Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, November 26, 2015

ကရူးဆိတ်စစ်ပွဲ၊ အပိုင်း (၃)

ကရူးဆိတ်စစ်ပွဲ
*******************
အပိုင်း (၃)
။။။။။။။။။။။။။။။

ခေါင်းဆောင်လေးယောက်ပေါ်ထွန်းခြင်းနဲ့ အတူ မွတ်စလင်ကမ္ဘာတဖန်ပြန်လည်နိုးကြားခြင်း
---------------------------------------------------------------------------------------------------
ဆလဟ် အလ်-ဒီးန်၏သရုပ်ဖော်ပန်းချီပုံ

အပိုင်း (၁) နဲ့ (၂)မှာတော့ မြင့်မြတ်တဲ့နယ်မြေတော်ယေရုဆလင်အပါအ၀င်မွတ်စလင်တွေရဲ့ နယ်မြေတွေကို ဥရောပသား ကရူးဆိတ်တွေ ရက်စက်ကြမ်းကြုတ်စွာသိမ်းပိုက်ခဲ့တာကိုဖတ်ပြီးပြီထင်ပါတယ်။ ကရူးဆိတ်တွေဟာ မွတ်စလင်တွေရဲ့  နယ်မြေ၊ အသက်၊ အိုးအိမ်၊ စည်းစိမ်ကိုသာမကပဲ ယဉ်ကျေးမှု၊ တီထွင်မှုနဲ့ ပညာအမွေအနှစ်တွေကိုပါ ဖျက်ဆီးခဲ့တဲ့အပြင် တိုင်းတပါးကိုအဓမ္မသယ်ဆောင်တာမျိုးလုပ်ခဲ့တယ်။ အပိုင်း (၃)ကိုဆက်လက်ဖတ်ရှုပေးကြဖို့ မျှော်လင့်ပါတယ်။

ကရူးဆိတ်တွေရဲ့ ကျူးကျော်သိမ်းပိုက်ခံမြေတွေကိုပြန်လည်သိမ်းယူနိုင်ဖို့ ကနဦးဆုံးပြန်လည်ကြိုးစားခဲ့တဲ့ မွတ်စလင်တွေရဲ့ အဖြစ်ကတော့ စိတ်မကောင်းစရာပါ။ ပထမဆုံးအနေနဲ့ ဘဂ္ဂဒက်မြို့ ကအရည်အချင်းသိပ်မပြည့်ဝတဲ့ ခလစ်ဖ်တစ်ယောက်က ဦးဆောင်ပြီး မြင့်မြတ်တဲ့နယ်မြေတော်ကို ကျူးကျော်သူကရူးဆိတ်တွေရဲ့ လက်ထဲကနေ တဖန်ပြန်လည်သိမ်းပိုက်ဖို့ အတွက် မွတ်စလင်ထုကိုတပ်လှန့် ခဲ့တယ်။ ဒါပေမယ့်လည်း ဆယ်ဂျက်အမိရ်တွေကတော့ မြို့  နီးနားချင်းတိုက်ခိုက်ရင်းနဲ့ အလုပ်ရှုပ်နေကြဆဲဖြစ်ပြီး အီဂျစ်က ရှီးယိုက်ဖာတီမစ်အင်ပါယာကလည်း စွန္နီဆယ်ဂျက်တွေဘက်ပေါင်းစုံက ဒုက္ခရောက်စေရေးအတွက် ကရူးဆိတ်တွေနဲ့ တောက်လျှောက်လိုလိုမဟာမိတ်ဖွဲ့ ခဲ့ကြတယ်။ မွတ်စလင်ကမ္ဘာမှာဒီလိုအခြေအနေမျိုးဖြစ်နေတဲ့အတွက် ကရူးဆိတ်စစ်တပ်ကြီးကို ပြန်ပြီးအန်တုဖို့ ဆိုတာ ရွှေပြည်တော်မျှော်တိုင်းဝေးနေဆဲပါ။ နောက်ဆုံးတော့လည်း မွတ်စလင်တွေနှလုံးသားချင်းပြန်လည်နီးကပ်လာကြပြီး စည်းလုံးညီညွတ်စွာနဲ့ ပဲကရူးဆိတ်တွေကို တတ်နိုင်တဲ့ဘက်ကပြန်လည်တွန်းလှန်လာကြတော့တယ်။

