Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Saturday, November 21, 2015

အားကျ အတုယူဖွယ် အမျိုးသမီး ၁၀၀

အားကျ အတုယူဖွယ် အမျိုးသမီး ၁၀၀

  • 20 နိုဝင်ဘာ 2015
၂၀၁၅ ခုနှစ် အတွက် ဘီဘီစီက ရွေးချယ်တဲ့ အားကျ အတုယူဖွယ်ရာ အကောင်းဆုံး အမျိုးသမီး အယောက် ၁၀၀ က ဘယ်သူတွေလဲ။
ဒီနှစ် အတွက် အားကျ အတုယူဖွယ်ရာ အကောင်းဆုံး အမျိုးသမီး အယောက် ၁၀၀ ကို ဘီဘီစီက ရွေးချယ် လိုက်ပါတယ်။
ဒီတခေါက် ရွေးချယ်မှုဟာ ဘီဘီစီရဲ့ အလားတူ ရွေးချယ် သတ်မှတ်ခဲ့တာ တွေရဲ့ ၃ နှစ် မြောက် အစီအစဉ်လည်း ဖြစ်ပါတယ်။
ဘီဘီစီက တင်ဆက်ခဲ့သမျှ နိုင်ငံတကာ သတင်းတွေ ထဲကနေ အမျိုးသမီးထုကို အကောင်းဆုံး ကိုယ်စား ပြုနိုင်ခဲ့သူတွေကို ဖော်ပြ ပေးနိုင်ဖို့ ဘီဘီစီက ကြိုးစား ခဲ့တာပါ။
အခုနှစ် စာရင်းထဲမှာ အော်စကာ ဆုရ ရုပ်ရှင် မင်းသမီး ဟစ်လရီ ဆွန့်ခ် နဲ့ ဆူဒန် နိုင်ငံသူ နာမည်ကျော် ကိုယ်ဟန် အလှပြမယ် အလက်ဝက်ခ် တို့ ပါဝင် နေပါတယ်။
သူတို့နဲ့အတူ စွန့်ဦးတီထွင် အမျိုးသမီး စီးပွားရေး လုပ်ငန်းရှင် အယောက် ၃၀ နဲ့ အားကျဖွယ် ဖြစ်စေမယ့် အသက် ၈၀ ကျော် အရွယ် အမျိုးသမီး ကြီးတွေလည်း ပါဝင် ပါတယ်။
အန္တရာယ်နဲ့ ရင်းလို့ စွန့်စားဝံ့သူတွေ ပါဝင်ကြတယ်
ဘီဘီစီရဲ့ အမျိုးသမီး အယောက် ၁၀၀ စာရင်းထဲ ရှေ့တန်း စစ်မျက်နှာပြင်မှာ သူနာပြု အဖြစ် ထမ်းရွက်သူတွေ၊ ကိုယ် ရှင်သန်ရာ အသိုင်းအဝိုင်းရဲ့ ဖိအားတွေ၊ မျှော်လင့်ချက်တွေ အကြောင်း မှတ်တမ်း ရုပ်ရှင် ရိုက်ကူးခဲ့တဲ့ အမျိုးသမီးငယ်တွေ ပါဝင်သလို သိပ္ပံ၊ နိုင်ငံရေး၊ ပညာရေးနဲ့ အနုပညာ စတဲ့ နယ်ပယ် အသီးသီးမှာ ဦးဆောင် နိုင်သူတွေလည်း ပါဝင် ပါတယ်။
