Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, November 25, 2015

ကရူးဆိတ်စစ်ပွဲ၊ အပိုင်း (၂)

ကရူးဆိတ်စစ်ပွဲ
*******************
အပိုင်း (၂)
။။။။။။။။။။။။။။။

အကြမ်းဖက်ခံရခြင်းနဲ့ အတူ မွတ်စလင်နယ်မြေများဆက်လက်ကျဆုံးခြင်း
-------------------------------------------------------------------------------------------
မာအ်အာရာမြို့ လုံးကျွတ်သတ်ပြီး လူသားစားပွဲကျင်းပနေတဲ့
ကရူးဆိတ်စစ်သားမ
ျားကို ပုံဖော်ထားပုံ


ကရူးဆိတ်စစ်ပွဲအပိုင်း(၁)မှာတော့ ကရူးဆိတ်တွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုနဲ့ အစ္စလာမ်ဘာသာရဲ့ တတိယအထွဋ်မြတ်ဆုံး နယ်မြေတော်ယေရုဆလင်သိမ်းပိုက်ခံရမှုတို့ ကိုရေးခဲ့ပြီးပါပြီ။ အခုအပိုင်း (၂) ကိုဆက်လက်တင်ပြပါ့မယ်။

၁၀၉၉ခုနှစ် သြဂုတ်လ ၉ရက်နေ့ အစ္စလာမ်ဘာသာဝင်တို့ ရဲ့ အထွဋ်အမြတ်ထားတဲ့ လမြတ်ရမ်ဇာန်လရဲ့ မှာ ထူးဆန်းအံ့ဖွယ်ဖြစ်စဉ်တစ်ခုဖြစ်ခဲ့တယ်။ မွတ်စလင်လူထုကြားမှာ လေးစားသမှုခံယူရရှိထားတဲ့ ကာဒီ (မွတ်စလင်တရားသူကြီး) တစ်ယောက်ဖြစ်တဲ့အဗူ စအဒ် အလ်-ဟရာဝီက ဘဂ္ဂဒက်မြို့ ရဲ့ အဓိကဗလီဝတ်ကျောင်းတော်တစ်ခုထဲ ၀ရုန်းသုန်းကားဝင်ခဲ့ပြီး ရမ်ဇာန်ဥပုသ်လဖြစ်ပေမယ့် လူအများအရှေ့ မှာ ပေါ်ပေါ်ထင်ထင်မြိန်ရည်ယှက်ရည်အစာတွေစားသောက်ပြခဲ့တယ်။ သူက ဒမတ်စကပ်မြို့ ကနေသုံးပတ်တာခရီးနှင်လာတာဖြစ်ပြီး ယေရုဆလင်ကျဆုံးသွားတဲ့သတင်းကို လာပေးတာပါ။ ရမ်ဇာန်လလူအများအရှေ့ မှစားသောက်ပြရတာကတော့ မွတ်စလင်တွေအထူးအဆန်းနဲ့ အာရုံစိုက်နေတဲ့အချိန်မှာ သူပေးမယ့်အရေးအကြီးအဆုံးသတင်းကို ပိုပြီးအာရုံစိုက်လာစေဖို့ လို့ သိရတယ်။ ပုံမှန်အတိုင်းစဉ်းစားကြည့်မယ်ဆိုရင်လည်း မွတ်စလင်နိုင်ငံထဲမှာ မွတ်စလင်တစ်ယောက် ဗလီထဲဝင်ပြီး စားသောက်ပြတာကို လူတွေဝိုင်းအုံကြည့်မှာပါ။ ပြီးတော့ ဒီလူများဘာပြောလိမ့်မယ်မလဲဆိုပြီး စောင့်ကြည့်နေမှာမြေကြီးလက်ခတ်မလွဲတဲ့လူ့ သဘာဝပါပဲ။ ဒီအချက်ကို ပညာတတ် တရားသူကြီးကအပြည့်အ၀အသုံးချခဲ့တာပါ။ သူ့ အနေနဲ့ သတင်းစကားလည်းစပါးရော မျက်ရည်တွေမထိန်းနိုင်အောင် တလှိမ့်လှိမ့်စီးဆင်းလျှက် ရှိုက်ကြီးတငင်ငိုကြွေးရင်း ယေရုဆလင်ကျဆုံးကြောင်း သတင်းဆိုးကို မွတ်စလင်အများအာရုံစူးစိုက်နေချိန်မှာပြောချလိုက်ပါတော့တယ်။ ဒီသတင်းဆိုးကိုလူအများကိုမပြောခင်အရင် အစ္စလာမ့်ခလစ်ဖ်တစ်ပါးဖြစ်တဲ့ ငယ်ရွယ်တဲ့ လူငယ်လေး အလ်-မုစ်သဇိရ်ကို အရင်ဆုံးပြောပြခဲ့သေးတယ်။ ခလစ်ဖ်ကတော့ ကော်မတီတစ်ခုဖွဲ့ စည်းပြီး မွတ်စလင်တွေစည်းလုံးညီညွတ်လာဖို့ တတ်နိုင်တဲ့ဘက်က လုပ်ဆောင်ပေးမယ်လို့ ကတိပေးခဲ့ပေမယ့် အဲဒီကတိစကားဟာလည်း လေဟာနယ်ထဲမှာအငွေ့ သဖွယ်ပျောက်ကွယ်သွားပြီး ဖြစ်မလာခဲ့ဘူး။

