Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Saturday, November 28, 2015

ဒုတိယကမ္ဘာစစ်အတွင်းမှ ယနေ့ထက်တိုင် မဖြေရှင်းနိုင်သော ထူးဆန်းဖွယ်ရာ အဖြစ်အပျက် (၁၀) ခု

ဒုတိယကမ္ဘာစစ်အတွင်းမှ ယနေ့ထက်တိုင် မဖြေရှင်းနိုင်သော ထူးဆန်းဖွယ်ရာ အဖြစ်အပျက် (၁၀) ခု
----------------------------------------------------------------------------
ဒုတိယကမ္ဘာစစ်ဟာ ၁၉၃၉ ခုနှစ်နဲ့ ၁၉၄၅ ခုနှစ်အကြားမှာ လူပေါင်း ၈၅ သန်းကျော် သေဆုံးခဲ့ရတဲ့ သမိုင်းမှာ သွေးအစွန်းဆုံးနဲ့ အကျယ်ပြန့်ဆုံး ဖြစ်ခဲ့တဲ့ ကမ္ဘာစစ်ကြီး တစ်ခုပါပဲ။ စစ်ပွဲမှာ အဓိကပါဝင်ပတ်သတ်ခဲ့ကြတဲ့ အဒေါ့ ဟစ်တလာ၊ ဝင်စတန်ချာချီ၊ ဂျိုးဆက်စတာလင် စတဲ့ သူတွေ၊ ဆန့်ကျင်ဘက် မဟာမိတ်တွေနဲ့ ဝင်ရိုးတန်း အင်အားကြီးနိုင်ငံ တွေ ပါဝင်ခဲ့တာကိုတော့ အများသိပြီးသားပါ။
အများအားဖြင့်လည်း ဒုတိယကမ္ဘာစစ်ဟာ လူ့သမိုင်းမှာ လူပြောအများဆုံးနဲ့ ဆွေးနွေးမှု အများဆုံးဖြစ်ရပ် ကြီးတစ်ခု အနေနဲ့ မရေမတွက်နိုင်တဲ့ စာအုပ်တွေ၊ ရုပ်ရှင်တွေနှင့် တီဗီဇာတ်လမ်းတွဲတွေ ရိုက်ကူးတင်ဆက်ကြပြီး ကမ္ဘာ့လူသား အားလုံးအပေါ် တိုက်ရိုက်သက်ရောက်မှု အကြီးမားဆုံးဖြစ်ရပ်ကြီး တစ်ခုပါပဲ။
ဒုတိယကမ္ဘာစစ်နဲ့ ပတ်သတ်ပြီး အချက်အလက် ပေါင်း မြောက်များစွာ ရရှိနိုင်သလို အမျိုးမျိုးသော ပါဝင်ပတ်သတ် ခဲ့မှုတွေ ရှိနေသော်လည်းပဲ စစ်ကြီးပြီးဆုံးလို့ နှစ်ပေါင်း ၇၀ ကြာတဲ့အထိ မဖြေရှင်းနိုင်သေးတဲ့ စိတ်ဝင်စားစရာ ဒဏ္ဍာရီ ဆန်ဆန်ထူးခြားချက်တွေ ရှိနေတုန်းပါပဲ။
အဒေါ့ဟစ်တလာရဲ့ “Führer Globe” လို့ခေါ်တဲ့ တစ်ကမ္ဘာလုံးရဲ့ ခေါင်းဆောင်အကြောင်းနဲ့ “The Great Dictator” လို့ အမည်ရတဲ့ ၁၉၄၀ ခုနှစ်က ချာလီချက်ပလင်ရဲ့ နာမည်ကျော်ရုပ်ရှင် အကြောင်း ဟာ လူတွေ သိပ်မသိတဲ့ ဥပမာပါပဲ။ ဒါ့အပြင် ပဋိပက္ခတွေ ပြင်းထန် နေစဉ်ကာလအတွင်း “Foo Fighters” လို့ လူသိများခဲ့တဲ့ ထူးဆန်းတဲ့ UFOs တွေ ဘယ်ကနေ ထွက်ပေါ်လာခဲ့သလဲ၊ ဒုတိယကမ္ဘာစစ်ကြီးရဲ့ နောက်ဆက်တွဲ အနေနဲ့ သမိုင်းဝင် ဘာမြူဒါ တြိဂံဒေသမှာ ဆီဖြည့်ပေးတဲ့ လေယာဉ်ပျံ ၁၉ စီး ထူးဆန်းစွာ ပျောက်ဆုံး ခဲ့ရတဲ့ ကိစ္စတွေမှာ ဘာရယ်လို့ တိတိကျကျ မသိခဲ့ရပါဘူး။
ဒီနေရာမှာ ဒုတိယကမ္ဘာစစ်ကြီးအတွင်း အထူးဆန်းဆုံးနဲ့ ဒဏ္ဍာရီလို မဖြေရှင်းနိုင်သေးတဲ့ သဘာဝယုတ္တိလွန်ကိစ္စ ၁၀ ချက်ကို ဖော်ပြချင် ပါတယ်။ ဒီအကြောင်း ၁၀ ချက်ထဲက တချို့ဟာ အလွန်အမင်း ထူးဆန်း နေတာတွေလည်း ပါနေပါသေးတယ်။
#၁၀ချက် အကျယ်ကို ဖတ်ရန်-
---------------------

၁။ ၁၉၄၄ ခုနှစ်က အန်နီဖရန့်ဟာ ပုန်းခိုရာအခန်းကျဉ်းကလေး ထဲမှာ သူ့ရဲ့ ဒိုင်ယာရီကို ရေးခဲ့ပါတယ်။ ဒါပေမယ့် သူ့ကို တယ်လီဖုန်းနဲ့ သတင်းပေးတိုင်ကြားသူ ဘယ်သူဆိုတာ အခုထိ အတည်မပြုနိုင်ခဲ့ပါဘူး။ Bergen – Belsen အကျဉ်းစခန်းက လူမျိုးသုဉ်းသတ်ဖြတ်နေစဉ်အတွင်း ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ ဂျာမန်ဂျူးမလေး အန်နီဖရန့်ရဲ့ ကြေကွဲစရာဇာတ်လမ်းကို လူတိုင်းသိကြပါတယ်။ အဲဒီမတိုင်ခင်က သူဟာ အက်စတာဒမ်မှာ ပုန်းခိုနေရင် ဒိုင်ယာရီရေးခဲ့ပြီး ဇူလိုင် ၁၉၄၅မှာ ထွက်ပေါ်လာခဲ့ပါတယ်။

သူ့မိသားစုဝင်တွေထဲက သူ့အဖေ Otto Frank တစ်ယောက်သာ စစ်ကြီးကို ဖြတ်ကျော်နိုင်ခဲ့ပါတယ်။ ဒီကြေကွဲစရာဇာတ်လမ်းမှာ အရေးပါတဲ့ မေးခွန်းထုတ်စရာ အကြောင်းတွေ ရှိပါသေးတယ်။ အဲဒါကတော့ အန်နီဖရန့်ရဲ့ အိမ်လို့ခေါ်နေကြတဲ့ သူ ပုန်းခိုနေတဲ့ လျှို့ဝှက် မျက်နှာကျက် (Achterhuis)ဆီကို ဂတ်စတာပိုတွေကို ပြောပြဖို့ အမည် မသိဖုန်းဆက်ပြောဆိုခဲ့သူဟာ ဘယ်သူလဲ ဆိုတာပါပဲ။