ကရူးဆိတ်စစ်တပ်ကိုပြန်လည်တွန်းလှန်ဖို့ အတွက် ပထမဆုံးအမိရ်ဖြစ်ခဲ့သူကတော့ အီမဒ် အလ်- ဒီန် ဇန်ဂီပါ။ သူကအောင်မြင်သူတစ်ယောက်လည်းဖြစ်ခဲ့တယ်။ အလ်- ဒီန်ဇန်ဂီက အစကတည်းက အလက်ပို (ဒီခေတ် ဆီရီးယား) နဲ့  မိုဆူးလ် (ဒီခေတ် အီရတ်) တို့ ရဲ့ အမိရ်တစ်ယောက်လည်းဖြစ်တယ်။ သူဟာလည်း အာဏာယစ်မူးနေတဲ့ တူရီကီအမိရ်တွေနဲ့ တချို့ ကိစ္စတွေမှာလုပ်ရပ်ခြင်း တော်တော်များများတူညီခဲ့ပေမယ့် မွတ်စလင်ခေါင်းဆောင်တစ်ယောက်မှာရှိသင့်ရှိထိုက်တဲ့အရည်အချင်းတွေနဲ့ အတော်အတန်ပြည့်စုံနေတယ်။ အရှုံးဒဏ်ခံနေရတဲ့ မွတ်စလင်ကမ္ဘာထဲမှာ အချိန်ကာလတော်တော်ကြာပြီးမှ ခေါင်းဆောင်တစ်ယောက် ပေါ်ထွန်းခဲ့တာကိုတွေ့ မြင်ရတယ်။ အဲဒီခေါင်းဆောင်ကလည်း ခြောက်ပစ်ကင်း သဲလဲစင်မဟုတ်ခဲ့ဘူး။ သူအပိုင်စားရထားတဲ့ နယ်မြေထဲမှာ အာဏာအရ စိတ်ကြိုက်နေနိုင်ပေမယ့် ရိုးရှင်းတဲ့ဘ၀ကိုရွေးချယ်ခဲ့ပြီး သူ့ ရဲစစ်တပ်ထဲက စစ်သားတွေနဲ့ လက်ရည်တပြင်ထဲဖြစ်အောင် ကျင့်သုံးနေထိုင်ခဲ့တာကတော့ အီမဒ် အလ်- ဒီန် ဇန်ဂီရဲ့ ထူးခြားတဲ့အရည်အချင်းထဲကတစ်ချက်လို့ ဆိုနိုင်တယ်။ ဇန်ဂီက ခြိုးခြံချွေတာတတ်သူတစ်ယောက်လည်းဖြစ်ပြီး ထိပ်တန်းမွတ်စလင်သမိုင်းပညာရှင်ကြီး အိဗ်နေ့ အဿိရ်ကတော့ “အီမဒ် အလ်- ဒီန် ဇန်ဂီကတော့ အဲဒီခေတ်အခါရဲ့ ဘုရားသခင်ချီးမြှင့်တဲ့ လက်ဆောင်မွန်” လို့ ရည်ညွှန်းအမွှမ်းတင်ခဲ့ပါတယ်။