အဲဒီအဖြစ်အပျက်တွေဖြစ်နေတဲ့ကာလမှာ မွတ်စလင်တွေရဲ့ အခြေအနေကတော့ တကယ်ကိုယူကြုံးမရဖြစ်စရာပါ။ ကရူးဆိတ်စစ်တပ်ကြီးကို ဘယ်နည်းနဲ့ ယှဉ်လို့ မရအောင် အဖက်ဖက်ကအားနည်းနေတယ်။ တချိန်ထဲမှာပဲ တူရကီအမိရ်တွေက မြို့ နီးနားချင်းတွေနဲ့ ပုံမှန်စစ်တိုက်နေကြပြီး မြို့ ရွာတွေ၊ ဇနပုဒ်တွေကို မီးလောင်ပြင်တွေတစပြင်တွေအဖြစ် ဖန်တီးနေဆဲပဲ။ အဗူ စအဒ် အလ်-ဟရာဝီကို ကူညီမယ်ဆိုပြီးကတိပေးခဲ့တဲ့ ခလစ်ဖ်လူငယ်လေး အလ်-မုစ်သဇိရ်ဆိုတာကလည်း ကိုယ်တိုင်ဘာအာဏာမှသိပ်မရှိတဲ့အပြင် တူရကီစစ်သူကြီးတွေကြိုးဆွဲရာကနေရတဲ့ ရုပ်သေးတစ်ခုဘ၀ထက်မပိုဘူး။ အစ္စလာမ်သာသနာရဲ့ အဲဒီရာစုနှစ်ပိုင်းက လူမျိုးပေါင်းစုံလင်တဲ့ မွတ်စလင်ကမ္ဘာကြီးကတော့ မာန်မရှိတဲ့ဟန်ပြသမိုင်းအဖြစ်သာရှိခဲ့တယ်ဆိုတာ ၀မ်းနည်းဖွယ်ရာသိရတယ်။ 