နှစ်တွေကြာပြီးတဲ့နောက် အမျိုးမျိုးသော မသင်္ကာစရာဖြစ် ရပ်တွေမှာတော့ Willem Van Maaren ဆိုတဲ့ ဂိုဒေါင် မန်နေဂျာကို အပြစ်ဖို့ခဲ့ကြပါတယ်။ ဗန်မာရန်ကို စွပ်စွဲချက်တွေ ပြုလုပ်ခဲ့အခါကျတော့ ဖြစ်နိုင်ချေရှိတဲ့ မျက်မြင် သက်သေတွေဖြစ်တဲ့ တယ်လီဖုန်းလက်ခံပြောဆိုခဲ့တဲ့ နာဇီအရာရှိ Julius Dettman အပါအဝင် အားလုံးဟာ သေဆုံးသွားခဲ့ပြီဖြစ်ပါတယ်။

တခြားမသင်္ကာစရာကတော့ အော့တိုဖရန့်ရဲ့ နှစ်ရှည်လများ သူငယ်ချင်း Tonny Ahlers ပဲဖြစ်ပါတယ်။ အက်ဟ်လာရဲ့ သား အန်တန်ဟာ ၂၀၀၂ ခုနှစ်က အော့တိုဖရန့်ရဲ့ ကိုယ်ရေး အတ္တုပတ္ထိရေးရာမှာ ကူညီခဲ့သူပါ။ သူ့အဖေက ဂတ်စတာပိုတွေဆီကို တကယ်ပဲသတင်းပေးခဲ့သူ လို့ အခိုင်အမာပြောခဲ့ပါတယ်။ သန့်ရှင်းရေးသမ Lena Hartog-van Bladeren ကတော့ ဂျူးတွေ အဆောင်အဦးထဲမှာ နေထိုင်တာနဲ့ပတ်သတ်ပြီး စစ်ဆေးမေးမြန်းခံရမှာကို သိခဲ့ပြီး သူ့ရဲ့ ခင်ပွန်းဟာ အကျဉ်းချခံရမှာ ကြောက်လို့ သူ့မိသားစုတွေဆီ ပြန်သွားခဲ့ပါတယ်။နောက်ထပ်အနေနဲ့ နောင် အန်နီဖရန့်အိမ်ဖြစ်လာမယ့် ဂိုဒေါင်ထဲက တခြားအလုပ်သမားတွေကတော့ မိသားစုလိုက် မျက်နှာကျက်ထပ်ခိုးပေါ်မှာ ပုန်းအောင်းနေကြတာကို သူတို့ သိခဲ့တယ်လို့ ၁၉၄၈ ခုနှစ်က စုံစမ်းစစ်ဆေးမှုတွေမှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဆိုလိုတာကတော့ သူတို့ဟာလည်း မသင်္ကာစရာကောင်းခဲ့တာ အမှန်ပါပဲ။

Dettman ဟာ ဂျာမန်တွေ အညံ့ခံပြီးတဲ့နောက် တယ်လီဖုန်းခေါ်ဆိုခဲ့သူကို သက်သေမပြချင်တော့တဲ့ သဘောနဲ့ ချက်ချင်းပဲ ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် အန်နီဖရန့်နဲ့ သူ့မိသားစုကို သစ္စာဖောက်သွားတဲ့ သူကို ဘယ်လိုမှ မသတ်မှတ်နိုင်ခဲ့ပါဘူး။
၂။ စစ်ကြီးအတွင်း ဂျာမန်စစ်ဗိုလ်ချုပ် Erwin Rommel ဟာ ရေအောက်လိုဏ်ဂူထဲမှာ ရတနာသိုက် ဝှက်ထားခဲ့တယ်လို့ ယုံကြည်ခဲ့ကြပါတယ်။ ဒါပေမယ့် ဘယ်လိုမှ ရှာမတွေ့ခဲ့သေးပါ ဘူး။ ဂျာမန်စစ်ဗိုလ်ချုပ် အာရွန်ရွမ်းမဲလ်ဟာ ဒုတိယကမ္ဘာစစ်ကြီး အတွင်း နာဇီစစ်ဗိုလ်ချုပ်တွေထဲက အဆင့်မြင့် အရာရှိကြီး တစ်ဦးပါ။ သူဟာ တိုင်းပြည်အတွက် ရည်ရွယ်ပြီး စစ်ရှုံးတော့ မယ်လို့ ထင်လာတဲ့ ၁၉၄၄ ခုနှစ်မှာ ရတနာတွေ ဝှက်ထားဖို့ စီစဉ်ခဲ့ပါတယ်။

အဆိုတွေအရတော့ ရွမ်းမဲဟာ ရေငုပ်သမား လေးဦးကို ရွှေတုံး ပေါင် ၄၄၀၊ အဖိုးတန်ကျောက်မျက်ရတနာတွေ၊ အနုပညာပစ္စည်းတွေနှင့် လက်ဝတ်ရတနာတွေအပြည့်ပါတဲ့ စတီးသေတ္တာ ခြောက်လုံးထဲကို ပင်လယ်အောက် တနေရာရာမှာ မြှုပ်နှံထားခဲ့ပါတယ်။

အဲဒီရတနာတွေ ဘယ်မှာရှိနေတယ်ဆိုတာ ဘယ်သူမှ သေချာမသိသော်လည်း အများစုကတော့ ကော်စီကာကျွန်းစု၊ မြေထဲပင်လယ်အရှေ့ပိုင်းကမ်းခြေက မြောက်များလှတဲ့ ရေအောက်လိုဏ်ဂူတွေထဲမှာ ရှိမယ်လို့ ယုံကြည်ကြပါတယ်။ ပြီးတော့ အဲဒီရတနာတွေရဲ့ စုစုပေါင်းတန်ဖိုးဟာ ရှေးခေတ် တန်ဖိုးအတိုင်းတွက်ရင် အနည်းဆုံး ပေါင်သန်း ၂၀ လောက်ရှိလိမ့်မယ်လို့ ယုံကြည်ကြပါတယ်။

ဗြိတိန်စုံစမ်းစစ်ဆေးသူတွေဟာ ဓာတ်ပုံနောက်ခံမှာပါတဲ့ အမှတ်အသားတွေအတိုင်း ဂျာမန်စစ်သားတွေရဲ့ မိဘတွေနဲ့အတူ လိုက်ခံရှာဖွေခဲ့တယ်လို့ အခိုင်အမာပြောဆိုခဲ့ကြပါတယ်။ သူတို့တတွေဟာ ရွမ်းမဲလ်ရဲ့ ရတနာသိုက်ကို ခေါ်ဆောင်သွားနိုင်လိမ့်မယ်လို့လည်း ထင်ကြပါတယ်။ ဘက်စတီယာဆိပ်ကမ်း၊ ကော်ဆီကန်ကနေ မိုင်အနည်းငယ်ဝေးတဲ့ မာရာနာကမ်းခြေဘက်ဆီမှာ ရှိလိမ့်မယ်လို့လည်း ပြောဆိုခဲ့ကြပါတယ်။

