၊ ကျောင်းထားခြင်း လုံးဝခွင့်မပြုသည့်နည်းတူ မည်သည့်သားသမီးမျှ အင်္ဂလိပ်လက်အောက်ဝန်ထမ်းအလုပ်၊ ကျွန်အလုပ် မလုပ်ကြရချေ။
ဗိုလ်ဘိုးကာ သည် ၎င်းင်း၏ အရှင်မင်းတရား သီပေါမင်း တစ်နေ့ပြန်လာပြီး မြန်မာ့ထီးနန်းပြန် ရယူလိမ့်မည်ဟု မျှော်လင့်ခံယူထားသည်။ ဂျာမဏီနိုင်ငံမှ စင်္ကြာတံဆိပ်ဖြင့် အနောက်တိုင်းနိုင်ငံများအား အံတုယှဉ်ပြိုင်လာသောအခါ စင်္ကြာမင်းပြန်လာပြီး ကယ်လိမ့်မည်ဟု ယုံကြည်ထားခဲ့သည်။
--------------------------------------------------
မှတ်ချက်။ ။ ဆရာ ၀ါးခယ်မ မောင်မင်းနိုင်ရေးသားပြုစုသည့် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းဝင် မွတ်စလင်များ စာအုပ်မှ ကူးယူဖော်ပြပါသည်။ ရာဇ၀င်သုတေသီ ရွှေဘိုဦးဘဦး၏ ရွှေမန်း အနှစ်တစ်ရာပြည့် ဗမာမွတ်စလင်မ်တို့၏ အတ္ထုပ္ပတ္တိ စာအုပ်မှလည်း ကိုးကားဖြည့်စွက်ထားပါသည်။
No comments:
Post a Comment