ကရူးဆိတ်တွေကတော့ အင်အားတောင့်တင်းခိုင်မာတယ်၊ တစ်သွေးထဲတစ်သံထဲ၊ တစ်မိန့် တစ်အာဏာထဲရှိကြတယ်။ အဲဒီကာလကမွတ်စလင်တွေမှာကင်းမဲ့နေတဲ့အရည်အချင်းတွေဖြစ်တဲ့ ဆုံးဖြတ်ချက်မှန်ကန်ခိုင်မာခြင်း၊ အရည်အသွေးမြင့်မားခြင်းစတာတွေကို ပိုင်ဆိုင်ထားတဲ့။ ကရူးဆိတ်တွေကသူတို့ ရဲ့ အောင်မြင်မှုကြောင့် မြေထဲပင်လယ်ကမ်းရိုးတမ်းတစ်လျှောက်မှာ ကရူးဆိတ်နိုင်ငံ ၄နိုင်ငံထူထောင်နိုင်ခဲ့တယ်။ အဲဒီနိုင်ငံတစ်ခုခြင်းစီကိုတော့ ပြင်သစ် သို့ မဟုတ် ဂျာမဏီတို့ ရဲ့ အဝေးရောက်ဥရောပပိုင်နက်အဖြစ် အုပ်ချုပ်မင်းမူကြတယ်။ ကရူးဆိတ်တွေတိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့နယ်မြေက (ယေရုဆလင်၊ အန်းတီယိုးခ်ျ၊ ဘေရွတ် စတဲ့) မြို့ ရွာတွေမှာရှိတဲ့မွတ်စလင်တွေအားလုံးနီးပါးဟာ မျိုးပြုန်းအောင် မျိုးဖြုတ်သတ်ဖြတ်တာခံခဲ့ကြရပေမယ့်လည်း အာရပ်အများစု (မွတ်စလင်၊ ခရစ်ယာန်၊ အရှေ့ တိုင်းခရစ်ယာန်)အများစုကတော့ ကရူးဆိတ်တွေရဲ့ နယ်မြေထဲမှာ အသက်ချမ်းသာခွင့်ရခဲ့ကြတယ်။ ယေရုဆလင်နိုင်ငံတော်မှာဆိုရင် အာရပ်ပေါင်း သုံးသိန်းကျော်နေခဲ့တယ်။

ဒီလိုမွတ်စလင်နယ်မြေတွေကျူးကျော်သိမ်းပိုက်ခံလိုက်ရတာရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေထဲကတစ်ခုကတော့ မွတ်စလင်တွေရဲ့ ယဉ်ကျေးမှုထဲကိုကရူးဆိတ်တွေတဖြည်းဖြည်းစိမ့်ဝင်လာတာပါပဲ။ ကရူးဆိတ်တွေမကျူးကျော်လာခင် ရာစုနှစ်တချို့ အရင်ကတော့ မွတ်စလ်ငတွေဟာ သိပ္ပံ၊ အတွေးအခေါ်၊ နည်းပညာ၊ သစ်ဆန်းတီထွင်မှုတွေမှာ ထိပ်သီးစာရင်းဝင်ခဲ့ပြီး ဥရောပသားတွေခမြာခြေဖျားတောင်မမီခဲ့ဘူး။ အဲဒီရာစုနှစ်တွေမှာ ဥရောပတိုက်ကြီးက အမှောင်ခေတ်ထဲမှာပဲရှိသေးပြီး မွတ်စလင်ကမ္ဘာရဲ့ အောင်မြင်မှုဟာ သူတို့ အတွက် နတ်ပြည်ကပုံပြင်တွေလို ဖြစ်ခဲ့တယ်။ အာရပ်လူမျိုးသမိုင်းမှတ်တမ်းဆိုင်ရာပညာရှင်တစ်ယောက်ဖြစ်တဲ့ အုစာမာဟ် အိဗ်နေ့ မွန်ကိဒ်ရေးသားပြုစုခဲ့တဲ့ သမိုင်းမှတ်တမ်းထဲမှာတော့ “ပြင်သစ်တွေအကြောင်းကိုလည်း မွတ်စလင်တော်တော်များများကောင်းကောင်းလေး သိထားပါတယ်။ သူတို့ တွေက သတ္တိရှိပြီးတိုက်ရည်ခိုက်ရည်ပြည့်စုံတဲ့ မယဉ်ကျေးတဲ့ စစ်ဘီလူးတွေလို့ သာမွတ်စလင်တွေရဲ့ မျက်လုံးထဲမှာမြင်ခဲ့ကြတယ်။ ဒါကိုလည်းပေါ့ပေါ့လေးပဲတွေးကြတယ်။ ယဉ်ကျေးတဲ့လူတွေထက် မယဉ်ကျေးတဲ့တိရိစ္ဆာန်တွေကတော့ အင်အားပိုကြီးပြီး ရန်လည်းပိုလိုကြမှာပေါ့လေတဲ့” လို့ ရေးခဲ့တယ်။ တစ်ဖက်က မတူညီတဲ့ပုံစံနောက်တစ်မျိုးနဲ့ အင်အားကြီးထွားလာတာကိုပေါ့ပေါ့လေးပဲတွေးခဲ့ကြတယ်။