ဒီဒဏ္ဍာရီဆန်ဆန်ဖြစ်ရပ် ကတော့ အနှစ် ၇၀ ကျော်ဖြေရှင်း လာခဲ့ကြတာ တနေ့နေ့မှာ ရှာဖွေတွေ့လိမ့်မလားဆိုတာ ကတော့….
၃။ ကမ္ဘာ့အံ့ဖွယ်ရှစ်ပါးအဖြစ်ပြောဆိုနေကြတဲ့ ရုရှား ပယင်းရောင်အခန်း( Amber Room) ဟာ အခိုးခံခဲ့ရပြီး နာဇီတွေဆီမှာ ထုတ်ဖော်ပြသခဲ့ပါတယ်။ ဒါပေမယ့် ခုချိန်မှာ ဘယ်ရောက်သွားလည်းဆိုတာ ရှာဖွေမတွေ့တော့ပါဘူး။

ကမ္ဘာ့အံ့ဖွယ်ရှစ်ပါးမှာ တစ်ခုအပါအဝင်လို့ ဆိုကြတဲ့ Amber Room ဟာ စိန့်ပီတာစဘတ်အနီးက Tsarskoye Selo က ကက်သရင်းရဲတိုက်မှာ ဒဏ္ဍာရီလို တည်ရှိနေခဲ့တာပါ။ ၁၈ ရာစုက ပရပ်ရှားတွေ တည်ဆောက်ခဲ့ပြီး အခန်းတစ်ခုလုံး ပယင်းရောင်ကျောက်တုံးတွေနောက်ခံမှာ ရွှေနဲ့ မှန်သားခံပြီး မွမ်းမံခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်ကြီးအတွင်း USSR ရဲ့ ဂျာမန်တွေ ကျူးကျော် ဝင်ရောက် ဖျက်ဆီးခြင်းနောက်ကွယ်မှာ ဂျာမန် စစ်ခေါင်းဆောင်တွေဟာ ပြတိုက်တာဝန်ခံတွေကို အနုပညာပစ္စည်းတွေကို စိန့်ပီတာစဘတ်ကနေ လီနင်ဂရက်ကို ပြောင်းရွှေ့ဖို့ မေးမြန်းခဲ့ပါတယ်။ ပယင်းရောင်အခန်းကိုတော့ သိမ်းခိုင်းပါတယ်။ ခြောက်ကပ်သွားတဲ့ အခန်းထဲက လက်ကျန်မှတ်တမ်းတွေအရ သူတို့ဟာ အခန်းကို တစ်စစီဖြစ်အောင် ခွဲခြမ်းကြပါတယ်။ ပြီးတော့ ရဲတိုက်ရဲ့ ရှေ့ဘက်မှာပဲ အရှေ့ပရပ်ရှားက Königsberg ဆီကို သယ်ဆောင်ဖို့ လုပ်နေကြပါသေးတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၁၉၄၅ ခုနှစ်မှာတော့ ဟစ်တလာဟာ မြို့ကနေ အမွေအနှစ်တွေအားလုံးကို Königsberg က ခေါင်းဆောင်ဖြစ်တဲ့ Erich Koch ကို ပယင်းရောင်အခန်းကို ခွဲခြမ်းခြင်း မပြုလုပ်ခင်မှာ ပို့ဆောင်ပေးပြီးမှာ ဆုတ်ခွာဖို့ အမိန့်ပေးပါတယ်။ အဲဒါအပြင် တပ်နီတော်က ၁၉၄၅၊ ဧပြီမှာ လုံးဝဥဿုံ အဖျက်ဆီးခံခဲ့ရသလို ၁၉၄၅ ခုနှစ် သြဂုတ်လမှာ RAF တွေ အပြင်းအထန်ဗုံးကြဲတိုက်ခိုက်မှုတွေကို Königsberg အနေနဲ့ ကြံ့ကြံ့ခံခဲ့ရပါတယ်။ ဒီတော့ ပယင်းရောင်အခန်းဟာလည်း ပျက်စီးသွားခဲ့ပြီလို့ ကောက်ချက်ဆွဲကြပါတယ်။

ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးအပြီး ပယင်းရောင်အခန်းနဲ့ပတ်သတ်တဲ့ အမျိုးမျိုးသော လူတွေရဲ့ မှတ်တမ်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ၁၉၄၅ ဇန်နဝါရီမှာ ဂျာမန်ခရီးသည်တင်သင်္ဘော Wilhelm Gustloff နဲ့ အခန်းတစ်ခုလုံးကို တင်ဆောင်သွားခဲ့တယ်လို့ မျက်မြင်သက်သေအများကြီးက အခိုင်အမာပြောဆိုခဲ့ကြပါတယ်။

အဲလိုတွေ ဆိုခဲ့ပေမယ့် ၂၀၀၄ ခုနှစ်မှာ ဗြိတိန်စုံစမ်းရေး သတင်းထောက်နှစ်ယောက်က ပယင်းရောင်အခန်းဟာ Königsberg ရဲတိုက်ကို ဗုံးကြဲတိုက်ခံရစဉ်မှာ ပျက်စီးခဲ့တယ်လို့ သက်သေအခိုင်အမာမရှိပေမယ့်လည်း သတ်မှတ်ခဲ့ကြပါတယ်။ စိတ်ဝင်စားစရာကောင်းစွာပဲ ဆိုဗီယက်အစိုးရအဖွဲ့ဟာ Tsarskoye Selo မှာ ပယင်းရောင်အခန်းကို ပြန်လည် တည်ဆောက်ဖို့ တိုက်တွန်းခဲ့ပါတယ်။ အခုချိန်မှာ ကြည့်ရှုနိုင်နေပြီဖြစ်ပြီး ဆောက်လုပ်ပြီးစီးဖို့ ၂၄ နှစ် အချိန်ယူခဲ့ရပါတယ်။ ဘာလင်အနီးက Kleinmachnow မှာလည်း ပယင်းရောင်အခန်း တစ်ခုလည်း တည်ရှိနေပါသေးတယ်
၎။ အော့ဇ်ဝစ်က ဗြိတိန်စစ်သား ၁၇ ဦးရဲ့ စာရင်း။ သူတို့ဟာ စစ်သုံ့ပန်းတွေလား၊ SS တွေရဲ့ သူလျှိုတွေလားဆိုတာ မသဲ ကွဲသေးပါဘူး။ ဒီဒဏ္ဍာရီလို ဇာတ်လမ်းကတော့ ကမ္ဘာစစ် ကြီးပြီးလို့ နှစ် ၆၀ ကျော်အကြာ၊ ၂၀၀၉ ခုနှစ်ကမှ အော့ဇ်ဝစ် အကျဉ်းစခန်းကို တူးဖော်ရင်း စစ်သုံ့ပန်းတွေလို့ ယုံကြည်ရတဲ့ ဗြိတိန်စစ်သား ၁၇ ဦးရဲ့ စာရင်းကို ရှာဖွေ တွေ့ရှိခဲ့တာပါ။