စည်းကမ်းသေ၀ပ်ပြီး အထူးကြပ်မတ်လေ့ကျင့်ပေးထားတဲ့စစ်တပ်ကိုပိုင်ဆိုင်ထားတဲ့ ဇန်ဂီဟာ ၁၁၄၄ခုနှစ်မှာ အဒစ္စာမြို့ ကို ပထမဆုံးအဖြစ်စတင်သိမ်းပိုင်နိုင်ခဲ့ပြီး မွတ်စလင်တွေရဲ့ နယ်မြေကို ပြန်လည်ရယူခဲ့တယ်။ အဒစ္စာမြို့ ကတော့ ကရူးဆိတ်တွေစတင်ကျူးကျော်တဲ့အချိန် ဆီရီးယားနယ်မြေမှာပထမဆုံးအဖြစ် အခြေစိုက်စခန်းချခဲ့တဲ့မြို့ ပါ။ အခုတော့ ကြမ္မာရဟတ်တပတ်လည်ပြီး မွတ်စလင်တွေကိုယ့်နယ်မြေကိုယ်ပြန်ယူဖို့ နဲ့ မြင့်မြတ်တဲ့နယ်မြေတော်ကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ အတွက် ပထမဆုံးပြန်လည်အသုံးပြုတဲ့ အခြေစိုက်စခန်းမြို့ ဖြစ်လာပြန်တယ်။စစ်ရေးပရိယာယ်ကြွယ်ဝပြီး မျှော်လင့်ချက်အရမ်းကြီးမားတဲ့ ဇန်ဂီတစ်ယောက် သူ့ ရဲ့ မျှော်လင့်ချက်တွေကို စတင်အကောင်အထည်ဖော်နေတုန်း ၁၁၄၅ခုနှစ်မှာ ပြင်သစ်ကျွန်တစ်ယောက်ရဲ့  သတ်ဖြတ်ခြင်းကိုမမျှော်လင့်ပဲခံခဲ့လိုက်ရတယ်။ လုပ်ကြံမခံရခင်ကတည်းက ကိုယ့်ရဲ့ နယ်မြေကိုငြိမ်ဝပ်ပိပြားအောင်ထိန်းသိမ်းထားနိုင်ခဲ့တာကြောင့် သူကွယ်လွန်ပြီးနောက်မှာလည်း သူ့ ရဲ့ ပြည်သူပြည်သားတွေဟာ တကွဲတပြားဖြစ်မသွားခဲ့ဘူး။ ဇန်ဂီရဲ့ သားဖြစ်သူ နူးရ် အလ်- ဒီန် ဇန်ဂီကတော့ သူ့ ရဲ့  ဖခင်အရိုက်အရာကို ဆက်ခံခဲ့ပါတယ်။ သားဖြစ်သူ နူးရ် အလ်- ဒီန်ဇန်ဂီဟာလည်း ဖခင်ရဲ့ ခြေလှမ်းကို အမီလိုက်နိုင်ခဲ့ပြီး သူ့  ဖခင်ရဲ့ မျှော်လင့်ချက်တွေကိုဆက်လက်အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ သူ့ ရဲ့ ပထမဆုံးခြေလှမ်းအဖြစ် အန်းတီယိုးခ်ျမြို့ ကိုပြန်လည်တိုက်ခိုက်ခဲ့တယ်။ ဒါတင်မကသေးပဲ ဒမတ်စကပ်မြို့ ရဲ့ မြို့ စားအမိရ်နဲ့ မဟာမိတ်ဖွဲ့ နိုင်ခဲ့ပြီး ဆီရီးယားမြို့ ကြီးနှစ်မြို့ ဖြစ်တဲ့ အလက်ပိုနဲ့ ဒမတ်စကပ်ကို တသားတည်းဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့တယ်။

ဆယ်စုနှစ်အနည်းငယ်ကြာတဲ့အထိ သားဖြစ်သူ ဇန်ဂီလေးက ကရူးဆိတ်တွေသိမ်းပိုက်ထားတဲ့နယ်မြေတွေကိုပြန်လည် ရယူနိုင်ခဲ့ပေမယ့်လည်း သူ့ ရဲ့ အောင်မြင်မှုခြေလှမ်းကို ကြီးကြီးမားမားဆက်မလှမ်းနိုင်တော့ပါဘူး။ ဇန်ဂီလေးရဲ့ ခေတ်ကုန်သလောက်ဖြစ်သွားတော့ မွတ်စလင်တွေရဲ့ အောင်မြင်မှုကို ကြီးမားထည်ဝင့်စွာပြန်လည်ရယူပေးနိုင်ခဲ့တဲ့ ခေါင်းဆောင်ကြီး တစ်ပါးထပ်မံပေါ်ထွန်းလာခဲ့ပါတယ်။

