Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, November 30, 2015

Facebook တွင် ပျံ့နှံ့နေသည့် အချုပ်သားများအား နှိပ်စက်နေသော မှတ်တမ်းများမှာ ကချင်ပြည်နယ် မိုးညှင်းအချုပ်ခန်းနှင့် ဆင်တူခြင်း၊ နာမည်များ တူညီနေခြင်းကြောင့် ခုံရုံးဖွဲ့ စစ်ဆေးနေ

Facebook တွင် ပျံ့နှံ့နေသည့် အချုပ်သားများအား နှိပ်စက်နေသော မှတ်တမ်းများမှာ ကချင်ပြည်နယ် မိုးညှင်းအချုပ်ခန်းနှင့် ဆင်တူခြင်း၊ နာမည်များ တူညီနေခြင်းကြောင့် ခုံရုံးဖွဲ့ စစ်ဆေးနေ

ဖေ့စ်ဘုတ်တွင် ပျံ့နှံ့ခဲ့သော ဗီဒီယိုဖိုင်
Facebook စာမျက်နှာပေါ်တွင် ပျံ့နှံ့နေသည့် အချုပ်သားများကို ညှဉ်းပန်းနှိပ်စက်နေသော ဗီဒီယိုဖိုင်နှင့် မှတ်တမ်းများမှာ ကချင်ပြည်နယ် မိုးညှင်းအချုပ်ခန်းနှင့် ဆင်တူခြင်း၊ ပါဝင်သည့် နာမည်များ တူညီနေသည့်အတွက် ခုံရုံးဖွဲ့ပြီး စစ်ဆေးနေကြောင်း ပြည်နယ်ရဲမှူးကြီး ချစ်ဦးက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ကချင်ပြည်နယ် ရဲမှူးကြီးချစ်ဦးက “အဲဒါနဲ့ ပတ်သက်ပြီး ပုံစံကြီး ၃၆ ဆိုပြီး ဖေ့စ်ဘွတ်မှာ ပလူပျံအောင် တက်လာတော့ ၀န်ကြီးချုပ်ရုံးကရော၊ ရဲချုပ်ရုံးကရော ဖြစ်စဉ်အမှန်ပေါ်ဖို့ စစ်ခိုင်းပါတယ်။ ဖားကန့်ရဲစခန်းကတော့ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က အနေအထားနဲ့လည်း မတူဘူး။ တန်းစီးခင်ဇော် ဆိုတာလည်း မရှိခဲ့ဘူး။ မိုးညှင်း အချုပ်ခန်းမှာတော့ ခင်ဇော်ဆိုတဲ့ နာမည်နှင့် ရှိခဲ့တယ်။ သစ်သားအခင်းနှင့် ဗီဒီယိုဖိုင်မှာ ပါတဲ့ဟာနဲ့ ဆင်နေတယ်။ အမိုးနှင့် မဆင်ဘူး။ ထုံးအဖွေးလေးတွေလည်း ဆင်နေတယ်။ ရဲချုပ်ရုံးကတော့ ဒါနဲ့ပတ်သက်ပြီး စုံခုံဖွဲ့ပါလို့ ညွှန်ကြားလို့ မနေ့က ဖွဲ့လိုက်ပါပြီ။ မိုးကောင်းက ရဲမှူးခင်ဇော်က ဥက္ကဋ္ဌပေါ့။ ဒုရဲမှူးနှစ်ဦးနှင့် ဒီဇင်ဘာ ၄ ရက်အပြီး စစ်ဆေးဖို့ ညွှန်ကြားထားတယ်။ သူတို့ရဲ့ သုံးသပ်ချက်ပေါ် မူတည်ပြီး မှန်သည်၊ မှားသည်၊ ဆင်သည်ဆိုတာ ပေါ်လာမှာပေါ့။ ပုံစံ ၃၆ ဆိုတာ ရဲလောကမှာ မရှိပါဘူး။ ကင်မရာတွေ ဘယ်လိုရိုက်တာကအစ စိစစ်ရတော့မှာပေါ့။ တန်းစီးခင်ဇော်ကတော့ မြစ်ကြီးနား အကျဉ်းထောင်မှာ ငါးနှစ်ကျနေတယ်။ ဖားကန့်တို့ မိုးညှင်း အကျဉ်းထောင်တွေမှာက အနည်းဆုံး လူနှစ်ရာနှင့် သုံးရာကြားမှာ ရှိနေတာကိုး။ သူ့ကိုလည်း စစ်ရမှာပေါ့။ အရေးယူတဲ့ အပိုင်းမှာတော့ အများကြီးပါ။ ထမင်းချိုင့်ပို့တာ၊ သစ်သီးပို့တာတောင်မှပဲ ခွဲပြီးစစ်တာပဲ။ ဒါကို တမင်ရိုက်တဲ့ သဘောတောင် ရှိတယ်။ ဗြုန်းတာ၊ ဗြင်းတာတွေကို ရိုက်နေတာ။ အဲဒီအချိန်မှာ တာဝန်ကျသူတွေကို သေချာစွာ စစ်ဆေးရမှာပေါ့။ အားလုံးပေါ်မှ ရဲချုပ်ကို အရေးယူသင့်ကြောင်း တင်ရမှာပါ။ ဟိုးလေးတစ်ကြော်ဖြစ်တော့ အရေးယူမှုတော့ ခံရမှာပါ” ဟု ဆိုသည်။