Osborne၊ Lawrence နဲ့ Gardiner လို့ မိသားစုအမည်ပါတဲ့ စာရင်းမှာ ရှစ်ယောက်ကို စစ်ဆေးအတည်ပြုနိုင်ခဲ့ပါတယ်။ တချို့ကတော့ ဒီရှစ်ယောက်ဟာ အခြား ဗြိတိန်စစ်သားတွေနဲ့ E715 အကျဉ်းစခန်းကနေ လွတ်မြောက်ခဲ့တယ်လို့ ယုံကြည် ခဲ့ကြပါတယ်။ ကျန်တဲ့သူတွေကတော့ မလွတ်မြောက်ခဲ့ဘူးပေါ့။

ဂျာမန်စကားလုံး အဲဒီနောက်ကတည်းက၊ ဘယ်တော့မှ နဲ့ အခု ဆိုတာတွေလည်း စာရင်းမှာ ပေါ်ထွက်လာခဲ့ပါတယ်။ ဒီတော့ နောက်ဆုံး ကောက်ချက်တွေမှာ ဒီလူတွေအနေနဲ့ ဒုတိယ ကမ္ဘာစစ်အတွင်းမှာ နာဇီနဲ့ ဝန်ရိုးစွန်းအင်အားကြီးနိုင်ငံတွေ ဘက်ကနေ မဟာမိတ်တွေကို တိုက်ခိုက်ခဲ့တဲ့ ဗြိတိန် SS အဖွဲ့ဝင်တွေလို့ ပြောဆိုခဲ့ကြတာမျိုးတွေထိ ရှိခဲ့ပါတယ်။

သီအိုရီတွေနဲ့ ကောက်ချက်ဆွဲ သက်သေမပြနိုင်ခဲ့ပေမယ့် လူစာရင်းမှာ ပါရှိတဲ့ လျှို့ဝှက်ချက်တွေ တကယ်ပဲ မှန်တယ်၊ မမှန်ဘူးဆိုတာကတော့……
၅။ ပုလဲဆိပ်ကမ်းကာကွယ်ရေးအတွက် သုံးတဲ့ ယူအက်စ် လေယာဉ် တစ်စီးဟာ ယူအက်စ်ပိုင်မြေပေါ်မှာ ဆင်းသက်စဉ် ပျက်ကျမှုဖြစ်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့် တစ်နှစ်ကြာတဲ့အထိ လေယာဉ်မှူးရဲ့အစအနကိုတောင် ရှာမတွေ့ခဲ့ပါဘူး။
ဒုတိယကမ္ဘာစစ်အတွင်းက လူပြောများလှတဲ့ Ghost Planes တွေအကြောင်းရှိခဲ့ပါတယ်။ ဒါပေမယ့် အတော်ခွကျပြီး သို့လောသို့လောဖြစ်ရတဲ့ ကိစ္စကတော့ P – 40 တိုက်လေယာဉ်တွေဟာ ပြောဆိုချက်တွေအရ ပုလဲ ဆိပ်ကမ်းတိုက်ခိုက်ခံရပြီး တစ်နှစ်ပြည့်တဲ့နောက် ယူအက်စ်မြေကို ပြန်လာခဲ့ကြတယ်လို့ ဆိုပါတယ်။

၁၉၄၂ ခုနှစ် ဒီဇင်ဘာ ၈ ရက်နေ့က ယူအက်စ်ရေဒါမှာ မရေမတွက်နိုင်တဲ့ လေယာဉ်ပျံတွေဟာ ဂျပန်ကနေ အမေရိကန်မြေဆီကို ဦးတည်ပြီး ဝန်ရိုးစွန်းအင်အား ကြီးနိုင်ငံတွေကနေ လမ်းလွှဲလို့ ဒါမှမဟုတ် တိုက်စစ်ပုံစံအသစ်အနေနဲ့ ကြောက်စရာကောင်းလောက်အောင် ပျံသန်းလာတာကို ဖမ်းမိခဲ့ပါတယ်။ ဘာတွေဖြစ်နေလဲဆိုတာကို သတ်မှတ် ချက်နိုင်ဖို့အတွက် တိုက်လေယာဉ်နှစ်စင်းဟာ UFO တွေနဲ့အတူ ယှဉ်တွဲပျံသန်းခဲ့ပြီး လွန်ခဲ့တဲ့ နှစ်ကတည်းက ပုလဲဆိပ်ကမ်းကာကွယ်ရေးအတွက် P- 40 တိုက်လေယာဉ်ကို အသုံးမပြုခဲ့ဘူးလို့ အစီရင်ခံခဲ့ပါတယ်။

ဘယ်လောက်အထိ ကို့ရိုးကားယားနိုင်တဲ့ အဖြစ်အပျက်လည်း ဆိုတော့ လေယာဉ်မြေပေါ်ဆင်းသက်စဉ်မှာ ဘီးက လုံးဝ ထုတ် လို့မရ၊ လေယာဉ်ရဲ့ဘေးဘက်မှာ ကျည်ဆံပေါက်ရာတွေ၊ လေယာဉ်မှူးကလည်း သွေးအလိမ်းလိမ်းနဲ့ လေယာဉ်ဦးပိုင်းက အောက်စိုက်ထိုးကျခဲ့တာ။ လေယာဉ်မှူးကတော့ မြေကြီးပေါ် လေယာဉ်ဦးစိုက်ကျပြီး မြေကြီးနဲ့ မတိုက်ခင်မှာပျံထွက်သွား ခဲ့တယ်။

အပျက်အစီးတွေကို စစ်ဆေးကြည့်တဲ့အခါမှာ လေယာဉ်မှူး တစ်ယောက်ယောက်ရဲ့ အရိပ်အယောင်ကို ခြေရာခံလို့ မရခဲ့ပါဘူး။ မှတ်တမ်းတွေကတော့ လေယာဉ်ပျံဟာ ပစိဖိတ်သမုဒ္ဒရာထဲက မိုင် ၁၃၀၀ လောက်ဝေးတဲ့ မိုင်ဒါနာအိုကျွန်းစုဘက်ကနေ လာတယ်လို့ ဆိုပါတယ်။

ပုလဲဆိပ်ကမ်းကို တိုက်ခိုက်ပြီး ကျွန်းစုပေါ်ကို လေယာဉ်မှူးဟာ ပျက်ကျခဲ့တယ်ဆိုရင် သူဟာ တစ်နှစ်လုံးလုံး ဘယ်လိုရှင်သန်နိုင်ပါ့မလဲ။ မြေပေါ်ဆင်းဖို့ ဘီးချလို့မရဘဲ လေယာဉ်ကို ဘယ်လို မြေပေါ်ရောက်မလဲ။ ဘာကြောင့် သူ့တစ်ကိုယ်လုံး သွေးအလိမ်းလိမ်းဖြစ်နေရတာလဲ။ ပြီးတော့ သူ့တစ်ကိုယ်လုံး ဘာဖြစ်သွားသလဲ။