သူကတော့ လူသိများထင်ရှားကျော်ကြားတဲ့ ကရူးဆိတ်စစ်ပွဲရဲ့ ဇာတ်လိုက်ကြီး ဆလဟ် အလ်-ဒီးန် (စူလတန် ဆွလာဟွဒ္ဒီးန် အိုက်ယူဘီ) ပါပဲ။

အဲဒီအချိန်မှာလည်း အီဂျစ်နိုင်ငံကတော့ ရှီးယိုက်ဖာတီမစ်တွေလက်အောက်မှာဆက်ရှိနေဆဲပါ။ ရှီးယိုက်တွေကတော့ သူတို့ ရဲ့ သမိုင်းဆိုးကိုရှေ့ ဆက်တဲ့အနေနဲ့ ကရူးဆိတ်စစ်သားတွေနဲ့ မဟာမိတ်ဖွဲ့ ပူးပေါင်းပြီးကျန်တဲ့မွတ်စလင်ကမ္ဘာရဲ့  ပျက်ဆီးရာပျက်ဆီးကြောင်းကို ဆက်လုပ်နေခဲ့တယ်။ ဖာတီမစ်တွေရဲ့ ကောက်ကျစ်ယုတ်မာမှုက သူတို့ ကိုပြန်လည်ဒဏ်ခတ်တဲ့အနေနဲ့ ပဲ ၁၁၆၀ပြည့်နှစ်မှာ ဖာတီမစ်အင်ပါယာအားပျော့လာတာနဲ့ အတူ ကရူးဆိတ်တွေကလည်း သူတို့ ရဲ့  မဟာမိတ်ဖြစ်မှုကိုသစ္စာဖောက်ပြီး အီဂျစ်ကိုသိမ်းပိုက်စိုးမိုးဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ ဇန်ဂီလေးကတော့ အံသြဖွယ်ကောင်းလောက်အောင် သဘောထားကြီးစွာနဲ့ ပဲ အီဂျစ်မကျဆုံးရေးအတွက် ဖာတီမစ်တွေကိုကာကွယ်ဖို့ သူ့ ရဲ့  စစ်တပ်ကို စေလွှတ်ပေးခဲ့တယ်။ အီဂျစ်ကိုချီတပ်တဲ့စစ်တပ်ကိုတော့ ကာ့ဒ်မျိုးနွယ်ဝင် ဗိုလ်ချုပ်ကြီး ရှီကူးဟ်က ခေါင်းဆောင်အဖြစ်ရွေးချယ်ခံခဲ့ရပါတယ်။ ဗဟုသုတအနေနဲ့ ဖြည့်စွက်ပြောရမယ်ဆိုရင် ကာ့ဒ်မျိုးနွယ်ဝင်တွေဟာ တူရကီ၊ ဆီရီးယား၊ အီရတ်နဲ့ အီရန်တစ်လျှောက်ဖြန့် ကျက်နေထိုင်ကြတဲ့တိုင်းရင်းသား မျိုးနွယ်စုဖြစ်ပေမယ့် ဒီနေ့ ခေတ်ကာလမှာတော့ ကိုယ်ပိုင်နိုင်ငံမရှိတဲ့ လူဦးရေအများဆုံးမျိုးနွယ်စုအဖြစ် ရပ်တည်နေကြရတယ်။ အီဂျစ်ကိုချီတပ်တဲ့ ဇန်ဂီလေးရဲ့ တပ်မတော်ကိုဦးဆောင်ခွင့်ရသူ ကာ့ဒ်မျိုးနွယ်ဝင် ဗိုလ်ချုပ်ကြီး ရှီကူးဟ်ကသူ့ ရဲ့ တူတော်မောင် ဆလဟ် အလ်-ဒီးန် ကိုအတူတကွခေါ်ဆောင်သွားခဲ့တယ်။