ယင်းအချုပ်သားများကို ညှဉ်းပန်းနှိပ်စက်နေသော ဗီဒီယိုဖိုင်သည် Facebook စာမျက်နှာပေါ်၌ နိုဝင်ဘာ ၂၀ ရက်တွင် ပျံ့နှံ့ခဲ့ကြောင်း သိရသည်။ ယင်းဗီဒီယိုဖိုင်တွင် တန်းစီးဟု ယူဆရသူ သုံးဦးက အချုပ်သား သုံးဦးကို လက်နှစ်ဖက် ခေါင်းပေါ်တင်၊ ဒူးကွေး ဖ၀ါးထောက်ကာ ပုံစံကြီး ၃၆ ဟုဆိုပြီး အချုပ်သားများရှေ့တွင် လုပ်ခိုင်းနေခြင်း ဖြစ်သည်။ ယင်းပုံစံ မလုပ်နိုင်သည့် အချုပ်သား တစ်ဦးကိုလည်း ပါးရိုက် ထိုးကြိတ်ခြင်း၊ ခြေဖြင့် ကန်ခြင်းတို့ ပြုလုပ်ခဲ့သည်ကိုလည်း တွေ့ရသည်။

ရဲစခန်းတွင် စခန်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ရဲဝန်ထမ်း တစ်ဦးက “ပုံစံ ဆိုတာကတော့ အချုပ်မှာ သုံးတယ်။ လူစစ်မယ် ခေါင်းငုံ့ပြီး ဆောင့်ကြောင့်ထိုင်ခိုင်းတယ်။ လက်ခေါင်းပေါ်တင်ပြီး ငုံ့နေရတယ်။ ၁၀ ယောက်တန်း၊ ငါးယောက်တန်း ထိုင်ရတယ်။ တန်းစီးဆိုတာ အချုပ်သား ခေါင်းဆောင်ပေါ့။ ထမင်းစား၊ သန့်ရှင်းရေး၊ အိမ်သာဆေး သူက ခိုင်းရတာပေါ့။ ဥပဒေအရ လုပ်တာ မဟုတ်ပါဘူး။ ဒီလို အဓမ္မ စစ်ဆေးတာတွေက ၂၀၀၂-၀၃ ကတည်းက မလုပ်ဖို့ ညွှန်ကြားထားတာပါ။ နောက်ပိုင်းမှာ သက်သေပဲရှာပြီး ဖော်ထုတ်ရတာပါ” ဟု ဆိုသည်။

ယင်းဗီဒီယိုဖိုင်အား အစပိုင်းတွင် ဖားကန့်ရဲစခန်းဟု Facebook စာမျက်နှာပေါ်တွင် ရေးသားခဲ့ကြသော်လည်း ဖားကန့်ရဲ စခန်းက ယင်းဖြစ်ရပ်မှာ ယင်းရဲစခန်းမှ လုံးဝမဟုတ်ကြောင်း သတင်းမီဒီယာများသို့ ပြောကြားခဲ့သည်။
Writer: 
ထွန်းလင်းအောင် (မြစ်ကြီးနား)
Eleven Media Group news

No comments:

Post a Comment