တော်တော့်ကို ခွကျတဲ့ကိစ္စပါပဲ။ မဟုတ်ပေဘူးလား
၆။ ဟစ်တလာကို ယုံကြည်အားထားတဲ့ သူတွေရဲ့ ဒဏ္ဍာရီ ဆန် ဆန် Blutfahne လို့ခေါ်တဲ့ နာဇီသွေးနဲ့ ပြုလုပ်ထားတဲ့ အလံတော်ဟာ ဘာဖြစ်သွားလဲဆိုတာကို ဘယ်သူမှတိတိကျကျ မသိကြပါဘူး။

တကယ်ကို ထင်ရှားလူသိများလှပြီး အလေးအမြတ်ထားကြတဲ့ နာဇီတွေရဲ့ အလံတော် Blutfahne ကိစ္စကလည်း အငြင်းပွား မှုတွေ ရှိပေမယ့် ဘာတွေဖြစ်လာခဲ့လဲဆိုတာကတော့ စိတ်ဝင်စားစရာ ကိစ္စတစ်ခု ပါပဲ။

နာဇီတွေရဲ့ အမှတ်တံဆိပ်ဖြစ်လာခဲ့တဲ့ စကြာတံဆိပ် အလံတော်ဟာ ဟစ်တလာကိုယ်တိုင် ပုံစံရေးဆွဲခဲ့တာလို့ ဆိုပါတယ်။ ၁၉၂၃ ခုနှစ် နိုဝင်ဘာက ဟစ်တလာ တက်ရောက်ခဲ့တဲ့ မြူးနစ်၊ ဘီယာခန်းမမှာ အင်အားသုံးပြီး အစိုးရကို ဖြုတ်ချဖို့ ကြိုးပမ်းရာမှာ အလယ်မှာ အမှတ်တံဆိပ်ပါတဲ့ အဖြူရောင်အလံဟာ သွေးစွန်းခဲ့ပြီး သယ်ဆောင် လာခဲ့ပါတယ်။ အဲဒီအလံကို လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ပဋိပက္ခ ဖြစ်နေစဉ်အတွင်း နာဇီသွေး မြေပေါ် မကျခင် SA (ရှပ်ညိုဝတ်တွေ) က သယ်ဆောင်ခဲ့ကြ တာကို မြူးနစ်ရဲတွေက တားဆီးကာ အလံကို မြေပေါ်ချစေခဲ့ပါတယ်။

Blutfahne အလံတော်ဖြစ်ရပ်မှာ လူအများစုပြောနေကျ အဆိုအရ တော့ ဒဏ်ရာတွေနဲ့ အလံတော်ကို သယ်ဆောင်လာသူ Heinrich Trambauer ဟာ သွေးစွန်းနေတဲ့အလံတော်ကို ကိုင်ပြီး သူ့မိတ်ဆွေ အိမ်ဆီ အပြေးသွားခဲ့ပါတယ်။ ပြီးတော့ အလံတော်ကို သူ့ဂျက်ကက် ထဲမှာ ဝှက်ထားခဲ့ပါတယ်။ အဲဒီနောက် ဟစ်တာလာကို အလံပြန် ပေးပြီးပြီလို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။ အခုအချိန် မှာတော့ ဒီဇိုင်းပုံစံ အသစ် ကို Landsberg အကျဉ်းထောင်က လွတ်မြောက်ပြီးတဲ့ နောက်မှာ ဘီယာခန်းမ အာဏာသိမ်းမှုမှာ သေဆုံးခဲ့တဲ့ နာဇီ ၁၆ ဦးရဲ့ အထိမ်းအမှတ် ငွေရောင်လက်ပုံတွေ ထည့်သွင်းပြီး တွဲချိတ်ပုံဖော် ထားခဲ့ပါတယ်။

အလံတော်ဟာ ၁၉၂၃ ခုနှစ် နိုဝင်ဘာက သယ်ဆောင်ခဲ့တဲ့ တစ်ခုနဲ့ ပုံစံမတူ တမူထူးပြီး ခြောက်ကပ်နေတဲ့ သွေးစွန်းတွေနဲ့ အရောင်မရှိတဲ့ ပုံစံပါ။ ဒါဟာ Blutfahne အလံတော် မွေးဖွားလာခြင်း အကြောင်းရင်း ရဲ့ လူပြောသူပြောများတဲ့ အကြောင်းပါ။ဟစ်တလာက Blutfahne ကို နုရင်ဘတ် နှစ်လည်လူထုစည်းဝေးပွဲမှာ လက်တစ်ဘက်က အလေးအမြတ် ထားတဲ့ စကြာတံဆိပ်ကို ကိုင်ဆောင်ပြီး ထုတ်ဖော် ပြသ ခဲ့ပါတယ်။ တခြားအချိန်တွေမှာတော့ အဲဒီအလံတော်ကို မြူးနစ်မှာရှိတဲ့ နာဇီပါတီဋ္ဌာနချုပ် Brown House မှာ ထိန်းသိမ်း ထားလိမ့်မယ်လို့ ဆိုကြပါတယ်။

၁၉၄၄ ခု အောက်တိုဘာတုန်းက Heinrich Himmler ရဲ့ Volkssturm အထိမ်းအမှတ်ပွဲတော်နောက်ဆုံး တွေ့မြင်ခဲ့ကြရပြီး Blutfahne ဟာ ဘာဆက်ဖြစ်တယ်ဆိုတာ မသိကြရတော့ပါဘူး။ မဟာမိတ်တွေကတော့ မြူးနစ်မြို့အဆက်မပြတ် ဗုံးကြဲခံရနေစဉ်မှာ သူတို့တွေ ဖျက်ဆီးပစ်ခဲ့ကြတယ်လို့ ယုံကြည်ကြပါတယ်။ ဒါပေမယ့် များစွာသော လူတွေဟာ နာဇီတွေရဲ့ အလေးမြတ်ထားစရာ အလံတော်ကို ပိုင်ဆိုင်တယ်လို့ ထုတ်ဖော်ပြောဆိုကြပြီးတဲ့ နောက်ပိုင်းမှာတော့ သူတို့တွေ လက်မခံကြတော့ပါဘူး။

ဒီကနေ့အချိန်အခါထိ Blutfahne အလံတော်ဟာ တနေရာရာမှာ ရှိနေသေးသလား
၇။ ဘာမြူဒါတြိဂံဒေသကို ဖြတ်သွားတဲ့ လေယာဉ်အမှတ် - ၁၉ မှာ ယာဉ်ပေါ်ပါတဲ့ လူ ၁၄ဦးနဲ့ အတူ ရှာဖွေ မတွေ့တော့ခြင်း
ဘာမြူဒါ တြိဂံဒေသက ဒဏ္ဍာရီဟာ ဒီကနေ့ထိ ရှိနေတုန်းပါပဲ။ ဖလော်ရီဒါအရှေ့ဘက်ကမ်းခြေအနီးမှာ လေယာဉ် ၁၉စီး အဖြစ်အပျက် နောက် နာမည်ကျော် ပျောက်ကွယ်သွားမှုတွေ အများကြီး ရှိခဲ့ပါတယ်။