မွတ်စလင်စစ်တပ်ကြီး အီဂျစ်ကိုအချိန်မီရောက်သွားခဲ့ပြီး ကရူးဆိတ်စစ်တပ်ကိုချေမှုန်းနိုင်ခဲ့တဲ့အပြင် မွတ်စလင်လူထုရဲ့  အသက်အိုးအိမ်စည်းစိမ်ကိုလည်း ကယ်တင်ပေးနိုင်ခဲ့တယ်။ အီဂျစ်ကိုအောင်မြင်ပြီးမကြာခင်မှာပါ ရှီကူးဟ်ခမြာ အစာအိမ်နာဝေဒနာတစ်ခုကြောင့် ကွယ်လွန်သွားခဲ့ရပြန်တယ်။ ဗိုလ်ချုပ်ကြီးရှီကူးဟ်ရဲ့ တူတော်မောင် ဆလဟ် အလ်-ဒီးန် ကတော့ ဦးရီးတော်ရဲ့ အရိုက်အရာကိုဆက်ခံပြီး မွတ်စလင်စစ်တပ်နဲ့ အီဂျစ်နိုင်ငံကိုစတင်အုပ်ချုပ်ပါတော့တယ်။ ဒါ့အပြင် ဖာတီမစ်မင်းဆက်ကိုလည်း တစ်ချိန်ထဲမှာပဲအဆုံးသတ်ပစ်ခဲ့တယ်။