အာဂျင်တီးနားက အသက် ၈၄ နှစ် အရွယ် အက်သတဲလား ဒီ ကာလော့တို ဆိုတဲ့ အမျိုးသမီးကြီး ကိုလည်း ဘီဘီစီက ထိပ်တန်း ၁၀၀ စာရင်းထဲ ထည့်သွင်းပါတယ်။ မစ္စ ဒီ ကာလော့တိုဟာ ၁၉၇၀ ပြည့်ကျော် နှစ်တွေ အတွင်း အာဂျင်တီးနား နိုင်ငံ စစ်အစိုးရ လက်ထက်၊ စစ်အစိုးရက ခိုးယူခဲ့တဲ့ မွေးကင်းစ ကလေးငယ်တွေရဲ့ မိဘတွေကို သူတို့ ကလေးတွေနဲ့ ပြန်လည် ဆုံစည်းကြဖို့ ဆောင်ရွက် လှုပ်ရှားခဲ့သူ တစ်ဦးပါ။ သူကိုယ်တိုင်လည်း မြေးဖြစ်သူ အစ်ဂနာသီယိုနဲ့ ၂၀၁၄ ကျမှ ပြန်လည် ဆုံစည်း ခဲ့ရပါတယ်။
မစ္စ ဒီ ကာလော့တိုထက် မျိုးဆက် နှစ်ဆက် ငယ်တဲ့ အသက် ၂၅ နှစ်သာ ရှိသေးတဲ့ ဂျာမနီ နိုင်ငံသူ အန်ထော်နီယာ အယ်လ်ဘတ် လည်း စာရင်းဝင်ပါတယ်။ သူကတော့ သက်ကြီး ပြုစု စောင့်ရှောက်ရေး ဆိုင်ရာ စီးပွားရေး လုပ်ငန်းကို အင်တာနက် အွန်လိုင်း ပေါ်မှာ Careship ဆိုတဲ့ နာမည် နဲ့ ထူထောင် ခဲ့တဲ့ စွန့်ဦးတီထွင် လုပ်ငန်းရှင်ပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်တွေ ပိုမို ထားရှိပြီး အန္တရာယ်ကို မကြောက်ဘဲ စွန့်စားကြပါလို့ အမျိုးသမီးထုကြီးကို မစ္စ အယ်လ်ဘတ်က တိုက်တွန်း ပါတယ်။
ဘီဘီစီရဲ့ စာရင်းထဲ မှာ မတူကွဲပြားတဲ့ နယ်ပယ် အသီးသီးက သူတွေ ဘယ်လောက် ထည့်သွင်း ထားသလဲ ဆိုရင် တရုတ် နိုင်ငံမှာ လိင်တူ ချစ်သူတွေ အရေး ပွင့်ပွင့်လင်းလင်း လုပ်ဆောင်တဲ့ လီကျင့်ကျင်း ကနေ မာလဝီ နိုင်ငံက ဝမ်းဆွဲ ဆရာမ အိဗ်လက်စ် ခီမာလာ အထိ၊ နောက် လက်ဘနွန်သူ စာရေးဆရာမ ဂျနား အယ်လ် ဟာဆန် ကနေ အမေရိကန်က အပြောင်အပျက် ဟာသတွေ ပြောတဲ့ မဂ္ဂန် ဂရာနို အထိ အစုံ ရွေးချယ် ထားပါတယ်။
သတ္တိ ဗျတ္တိနဲ့ ယှဉ်တဲ့ နောက်ခံ ဇာတ်ကြောင်းတွေလည်း ရှိကြတယ်
ဘီဘီစီ စာရင်းထဲက တချို့ အမျိုးသမီးတွေဆို ရဲဝံ့ကြောင်း အံမခန်း ပြခဲ့ကြသူတွေပါ။
ဗနီဇွဲလားက ခရစ်ယန်သီလရှင် နအေဒါ ရော်ဂျာစ် ဆိုရင် ကမ္ဘာပေါ်မှာ အန္တရာယ် အရှိဆုံး အကျဉ်းထောင်တွေ အပါအဝင် ထောင်နဲ့မဆံ့ ထောင်သားတွေ ပြည့်လျှံနေတဲ့ အကျဉ်းထောင်တွေကို သွားပြီး တရားပြ တရားချ ခဲ့သူ ဖြစ်ပါတယ်။