ကရူးဆိတ်တွေရဲ့ သိမ်းပိုက်တာကိုလည်းခံလိုက်ရချိန်မှာတော့ မွတ်စလင်တွေရဲ့ ယဉ်ကျေးမှုတွေက သိမ်းပိုက်သူတွေရဲ့ ယဉ်ကျေးမှုတွေနဲ့ ယဉ်ကျေးမှုခြင်းသွေးနှောတာခံလိုက်ရတယ်။ ကရူးဆိတ်တွေဆီကနေ အကြမ်းဖက်ခံရခြင်းကလွဲပြီး မွတ်စလင်တွေဘာမှမရခဲ့ပေမယ့်လည်း ကရူးဆိတ်တွေကတော့ မွတ်စလင်တွေဆီကနေ အဆီအနှစ်တွေ သိမ်းကြုံးယူနိုင်ခဲ့တယ်။ ဥရောပသားကရူးဆိတ်တွေက ရဲတိုက်တွေဆောက်တတ်ပေမယ့်လည်း မွတ်စလင်ဗိသုကာလောက် လက်ရာမမြောက်ခဲ့တော့ သူတို့ ရဲ့ လက်ရာကိုအဆင့်မြှင့်တင်ဖို့ အတွက် မွတ်စလင်ရဲ့ ပညာကို သုံးပြီးအဆင့်မြှင့်တင်ခဲ့တယ်။ နောက်ပြီးတော့ သူတို့ တတ်တဲ့ပညာပါဆိုပြီး ဥရောပရဲ့ ယဉ်ကျေးမှုအောက်ဆွဲသွင်းပြီး လိမ်လည်ခဲ့ကြတယ်။ မွတ်စလင်တွေရဲ့ ဆေးပညာ၊ ဘာသာစကား၊ စိုက်ပျိုးရေးပညာ၊ အင်ဂျင်နီယာအတတ်ပညာ၊ ဂဏန်းသင်္ချာအားလုံး ဥရောပကို အဓမ္မသိမ်းပိုက်ယူဆောင်သွားခြင်းခံရတဲ့ အဓိကတရားခံကတော့ကရူးဆိတ်စစ်ပွဲပါ။ နောက်ဆုံးကုန်ကုန်ပြောရမယ်ဆိုရင် ပါရှန်းဒေသမှာအစပျိုးခဲ့တဲ့ ဒီနေ့ ခေတ်လူတွေအသည်းစွဲပြီး ဥာဏ်ကြီးရှင်တွေသာ ကစားနိုင်တယ်လို့သတ်မှတ်ထားတဲ့ စစ်တုရင်ထိုးခြင်းအတတ်ပညာ (Chess)ကလည်း ဒီကရူးဆိတ်ကနေ တစ်ဆင့်ပဲ ဥရောပကိုရောက်သွားခဲ့တာဖြစ်တယ်။