ဆလဟ် အလ်-ဒီးန်ရဲ့ ပတ်ဝန်းကျင်ကနိုင်ငံရေးအခင်းအကျင်းကိုမသုံးသပ်ခင်အရင် သူ့ ရဲ့ အရည်အချင်းနဲ့  ကိုယ်ကျင့်စရိုက် ကိုတစ်ချက်လောက်ငှဲ့ စောင့်ကြည့်ရအောင်ပါ။ သူအသက် ၃၆နှစ်အရွယ်မှာတင် ဆလဟ် အလ်-ဒီးန်ဟာ အီဂျစ်ရဲ့  ဘုရင်ခံအဖြစ်နဲ့ကမ္ဘာပေါ်မှာ အင်အားအကြီးမားဆုံးပုဂ္ဂိုလ်ထဲမှာတစ်ယောက်အဖြစ်စာရင်းဝင်နေခဲ့ပါပြီ။ အဲဒီခေတ်က သမိုင်းမှတ်တမ်းပြုစုတဲ့ ပညာရှင်တွေ (မွတ်စလင်တွေရော၊ ခရစ်ယာန်တွေရော)က သူ့ ရဲ့ နှိမ့်ချတတ်တဲ့ စိတ်နေစိတ်ထားကို အထူးမှတ်တမ်းတင်ခဲ့ကြတယ်။ ကိုယ့်ဘ၀ကောင်းစားဖို့ နဲ့ စည်းစိမ်ရစ်မူးဖို့ အတွက် တစ်စက်ကလေးမှ အတွေးထဲမထည့်ခဲ့ပဲ သိမ်းပိုက်ခံမွတ်စလင်နယ်မြေတွေကိုဘယ်လိုပြန်ယူနိုင်မလဲဆိုတာကိုပဲ အချိန်ရှိသ၍အကြံထုတ်နေခဲ့တယ်။ သမိုင်းမှတ်တမ်းတွေအရ ဆလဟ် အလ်-ဒီးန် ဟာ ဘယ်လိုအခြေအနေမျိုး ပဲရောက်ရောက်ရယ်မောခြင်းမရှိခဲ့ဘူးလို့ သိရတယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး သူ့ ကိုစောဒကတတ်ဝေဖန်တဲ့လူတွေကို ဆလဟ် အလ်-ဒီးန်က “မက်စ်ဂျေဒေ အလ်-အက္ကဆာက ကရူးဆိတ်တွေလက်ထဲမှာရောက်နေတဲ့အချိန် ငါဘယ်လိုရယ်နိုင်ပါ့မလဲ” လို့ သာ ခွန်းတုံ့ ပြန်ခဲ့တယ်။ သူ့ ရဲ့ ဘဏ္ဍရေးမှုအဖြစ်တာဝန်ယူထားတဲ့ ပုဂ္ဂိုလ်တွေကတော့ ရွှေပမာဏနည်းနည်းကို မသိအောင်ဖွက်ထားရတယ်။ ဘာလို့ လဲဆိုတော့ ရှိရှိသမျှ ဘဏ္ဍာထဲကစည်းစိမ်တွေအကုန်လုံးကို စစ်တပ်အတွက်ကောင်းနိုးရာရာနေရာတွေမှာအကုန်သုံးပစ်လို့ ပါ။ အကယ်လို့ အဲဒီဖယ်ထားတဲ့ ရွှေတွေသာရှိတယ်ဆိုတာသိခဲ့ရင်လည်း ရန်သူတွေကိုအကောင်းဆုံးရင်ဆိုင်နိုင်ဖို့ အတွက် ဧကန်မုချသူ့ စစ်တပ်မှာသုံးပစ်လိုက်မှာပါပဲ။ ဆလဟ် အလ်-ဒီးန်ရဲ့ တိုင်းသူပြည်သားတွေက သူဟာ မိမိကိုယ်ကိုယ်ရက်စက်သူတစ်ယောက်ဖြစ်ပြီး ပြည်သူတွေအပေါ်မှာတော့ အင်မတန်ကိုသဘောထားသိမ်မွေ့ နူးညံ့တယ်လို့ ပြောကြတယ်။ ဆလဟ် အလ်-ဒီးန်ရဲ့ ကိုယ်ကျင့်တရားနဲ့ စရိုက်လက္ခဏာတွေထဲမှာ အစ္စလာမ်ဘာသာရဲ့ ပထမဆုံးဖြစ်ခဲ့တဲ့ ခလီဖာကြီးလေးပါးရဲ့ အရည်အချင်းတွေစီး ဆင်းနေပါတယ်။ ဆလဟ် အလ်-ဒီးန်မှာရှိတဲ့ အရည်အချင်းတွေကမှ ဆုံးရှုံးသွားတဲ့မွတ်စလင်နယ်မြေတွေနဲ့  ဖိနှိပ်ခံမွတ်စလင်လူထုကိုကယ်တင်ဖို့ အတွက် အသင့်တော်ဆုံးဖြစ်ပါတယ်။

ဒီအပိုင်း (၃)ကတော့ ဘယ်သူကဘယ်လိုဆိုတာအဖြူအမည်းသဲကွဲလိမ့်မယ်ထင်ပါတယ်။ ဒါ့အပြင် မွတ်စလင်ခေါင်းဆောင်တစ်ယောက်မှာရှိသင့်ရှိထိုက်တဲ့အရည်အချင်းတွေကို ထင်ဟပ်နေမယ်လို့ ထင်ပါတယ်။ နောက်နေ့ ထပ်ရေးမယ့် အပိုင်း (၄)ကတော့ ကရူးဆိတ်စစ်ပွဲ ရဲ့ ဇာတ်သိမ်းပိုင်းဖြစ်ဖို့ အလားအလာများပါတယ်။

အပိုင်း (၄) မျှော် … … …

ကိုးကား > Hodgson, M. (1961). The Venture of islam . (Vol 2). Chicago: University of Chicago Press.
Maalouf, A. (1984). The Crusades Through Arab Eyes. New York: Schocken.

(စတီဗင်)

No comments:

Post a Comment