စစ်ကြီး ပြီးဆုံးပြီး လအနည်းငယ်ကြာပြီဆိုပေမယ့် စစ်ဖြစ်နေဆဲ ၁၉၄၅၊ ဒီဇင်ဘာ ၅ ရက်နေ့မှာ နောက်ပိုင်းမှာ ယာဉ်အမှတ် ၁၉ အဖြစ် လူသိများခဲ့တဲ့ TBM Avenger Torpedo bombers ငါးဦး နှင့် သူတို့ကို ရှာဖွေဖို့ လွှတ်လိုက်တဲ့ Lauderdale, Florida က ယူအက်စ် ရေတပ်မှ လေကြောင်းပျံသန်းရေး ညွှန်ကြားသူတွေအားလုံးဟာလည်း ပျောက်ဆုံးသွားခဲ့ကြပါတယ်။ လေယာဉ်ပေါ်က လူ ၁၄ ဦးနဲ့အတူ သေဆုံးကုန်တယ်လို့ ယူဆခဲ့တဲ့ စုစုပေါင်း ၂၇ ဦး ပျောက်ဆုံးခဲ့တာပါ။

ရေတပ်ရဲ့ မူရင်း အစီရင်ခံစာမှာ တပ်ဖွဲ့ကို ခေါင်းဆောင်တဲ့ Lieutenant Charles Taylor ဟာ သူ့လက်အောက်ငယ်သားတွေကို ဦးဆောင်ရင်း ဓာတ်ဆီကုန်အထိ မောင်းနှင်ရင်းကနေ ပျောက်ဆုံး သွားတာ လို့ ဆိုပါတယ်။လက်အောက်က ဂျူနီယာပိုင်းလော့တွေဟာ သူတို့ ဘယ်နေရာကို ရောက်နေတယ်ဆိုတာ ပြောဆိုခဲ့ပြီး ဘာမြူဒါတြိဂံဒေကနေ ဖလော်ရီဒါကို ပြန်လှည့်ဖို့ အတင်းအကျပ် ပြောဆိုခဲ့ကြပေမယ့် တေလာက ငြင်းပယ်ခဲ့တယ်လို့ စွပ်စွဲခဲ့ကြ ပါတယ်။

နောက်ပိုင်းမှာ အမည်မသိတဲ့ ဖြစ်ရပ်တစ်ခုကြောင့် လို့ ဆုံးဖြတ်ခဲ့ ပါတယ်။ ရေတပ်စုံစမ်းစစ်ဆေးရေး အရာရှိတွေကတော့ ယာဉ်အမှတ် - ၁၉ ပျောက်ဆုံးမှုအတွက် အကြောင်းပြချက် တစုံတရာပေးဖို့ မတတ်နိုင်ခဲ့ကြပါဘူး။ အလောင်းတွေ၊ လေယာဉ်ရဲ့ အပိုင်းအစ တစ်ခုကို ရှာဖွေမတွေ့နိုင်တော့တဲ့နောက်တော့ ဘာမြူဒါတြိဂံဒေက ဒဏ္ဍာရီအဖြစ် ပြောဆိုခဲ့ကြပါတယ်။

သဘာဝလွန်ဖြစ်ရပ်ဆန်းသီအိုရီတွေအရတော့ ဒါဟာ ကမ္ဘာပေါ်က အင်အားကြီးအရာတစ်ခုခုက ယာဉ်အမှတ် ၁၉ ကို ဖျက်ဆီးပစ်ခဲ့ ကြတာလား လို့ အဖြေထုတ်ကြပါတယ်
၈။ အဒေါ့ဟစ်တလာအကြောင်းရိုက်ကူးထားတဲ့ ချာလီ ချက် ပလင်ရဲ့ The Great Dictator ဆိုတဲ့ ကမ္ဘာကျော်ရုပ်ရှင် ကားတစ်ကား ရှိခဲ့ပါတယ်။ ဒါမေယ့် ဒီရုပ်ရှင်ကားဟာ စစ်ကြီး အပြီးမှာ လုံးလုံး ပျောက်ဆုံးသွားခဲ့တယ်။

“The Führer Globe” or “The Columbus Globe for State and Industry Leaders” ဆိုတဲ့ ရုပ်ရှင်ကားဟာ သူ့အတွက် ဂုဏ်ပြုစရာတွေကို အပြည့်အဝမဖော်ကျူးနိုင်သော်လည်းပဲ နာဇီခေါင်းဆောင် အဒေါ့ဟစ်တလာအတွက် ရည်ရွယ်ပြီး ရိုက်ကူးထားတာပါ။

The Great Dictator ရုပ်ရှင်ကားမှာ ချာလီချက်ပလင်ဟာ လိုက်လျောညီထွေစွာ အာဏရှင်အဖြစ် ပါဝင်သရုပ်ဆောင် ထားတာပါ။ ဟစ်တလာဟာ အလွန်တရာကုန်ကျစရိတ် ကြီးမားတဲ့ သစ်သားနဲ့ပြုလုပ်ထားတဲ့ ကမ္ဘာလုံးပုံကြီးနှစ်ခုကို ကိုလံဘတ်စက်ရုံကို ပြုလုပ်ဖို့ စေခိုင်းခဲ့ပါတယ်။ ဒါပေမယ့် နယူးရိခ်ျ New Reich Chancellery မှာ ထိမ်းသိန်းထားတဲ့ တစ်ခုကိုတော့ မဟာမိတ်တွေ လုံးဝ ရှာမတွေ့ခဲ့ပါဘူး။

ဆိုဗီယက်တွေနဲ့ အမေရိကန်စစ်သားတွေ ပစ်ခတ်ထားလို့ ကျည်ဆန်ပေါက်တွေဖြစ်နေတဲ့ အခြားပုံတူနာဇီကမ္ဘာလုံးပုံဟာ တကယ်ရှိပါတယ်။ ဒါပေမယ့် ဟစ်တလာကမ္ဘာလုံးပုံ အခုချိန်မှာ ဘယ်ရောက်နေတယ်ဆိုတာ မသိရပါဘူး။

ဆိုဗီယက်ပြည်ထဲရေးဝန်ကြီး Lavrentiy Beria ဟာ တပ်နီတော်က ဘာလင်ကို သိမ်းပိုက်ပြီးတဲ့အခါတုန်းက ရိခ်ျပြည်နယ်အဓိပတိကို ဒီကိစ္စကို ပထမဆုံးစစ်ဆေးခဲ့ပါတယ်။ ဒါကြောင့် သူဟာ ကမ္ဘာလုံးပုံကို လူဗျန်ခါမှာ ရှိတဲ့ ကေဂျီဘီဋ္ဌာနချုပ်ကို ယူဆောင်သွားခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ အဲဒီမှာ ရှိတယ်/ မရှိဘူးဆိုတာ ကေဂျီဘီ(အခု FSB)က အတည်ပြုပြောဆိုခြင်းမရှိသလို ငြင်းလည်း မငြင်းခဲ့ပါဘူး။

