တ.က.သ၊ ဗ.က.သ ဥက္ကဌ ဦးရာရှစ် အတ္ထုပ္ပတ္တိ (၁၉၁၂ – ၁၉၇၈) ခုနှစ်
အတ္ထုပ္ပတ္တိ (၁၉၁၂ – ၁၉၇၈) ခုနှစ်
တ.က.သ၊ဗ.က.သ ဥက္ကဌ ဦးရာရှစ်(၁၉၁၂ – ၁၉၇၈) ခုနှစ်
အဖိုးဖြစ်သူ မစ္စတာ အဗ္ဗဒူဂဖူးရ်သည် အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲအပြီး အန္ဒိယနိုင်ငံ၊ အေလာဟာဘတ် မြို့မှ ရောက်ရှိလာခဲ့သည်။ ၁၈၉၅ ခုနှစ်ခန့်တွင် သားဖြစ်သူ မစ္စတာ အမ်အေရှကူးရ်ကို ရန်ကုန်မြို့သို့ ခေါ်ဆောင်လာခဲ့သည်။ (၁၈၉၈-၉၉) ခုနှစ်ခန့်တွင် အဟ်မဒ်ဘေဂမ်ဆိုသူနှင့် အိန္ဒိယတွင် အိမ်ထောင်ပြုခဲ့ သည်။ မိဘများသည် ဗြိတိသျှအင်ပါယာအတွင်းတွင် ထိုစဉ်က အိန္ဒိယရော မြန်မာပါဝင် နေသောကြောင့်၊ အိန္ဒိယနှင့် မြန်မာ ကုန်ကူးသွားလာ နေထိုင်ခဲ့သည်။ သားကြီး အမ်အေရအူးရ်ဖ်ကို မြန်မာ ပြည်သို့ ပြန်ရောက် စဉ် ၁၉၀၁ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ရာရှစ်ကို ၁၉၁၂ ခုနှစ်၊ နိုဝင်ဘာလ (၅)ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ အေလာ ဟာဘတ်မြို့၌ မွေးဖွားခဲ့သည်။ ၁၉၁၄ ခုနှစ်တွင် မောင်ရာရှစ်ကလေးသည် ရန်ကုန် မြို့သို့ အသက် (၂)နှစ်အရွယ်တွင် ရောက်ရှိခဲ့သည်။ သူ၏ဖခင်သည် ဒါဟိုဇီလမ်း (ယခု မဟာဗန္ဓုလ လမ်း) တွင် ဆိုင်ဖွင့်ခဲ့သည်။ မြန်မာပြည်သို့ ဓါတ်စက် ပထမဦးဆုံး တင်သွင်းရောင်းချခဲ့သူဖြစ်သည်။ ၁၉၃၁ ခုနှစ်တွင် တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေရေးဆွဲသော ကော်မတီတွင် ကိုရာရှစ် ပါဝင်ပြီး၊ သမဂ္ဂဖွဲ့စည်းပုံကို အောက်စဖို့ဒ်နှင့် ကိန်းဘရစ်ခ်ျ တက္ကသိုလ်သမဂ္ဂများ၏ ဖွဲ့စည်းပုံကို အခြေခံ၍ ရေးဆွဲခဲ့ကြသည်။ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂအဖြစ် ကိုကျော်ခင်၊ ဒုဥက္ကဌအဖြစ် ကိုဖိုးကူးနှင့် အတွင်းရေးမှူးအဖြစ် ကိုရာရှစ်တို့ကို ရွေးကောက် တင်မြှောက်ခဲ့သည်။ ၁၉၃၅-၃၆ ခုနှစ် ကျောင်းသား သမဂ္ဂတွင် ကိုနု ဥက္ကဌ၊ ကိုရာရှစ် ဒုဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၃၆ ခုနှစ် ဇွန်လတွင် ရွေးချယ်ခဲ့သော ကျောင်းသားသမဂ္ဂတွင် ဥက္ကဌအဖြစ် ကိုရာရှစ်၊ အတွင်းရေးမှူး ကိုအောင်ဆန်း တို့ကို ရွေးချယ်ခဲ့သည်။ တဆက်တည်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအသင်းမှာလည်း ဥက္ကဌ အဖြစ် ကိုရာရှစ်ကို တင်မြောက်ခဲ့သည်။ တက္ကသိုလ်ကောင်စီတွင်လည်း ပထမဆုံးသော ကျောင်းသား ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့သည်။ ၁၉၃၉ ခုနှစ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ မွတ်စလင်မ် လူငယ်များ ညီလာခံတွင် ကိုရာရှစ်ကို ဥက္ကဌ အဖြစ်လည်းကောင်း၊ ကိုဘရှင် (နောင်ဗိုလ်မှူးဗရှင်)ကို အတွင်းရေးမှူး အဖြစ် တင်မြောက်ခဲ့ကြသည်။ ၁၉၃၇ ခုနှစ်တွင် ရှေ့နေ အဖြစ် အသက်မွေးဝမ်းကြောင်း ပြုခဲ့သည်။
၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေရေးဆွဲရေး ကော်မတီတွင် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ (၁၉၅၂-၅၄) ခုနှစ်များတွင် ပြည်သူ့အိုးအိမ် ပြန်လည်ထူးထောင်ရေးနှင့် အလုပ်သမား ၀န်ကြီးအဖြစ် ဆောင်ရွက်ခဲ့သည်။ (၁၉၅၄-၅၆) ခုနှစ်များတွင် ကုန်သွယ်မှုတိုးတက်ရေးနှင့် အလုပ်သမား ၀န်ကြီးအဖြစ် ဆောင်ရွက်ခဲ့သည်။ (၁၉၅၆-၅၈) ခုနှစ်များတွင် သတ္တုဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် မန္တလေးတက္ကသိုလ်၏ ပထမဦးဆုံး အဓိပတိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ စီမံကိန်း ၀န်ကြီးအဖြစ်လည်း ဆောင်ရွက်ခဲ့သည်။
၁၉၆၀ ခုနှစ်မှစ၍ ၁၉၇၄ ခုနှစ်အထိ ဗမာမွတ်စလင်မ်အဖွဲ့ ဥက္ကဌ အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၆၀ခုနှစ်များတွင် ဦးနုသည် ဦးအာရှစ်အား မြန်မာနိုင်ငံလုံးဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် အဖြစ် စေလွှတ်ရန် ဆန္ဒရှိခဲ့သော်လည်း ဦးရာရှစ်က ငြင်းပယ်ခဲ့သည်။ ဦးသန့်ကို ရွေးချယ် စေလွှတ်ခဲ့သည်။ ၁၉၆၁ ခုနှစ်တွင် ကျင်းပသည့် အိုင်အယ်လ်အို ညီလာခံကြီးတွင် သဘာပတိအဖြစ် ရွေးချယ်တင်မြောက် ခံခဲ့ရသည်။ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ၀န်ကြီးချုပ်ဦးနု၏ အစိုးရအဖွဲ့ဝင် ၀န်ကြီးများနှင့်အတူ (၆)နှစ်ကြာ ထိန်းသိမ်းခံခဲ့ရသည်။ ၁၉၇၄ ခုနှစ်တွင် ဒုတိယအကြိမ် (၁၈)လကြာ ထိန်းသိမ်းခံခဲ့ရသည်။ ၁၉၇၈ ခုနှစ်တွင် ကမ္ဘာ့မွတ်စလင်မ် အဖွဲ့ချုပ်၏ မွတ်စလင်မ် လူနည်းစု ကော်မတီ ဥက္ကဌ အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၇၈ ခုနှစ်၊ ဧပြီလ (၂၁)ရက် သောကြာနေ့တွင် ဆီးကြိတ်ကင်ဆာရောဂါဖြင့် ပါကစ္စတန်နိုင်ငံ ကရာချီမြို့၌ ကွယ်လွန်ခဲ့သည်။ အုတ်ဂူတွင် ‘Raschid of Burma’ ဟု ဖေါ်ပြထားပါသည်။
ဦးခင်မောင်ချို (တရားလွှတ်တော်ရှေ့နေ) တင်ပြသည်။
No comments:
Post a Comment