မွတ်စလင်ကမ္ဘာကိုကရူးဆိတ်တွေသိမ်းပိုက်နိုင်ခဲ့ပေမယ့်လည်း ဘာသာပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံငြိမ်းငြိမ်းချမ်းချမ်းနေထိုင်နိုင်ခဲ့တဲ့ ပတ်ဝန်းကျင်တစ်ခုကိုတော့ ကရူးဆိတ်တွေမဖန်တီးနိုင်ခဲ့ပါဘူး။ အဲဒီအချိန်က မွတ်စလင်တွေလက်အောက်မှာရှိခဲ့တဲ့ အလ်အန်ဒလုစ် (ယခုစပိန်)ကတော့ သူတို့ မလုပ်နိုင်တာကို လုပ်ပြခဲ့တယ်။ ကရူးဆိတ်တွေရဲ့ သွေးဆာမှုကြောင့် သိမ်းပိုက်ခံနယ်မြေထဲကမွတ်စလင်အရပ်သားတွေက တိုင်းတပါး ဥရောပသားတွေလက်ချက်နဲ့ ဘယ်အချိန်ဒုက္ခရောက်တော့မလည်းဆိုတာပဲတွေးကြောက်ပြီး ဘ၀ဆက်ခဲ့ရတယ်။ ကရူးဆိတ်တွေရဲ့ သမိုင်းမှတ်တမ်းတစ်ခုအရ ၁၀၉၈ခုနှစ် နိုင်ဝင်ဘာလ ထဲမှာ ဆီရီးယားမြို့ တစ်ခုဖြစ်တဲ့ မာအ်အာရာကို ကရူးဆိတ်စစ်တပ်ဝင်ရောက်သိမ်းပိုက်ခဲ့ပြီး မြို့ သူမြို့ သားတစ်ယောက်မကျန်ကိုသတ်ဖြတ်ခဲ့ပြီးတဲ့နောက် လူသေအလောင်းတွေကိုပါစားသောက်ခဲ့ကြတယ်လို့ ဖော်ပြခဲ့တဲ့အထိအောင် ရက်စက်ကြမ်းကြုတ်ခဲ့တယ်။ ပြင်သစ် ဖရန့် ခ်တွေရဲ့ ရက်စက်ကြမ်းကြုတ်ပြီးသွေးဆာတဲ့လုပ်ရပ်တွေဟာ မွတ်စလင်တွေနားထဲမှာမဆန့် အောင်ဖြစ်လာခဲ့တဲ့နောက်မှာတော့ အဆိုးထဲကအကောင်းအဖြစ် မွတ်စလင်ကမ္ဘာတစ်ခုလုံး တဖန်ပြန်လည်နိုးကြားလာဖို့ အတွက် အကြောင်းဖန်လာခဲ့တော့တယ်။ ဒါပေမယ့်လည်း ၁၁၀၀ပြည့်နှစ်အစောပိုင်းကာလတွေထိအောင် အောင်မြင်မှုဆိုတာ ကမ်းမမြင်လမ်းမမြင်အခြေအနေမှာပဲရှိနေခဲ့ပါတယ်။ ၁၁၃၀ပြည့်နှစ်နောက်ပိုင်းမှာပေါ်ထွန်းလာတဲ့ အီမဒ် အလ်- ဒီန် ဇန်ဂီရဲ့ ဦးဆောင်မှုကတော့ မွတ်စလင်လှိုင်းလုံးကြီးတစ်ဖန်ပြန်ထန်လာဖို့ အတွက် အစောဆုံး လက္ခဏာတစ်ခုဖြစ်လာပါတော့တယ်။

အပိုင်း (၂) ကိုဖတ်ပြီး ဒီနေ့ ခေတ်မွတ်စလင်တွေဘာတွေပြင်ရမယ်လို့ ဘာတွေ အတုယူရမယ်လို့ တွေးမိကြလဲ ? 

အပိုင်း (၃)မှာတော့ မွတ်စလင်တွေအတွက်အလှည့်အပြောင်းပြန်လာပါတော့မယ်။ မျှော် … … …


ကိုးကား > Hodgson, M. (1961). The Venture of islam . (Vol 2). Chicago: University of Chicago Press.
Crusades in The New Catholic Encyclopedia, New York: McGraw-Hill Book Company. 1966, Vol. IV
Maalouf, A. (1984). The Crusades Through Arab Eyes. New York: Schocken.

(စတီဗင်)

No comments:

Post a Comment