စိတ်ဝင်စားစရာကောင်းတာက အမေရိကန်စစ်သားတွေဟာ ကမ္ဘာလုံးပုံကို ဟစ်တလားရဲ့ သိန်းငှက်ပုံအဆောက်အဦးရဲ့ အပျက်အစီးပုံတွေထဲမှာ ရှာဖွေတွေ့ရှိခဲ့ပေမယ့် The Führer Globe အနေနဲ့ အလွန်တရာ သေးငယ်လွန်းတယ်လို့ ယူဆခဲ့ကြပါတယ်။

အဲဒီကမ္ဘာလုံးပုံကို ၂၀၀၇ ခုနှစ်မှာ ပေါင် ၆၈၀၀၀ (ဒေါ်လာ တစ်သိန်း)နဲ့ ရောင်းခဲ့ပါတယ်။ ဒါပေမယ့်ဟစ်တလာ့ကမ္ဘာလုံးဟာ ဘာဖြစ်သွားတယ်ဆိုတာကို ဘယ်သူမှ မသိခဲ့ကြပါဘူး။
၉။ ဆွီဒင်လူမျိုး စီးပွားရေးသမား ရာအူးလ်ဝေါ်လန်ဘာ့ (Raoul Wallenberg) ဟာ ဘူဒါပက်က ဂျူးလူမျိုးတွေကို ကယ်တင်ခဲ့သူပါ။ ဒါပေမယ့် သူဟာ ၁၉၄၅ ခုနှစ်က ဆိုဗီယက်တွေရဲ့ အကျဉ်းချမှုခံခဲ့ရပြီး လုံးလုံး ပျောက်ကွယ်သွားခဲ့တယ်။

Raoul Gustaf Wallenberg ဟာ လူမျိုးတုန်းသတ်ဖြတ်မှု အတွင်း နာဇီတွေ သိမ်းပိုက်ထားတဲ့ ဟန်ဂေရီက ဂျူးလူမျိုး ခြောက်သောင်း ကျော် ကို ပတ်စ်ပို့အတု လုပ်ပေး၊ ပုန်းခို စရာနေရာ ထိုင်ခင်းတွေပေး ခဲ့ပြီး အစားအစာ၊ စွပ်ပြုတ်တွေ ကျွေးပြီး ငရဲခန်းထဲက သူတို့ကို ပြုစုစောင့်ရှောက် အကူ အညီတွေးပေး ကယ်တင်ခဲ့သူဖြစ်လို့ သူ့ကို ဒုတိယ ကမ္ဘာစစ်ရဲ့ လူသားချင်းစာနာကူညီသူ သူရဲကောင်း အဖြစ် သတ်မှတ် ခံခဲ့ ရပါတယ်။

ဆိုဗီယက်တွေ အရှေ့ဥရောပကို ပြန်လည်သိမ်းပိုက်နိုင်လာပြီး တတိုင်းပြည်ပြီး တတိုင်းပြည် လွတ်မြောက်လာစေတဲ့အခါ အဆိုပါ ဆွီဒစ်စီးပွားရေးသမားဟာ သူလျှိုအဖြစ် မသင်္ကာမှုနဲ့ တပ်နီတော်က ဘူဒါပတ်ကို ပြန်လည်စုစည်းစဉ်အတွင်း အကျဉ်းချထားခံခဲ့ရပါတယ်။

၁၉၄၇ခုနှစ်၊ ဇူလိုင် ၁၇ ရက်နေ့မှာတော့ ဝေါ်လန်ဘာ့ဟာ ကေဂျီဘီရဲ့ လူဗျန်ခါ အကျဉ်းထောင်က သူ့အခန်းကလေးထဲမှာ သေဆုံးခဲ့ ပါတယ်။ ဒီအကြောင်းကို ဆိုဗီယက်တွေရဲ့ ရှင်းတမ်း စာရွက်စာတမ်း တွေ ထဲမှာ -

လူကြီးမင်းတို့ သိပြီးသား အကျဉ်းသား ဝေါ်လန်ဘာ့ဟာ အဲဒီ ညက သူ့အခန်းကျဉ်းလေးထဲမှာ ရုတ်တရက်သေဆုံးခဲ့ပါတယ်။ Heart attack ဒါမှမဟုတ် Heart Failure ဖြစ်နိုင်တယ်လို့ ခန့် မှန်းရပါတယ်။ လူကြီးမင်းတို့၏ ညွှန်ကြားချက်အတိုင်း ကျွန်တော်ဟာ ဝေါ်လန်ဘာ့ ကို ပြုစုစောင့်ရှောက်ခဲ့ပါတယ်။ သေဆုံးရခြင်းအကြောင်းရင်းကို ဖော်ထုတ်နိုင်ဖို့ အလောင်းကို ခွဲစိတ်စစ်ဆေးကြည့်ဖို့လည်း အတည်ပြုချက် တောင်းခဲ့ပါတယ်။ ဝန်ကြီးတစ်ဦးကိုပါ ကျွန်တော် ကိုယ်တိုင် တောင်းဆိုခဲ့ပေမယ့် သေဆုံးသူရဲ့ ခန္ဓာကိုယ်ကို ခွဲစိတ် စစ်ဆေးခြင်း မပြုလုပ်ဘဲ သဂြိုလ်ဖို့ အမိန့်ပေးပြီးသား ဖြစ်ခဲ့ပါတယ်။

ဒီရှင်းပြချက်တွေကို မယုံကြည်သူတွေရှိနေတုန်းပါပဲ။ ပြီးတော့ ၁၉၉၁ ခုနှစ် ရုရှားအစိုးရက Vyacheslav Nikonov ကို ဝေါ်လန်ဘာ့ရဲ့ သေဆုံးမှုကို စုံစမ်းစစ်ဆေးဖို့ မေးမြန်းခဲ့ပါတယ်။ နောက်ဆုံး စုံစမ်း စစ်ဆေးမှု တွေအရ သူဟာ ၁၉၄၇ ခုနှစ်က လူဗျန်ခါ အကျဉ်းထောင် မှာ The Soviet secret services အဖွဲ့ရဲ့ မေးမြန်းစစ်ဆေးရင်း စီ-2 အဆိပ် (carbylamine-choline-chloride) နဲ့ လုပ်ကြံကွပ်မျက် ခဲ့လို့သာ အလောင်းကို မခွဲစိတ်မစစ်ဆေးပဲ သဂြိုလ်ခဲ့ပုံရတယ်လို့ ဆိုထားပါတယ်။