အမျိုးသမီး-၁၀၀ အစီအစဉ်ကို ကမ္ဘာ တလွှားက အမျိုးသမီးတွေရဲ့ အကြောင်းအရာ အစုံစုံ အဖြစ် အဖုံဖုံကို ဖော်ပြနိုင်ဖို့ သေသေချာချာ စဉ်းစား ပြင်ဆင်ထားတဲ့ သီတင်းနှစ်ပတ်ကြာ (နိုဝင်ဘာ ၁၈ ရက်ကနေ ဒီဇင်ဘာ ၂ ရက် အထိ) အသံလွှင့် အစီအစဉ်တွေ၊ အွန်လိုင်း တင်ဆက်မှုတွေနဲ့ စတင်ပါမယ်။
အဲဒီ အစီအစဉ်ထဲက တစ်ခုဆိုရင် အိန္ဒိယ နိုင်ငံ မဟာရပ်ရှ်ထြာ ပြည်နယ် ထဲက မိန်းကလေးငယ် တချို့နဲ့ တွေ့ဆုံခန်း ဖြစ်ပါတယ်။ သူတို့ဟာ မွေးကတည်းက နာကူရှာ ဆိုပြီး အခေါ်ခံ ခဲ့ရပါတယ်။ အဓိပ္ပာယ်က မလိုချင်တဲ့ ကလေးတွေ ပါတဲ့။ အဲဒီ့ အခေါ်အဝေါ်က လွဲပြီး သူတို့မှာ ကိုယ်ပိုင် နာမည်ရယ်လို့ မရှိခဲ့ပါဘူး။ ဘီဘီစီက စကားပြောခဲ့တဲ့ မိန်းကလေးတွေ ကတော့ လွန်ခဲ့တဲ့ ၄ နှစ် ကမှ သူတို့ ကိုယ်ပိုင် နာမည်တွေ ရှိလာ ခဲ့သူတွေ ဖြစ်ပါတယ်။
ဘာကီနာဖာဆို မှာ ဆိုရင်လည်း တမြေရပ်ခြား ရွှေ့ပြောင်း ဝင်ရောက်သွားကြတဲ့ လင်ယောက်ျားတွေက နောက်ချန် ထားရစ်ခဲ့တဲ့ ဇနီးသည်တွေနဲ့ ဘီဘီစီ တွေ့ဆုံ ခဲ့ပါတယ်။ တချို့ဆို ဒီလို ချန်ထား ခံရစ်ရတာ လပေါင်းများစွာ ကြာပြီး၊ တချို့ဆို နှစ်တွေနဲ့တောင် ချီပါတယ်။
အရှေ့အလယ်ပိုင်း ဒေသမှာ ဆိုရင်လည်း ဂျော်ဒန် မှာ တွေ့ခဲ့ရတဲ့ မိုင်ဆွန်း အယ်လ်မယ်လဟန် ဆိုတဲ့ မိန်းကလေးဟာ “ဆီးရီးယား မာလာလာ” လို့ တောင် ခေါ်နိုင်ပါတယ်။ အသက် ၁၆ နှစ် အရွယ် ဂျော်ဒန်ရောက် ဒုက္ခသည် မိန်းကလေးပါ။ သူဟာ ဘဝတူ တခြား ဒုက္ခသည် မိန်းကလေးတွေ ကျောင်းပညာရေး ရယူဖို့ တိုက်တွန်း အားပေးနေသူလေး ဖြစ်ပါတယ်။
အမျိုးသမီး-၁၀၀ အစီအစဉ်ရဲ့ အထွဋ်အထိပ် အနေနဲ့ ကမ္ဘာအနှံ နေရာဒေသ ၁၀၀ နဲ့ သက်ဆိုင်တဲ့ ရုပ်ပုံလွှာတွေ၊ ခေါင်းဆောင်မှုပိုင်းတွေ၊ ယောက်ျားလေး-မိန်းကလေး ဆက်ဆံရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး စကား အခြေအတင် ဆွေးနွေးတာတွေကို လန်ဒန်က ဘီဘီစီ ရုံးချုပ်မှာ တစ်ရက်တာ ပြုလုပ်မှာ ဖြစ်ပါတယ်။
အဲဒီ နေရာဒေသ ၁၀၀ ထဲမှာ အယ်လ်ဘေးနီးယား၊ ကိုဆိုဗို၊ ဆာမိုအာ၊ ဖီဂျီ၊ အစ္စရေးနဲ့ ဂျမေကာ နိုင်ငံတွေ ပါဝင်ပါမယ်။

No comments:

Post a Comment