အဲဒီနှစ်တွေကတည်းက အခြားသော ကောလဟာလတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။ ၁၉၄၇ ခုနှစ်မှာ ဝေါ်လန်ဘာ့ဟာ သေနတ်နဲ့ အပစ်ခံခဲ့ရတယ်။ ဒါက အဆိပ်မိခဲ့တယ်ဆိုတာရဲ့ တခြားအဓိပ္ပါယ် အနေနဲ့ပါ။ ဒါမှမဟုတ် သူဟာ သေအောင် အရိုက်ခံခဲ့ရတယ် ဆိုတာမျိုးတွေပါ။ လူပြောများတာကတော့ ၁၉၈၇ ခုနှစ်အထိ ဝေါ်လန်ဘာ့နဲ့ စကားပြောခဲ့ရတဲ့ အခြားသော အကျဉ်းသားတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ တချို့ကလည်း သူဟာ အစောပိုင်းကာလ တွေမှာ လုပ်ကြံမခံခဲ့ရဘဲ နှစ်ပေါင်း ၄၀ ကျော်ကြာ အကျဉ်းချထား ခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီဖြေရှင်းချက်တွေအားလုံးမှာ ဘာကြောင့် သူ ဒီလို ထောင်သွင်း အကျဉ်းချ ခံရတယ် ဒါမှမဟုတ် အသတ်ခံရတယ်ဆိုတာကို ဖြေရှင်းချက်အနေနဲ့ မပါဝင်သေးပါဘူး။ ဒါပေမယ့် ယူအက်စ် စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ ထုတ်ဖော်ပြောဆိုချက်တွေအရ သူဟာ တိုင်းပြည်အတွက် အန္တရာယ်ရှိသူလို့ ထည့်သွင်းခံရပြီး အသတ်ခံလိုက် ရတာမျိုးဖြစ်ပုံရပါတယ်။ တကယ့်ကို ထူးဆန်းတဲ့ အဖြစ်မျိုးပါပဲ
၁၀။ Foo Fighters တွေဟာ ဥရောပနဲ့ ပစိဖိတ်ဝေဟင်ကို ဖြတ် ကျော်ခဲ့တဲ့ UFOs တွေလို့ ယုံကြည်ခဲ့ကြတယ်။ ဒါပေမယ့် ဒီကိစ္စကို တော့ ဖြေရှင်းချက်တစုံတရာ မတွေ့မိသေးပါဘူး။

လူအများစုဟာ Foo Fighters ဆိုတာကို Nirvana အဖွဲ့က Drum သမား ဒေ့ဂရောဟ်လ် (Dave Grohl) တည်ထောင်ခဲ့တဲ့ Seattle rock band ကို သိကြသလိုပဲ နေပါလိမ့်မယ်။ ဒါပေမယ့် ဒီအသုံးအနှုန်းဟာ ဒုတိယကမ္ဘာစစ်အတွင်းက မဟာမိတ်တွေရဲ့ လေတပ် ပိုင်းလော့တွေ က အမျိုးအမည်မသတ်မှတ်နိုင်တဲ့ ယာဉ်ပျံတွေ (UFOs – Unidentified Flying Objects) အဖြစ် စတင်အမည်ပေးခဲ့ကြတာပါ။

အစဆုံးကတော့ စစ်ကြီးအတွင်း US 415th အမျိုးအစား ညတိုက်ခိုက် ရေးလေတပ်ဖွဲ့ဟာ မြင်တွေ့ရတဲ့ UFOs တွေ အားလုံးကို Foo fighter အဖြစ် သတ်မှတ်ခဲ့ကြတာပါ။ အဲဒီ နိုဝင်ဘာ၊ ၁၉၄၄ ခုနှစ်က စပြီးတော့မှ စစ်တပ်သုံးစကားဖြစ်လာခဲ့တယ်။ နောက်ပြီး ဥရောပနဲ့ ပစိဖိတ်စစ်မြေပြင်မှာ ကျန်ရစ်ခဲ့တဲ့ UFOs တွေကို ညွှန်းရင်းကမှ ဒီအသုံးအနှုန်းဟာ အထက်က ပုံမှာဖော်ပြထားတဲ့ ထူးဆန်းတဲ့ ယာဉ်ပျံ တွေလို ကောင်းကင်ယံမှာ ဆန်းကြယ်တဲ့ သဘာဝ ဖြစ်စဉ် တွေကို အမည်ပေးခဲ့ကြတာပါ။

အနောက်အင်အားကြီးအဖွဲ့က စစ်တပ်ပြောရေးဆိုခွင့် ရှိသူတစ်ဦး ကတော့ Foo Fighters တွေဟာ မဟာမိတ်တွေ တပ်စွဲထာတဲ့ အနီးမှာ ပေါက်ကွဲအောင်ပြုလုပ်မယ့် ကောင်တွေ၊ သူတို့တွေကို လာရောက် ထောက်လှမ်းတဲ့ အရာတွေအဖြစ် အသုံးပြုတဲ့ နာဇီတွေ ရဲ့ လျှို့ဝှက်လက်နက်တွေလို့ ထုတ်ဖော်ပြောဆိုပါတယ်။ ဒါပေမယ့် လည်း ၁၉၅၃၊ ဇန်နဝါရီမှာ ဒီ UFOs တွေဟာ ဘာရယ်လို့ တိတိကျကျ သတ်မှတ်နိုင်ဖို့ ရောဘတ်ဆန် ပန်နယ် Robertson Panel လို့ ခေါ်တဲ့ သိပ္ပံပညာဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခဲ့ပြီး စုံစမ်းဖော်ထုတ်နိုင်မှုတွေမှာ ကောက်ချက်တစုံတရာ မပေးနိုင်ခဲ့ဘဲ အဆုံးသတ်ခဲ့ရပါတယ်။

ဖြစ်နိုင်ခြေတစ်ခုကတော့ St Elmo’ Fire လို့ခေါ်တဲ့ လေထုထဲက လျှပ်စစ်စက်ကွင်းတွေ ရာသီဥတုနဲ့ ဆိုင်တဲ့ သဘာဝဖြစ်ရပ်တွေနဲ့ အလင်းရောင်တန်းတွေရဲ့ လှုပ်ရှားမှု ဖြစ်စဉ်တွေလို့ သတ်မှတ်ခဲ့ ကြပါတယ်။ နောက်ထပ်သီအိုရီတစ်ခုအဆိုအရတော့ ဒါဟာ အလင်းတန်းတွေရဲ့ ရွေ့လျားမှုဟာ တောက်ပပြီး လုံးဝန်းတဲ့ သဏ္ဍာန် ရှိတဲ့ မိုးကြိုးအလင်းတန်းတွေ လေထုထဲမှာ ဖြစ်ပေါ်နေတာလို့ ဆိုပါတယ်။

စာရေးဆရာ Renato Vesco ကတော့ ဒါတွေဟာ နာဇီတွေရဲ့ လျှို့ဝှက်လက်နက်တွေပဲလို့ ယုံကြည်နေဆဲပါပဲ။ သို့သော်လည်း Foo Fighter တွေဟာ Feuerball လို့ ခေါ်တဲ့ ဂျက်ရဲ့ ပေါက်ကွဲအားနဲ့ မြေပြင်ကနေ အလိုလျောက်ပစ်လွှတ်တဲ့ အရာတွေလို့ သက်သေ တစုံတရာ မပြနိုင်သော်လည်း အခိုင်အမာဆိုပါတယ်။

ဒီလို ဆိုခြင်းအားဖြင့်တော့ ဖြေရှင်းချက်တိတိကျကျ ပေးတယ်ရယ်လို့ မဆိုနိုင်ပါဘူး။
- မှတ်စုကြမ်းမှမျှဝေသည်။ # kyawnge

No comments:

Post a Comment